အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) - ထွက်ပြေးသွားသော သတို့သား
လှုပ်ရှားလိုက်သူမှာ အခြားသူမဟုတ်ဘဲ ချူယွန်ဖေးပင် ဖြစ်ချေသည်။
ချူယန်သည် ဤအခြေအနေကိုမြင်သောအခါ ဝူကန်ချီ၏ဦးခေါင်းထံသို့ ဦးတည်ထားသော သူ၏လက်ဝါးချက်ကို ချူယွန်ဖေးဘက်သို့ ဦးတည်ချက်ပြောင်းလဲလိုက်လေသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချူယွန်ဖေးမှာ နောက်သို့သုံးလှမ်းခန့် ဆက်တိုက်ဆုတ်သွားရပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရချေသည်။
ချူယွန်ဖေး၏သိုင်းပညာမှာ ညံ့ဖျင်းလွန်း၍ မဟုတ်ဘဲ ချူယန်၏အတွင်းအားက အလွန်တရာ ပြင်းထန်လွန်းနေသောကြောင့် ဖြစ်ပေသည်။
သူ၏နောက်ခံကို အသာထား၍ ယနေ့ညအခြေအနေကိုသာ ကြည့်လျှင်ပင် သူသည် ထန်ယင်ဖုန်း၏ကျင့်ကြံမှုကို ဦးစွာလုယူခဲ့ပြီးနောက် ကူချန်ချိုး၏အတွင်းအားများကိုလည်း ကုန်ခမ်းလုနီးပါး စုပ်ယူခဲ့ပြီး ဖြစ်ချေသည်။
သူ၏မူလအတွင်းအားနှင့် ပေါင်းစပ်လိုက်ပါက သူ၏ကျင့်ကြံမှုသက်တမ်းမှာ နှစ်ပေါင်းတစ်ရာအောက် နည်းပါးနိုင်ပါမည်မဟုတ်။
ဤမျှ နက်ရှိုင်းလှသောအတွင်းအားကို ချူယွန်ဖေးသည် ရော့ရွှီကျမ်းစာကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံအောင်မြင်ထားသော်လည်း တစ်ပြိုင်နက်တည်း ခုခံနိုင်စွမ်း မရှိခဲ့ချေ။
သို့သော်ငြားလည်း ချူယန်မှာလည်း လုံးဝထိခိုက်မှုမရှိဘဲ မနေနိုင်ခဲ့ပေ။ ဟန်ချက်အနည်းငယ်ပျက်ယွင်းသွားချိန်တွင် ဝူကန်ချီက အခွင့်ကောင်းကို အမိအရဖမ်းဆုပ်ကာ တစ်ကိုယ်လုံးကို လှုပ်ခါပြီး ချူယန်ကို သူ၏ပခုံးပေါ်မှ ဝေးရာသို့ လွှင့်ပစ်လိုက်လေသည်။
မော့ကြည့်လိုက်သောအခါ တောက်ပသော လမင်းအောက်တွင် ဝူချန်းဟွမ်သည် လေထဲသို့ပျံတက်လာပြီး လမင်းအလင်းရောင်မှာ ဓားတစ်လက်ကဲ့သို့ ဖြာကျနေသည်ကို မြင်တွေ့လိုက်ရချေသည်။
ဝှီး... ဝှီး... ဝှီး...
ကျယ်လောင်လှသော ဓားသံများနှင့်အတူ ဓားချက်များသည် ချူယန်ထံသို့ တိုးဝင်သွားလေသည်။
ချူယန်၏မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ပုံရိပ်မှာ လူတိုင်း၏မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
သူပြန်ပေါ်လာချိန်တွင် ဝူချန်းဟွမ်၏ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။
သူသည် မည်သည့်အရိပ်အယောင်မျှမရှိဘဲ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး လေထဲတွင် ကိုယ်ယောင်ဖျောက်ရွေ့လျားလာကာ ဝူချန်းဟွမ်၏မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးဖြင့် တိုက်ရိုက်ထိုးနှက်လိုက်လေသည်။
အကယ်၍ ဤလက်ညှိုးချက်ထိမှန်သွားပါက ဝူချန်းဟွမ်မှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။
သို့သော် ထိုအခိုက်အတန့်တွင်ပင် ပြင်းထန်လှသော လက်ဝါးစွမ်းအားတစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာချေသည်။
မော့ကြည့်ရန်ပင်မလိုဘဲ စိမ်းပြာရောင်အလင်းတန်းကို မြင်တွေ့နိုင်ပေသည်။
ဝင်ရောက်တားဆီးလိုက်သူမှာ ချူထျန်းဖြစ်ပြီး...
