အခန်း ၄၉
Vol. 5 Ch. 49
အခန်း(၄၉)
အမှန်တရားကို မမေးမြန်းဘဲ သူတို့ကို လာပြီး အပြစ်တင်နေတာလား...
ကုမိသားစုထဲတွင် ကျိုးကြောင်းဆင်ခြင်တတ်သူ တစ်ဦးပင် မရှိချေ။
ကျိုးကျစ်လန်က သူမ မျက်လုံးဝိုင်းကြီးများကို ပြူးကျယ်လျက် စကားပြောရန် ပြင်လိုက်သော်လည်း ကျိုးချွန်းယွီ၏ အကြည့်တစ်ချက်ကြောင့် ရပ်တန့်သွားရ၏။
ကျိုးချွန်းယွီက ပြုံးလိုက်သည်။
“ဒီကိစ္စက ကွယ်လွန်သူ မြို့စားကတော်ကြီးနဲ့ သက်ဆိုင်နေတာကြောင့် ကျွန်တော်တို့သခင်ကြီးက အထူးတလည် ဂရုစိုက်တာ ဖြစ်ပါတယ်... ဒီနေ့ ယူဆောင်လာတဲ့ လက်ဆောင်တွေက ဒုတိယ မမလေးကုကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်...
ကျစ်လန်က မှူးမတ်အိမ်တော်ထဲမှာ လက်ညှိုးထိုး ဆရာလုပ်ရဲစရာ အကြောင်း ဘယ်လိုလုပ် ရှိပါ့မလဲ... သူခုနက ပြောခဲ့တာက ဒုတိယ မမလေးကုရဲ့ ကျွန်စာချုပ်ကိစ္စ ဖြစ်ပါတယ်... ကျွန်တော်တို့လည်း အမိန့်အရ ဒီကိစ္စကို လာရောက်စုံစမ်းရခြင်း ဖြစ်ပါတယ်...”
မူလက မုကျွင်းယန်သည် ကုဟွား၏ မင်္ဂလာခန်းဝင် တင်တောင်းပစ္စည်းများအဖြစ် ဖြည့်စွက်ရန် ပြောခဲ့ခြင်းဖြစ်သော်လည်း ယမန်နေ့ညနောက်ပိုင်းတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးက ပြောင်းလဲသွားခဲ့သဖြင့် ငှားရမ်းခအတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
သခင်မကြီးဝမ်က မှင်တက်သွားရ၏။
“ကျေးဇူးတင်လက်ဆောင် ဟုတ်လား...”
ကျိုးချွန်းယွီက သူ့နောက်မှ လိုက်ပါလာသော အစေခံငယ်လေးကို ရှေ့သို့တိုးလာရန် အရိပ်အမြွက်ပြလိုက်သည်။ ထိုအစေခံ၏ လက်ထဲတွင် သစ်သားသေတ္တာတစ်လုံးကို ကိုင်ဆောင်ထား၏။
“ငွေတုံး တစ်ထောင်တိတိ ဖြစ်ပါတယ်... သဘောကျနှစ်ခြိုက်စွာ လက်ခံပေးပါဦး...အမတ်ကြီးနဲ့ သခင်မကြီး...”
ချက်ချင်းပင် ငွေတုံးတစ်ထောင် ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ယုံမြို့စားကြီးက သူတို့အား အမှန်ပင် မျက်နှာသာပေးချေသည်။
ကုယွမ်၏ မျက်နှာက ချက်ချင်းပင် တိမ်ထူထပ်နေရာမှ နေသာသောအခြေအနေသို့ ပြောင်းလဲသွား၏။
သူ၏ လေသံတွင် ယဉ်ကျေးပျူငှာမှုများ ထွက်ပေါ်လာသည်။
“စာမူကူးရေးရုံလောက်ပါပဲ... ယုံမြို့စားကြီးရဲ့ အလေးအနက်ထားခြင်းကို ခံရတာကိုက ဟွားအာရဲ့ ကံကောင်းခြင်း ဖြစ်နေပါပြီ... ဒီလောက်အထိ ငွေအမြောက်အမြား ပေးဖို့ မလိုပါဘူး...”
