အခန်း ၄၈
Vol. 5 Ch. 48
အခန်း(၄၈)
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူမက ချက်ချင်းပင် သတိပြန်ဝင်လာကာ မကျေမနပ်ဖြင့် ပြောလိုက်၏။
“သခင်မကြီး... ဒီအစေခံက ဘာအမှားလုပ်ခဲ့လို့ လူအများရှေ့မှာ ဒီလိုမျိုး ဒူးထောက်အပြစ်ပေးခံရတာလဲ... ဒီအစေခံက လက်ရှိမှာ အိမ်တော်ကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်... အကယ်၍ ဒီအစေခံ မျက်နှာပျက်သွားခဲ့ရင် အောက်က အစေခံတွေကို နာခံလာအောင် ဘယ်လိုလုပ် စည်းရုံးနိုင်တော့မှာလဲ...”
“ဖြန်း...”
စူးရှလှသော ပါးရိုက်သံတစ်ချက်ကြောင့် ကိုယ်လုပ်တော်ပိုင်၏ မျက်လုံးထဲ၌ ကြယ်များပင် မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
အခန်းတွင်းရှိ လူတိုင်းက မှင်တက်သွားကြပြီး တိတ်ဆိတ်မှုဖြင့် ခဏတာ လွှမ်းမိုးသွား၏။
သူမ မည်သည့်အချိန်တွင် လှုပ်ရှားလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ဘဲ ကုဟွား ကိုယ်လုပ်တော်ပိုင်၏ ရှေ့တည့်တည့်သို့ လျှောက်သွားကာ ပါးရိုက်ပြီးနောက် နောက်သို့ တစ်လှမ်းပြန်ဆုတ်လိုက်သည်။
ကျိုးကျစ်လန်က ကုဟွားကို လက်မထောင်ပြလိုက်၏။
ကုဟွားက ထုံကျဉ်သွားသော သူမ၏လက်ကို ခါယမ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကိုယ်လုပ်တော်ပိုင်... အဲ့ဒီစကားက မှားနေပြီ... အိမ်တော်စီမံခန့်ခွဲတဲ့အာဏာဆိုတာ အမေ နေမကောင်းလို့ ရှင့်ကို ယာယီလွှဲအပ်ပေးထားတာပဲရှိတာ... ဒါကို ရှင်က အမေ့ရဲ့ရှေ့မှာ လာပြီး ဆရာလုပ်ရဲရအောင်ထိ ဘယ်လိုတောင် သတ္တိရှိနေရတာလဲ...အိမ်တော်ကို ယာယီ စီမံခန့်ခွဲခွင့်ရရုံနဲ့ ကိုယ်လုပ်တော်ပိုင်က ကိုယ့်ရဲ့ ကိုယ်အလေးချိန် ဘယ်လောက်ရှိလဲဆိုတာနဲ့ ကိုယ့်ရဲ့အစစ်အမှန် အဆင့်အတန်းက ဘာလဲဆိုတာကို မေ့လျော့နေပြီလား...”
“အပျက်မ... နင်က နင့်ကိုမွေးတဲ့ အမေရင်းကို ပါးရိုက်ရဲတယ်ပေါ့...” ကိုယ်လုပ်တော်ပိုင်၏ လေသံက ဒေါသကြောင့် ပြောင်းလဲသွားရသည်။
ကုဟွား၏ လေသံက တည်ငြိမ်နေ၏။
“ကိုယ်လုပ်တော်က စကားထပ်မှားပြန်ပြီ... အမေ ရှိနေတာတောင်မှ ကိုယ်လုပ်တော်တစ်ယောက်က ဝမ်ချန်မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတစ်ယောက်ရဲ့ အမေလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် ခေါ်ဆိုရဲရတာလဲ...”