သူသည်လည်း ချင်းရွှီလက်ဝါးသိုင်းကို အသုံးပြုထားခြင်း ဖြစ်ချေသည်။
ကြီးမားလှသော လက်ဝါးရိပ်ကြီးသည် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားပြီး လက်တစ်ဖက်တည်းဖြင့် အရာအားလုံးကို ဖမ်းဆုပ်ထားသကဲ့သို့ ရှိပေသည်။
ချူယန်သည် သူ၏လက်ညှိုးချက်ကို ဆက်မတိုက်ခိုက်နိုင်တော့သော်လည်း ဂရုမစိုက်ဘဲ သူ၏ပုံရိပ်ကို တစ်ဖန်လှုပ်ရှားကာ ချူထျန်း၏နောက်ကျောဘက်သို့ ရောက်ရှိသွားလေသည်။
သူ၏မူလလက်ဝါးချက်မှာ အပေါ်မှ ကျဆင်းလာခြင်းဖြစ်ပြီး ယခုအခါ လက်ဝါးစွမ်းအားများ မငြိမ်သတ်နိုင်သေးမီ နောက်ကျောဘက်မှ တိုက်ခိုက်မှုကို ကာကွယ်ရန် ပိုမိုခက်ခဲသွားချေသည်။
နီရဲသော လက်ဝါးစွမ်းအားသည် ရက်စက်စွာ ထွက်ပေါ်လာလေသည်။
သွေးပျော်နတ်လက်ဝါးသိုင်း ဖြစ်ချေသည်။
ချူထျန်းသည် ခေါင်းကိုရုတ်တရက်လှည့်ကာ သူ၏ပြင်းထန်လှသော လက်ဝါးစွမ်းအားကို ဝှေ့ယမ်းလိုက်ပြီး ကိုယ်ဟန်ကို အတင်းအကျပ်ပြောင်းလဲကာ သေစေနိုင်သော သွေးပျော်နတ်လက်ဝါးသိုင်းကို သီသီလေးရှောင်တိမ်းလိုက်နိုင်ချေသည်။
သူ၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ လေထဲမှပြုတ်ကျလာပြီး ခြံဝင်းအတွင်းရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ချူယန်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။
"မဆိုးဘူး..."
အသက်ဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် သူသည် လက်ဝါးစွမ်းအား၏ တန်ပြန်သက်ရောက်မှုကို ပြတ်သားစွာခံယူပြီး မပြီးဆုံးသေးသောသိုင်းကွက်ကို အသုံးပြုကာ အတင်းအကျပ်ရှောင်တိမ်းသွားနိုင်ခဲ့သည်။ ဤကဲ့သို့သော ပြတ်သားမှုမျိုးမှာ 'မဆိုးဘူး'ဟူသော စကားနှင့် ထိုက်တန်ပေသည်။
သို့သော် ဤအကျိုးဆက်ကြောင့် ချူထျန်းသည် ဆက်လက်တိုက်ခိုက်ရန် အင်အားမရှိတော့ချေ။
ချူယွန်ဖေးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"ထျန်းအာ..."
မိမိ၏သားကြီး ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ချူယွန်ဖေး၏နှလုံးသားမှာ တစ်ဖန်နာကျင်သွားရပြန်သည်။
ချူယန်၏အသံသည် သူ၏နားစည်ဘေးမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"မင်းရဲ့သားအတွက် စိုးရိမ်နေဖို့ အချိန်ရှိသေးတယ်ပေါ့..."
ချူယွန်ဖေးမှာ အလွန်တုန်လှုပ်သွားရပြီး သူသည် မည်သည့်အချိန်က ရောက်ရှိလာသည်ကိုပင် မသိရှိလိုက်ချေ။
သူသည် ကိုယ်ကို အမြန်လှည့်လိုက်သော်လည်း မြင်တွေ့လိုက်ရသည်မှာ ချူယန်မဟုတ်ဘဲ တိုက်ပွဲသုံးပုဆိန်ကြီးတစ်လက် ဖြစ်နေချေသည်။
ပုဆိန်ချက်သည် အောက်သို့ ဝှေ့ယမ်းကျလာသော်လည်း လေဟာနယ်ကိုသာ ထိမှန်သွားလေသည်။
အက်ကွဲသံနှင့်အတူ မြေပြင်မှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဝူကန်ချီသည် လေထဲသို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
ချူယန်၏အသံ ထွက်ပေါ်လာလေသည်။
"မင်းလို လေးလံထုံထိုင်းတဲ့ကောင်က ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့တောင် မထိုက်တန်ဘူး..."
