← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း(၅၀)

ကုယွမ်က ယမန်နေ့ညက အိပ်ယာထဲတွင် ပြောခဲ့သော စကားများကို ထပ်မံ သတိရမိသွားပြန်၏။

သူက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါကတော့ နည်းနည်း မလျော်ကန်ဘူး...”

ကျိုးချွန်းယွီက တည်ငြိမ်စွာ ပြောလိုက်၏။

“ကုအမတ်မင်းက ကျွန်တော်တို့သခင်ကြီးရဲ့ စိတ်နေသဘောထားကို သံသယဝင်နေတာလား... ကျွန်တော်တို့သခင်ကြီးက လူတွေရဲ့ အပြောအဆိုကို မမှုပါဘူး... ဒါပေမဲ့ အမတ်မင်းကတော့ ကိုယ်လုပ်တော်တစ်ယောက်ရဲ့ စကားကြောင့် တုန်လှုပ်နေရတာပဲ...ကိုယ်လုပ်တော်တစ်ယောက်မှာ ဗဟုသုတနဲ့ အတွေ့အကြုံ မရှိနိုင်ပါဘူး... ကုအမတ်မင်းကတော့ သူနဲ့ မတူလောက်ပါဘူး... ဟုတ်တယ်မလားလား...”

ဒီစကားတွေက...

မည်သူမျှ သူ့စိတ်နေသဘောထားကို သံသယဝင်ပါသည်ဟု မပြောရဲကြပေ။

ကုယွမ်က အလွန်အမင်း ပြန်လည်ချေပခြင်းကို ခံလိုက်ရသဖြင့် သူ့မျက်နှာမှာ ပြာလိုက် ဖြူလိုက် ဖြစ်သွားရ၏။

ကုဟွားက ရယ်ချင်စိတ်ကို အောင့်အည်းထားလိုက်ရသည်။

ယုံမြို့စားအိမ်တော်၏ နံပါတ်တစ် အိမ်တော်ထိန်းချုပ်ကြီး ပီသပေသည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှဖြင့်ပင် အားနည်းချက်ကို တည့်တည့်ကြီး ထိုးနှက်နိုင်လိုက်သည်။

ကိုယ်လုပ်တော်ပိုင် ရင်ဘတ်ထဲ၌ ဒေါသအလုံးကြီး တစ်ဆို့နေသကဲ့သို့ ခံစားရသော်လည်း အမတ်မင်း စကားပြန်ပြင်သွားမည်ကိုလည်း စိုးရိမ်နေမိ၏။

သခင်မကြီးဝမ်က အခြေအနေကို ထိုးထွင်းသိမြင်လိုက်သည်။ ယုံမြို့စားကြီးက ကုဟွားကို စာမူကူးခိုင်းရန် အပိုင်ကြံစည်ထားခြင်း ဖြစ်သည်။

ကုဟွားရဲ့ လက်ရေးက တကယ် လှပနေခဲ့ရင် ဘယ်လိုလုပ်မလဲ...

သူမ ခင်ပွန်း စိတ်အနှောင့်အယှက်မဖြစ်စေရန် သူမက အလျင်အမြန် ပြောလိုက်၏။

“အိမ်တော်ထိန်းချုပ်ကြီးကျိုးက နောက်ပြောင်နေပြန်ပြီ... ငါ့ခင်ပွန်းက ကုဟွား စာ ကောင်းကောင်းမရေးတတ်ဘဲ ခမည်းခမက်ရဲ့ ကိစ္စတွေကို နှောင့်နှေးစေမှာ စိုးရိမ်လို့ပါ... ငါတို့လည်း ဟွားအာရဲ့ လက်ရေးက ဘယ်လိုရှိလဲဆိုတာ တကယ်ပဲ မသိကြဘူး... ဟွားအာ အခုပဲ စာလုံးနည်းနည်းလောက် ရေးသားပြီး အဖေ့ကို ကြည့်ရှုစေရင် ဘယ်လိုလဲ...”

ဤစကားက ကုဟွား အလိုရှိနေသည့်အတိုင်း ကွက်တိ ဖြစ်သွားရသည်။

“သမီးက အမိန့်ကို နာခံပါ့မယ်...”