(Translator’s note : အိမ်တော်ကြီးတွေမှာ ကိုယ်လုပ်တော်ဖွားသားသမီးတွေအကုန်လုံးက တရားဝင်ဇနီးကြီးကိုပဲ အမေ လို့ ခေါ်ခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ မွေးမိခင်က ကိုယ်လုပ်တော်ဖြစ်နေရင် ကိုယ်လုပ်တော် ဒါမှမဟုတ် ကိုယ်လုပ်တော်အမေလို့ပဲ ခေါ်ဝေါ်ရပါတယ်။ တရားဝင်ဇနီးကြီးကို ကျော်ပြီး ကိုယ်လုပ်တော်ကို အမေလို့ ခေါ်လို့မရပါဘူး။ ဘယ်လိုပဲ မျက်နှာသာပေးခံရပါစေ ကိုယ်လုပ်တော်ရဲ့ အဆင့်အတန်းက မယားငယ်သာဖြစ်ပြီး အစေခံလို့ပဲ သတ်မှတ်ပါတယ်)
ကိုယ်လုပ်တော်ပိုင်က သူမကို သရဲတစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား စိုက်ကြည့်နေမိပြီး အချိန်အတော်ကြာသည်အထိ စကားမဆိုနိုင်ခဲ့ပေ။
သခင်မကြီးဝမ်နှင့် အမျိုးသမီးကျိုးတို့ကလည်း အချိန်အတော်ကြာ မှင်တက်သွားကြရပြီး ခုနက ဘာဖြစ်သွားသည်ကိုပင် ချက်ချင်းပင် သဘောမပေါက်နိုင်ကြချေ။
ကုဟွား လုံးဝကို အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ယခင်က သူမသည် သခင်မကြီးထံသို့ ဘယ်သောအခါမျှ အနားမကပ်ခဲ့ချေ။ သူမက ကိုယ်လုပ်တော်ပိုင်၏ စကားကိုသာ နာခံခဲ့ပြီး သူမတို့နှင့် ရံဖန်ရံခါ တွေ့ဆုံရသည့် အချိန်များတွင်လည်း အမြဲတမ်း အစေခံကဲ့သို့ နှိမ့်ချကာ ကြောက်ရွံ့နေခဲ့သည်။
ဘာလို့ ဒီနေ့ သူ သခင်မကြီးကိုယ်စား ဝင်ရောက်လုပ်ဆောင်ပေးပြီး မွေးမိခင်အရင်းကို ရိုက်နှက်ရတာလဲ...
ကိုယ်လုပ်တော်ပိုင်က ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေရ၏။ သူမ ထရပ်ပြီး ပြန်လည်ရိုက်နှက်ရန် ပြင်လိုက်စဉ်မှာပင် အမျိုးသမီးကျိုး သူမကို အောက်သို့ ထပ်မံကန်ချလိုက်ပြန်သည်။
“သေချာ ဒူးထောက်စမ်း... သခင်မကြီးက မေးခွန်းတွေတောင် မမေးရသေးဘူး... ဒုတိယမမလေးက စည်းကမ်းတွေကို နားလည်တယ်... နင် သူ့ဆီကနေ သင်ယူသင့်တယ်...”