ကိုယ်လုပ်တော်ပိုင် အလောတကြီး ဖြစ်သွားရ၏။
“ဟွားအာက စာလုံးအနည်းငယ်ကိုတောင် သေချာ မရေးတတ်ပါဘူး... သူက အကြီးဆုံးမမလေး စာဖတ်တာကို ဘေးကနေ လိုက်ကြည့်ရင်း ပြီးစလွယ် သင်ယူခဲ့တာလေးပဲ ရှိတာပါ... ဟွားအာက ယုံမြို့စားကြီးကို လှည့်စားပြီး ဟန်ဆောင်ခဲ့တာ သေချာပါတယ်...”
ကျိုးချွန်းယွီက ခပ်အေးအေး ပြုံးလိုက်၏။
“ဒီကိုယ်လုပ်တော်က ယုံမြို့စားကြီးရဲ့ အကဲဖြတ်မှုကို သံသယဝင်နေတာလား... ကျွန်တော်တို့သခင်ကြီးကို မျက်စိကန်းနေတယ်လို့များ ထင်နေတာလား...”
ကုယွမ်က မျက်နှာပျက်သွားရပြီး ကိုယ်လုပ်တော်ပိုင်ကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
“ဒီနေရာက မင်း စကားဝင်ပြောရမဲ့ နေရာလား... ပါးစပ်ပိတ်ထားစမ်း...”
ကိုယ်လုပ်တော်ပိုင် ဘယ်လိုလုပ် လက်လျှော့နိုင်ပါ့မလဲ...
အကယ်၍ ဤမိန်းမပျက်က သူမရုအာ၏ ယောက္ခထီးကို မြူဆွယ်နိုင်သွားလျှင် သူမသည် ရုအာအတွက် အဟန့်အတားတစ်ခု ဖြစ်လာပေလိမ့်မည်။
အရာအားလုံးကို စွန့်စားရမည်ဆိုလျှင်ပင် ဤမိန်းမပျက်ကို လုံးဝ အောင်မြင်ခွင့် မပေးနိုင်ချေ။
ကိုယ်လုပ်တော်ပိုင်က ကုယွမ်၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်၏။
သူမက မျက်ရည်လည်ရွှဲလျက် နူးညံ့သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။
“အမတ်မင်း... ဟွားအာမှာ ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိလဲဆိုတာ အမတ်မင်း အသိဆုံးပါ... ဟွားအာကို ကျွန်မတို့ မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခွင့် မပေးနိုင်ပါဘူး...
အမတ်မင်းက သူ့ကို အိမ်တော်ပြန်လာခိုင်းဖို့ ပြောခဲ့တယ်မလား... သူ အခု ပြန်ရောက်နေပြီလေ... ဒီအစေခံက နောက်ပိုင်းမှာ သူ့ကို သေချာပေါက် တင်းတင်းကြပ်ကြပ် ဆုံးမပါ့မယ်...”
ကုယွမ်က ယမန်နေ့ညက အိပ်ယာထဲတွင် ကိုယ်လုပ်တော်ပိုင် ပြောခဲ့သော စကားများကို သတိရမိသွား၏။ ကုဟွားက ယုံမြို့စားအိမ်တော်၌ ကုဝမ်ရု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် မလျော်ကန်သော အရာတစ်ခုကို ပြုလုပ်ခဲ့သဖြင့် သူမကို ပြန်ခေါ်ရမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
သာယာမှုများ ရှိနေသည့် အချိန်ဖြစ်သဖြင့် ကုယွမ်က သူမ ဘာကို ဆိုလိုသည်ကို သေချာမကြားလိုက်ဘဲ ယုံမြို့စားအိမ်တော်သို့ ဖိတ်စာပို့ရန် သူ၏ ကိုယ်ပိုင်တံဆိပ်တုံးကို သုံးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ကုယွမ်က ကုဟွားကို ယုံမြို့စားအိမ်တော်သို့ ပို့ခြင်းကို မည်သည့်အခါကမျှ သဘောမတူခဲ့ချေ။ အကယ်၍ လက်မထပ်ရသေးသော သမီးပျိုတစ်ဦးက ပြဿနာတစ်ခုခု ရှာခဲ့လျှင် သူ့မျက်နှာမှာ လုံးဝ ပျက်စီးရပေလိမ့်မည်။
ထိုသို့သော ဖြစ်နိုင်ခြေများကို တွေးမိသွားလျှင် ကုယွမ်၏ ရင်ထဲ၌ ထိတ်လန့်သွားရ၏။
သူက စကားလုံးများကို ချိန်ဆလိုက်ပြီးနောက် ကျိုးချွန်းယွီကို ပြောလိုက်သည်။
“ကုဟွားက တကယ်ပဲ စာလုံးအများကြီး မသိပါဘူး... သူ ယုံမြို့စားအိမ်တော်မှာ ရေရှည်နေထိုင်ဖို့ကလည်း တကယ်ပဲ မလျော်ကန်ပါဘူး... သူ ဒီနေ့ အိမ်တော်ကို ပြန်ရောက်လာပြီဆိုတော့ အိမ်မှာပဲ နေပြီး စနစ်တကျ ဆုံးမသွန်သင်တာကို ခံယူပါစေ...”