ကိုယ်လုပ်တော်ပိုင်က တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

“သူ့ရဲ့ လက်ရေးက အရမ်းဆိုးဝါးလွန်းပါတယ်...”

သခင်မကြီးဝမ်က ယခု၌ အမှန်တကယ်ပင် ဒေါသထွက်သွားရ၏။

“ရိုင်းစိုင်းလိုက်တာ... နင်က ဘာသိလို့လဲ... နင်က သေးငယ်ပြီး စနစ်ကျတဲ့ လက်ရေးအလှကို ရေးတတ်လို့လား...”

ကိုယ်လုပ်တော်ပိုင်က စာဖတ်တတ်ပါသော်လည်း အထက်တန်းလွှာ မိန်းမပျိုလေးများသာ သင်ယူရသော သေးငယ်ပြီး စနစ်ကျသည့် လက်ရေးအလှမျိုးကို အဘယ်သို့ ရေးသားနိုင်မည်နည်း။

ကုယွမ် ၎င်းကို ကောင်းမွန်သော အကြံဉာဏ်တစ်ခုဟု ထင်မြင်လိုက်သည်။

“ဒါဆိုရင်လည်း ရေးရုံပေါ့... တကယ်လို့ လက်ရေးကောင်းမွန်ခဲ့ရင် မင်းအစ်မရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေရာရောက်သလို သူ့ယောက္ခမအပေါ်လည်း သားသမီးဝတ္တရားအရ ရိုသေမှုကို ပြသရာလည်း ရောက်တာမို့လို့ ကောင်းတဲ့အရာပဲလေ...”

ကုဟွားက အလွန်အမင်း ဝမ်းမြောက်သွားရ၏။

အမျိုးသမီးကျိုးက စုတ်တံ၊ မှင်၊ စာရွက်နှင့် မှင်သွေးကျောက်တို့ကို အလျင်အမြန် သွားရောက်ပြင်ဆင်ပေးသည်။

ကုဟွားက စာရေးခုံဆီသို့ လျှောက်သွားလိုက်၏။ သူမက တွန့်ဆုတ်မနေဘဲ စုတ်တံကို ကိုင်ဆောင်ကာ စတင်ရေးသားလိုက်သည်။

သူမ၏ လှုပ်ရှားမှုများက အလွန်သပ်ရပ်ပြီး စုတ်တံဖျားက ချောမွေ့စွာ ရွေ့လျားလျက်ရှိ၏။

ကုယွမ်နှင့် သခင်မကြီးဝမ်တို့က ဘေးသို့ လျှောက်လှမ်းလာကြပြီး ဘယ်တစ်ဖက်၊ ညာတစ်ဖက်မှ စောင့်ကြည့်နေကြသည်။

သူမ၏ မွေးမိခင်အရင်း ဘေးနားတွင် ရှိနေသဖြင့် ကုဟွားက ပို၍ပင် စွမ်းအင်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။

အတိတ်ဘဝ၌ သူမ၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် မိဘများအား သူမ၏ ကောင်းကွက်များကို မြင်တွေ့စေချင်သောကြောင့်သာ ဖြစ်၏။

ပြန်လည်မွေးဖွားလာပြီးနောက်တွင် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိလာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူမ၏ စွမ်းရည်များကို ဖုံးကွယ်ထားရန်အတွက် သူမက ကိုယ်ပိုင်ကဗျာများကို မရေးသားခဲ့ချေ။ ထိုအစား ငွေရှာရန်အတွက် ပုံမှန်ကူးရေးနေကျ စာအုပ်များထဲမှ စာပိုဒ်တစ်ခုကိုသာ ကူးရေးလိုက်သည်။

ကုယွမ်၏ မျက်လုံးများက ပို၍ပြူးကျယ်လာရ၏။ သူ အမြဲ နှိမ့်ချစွာ ကြည့်ရှုခဲ့သော ဤဒုတိယသမီးတွင် သမီးအားလုံးထဲ၌ အကောင်းဆုံးသော လက်ရေးလှ ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

