အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) - သတ်ဖြတ်ခြင်း ပင်လယ်မှောက် သဲလှိုင်းလုံး
ချူချင်း၏ ယခုတစ်ကြိမ်ဓားချက်ကို ချူထျန်းနှင့် ဝူချန်းဟွမ်တို့သာ မြင်တွေ့ခဲ့ရသည် မဟုတ်ပေ။
ထိုနေရာတွင် ရှိနေကြသူ အားလုံးနီးပါးသည်လည်း ဤအမြန်ဓားချက်၏ လှပဆန်းကြယ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် သိုင်းပညာနည်းပါးသူတိုင်း၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများ ထင်ဟပ်သွားတော့သည်။
ဤမျှ မြန်ဆန်လှသောဓားချက်ကို မည်သူက ရှောင်တိမ်းနိုင်ပါမည်နည်း။
ဓားတစ်ချက်တည်းဖြင့် ထိပ်တန်း သိုင်းဆရာနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
သူတို့အနေဖြင့် မည်သို့ ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။
ချူမိသားစု၏ ပါရမီရှင်ချူထျန်းပင်လျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ဤလူက အမှန်တကယ်ပင် မည်သူနည်း။
ချူချင်းက သူ၏လက်ထဲရှိ ချင်းယဲ့ဓားကို သာသာယာယာ ခါယမ်းလိုက်ပြီး ဓားအိမ်ထဲသို့သွင်းလိုက်ရင်း စနစ်ကို ဖွင့်လိုက်လေသည်။
[တာဝန် - သတ်ဖြတ်ခြင်းအမိန့်တော်]
[လက်ရှိ တိုးတက်မှု - ၆]
[တာဝန်ဆုကြေး - စိတ်ကြိုက်ရွေးချယ်နိုင်သော သိုင်းပညာ ရတနာသေတ္တာများထဲမှ တစ်ခုကို ရွေးချယ်ခွင့်]
[လက်ရှိ ရရှိနိုင်သော သေတ္တာများ - လက်သီးသေတ္တာ၊ လက်ညှိုးသေတ္တာ၊ လက်ဝါးသေတ္တာ၊ ခြေထောက်သေတ္တာ၊ ဓားသေတ္တာ၊ အသံသေတ္တာ]
ချူချင်းက သက်ပြင်းသာသာ ချလိုက်မိသည်။
'တော်သေးတယ်... အစ်ကိုကြီး လက်ဦးသွားရင် ဒုက္ခပဲ...'
သူသည် ချူထျန်းကို မသိမသာ လှမ်းကြည့်လိုက်မိလေသည်။
သို့သော် သူ၏ထိုအကြည့်က ဘေးပတ်ဝန်းကျင်ရှိ လူများကို အတွေးပေါင်းစုံ ဝင်သွားစေခဲ့သည်။
ဤဓားသမားသည်လည်း ချူမိသားစု၏ သားကြီးကို ကြည့်မရဖြစ်နေသည်လောဟု သူတို့ တွေးတောနေကြသည်။
အကယ်၍ ထိုသို့ဆိုလျှင်လည်း ‘သူ့ကိုသာ သတ်ပါ... ကျွန်ုပ်တို့ အားလုံးကိုတော့ မသတ်ပါနဲ့’ဟု စိတ်ထဲမှ ဆုတောင်းနေကြချေသည်။
ချူထျန်းမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး သူ၏ညီဖြစ်သူက အဘယ်ကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။
သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ဝူချန်းဟွမ်က မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ရုတ်တရက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ... သူတို့တွေ မြေအောက်အချုပ်ခန်းထဲကနေ ဘယ်လိုလွတ်လာတာလဲ..."