ကျိုးချွန်းယွီ၏ အပြုံးမှာ ပို၍နက်ရှိုင်းသွား၏။
“ကိုယ်လုပ်တော်ပိုင်က တကယ်ပဲ စကားတွေကို လျှောက်ပြောတတ်တာပဲ... ဒုတိယ မမလေးကုက လက်ရေးလှတာ တကယ်ပဲ မှန်ကန်ပါတယ်... ယုံမြို့စားကြီး ကိုယ်တိုင် မြင်တွေ့ခဲ့ရုံတင်မကဘဲ ကျွန်တော်တို့အားလုံးလည်း သက်သေအဖြစ် ရှိခဲ့ကြပါတယ်...
တိုက်တိုက်ဆိုင်ဆိုင်ပဲ မမလေးကုက ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးမူအတိုင်း သေးငယ်ပြီး စနစ်ကျတဲ့ လက်ရေးအလှကို ရေးသားနိုင်တာ ဖြစ်ပါတယ်... ပြီးတော့ မိသားစုနှစ်ခုလုံးကလည်း ခမည်းခမက်တွေ ဖြစ်နေကြတာမို့ ဒုတိယ မမလေးကုက ဒီကိစ္စကို ကူညီပေးဖို့ အသင့်တော်ဆုံးလူ ဖြစ်ပါတယ်...တကယ်လို့ အမတ်မင်းက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ တစ်ဖက်သတ်စကားကို နားထောင်ပြီး ကိုယ့်ရဲ့သမီးအရင်းကို ကဲ့ရဲ့နှိမ့်ချလိုတယ်... ယုံမြို့စားကြီးကိုလည်း မျက်နှာသာ မပေးချင်ဘူးဆိုရင်တော့ ကျွန်တော့်အနေနဲ့ ပြောစရာစကား မရှိတော့ပါဘူး... ကျွန်တော် အိမ်တော်ကို အခုပဲ ပြန်ပြီး ယုံမြို့စားကြီးဆီ သတင်းပို့လိုက်ပါမယ်...”
ထိုသို့ပြောပြီးနောက် သူက ကျိုးကျစ်လန်ကို လှမ်းခေါ်လိုက်၏။
“ဒုတိယ မမလေးကုကတော့ အိမ်မှာပဲ နေခဲ့ပါစေ... ငါတို့လည်း အိမ်တော်ကို ပြန်ကြစို့...”
ကုဟွားက အလွန် တည်ငြိမ်နေသည်။
သူမက သူမဖခင်၏ အကြောင်းကို ကောင်းစွာသိ၏။ သူက လက်တွေ့အကျိုးအမြတ်ရော ဂုဏ်သိက္ခာကိုပါ လောဘတကြီး လိုချင်တပ်မက်သူ ဖြစ်သည်။
ကုယွမ်၏ မျက်နှာက ပျက်ယွင်းသွားရပြီး အလောတကြီး ဖြစ်သွားဟန် ရှိသည်။
ကျိုးကျစ်လန်က ကုဝမ်ရုအတွက် စာဖတ်ခြင်းနှင့် စာရေးခြင်းများကို ကုဟွားကိုယ်တိုင် ပြုလုပ်ပေးခဲ့ရသည်ဟူသော စကားကို ရုတ်တရက် သတိရမိသွား၏။
ကျိုးကျစ်လန်က မျက်လုံးများကို ဝေ့ဝဲလျက် အတွေးတစ်ခု ရရှိသွားသည်။
“အကယ်၍ ဒုတိယမမလေးက လက်ရေးလှတယ်ဆိုရင် သခင်မလေးက ပိုပြီးတော့တောင် လက်ရေးလှမယ်ထင်တယ်... ကုအိမ်တော်က ဒုတိယမမလေးကို ကူညီခွင့်မပြုဘူးဆိုရင်တော့ သခင်မလေးကို ကူးရေးခိုင်းတာကလည်း အတူတူပါပဲ...