ကိုယ်လုပ်တော်ပိုင်က အလွန်အမင်း ဒေါသထွက်နေရသဖြင့် နားရွက်များမှပင် မီးခိုးထွက်လုနီးပါး ဖြစ်နေသည်။ သို့သော် တရားဝင်ဇနီးသည်က သူမ အာဏာကို ပြသနေသဖြင့် သူမ မည်သည့်အရာကိုမျှ မလုပ်ရဲတော့ချေ။
သခင်မကြီးဝမ်က ဤရုန်းရင်းဆန်ခတ်မှုကြောင့် ခေါင်းကိုက်လာရသဖြင့် မေးမြန်းခြင်းကိုသာ အမြန်ဆုံး အဆုံးသတ်ချင်နေမိသည်။
“နင် ဟွားအာကို ယုံမြို့စားအိမ်တော်ထဲ ဝင်ခွင့်ပြုဖို့ တောင်းဆိုတုန်းက ရုအာရဲ့ဘေးနားမှာ အိမ်တော်စီမံခန့်ခွဲနည်းတွေကို သင်ယူဖို့အတွက်လို့ ပြောခဲ့တယ်မလား... ဒါပေမဲ့ ဟွားအာက ပြောတယ်... နင် သူ့ကို ကျွန်စာချုပ်မှာ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပြီး အဲဒီစာချုပ်အပေါ်မှာ ငါ့ရဲ့ ကိုယ်ပိုင်တံဆိပ်တုံးနှိပ်ထားတယ်ဆို... ဒါက ဘယ်လိုဖြစ်ရတာလဲ... ငါ့ရဲ့ကိုယ်ပိုင်တံဆိပ်တုံးကို နင် ဘယ်ကနေရတာလဲ...”
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားရ၏။
အကယ်၍ ဤကိစ္စသာ ပေါ်ပေါက်သွားပါက ၎င်းသည် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မည်။
သူမ၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် သခင်မကြီးဝမ် အကြောင်းအရာမှာ မှန်ကန်နေကြောင်း ရိပ်မိလိုက်သဖြင့် သူမ၏ မျက်နှာမှာက သိသိသာသာ ပျက်ယွင်းသွားရ၏။
“နင် တော်တော် အတင့်ရဲလှချေလား...”
ကိုယ်လုပ်တော်ပိုင်က မျက်လုံးများကိုလှိမ့်လိုက်ပြီးနောက် အလျင်အမြန် ပြောလိုက်၏။
“သခင်မကြီး... ဒီအစေခံ ပြောတာကို အရင်နားထောင်ပေးပါဦး... ကုဟွားက အကြီးဆုံးမမလေး ခင်ပွန်းကောင်းရတာကို မနာလိုဖြစ်ပြီး သမက်တော်ရဲ့ အိပ်ယာနွေးစေတဲ့ အစေခံမပဲ ဖြစ်ဖြစ် လုပ်ပါရစေဆိုပြီး ဒီအစေခံကို နည်းလမ်းရှာပေးဖို့ လာတောင်းပန်ခဲ့တာပါ... ဒီအစေခံကလည်း သမီးဖြစ်သူအတွက် ရင်နာရသလို သူမအတွက်လည်း ကောင်းမွန်တဲ့ အိမ်ထောင်တစ်ခု ရစေချင်တာမို့ ခဏတာ မိုက်မဲသွားပြီး သူ့ဆန္ဒအတိုင်း ယုံမြို့စားအိမ်တော်ထဲကို အလုပ်အကျွေးပြုအစေခံအဖြစ် ဝင်ခွင့်ပြုဖို့ သခင်မကြီးနဲ့ အကြီးဆုံးမမလေးတို့ကို တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ်... ဘယ်ကိုယ်ပိုင်တံဆိပ်တုံးကိုမှ မသုံးခဲ့ဖူးပါဘူး...”
ကုဟွားက သူမ အရှက်မရှိမှန်း သိသော်လည်း လူအများရှေ့တွင် ဤမျှအထိ ဗြောင်ကျကျ လိမ်ညာရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူမက ဒေါသကြောင့် မျက်ဝန်းများ နီမြန်းလာပြီး သူမကို လက်ညှိုးထိုးလျက် ပြောလိုက်၏။
“ကိုယ်လုပ်တော်ပိုင်... ရှင် လိမ်နေတာပဲ... ကျွန်မကို ထမင်းမကျွေး ရေမတိုက်ဘဲ သုံးရက်တိတိ ပိတ်လှောင်ထားပြီး ကျွန်စာချုပ်ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တာလေ... ကျွန်မက ခဲအိုရဲ့ အိပ်ယာနွေးပေးတဲ့ အစေခံမ လုပ်ချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး... ရှင်က ကျွန်မကို အစ်မရဲ့ဘေးနားမှာ အိမ်တွင်းမှု သင်ယူဖို့နဲ့ နောက်မှ အိမ်ထောင်ကောင်းတစ်ခု ရှာပေးမယ်ဆိုပြီး ယုံမြို့စားအိမ်တော်ကို ပို့ခဲ့တာလေ... ကျွန်စာချုပ်ပေါ်က ကိုယ်ပိုင်တံဆိပ်တုံးကို ကျွန်မမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ...”