သူမ၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က အခြေအနေကို ရိပ်မိသွားပြီး မစဉ်းစားတော့ဘဲ နောက်လှည့်၍ ထွက်ပြေးတော့သည်။
သို့သော် ဓားအလင်းတန်းတစ်ခု လေထဲတွင် ဖြတ်သန်းသွားပြီး ထိုလူ နှစ်လှမ်းမျှသာလှမ်းရသေးချိန်တွင် ဓားပြန်သွင်းသံကို ကြားလိုက်ရလေသည်။
ချက်ချင်းဆိုသလိုပင် သူသည် ခန္ဓာကိုယ်ထဲမှ အင်အားများ ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်တွင် ဓားရာတစ်ခု ထင်ကျန်နေသည်ကို မြင်လိုက်ရသည်။
သူ နောက်လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် အတွေးထဲ နစ်မျောနေဟန်ရှိသော ဝတ်စုံနက်ဝတ် အမျိုးသားကိုသာ မြင်တွေ့လိုက်ရသည်။
သို့သော် သူ၏ခန္ဓာကိုယ်မှာမူ မြေပြင်ပေါ်သို့ လဲကျကာ အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ထိုနေရာရှိ လူအားလုံးသည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲကဲ့သို့ ငြိမ်သက်သွားကြပြီး မည်သူမျှ လှုပ်ရှားရန် မဝံ့ရဲကြတော့ပေ။
သို့သော် ချူချင်းကမူ မျက်မှောင်ကြုတ်လိုက်မိသည်။ သတ်ဖြတ်ခြင်းအမိန့်တော်တာဝန်၏ တိုးတက်မှုမှာ ခြောက်ခုတွင်သာ ရှိနေပြီး တစ်စုံတစ်ခု ပြောင်းလဲသွားခြင်း မရှိပေ။
ဤအကျဉ်းသားများသည် သတ်ဖြတ်ခြင်းအမိန့်တော်၏ သတ်မှတ်ချက်အတွင်း မပါဝင်ပုံရ၏။
ချူချင်းက တွေးလိုက်မိသည်။
'ဟုတ်သားပဲ... သတ်ဖြတ်ခြင်းအမိန့်တော်က လော့ယွီခန်းမဆောင်ရဲ့ လျှို့ဝှက်လမ်းကြောင်းကနေ ထွက်လာတဲ့သူတွေကိုပဲ ပစ်မှတ်ထားတာ…’
‘ဒီလူတွေကတော့ မြေအောက်အချုပ်ခန်းထဲကနေ ထွက်ပြေးလာကြတာပဲ...'
'သူတို့က သတ်ရမဲ့ထဲ မပါဘူးပဲ... နှမြောစရာကောင်းလိုက်တာ... တကယ်လို့ သူတို့သာ ပါမယ်ဆိုရင် ဒီလောက်များတဲ့ အရေအတွက်နဲ့ဆို ငါလိုချင်တဲ့ သေတ္တာကို အလွယ်တကူ ရနိုင်မှာ သေချာတယ်...'
ချူချင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းသာသာ ချလိုက်မိလေသည်။
သို့သော် ဤမြင်ကွင်းကို ကြည့်နေကြသော လူအုပ်ကြီးမှာမူ သူသည် လူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် နောင်တရနေသည်ဟုသာ ထင်မှတ်သွားကြသည်။
သူ မည်သည်ကို နောင်တရနေသနည်း။
သူ သတ်လိုက်သောသူများသည် မိမိတို့အသက်ကို တန်ဖိုးမထားကြသဖြင့် နှမြောတသ ဖြစ်နေခြင်းလော။
သို့မဟုတ်...
သူက အားလုံးကို မသတ်ချင်၍လော။
ဤသို့တွေးမိသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က လက်ထဲရှိ လက်နက်ကို အလိုအလျောက် လွှတ်ချလိုက်ပြီး တောင်းပန်တိုးလျှိုးလိုက်တော့သည်။
"ချမ်းသာပေးပါ... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ..."