ဘာပဲဖြစ်ဖြစ် ကွယ်လွန်သူ ယောက္ခမအပေါ် သားသမီးဝတ္တရားအရ ရိုသေမှုကို ပြသတာပဲလေ... ကျွန်မတို့သခင်ကြီးက အမှတ်တရ သိမ်းဆည်းထားဖို့အတွက် စာမူတွေကို ရချင်ရုံပဲ ရှိတာပါ...”
ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက ပျက်ယွင်းသွားရ၏။
သူမက ကုဝမ်ရု၏ လက်ရေးကို အသိဆုံးဖြစ်ပြီး သူမ၏ လက်ရေးက ကုဟွား၏ လက်ရေးကို လုံးဝ မမှီနိုင်ချေ။
အကယ်၍ သူတို့ ကုဝမ်ရုကို တကယ်ပဲ ကူးရေးခိုင်းလိုက်ပါက... သူမ၏ ပညာတတ်အမျိုးသမီးဟူသော ဂုဏ်သတင်းမှာ ပျက်စီးသွားရပေလိမ့်မည်။
ဤစကားကို ကြားလိုက်ရလျှင် ကုယွမ်၏ စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွား၏။ အနည်းဆုံးတော့ သူသည် ယုံမြို့စားကြီးကို စိတ်ဆိုးအောင် လုပ်မိမည်မဟုတ်ချေ။
သူက ခေါင်းညိတ်လိုက်သည်။
“ရုအာက ပညာတတ်အမျိုးသမီးအဖြစ် ကျော်ကြားတာပဲ... သူ့ယောက္ခမရဲ့ စာမူတွေကို ကူးရေးပေးဖို့က ဟွားအာထက်စာရင် သူက ပိုပြီးတော့ သင့်တော်တာပေါ့... ဒါဆိုရင် အိမ်တော်ထိန်းချုပ်ကြီးကျိုးကိုပဲ ကျွန်တော်တို့ကိုယ်စား အကြောင်းပြချက်ကို ယုံမြို့စားကြီးဆီ သတင်းပို့ပေးဖို့ ဒုက္ခပေးရပါဦးမယ်...”
ကိုယ်လုပ်တော်ပိုင်က အလောတကြီးဖြစ်သွားသဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။
“ရုအာမှာ ကိုယ်ဝန်ရှိနေလို့ ခန္ဓာကိုယ်က မသက်မသာ ဖြစ်နေတာပါ... သူ အလွန်အမင်း ပင်ပန်းလို့ မဖြစ်ပါဘူး...”
“ရုအာမှာ ကိုယ်ဝန်ရှိနေတယ် ဟုတ်လား...”
သခင်မကြီးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
“ငါက ဘာလို့ မသိရတာလဲ... ပြီးတော့ နင်ကရော ဘယ်လိုလုပ်ပြီး သိနေရတာလဲ...”
သူမ၏ သမီးဖြစ်သူက ကိုယ်လုပ်တော်ပိုင်နှင့် ဤမျှအထိ ရင်းနှီးနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ဤမျှ ကြီးမားသော ကိစ္စရပ်ကို မွေးမိခင်အရင်းဖြစ်သူက မသိရှိဘဲ ကိုယ်လုပ်တော်က သိရှိနေသည်။
ကုဟွား ကိုယ်လုပ်တော်ပိုင်ကို လှမ်းကြည့်လိုက်သည်။
သူမ၏ မျက်နှာကဖြူဖျော့နေ၏။
ကိုယ်လုပ်တော်ပိုင်အနေဖြင့် အလောတကြီး ဖြစ်ပျက်နေသော အမူအရာကို ဆက်လက်ပြသနေခြင်းက အကောင်းဆုံး ဖြစ်သည်။
သူမ မွေးမိခင်ထက်ပင် ကုဝမ်ရုအပေါ် ပိုမိုဂရုစိုက်ကြောင်း ပြသလေလေ ပို၍ ကောင်းမွန်လေလေ ဖြစ်သည်။
ကိုယ်လုပ်တော်ပိုင် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။
“အဲဒါက... အဲဒါက အကြီးဆုံး မမလေးရဲ့ ဘေးနားက အစေခံမလေး ယန်ကျစ်က ဒီအစေခံကို ပြောပြတာပါ...”