မဟုတ်သေးပေ။ ဤလက်ရေးသည် သူ့သားများ၏ လက်ရေးလှထက်ပင် သာလွန်နေသေးသည်။

သခင်မကြီးဝမ်ကလည်း အံ့သြသွားရ၏။ သူမက ခေါင်းငုံ့လျက် စိတ်ပါလက်ပါ စာရေးနေသော မိန်းမပျိုလေးကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်နေမိသည်။

ကော့ညွတ်နေသော သူမ၏ မျက်တောင်ရှည်ကြီးများအောက်မှ ကြည်လင်သော မျက်ဝန်းများတွင် ယုံကြည်ချက်ရှိသော အလင်းရောင်များ ထွက်ပေါ်နေ၏။ သူမ၏ နုနယ်သော နှာတံလေးက ဖြောင့်စင်းနေပြီး ပန်းရောင်သန်းနေသော နှုတ်ခမ်းလွှာတစ်စုံကိုလည်း တင်းတင်းစေ့ထားသည်။

သူမက ဤတရားမဝင်သမီးကို တကယ်ပင် အထင်သေးခဲ့မိခြင်း ဖြစ်သည်။

ရုတ်တရက် ပြောမပြတတ်သော ရင်းနှီးမှုမျိုး ဖြစ်ပေါ်လာပြီး သူမ ရင်ထဲရှိနေရာတစ်နေရာမှ အနည်းငယ် စူးခနဲ နာကျင်သွားရ၏။

သူမက အဘယ်ကြောင့် ဤသို့ ခံစားနေရသည်ကို မသိသော်လည်း စိတ်ထဲ၌ အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ဤတရားမဝင်သမီးအပေါ် ဂရုစိုက်မှု အလွန် နည်းပါးခဲ့သည်။

သူမ၏ ခင်ပွန်းက ကိုယ်လုပ်တော်ပိုင်ကို မျက်နှာသာပေးထားခြင်း၊ အိမ်တော်၏ ကုန်ကျစရိတ် အများစုကလည်း ကိုယ်လုပ်တော်ပိုင်၏ မင်္ဂလာခန်းဝင်တင်တောင်းပစ္စည်းများနှင့် ပိုင်မိသားစု၏ အထောက်အပံ့များကို အမှီပြုနေရခြင်းတို့ကြောင့် သူမအနေဖြင့် တိုက်ခိုက်လိုလျှင်ပင် တိုက်ခိုက်ရန် နည်းလမ်းမရှိခဲ့ပေ။

တရားဝင်ဇနီးသည်ဟူသော သူမ၏ ရာထူးနေရာကို ကာကွယ်ရန်နှင့် လန်ယဲ့ဝမ်မိသားစု၏ နာမည်ကို အိုးမဲမသုတ်မိစေရန်အတွက် သူမက မျက်ကွယ်ပြုကာ သူတို့အား လျစ်လျူရှုထားခဲ့ခြင်း ဖြစ်၏။

တစ်လျှောက်လုံးတွင် သူမက ကိုယ်လုပ်တော်ပိုင် မွေးဖွားခဲ့သော ဤသမီးကိုလည်း ပစ်ပယ်ထားခဲ့မိသည်။

မှူးမတ်အိမ်တော်တစ်ခုလုံးရှိ သမီးပျိုအားလုံးထဲတွင် ကုဟွား၏ လက်ရေးလှက အထူးချွန်ဆုံး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားမိခဲ့ပေ။

သူမ မွေးမိခင်အရင်း ဘေးနားတွင် ရှိနေခြင်းကို ခံစားရပြီး သူမ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့လေးကို ရရှိလိုက်သောအခါ ကုဟွား အလွန်အမင်း စိတ်လှုပ်ရှားသွားရသဖြင့် စာလုံးရေ သုံးရာနီးပါးကို တစ်ထိုင်တည်းဖြင့် ချောမွေ့လျင်မြန်စွာ ရေးသားလိုက်သည်။

နောက်ဆုံးစုတ်ချက်ကို ဆွဲပြီးနောက် စုတ်တံကို ပင့်မြှောက်လိုက်စဉ်၌ သူမ မျက်ဝန်းထဲ၌ ဝေ့ဝဲနေခဲ့သော ပူနွေးသည့်မျက်ရည်တစ်စက်မှာ အောင့်အည်းထား၍ မရတော့ဘဲ စီးကျလာကာ နောက်ဆုံးစာလုံးပေါ်သို့ ကျရောက်၍ စိုစွတ်သွားရ၏။

ကုဟွားက အလျင်အမြန်ပင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်ရည်များကို ဇွတ်အတင်း ပြန်ထိန်းလိုက်သည်။

“သမီး... ဘာလို့ ငိုနေတာလဲ...”