ချူချင်းက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း စကားပြန်မပြောပေ။
သူတို့သည် သူ၏ပစ်မှတ်များ မဟုတ်ကြသဖြင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူ့အတွက် ထူးခြားမှုမရှိပေ။
သို့သော်လည်း ထိုနေရာရှိ လူတိုင်းသည် သူ၏လက်ဖျစ်တစ်ချက်တီးရုံဖြင့် သတ်ဖြတ်နိုင်သောစွမ်းအားကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
အကယ်၍ သူသာ အမှန်တကယ် သတ်ဖြတ်လိုပါက မျက်တောင်တစ်ခတ်အတွင်း ထိုလူများအသက်ပျောက်သွားပြီး ဖြစ်လိမ့်မည်။
အမှန်တကယ်ပင် လက်နက်များကို စွန့်လွှတ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းကသာ သူတို့အသက်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။
တစ်ခဏချင်းတွင်ပင် လက်နက်များ မြေပြင်ပေါ်သို့ ကျသွားသံများနှင့်အတူ အကျဉ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြတော့သည်။
ဝူချန်းဟွမ်က ချူချင်းကို စဉ်းစားစရာတစ်ခုခုရှိနေဟန်ဖြင့် ကြည့်လိုက်သည်။ အခြေအနေကို တိတိကျကျ မသိသော်လည်း အကျဉ်းသားများသည် တစ်စုံတစ်ခုကို လွဲမှားစွာ တွေးတောသွားမိခြင်း ဖြစ်ရမည်။
သို့သော် ထိုအရာက အရေးမကြီးသဖြင့် သူမက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"သူတို့အားလုံးကို ကြိုးတုပ်ပြီး မြေအောက်အချုပ်ခန်းထဲကို ပြန်ခေါ်သွားကြ..."
ထျန်းဝူအစောင့်တပ်သားများက အမိန့်နာခံကာ အကျဉ်းသားများကို တုပ်နှောင်ရန် ရှေ့သို့တက်လာကြလေသည်။
အချို့သောတပ်သားများသည် တုပ်နှောင်နေစဉ်အတွင်း ချူချင်းကို မသိမသာခိုးကြည့်နေကြသည်။
သူတို့၏သခင်မလေးသည် ဤမျှ အစွမ်းထက်သူတစ်ဦးကို မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သနည်းဟု တွေးတောနေကြချေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အနည်းငယ် ရှုပ်ထွေးနေစဉ် ချူထျန်းက ဝူချန်းဟွမ်ဘက်သို့ ရုတ်တရက်လှည့်ကာ ပြောလိုက်သည်။
"မြေအောက်အချုပ်ခန်းထဲမှာ တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်... သူတို့တွေက ဒီအတိုင်း လွတ်လာစရာ အကြောင်းမရှိဘူး..."
"လျိုတာ့ဖု လက်ချက်များလား..."
ဝူချန်းဟွမ်က ချက်ချင်းပင် ရိပ်မိသွားလေသည်။
သူမသည် ချူချင်းဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
ချူချင်းမှာမူ ဇဝေဇဝါဖြစ်သွားရသည်။ ဤကဲ့သို့သောကိစ္စရပ်များအတွက် သူ့ကို အဘယ်ကြောင့် လှည့်ကြည့်ရသနည်း။
သူမသည် ထျန်းဝူမြို့၏သခင်မလေး ဖြစ်သဖြင့် သူမကိုယ်တိုင် ဆုံးဖြတ်ချက် ချရမည် မဟုတ်ပါလော။
ထို့နောက် ချူထျန်းက ပြောလိုက်သည်။
"ဒီလူတွေကို တခြားတစ်နေရာမှာ အရင်ဆုံး ဖမ်းထားလိုက်... ပြီးရင် ငါတို့ မြေအောက်အချုပ်ခန်းဆီ သွားကြမယ်..."