ဤသည်က သူမ၏ လွတ်လပ်သော နိုင်ငံသား အဆင့်အတန်းကို ပြန်လည်ရယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သဖြင့် သူမက အဆုံးရှုံးမခံလိုချေ။
သခင်မကြီးဝမ်ကထိတ်လန့်တုန်လှုပ်သွားရ၏။
“ထမင်းမကျွေး ရေမတိုက်ဘဲ သုံးရက်တိတိ ပိတ်လှောင်ထားတယ် ဟုတ်လား... ကိုယ်လုပ်တော်ပိုင်... ဟွားအာက မှူးမတ်အိမ်တော်ရဲ့ သမီးပျိုတစ်ယောက်ဖြစ်ပြီး နင့်ရဲ့ သမီးအရင်းလည်း ဟုတ်တယ်လေ... နင် သူ့အပေါ်ကို ဒီလိုမျိုးထိ ဘယ်လိုလုပ် ရက်စက်ရက်ရတာလဲ...”
ကျိုးကျစ်လန်က ဟက် ဟု တစ်ချက် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
“ဖြူစင်ပြီး သိက္ခာရှိတဲ့ မိသားစုလို့ ကြွေးကြော်နေတဲ့ ကုအိမ်တော်က အပြင်ပန်းပဲ ရွှေပုံငွေပုံ ဖြစ်ပြီး အတွင်းထဲမှာတော့ ဒီလောက်ထိ ပုပ်သိုး ဆွေးမြည့်ပြီး ပျက်စီးနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ကိုယ်လုပ်တော်တစ်ယောက်က အဆင့်အတန်းကို လုံးဝ ရိုသေလေးစားမှုမရှိဘဲ ခုန်ပေါက် သောင်းကျန်းနေတာကို ခွင့်ပြုထားရုံတင်မကဘဲ အိမ်တော်ရဲ့ သမီးပျိုတစ်ဦးကို ကျွန်အဖြစ် တိတ်တဆိတ် အဆင့်ချထားတာကိုပါ ခွင့်ပြုထားတယ်ဆိုတာ တကယ်ပဲ တစ်ခါမှ မကြားခဲ့ဖူးပါဘူး... ကုအမတ်ကြီးက မိသားစုကို ဘယ်လိုမျိုး စီမံခန့်ခွဲနေလဲဆိုတာကို စာစစ်အရာရှိတွေ ကြားသွားခဲ့ရင် ဘယ်လိုမျိုး ထင်မြင်ကြမလဲဆိုတာ တကယ်ပဲ သိချင်မိပါရဲ့...”
သခင်မကြီးဝမ်၏ မျက်နှာက ညိုမှောင်သွားရ၏။
“မိန်းကလေးကျိုး... စကားကို ဆင်ခြင်ပြောပါ... ဒါက ကုအိမ်တော်ရဲ့ မိသားစုအတွင်းရေးပါ... အပြင်လူတွေ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး... ဒါ့အပြင် မင်းကလည်း ယုံမြို့စားအိမ်တော်ရဲ့ အစေခံတစ်ယောက်ပါပဲ...”
သူမ၏ သွယ်ဝိုက်သော အဓိပ္ပာယ်က ‘နင်က ကျွန်တစ်ယောက်သာသာပဲ’ ဟု ဆိုလိုခြင်း ဖြစ်၏။
ကျိုးကျစ်လန်က မျက်ခုံးပင့်လိုက်သည်။
“ယုံမြို့စားအိမ်တော်ရဲ့ အစေခံတွေက မှူးမတ်အိမ်တော်ရဲ့ သခင်တွေထက်စာရင် အရာရာကို ပိုပြီး ရှင်းရှင်းလင်းလင်း တွေးတောတတ်ကြပါတယ်...”