သခင်မကြီးဝမ်၏ လေသံက အလွန်အမင်း နူးညံ့ပျော့ပြောင်းလျက် ရှိသည်။

ကုဟွား၏ နှာခေါင်းထဲမှ စို့တက်လာပြီး မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။

သူမ၏မွေးမိခင်အရင်းက သူမအပေါ် ဤမျှအထိ ဂရုတစိုက်ရှိစွာ စကားပြောသည်ကို ကြားရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။

ရင်ထဲ၌ နာကျင်သွားရသဖြင့် သခင်မကြီးဝမ် ကုဟွား၏လက်ကို ဆွဲကိုင်လိုက်၏။ ရုတ်တရက် သူမက ထိတ်လန့်သွားခဲ့သည်။ သူမက ကုဟွား၏ လက်ဖဝါးကို လှန်ကြည့်လိုက်သောအခါ အပူလောင်ရာမှ နီမြန်းပြီး အပေါ်ယံအနာဖေးများ တက်နေသော အသားစများကို မြင်တွေ့လိုက်ရသဖြင့် သူမ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရသည်။

“သမီးရဲ့လက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဒဏ်ရာရသွားတာလဲ... ဒီလိုလက်မျိုးနဲ့ စာမူတွေကို ဘယ်လိုလုပ် ကူးရေးနိုင်မှာလဲ...”

သူမ၏ မွေးမိခင်အရင်းက သူမလက်ကို ဆွဲကိုင်ထားပြီး စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကုဟွား၏ မျက်ရည်များက ထိန်းမနိုင်သိမ်းမရဘဲ ထပ်မံစီးကျလာပြန်သည်။ မျက်ရည်များက သူမ၏လက်ဖဝါးနှင့် သခင်မကြီးဝမ်၏ လက်ဖဝါးပေါ်သို့ အပြိုင်အဆိုင် ကျဆင်းသွားကြသည်။

သခင်မကြီးဝမ်၏ ရင်ထဲ၌ အလွန်အမင်း နာကျင်သွားရ၏။

“ဒါက ဘယ်လောက်တောင် နာကျင်လိုက်မလဲ...”

သူမက ကျိုးချွန်းယွီဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ဟွားအာက ယုံမြို့စားအိမ်တော်မှာ ဒဏ်ရာရခဲ့တာဆိုတော့ စာမူတွေကို ဆက်ပြီး မကူးရေးနိုင်တော့ပါဘူး... ဟွားအာ စံအိမ်တော်ကို ပြန်လာပြီး စနစ်တကျ အနားယူရပါမယ်...”

ကုဟွား၏ရင်ထဲ၌ လုံးဝ ပြည့်စုံသွားသကဲ့သို့ ခံစားလိုက်ရသည်။ မိခင်ဖြစ်သူက သူမအပေါ် တကယ်ပင် သနားဂရုဏာသက်ပြီး ကာကွယ်ပေးချင်နေခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်သည် အိမ်တော်သို့ ပြန်လာရမည့် အချိန်ကောင်း မဟုတ်သေးပေ။

သူမ၏ အဆင့်အတန်း လုယူခံရမှု သက်သေအထောက်အထားများကို ရှာဖွေရန်အတွက် မုကျွင်းယန်၏အာဏာကို အသုံးချရန် လိုအပ်သည်။

သူမတွင် ပြန်လည်တိုက်ခိုက်နိုင်မည့် အင်အားရှိလာသည့် အခါမှသာ အိမ်တော်သို့ပြန်လာပြီး မိခင်ဖြစ်သူနှင့် အသိအမှတ်ပြု တော်စပ်ရပေမည်။

“အမေ...”