ဝူချန်းဟွမ်က ချူချင်းကို ကြည့်လိုက်သော်လည်း ချူချင်းကမူ မည်သည့်တုံ့ပြန်မှုမျှ မပြသေးပေ။
ထိုစဉ် ရုတ်တရက် လေခွင်းသံတစ်ခု ပေါ်ထွက်လာပြီး လက်သီးသံနှင့် လက်ဝါးရိုက်ခတ်သံများသည် အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာလေသည်။
ထို့နောက် လူရိပ်တစ်ခုသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး သူ၏ကိုယ်ဟန်အနေအထားမှာလည်း အဆက်မပြတ် ပြောင်းလဲနေချေသည်။
တစ်ခဏအတွင်းပင် ကောင်းကင်နှင့် မြေပြင်အနှံ့ ရွာသွန်းနေသော မိုးရေစက်များသည် သူ၏အနီးသို့ တဖြည်းဖြည်း စုစည်းလာတော့သည်။
စမ်းချောင်းငယ်လေးမှသည် မြစ်ကြီးတစ်စင်းကဲ့သို့...
မြစ်ကြီးတစ်စင်းမှသည် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာချေပြီ။
လှိုင်းတံပိုးသံများနှင့် ဒီရေတက်သံများသည် ပိုမိုကျယ်လောင်လာပြီး ပြင်းထန်လှသော စွမ်းအားကြီးက လေနှင့်မိုးကို လှုပ်ခတ်စေကာ ထွက်ခွာရန် အချိန်မရလိုက်သော ထျန်းဝူအစောင့်တပ်သားများနှင့် အကျဉ်းသားများကို ဤပြင်းထန်စွာ လှိုင်းထနေသော ဒီရေလှိုင်းကြီးအတွင်းသို့ ဆွဲသွင်းသွားတော့သည်။
သူတို့၏ခန္ဓာကိုယ်များသည် ထိုဒီရေလှိုင်းလုံးကြီးများနောက်သို့ အလိုအလျောက် ပါရှိသွားကြလေသည်။
"သိပ်မဟန်တော့ဘူး..."
ဝူချန်းဟွမ်၏ကိုယ်ဟန်က လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး ဝဲကရက်အတွင်းသို့ ကျလုနီးပါးဖြစ်နေသော ထျန်းဝူအစောင့်တပ်သားတစ်ဦးကို ဆွဲကိုင်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။
သို့သော် သူမ၏ရှေ့မှ အကျဉ်းသားမှာမူ ဝဲကရက်အတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း သွေးချင်းချင်းနီကာ ထိုပင်လယ်ပြင်ကြီးအတွင်းသို့ ရောက်ရှိသွားပြီး သူ၏အလောင်းမှာ လှိုင်းလုံးများနှင့်အတူ မျောပါသွားတော့သည်။
မြေပြင်ပေါ်ရှိ ကျောက်ခဲများနှင့် သဲမှုန်များအားလုံးသည်လည်း ဤပင်လယ်ပြင်ကြီးအတွင်းသို့ လွင့်စင်သွားကြချေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ဝူချန်းဟွမ်သည် တုံ့ဆိုင်းမနေတော့ဘဲ မလှမ်းမကမ်းရှိ မဏ္ဍပ်တစ်ခုပေါ်သို့ ခုန်တက်လိုက်လေသည်။
ထိုစဉ် လူရိပ်နှစ်ခု ဖြတ်သန်းသွားပြီး ချူချင်းနှင့် ချူထျန်းတို့သည် သူမ၏ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြသည်။
"ကူချန်ချိုး..."
ချူထျန်း၏မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။
ဝမ်ယဲ့တောင်ကြား၏ ဂိုဏ်းချုပ်ကူချန်ချိုးသည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သော သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားပေသည်။
လော့ယွီခန်းမဆောင်တွင် ချူယွန်ဖေးနှင့် လက်ဝါးချင်း တိုက်ခိုက်ခဲ့စဉ်က နှစ်ဖက်လုံးသည် မိမိတို့၏စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ကြသည်။
ယခုမူ သူသည် သူ၏စွမ်းအားအားလုံးကို ထုတ်သုံးနေခြင်း ဖြစ်သည်။
ထိုပုပုကွကွ အဖိုးကြီးသည် မျက်လုံးများကိုပြူးလျက် ဟိန်းဟောက်လိုက်သည်။
"ပင်လယ်မှောက် သဲလှိုင်းလုံး..."