ကျိုးကျစ်လန် ပြတ်သားစွာ ပြောလိုက်သည်။
“အဲ့ဒါက အမှန်မဟုတ်ပါဘူး... ကိုယ်လုပ်တော်ပိုင် ကိုယ်တိုင် ညဉ့်နက်သန်းခေါင်အချိန်မှာ ယုံမြို့စားအိမ်တော်ဆီကို တိတ်တဆိတ်လာပြီး သခင်မလေးမှာ ကိုယ်ဝန်ရှိနေတာကို သိခဲ့တာ ဖြစ်ပါတယ်... အဲ့ဒီအချိန်တုန်းက ကိုယ်လုပ်တော်ပိုင်က ဒုတိယ မမလေးကုကို ချက်ချင်း ခေါ်ထုတ်သွားချင်ခဲ့တာပါ...”
သူမက တုန့်ဟွားကို လက်ညှိုးထိုးပြလိုက်၏။
“တုန့်ဟွားက ကိုယ်လုပ်တော်ပိုင်နဲ့ တွေ့ဆုံဖို့ မမလေးကုကို လိုက်ပါပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်...”
သခင်မကြီးဝမ်၏ မျက်နှာက အကျည်းတန်သွားရ၏။
“နင်က တကယ်ပဲ ယုံမြို့စားအိမ်တော်ဆီကို တိတ်တဆိတ် သွားရဲတယ်ပေါ့...”
“ဒီ... ဒီအစေခံက...”
ကိုယ်လုပ်တော်ပိုင်က ကုယွမ်ကို အားကိုးတကြီး ကြည့်လိုက်မိသည်။
ကုယွမ်က သူမ၏ အဆင့်အတန်းမရှိသော အပြုအမူများကြောင့် ဒေါသထွက်မိပါသော်လည်း အပြင်လူများရှေ့တွင် သူ့လူကို အပြစ်တင်ဝေဖန်ရန် လုံးဝ မသင့်တော်ချေ။
သူ၏ မျက်မှောင်ကြီးက တွန့်ချိုးသွားရ၏။
“တော်လောက်ပြီ... တခြားအကြောင်းတွေကို အခုလောလောဆယ် မပြောကြနဲ့ဦး...”
သူက ကုဟွားကို လှမ်းကြည့်လိုက်သည်။
“မင်းက စာမူတွေကို ကူးရေးနိုင်တာလား...”
ဝမ်ချန်မှူးမတ်အိမ်တော်သည် အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်သဖြင့် ကုမိသားစု၏ သိက္ခာကို အညှိုးနွမ်းခံ၍ မဖြစ်ချေ။
ကုဟွားက သူမ၏ဖခင်ကို ဦးညွှတ်လိုက်၏။
“အဖေ့ကို တင်ပြရရင်... သမီး တကယ် ရေးတတ်ပါတယ်... သမီးသိတဲ့ စာလုံးတွေက အစ်မသိတာထက် မနည်းပါဘူး...”
ကုယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အကယ်၍ ဤသို့ဆိုလျှင် ၎င်းသည် မဖြစ်နိုင်စရာ အကြောင်း မရှိချေ။
ကုယွမ်၏ မျက်နှာထား လျော့ကျသွားသည်ကို မြင်လျှင် ကိုယ်လုပ်တော်ပိုင် အလောတကြီး ဖြစ်သွားရပြန်သည်။
“မဖြစ်ပါဘူး... ခွင့်ပြုလို့ မဖြစ်ပါဘူး... ဟွားအာက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ... ယုံမြို့စားကြီးရဲ့ နောက်ကို တစ်နေကုန် လိုက်နေရင်... တကယ်လို့ အပြင်လူတွေ သိသွားခဲ့ရင် သူ့ရဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာတွေ လုံးဝ ပျက်စီးကုန်မှာ မဟုတ်ဘူးလား...”