ကုဟွားက စကားစဆိုလိုက်သည်နှင့် အသံက ဆို့နင့်သွားရ၏။

“အမေ” ဟူသော ခေါ်သံကို ကြားရသောအခါ သခင်မကြီးဝမ်၏ ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။

၎င်းသည် ရုအာက သူမကို အမေဟု ခေါ်ဆိုသည်ထက်ပင် ပို၍ ရင်းနှီးနွေးထွေးနေသကဲ့သို့ အမှန်ပင် ခံစားရသည်။

တကယ်တမ်းတွင် သူမသည် ကုမိသားစု၏ သမီးပျိုတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး တရားဝင်ဇနီးသည်တစ်ဦးအနေဖြင့် သူမက သဘာဝအတိုင်းပင် ကုဟွား၏ကောင်းကျိုးကို တွေးတောပေးရပေမည်။

သခင်မကြီးဝမ်က သူမ လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။

“သမီးလိမ္မာလေး... သမီး ဘယ်လိုမတရားမှုကိုပဲ ခံရခံရ အိမ်ပြန်လာပြီး မိသားစုကိုသိအောင် ပြောပြရမယ်... ကုမိသားစုက သမီးအတွက် မားမားမတ်မတ် ရပ်တည်ပြီး အခွင့်အရေးတောင်းဆိုပေးပါ့မယ်...”

‘ကုမိသားစုက ကျွန်မအတွက် ရပ်တည်ပြီး အခွင့်အရေးတောင်းဆိုပေးမယ်တဲ့လား’

‘ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး’

ကုဟွားက အသက်ပြင်းပြင်း ရှူရှိူက်လိုက်ပြီး သခင်မကြီးဝမ်ကို ရိုသေစွာဖြင့် ဦးညွတ်ဂါရဝပြုလိုက်၏။

“သမီးကို ချစ်ပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်... ဒဏ်ရာတွေကို ကုသဖို့အတွက် နန်းတော်ကနေ အကောင်းဆုံးဆေးဝါးတွေကို မြို့စားကြီးကိုယ်တိုင် ယူဆောင်ပေးခဲ့တာကြောင့် ရက်အနည်းငယ်အတွင်းမှာတင် အနာဖေးတက်လာခဲ့တာ ဖြစ်ပါတယ်... အရင်တစ်လလုံးလုံး သမီးအပေါ် သွန်သင်ဆုံးမပြီး ဂရုစိုက်ပေးခဲ့တဲ့ အစ်မရဲ့ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ အစ်မကိုယ်စား ကွယ်လွန်သူ ယောက္ခမအပေါ် အစ်မရဲ့ သားသမီးဝတ္တရားကျေပွန်မှုကို ပြသချင်ပါတယ်...”

သခင်မကြီးဝမ် ရင်ထဲ၌ ကုဝမ်ရုသည် သူမ ကြီးပြင်းလာစဉ်တစ်လျှောက်လုံး လက်ဖဝါးပေါ်တွင် တင်ထားကာ အလိုလိုက်ခဲ့ရသော အဖိုးတန်ရတနာတစ်ပါး ဖြစ်၏။

ကုဟွားက ကုဝမ်ရု တကယ်တမ်း မည်မျှအထိ ယုတ်မာရက်စက်သည်ကို မိခင်ဖြစ်သူအား မပြောပြရက်ပေ။

သူမက သမီးအရင်းအဖြစ် မိခင်ဖြစ်သူထံသို့ ပြန်လည်ရောက်ရှိမည့်နေ့မှသာ ကိုယ်လုပ်တော်ပိုင်နှင့် သူမ သမီးအရင်း ပြုလုပ်ခဲ့သော ယုတ်မာမှုများကို အလုံးစုံ ဖွင့်ချပေမည်။

‘အမေ... အမေ့အနေနဲ့ ကျန်းမာရေးကိုပဲ သေချာဂရုစိုက်ပြီး သမီးပြန်လာမဲ့နေ့ကို စောင့်မျှော်နေပေးပါ’

ကုယွမ်နှင့် သခင်မကြီးဝမ်တို့နှစ်ဦးလုံး၌ စိတ်ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြသဖြင့် မည်သူမျှ စကားထပ်မဆိုကြချေ။

All Chapters