သူသည် လက်နှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ရာ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ဆူနာမီလှိုင်းကြီးကဲ့သို့ လေထဲရှိ လူရိပ်တစ်ခုဆီသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
ထိုလူရိပ်မှာမူ ထွားကျိုင်းသန်မာလှပြီး ရွှေရည်စိမ်ပုဆိန်ကြီးကို ကိုင်ဆောင်ထားကာ လေထဲတွင် ဝေ့ယမ်းလျက် အောက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
"ရှင်းထျန်းပုဆိန်..."
မိုးရေစက်များအကြားတွင် ကြီးမားလှသော ပုဆိန်ရိပ်ကြီးတစ်ခု ရေးရေးမျှ ပေါ်ထွက်လာပြီး ကောင်းကင်သို့ တက်လှမ်းနေသော ဆူနာမီလှိုင်းလုံးကြီးကို အားပြင်းစွာ ခုတ်ပိုင်းလိုက်လေသည်။
ဘုန်း...
သူတို့နှစ်ဦး၏တိုက်ခိုက်မှုသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးကို ထွက်ပေါ်စေခဲ့သည်။
ထိုတိုက်ခိုက်မှုမှ ပြင်းထန်လှသော စွမ်းအားလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
ချူချင်းက ဝူချန်းဟွမ်ကို သူ၏နောက်သို့ အလိုအလျောက် ဆွဲခေါ်လိုက်ပြီး ချူထျန်းကမူ ချူချင်း၏ ရှေ့သို့တက်ကာ လေဟာနယ်ထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဝှီး...
တိုးဝင်လာသော အတွင်းအားလှိုင်းများသည် လေထုထဲတွင် ဂယက်ထသွားပြီး သူ၏လက်ဝါးရှေ့တွင်ပင် တားဆီးခြင်း ခံလိုက်ရလေသည်။
ချူထျန်းသည် ညည်းညူသံတစ်ချက် ထွက်ပေါ်သွားပြီး အတွင်းအားများကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။ သူသည် ဝူကန်ချီနှင့် ကူချန်ချိုးတို့၏ တိုက်ခိုက်မှုဒဏ်ကို ခေတ္တမျှ ခံစားလိုက်ရခြင်း ဖြစ်သည်။
ချူထျန်းကဲ့သို့သော ပါရမီရှင်ပင်လျှင် ဤစွမ်းအားကို ခံနိုင်ရည်ရှိရန် ခဲယဉ်းလှပေသည်။
သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး လည်ချောင်းထဲတွင် သွေးညှီနံ့တစ်ခုကို ခံစားလိုက်ရသည်။
ထိုစဉ် ချူချင်းက ချူထျန်း၏ကျောပြင်ပေါ်သို့ သူ၏လက်ဝါးကို သာသာယာယာ တင်လိုက်သည်။ သူ၏လက်ဝါးအစွန်းတွင် ခရမ်းရောင်အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး ချူထျန်းကို ချက်ချင်းပင် အင်အားများ ပြန်လည်ပြည့်ဝသွားစေသည်။
သူတို့နှစ်ဦး၏ ပူးပေါင်းလက်ဝါးစွမ်းအားသည် ဝှီးခနဲ မြည်ဟည်းသွားပြီး တိုးဝင်လာသော စွမ်းအားနှစ်ခုကို တိုက်ခိုက်ကာ လေထုထဲတွင် ပျောက်ကွယ်သွားစေတော့သည်။
ဤမြင်ကွင်းကို ဝူချန်းဟွမ်က ထပ်မံမြင်တွေ့လိုက်ရသဖြင့် သူမ၏မျက်ဝန်းများသည် အကြောင်းပြချက်မရှိဘဲ နီမြန်းလာခဲ့သည်။
သို့သော် သူမ တုံ့ပြန်ရန်အချိန်မရမီမှာပင် အသံတစ်သံ ပေါ်ထွက်လာသည်။
"ကူချန်ချိုး... မင်း ရှုံးသွားပြီ…”