“ဘယ်သူက ဝမ်ချန်မှူးမတ်အိမ်တော်မှာ ဒီလောက်အထိ ရမ်းကားပြီး ရိုင်းစိုင်းရဲရတာလဲ...”
အမျိုးသားတစ်ဦး၏ ပြင်းထန်လှသော အော်ဟစ်သံက ကျိုးကျစ်လန်၏ စကားကို ဖြတ်ချလိုက်သည်။
ထိုအသံနှင့်အတူ အမျိုးသားနှစ်ဦး ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြ၏။
လှမ်းကြည့်လိုက်သောအခါ သူတို့က ဝမ်ချန်မှူးမတ် ကုယွမ်နှင့် ကျိုးချွန်းယွီတို့ ဖြစ်နေကြသည်။
သူတို့က ကျိုးကျစ်လန်၏ စကားတစ်ဝက်ကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရခြင်း ဖြစ်၏။
အမတ်ကု၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညိုမှောင်နေသည်။ သူက ကျိုးကျစ်လန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကုဟွားထံသို့ အကြည့်ကို ရွှေ့လျက် မျက်မှောင်ကြုတ်လိုက်၏။
သူ့တွင် တရားဝင်သမီးတစ်ဦးနှင့် တရားမဝင်သမီးသုံးဦးရှိသည့်အနက် ဤဒုတိယသမီးက ရုပ်ရည်အလှဆုံး ဖြစ်သော်လည်း သူမက အမြဲတမ်း အစေခံတစ်ဦးကဲ့သို့သော အမူအရာမျိုးရှိပြီး သေးသိမ်ညံ့ဖျင်းကာ လူလုံးထွက်ပြရန် ဝံ့ရဲလေ့မရှိချေ။ သူက သူမကို အလွန် မနှစ်မြို့ခဲ့ပေ။
ကျိုးချွန်းယွီ လာရောက်ဂါရဝပြုစဉ်က ကုဟွားကို ငှားရမ်းလိုသည့်အကြောင်း ပြောခဲ့သောကြောင့် သူက ယုံကြည်တစ်ဝက် သံသယတစ်ဝက် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ကုဟွားနှင့် ပတ်သက်၍ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မေးမြန်းရန်အတွက် ကျိုးချွန်းယွီနှင့်အတူ ဇနီးသည်ရှိရာသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ကုယွမ်က သူ၏ သိက္ခာကို အလွန်အမင်း တန်ဖိုးထားသူ ဖြစ်၏။
သူက ယုံမြို့စားကြီးဆီသို့ တွယ်ကပ်ချင်နေသော်လည်း အစေခံတစ်ဦးက သူ၏ ခေါင်းပေါ်သို့ တက်နင်းကာ ရမ်းကားသွားသည်ကိုမူ လုံးဝ ခွင့်လွှတ်မည် မဟုတ်ချေ။
“အိမ်တော်ထိန်းချုပ်ကြီးကျိုး... ယုံမြို့စားကြီးက ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးမူတွေ ကူးရေးဖို့အတွက် ငါ့ရဲ့ ဒုတိယသမီးကို ငှားရမ်းချင်လို့ အထူး လက်ဆောင်တွေ ပေးအပ်ပြီး လွှတ်လိုက်တာလို့ မင်း ပြောခဲ့တယ်မလား... အခုက ဘာလဲ... မြို့စားအိမ်တော်ရဲ့ အစေခံတွေက ငါ့ရဲ့ မှူးမတ်အိမ်တော်အထိ လာပြီး လက်ညှိုးထိုး ဆရာလုပ်နေရအောင်...မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...”