ချူယန်သည် ခေါင်းကိုရုတ်တရက်လှည့်ကာ အနည်းငယ်စောင်းလိုက်လေသည်။
ဓားတစ်လက်သည် သူ၏နားရွက်ကို သီသီလေး ဖြတ်သန်းသွားပြီး လေထဲတွင် လျင်မြန်စွာ လှည့်ပတ်သွားရာ ချူယန်၏ပုံရိပ်မှာ တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
ဝူချန်းဟွမ်၏မျက်နှာမှာ မည်းမှောင်သွားပြီး သူမ တုံ့ပြန်ရန်မပြင်နိုင်သေးမီမှာပင် လူတစ်ယောက်သည် သူမ၏ရှေ့မှောက်သို့ ရောက်ရှိလာချေသည်။
အလွန် မြန်ဆန်လွန်းလှသည်။
ဤလူ၏ကိုယ်ဖော့သိုင်းမှာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်ချေသည်။
ထိုအမြန်နှုန်းမှာ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ပင် ယှဉ်နိုင်ရန် ခက်ခဲလှပေသည်။
စက္ကန့်ပိုင်းအတွင်း သူမသည် ဓားကို ရင်ဘတ်ရှေ့တွင် အလျားလိုက် ကာကွယ်ရန်သာ မနည်းပြင်ဆင်လိုက်နိုင်သည်။
သို့သော် သူမ၏မျက်စိရှေ့တွင် နီရဲသောအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး...
ယခုတစ်ကြိမ်တွင် ချူယန်သည် သွေးပျော်နတ်လက်ဝါးသိုင်းကို တစ်ဖန်အသုံးပြုလိုက်ခြင်း ဖြစ်ချေသည်။
ဝူချန်းဟွမ် စိတ်ထဲမှ တွေးလိုက်မိသည်။
'နောက်ဆုတ်ရမယ်...'
'နောက်မဆုတ်နိုင်ရင် သေလိမ့်မယ်...'
သူမ၏နှလုံးသားထဲတွင် အသိဝင်လာသော်လည်း မျက်လုံးထောင့်မှတစ်ဆင့် ငွေရောင်အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရချေသည်။
ဝှီး...
ဓားလေခွင်းသံသည် နောက်ဆုံးတွင် သူမ၏နားစည်ထဲသို့ တိုးဝင်လာတော့သည်။
ချူယန်၏ပုံရိပ်မှာ မရှိတော့ပေ။
ဝူချန်းဟွမ်သည် မသိစိတ်အရ မော့ကြည့်လိုက်ရာ ခြံဝင်းအတွင်း၌ ပုံရိပ်နှစ်ခုသည် ပေါ်လိုက်ပျောက်လိုက်ဖြင့် လျင်မြန်စွာလှုပ်ရှားနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဝူချန်းဟွမ် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
'သူပဲ...'
ဝူချန်းဟွမ်သည် ရုတ်တရက် နားလည်သွားတော့သည်။
ဝူကန်ချီသည် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ပြီး...
ထိုစဉ်က သူသည် ချူယန်၏ကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့ခြင်း ဖြစ်ချေသည်။ အကယ်၍ ချူယန်သည် သွေးပျော်နတ်လက်ဝါးသိုင်းကို အသုံးပြုရန်အချိန်ရခဲ့ပါက သူအသက်ရှင်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါ တိုက်ပွဲကိုကြည့်ရင်း သူသည် မိမိ၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေရချေသည်။
ဝူကန်ချီက စိတ်ထဲမှ မကျေမနပ် ရေရွတ်မိတော့သည်။
'ဒီလူနှစ်ယောက်က ဘယ်လို မိစ္ဆာတွေလဲ...'
သိုင်းလောကတွင် နှစ်ပေါင်းများစွာ အတိုက်အခံမရှိ ကျင်လည်ခဲ့သော ဝူကန်ချီပင်လျှင် ယခုအခါ အံ့အားသင့်နေရချေသည်။
ချူယန်ကိုတော့ ထားပါဦး... ဤညဧကရာဇ်က မည်သည့်နေရာမှ ရောက်ရှိလာခြင်းဖြစ်သနည်း။
သူသည် အဘယ်ကြောင့် ဤမျှ ထူးကဲဆန်းကြယ်သောသိုင်းပညာကို တတ်မြောက်ထားရသနည်း။
ဤမေးခွန်းသည် ချူယန်၏စိတ်ထဲတွင်လည်း ပေါ်ပေါက်လာချေသည်။
ထိုအခိုက်အတန့်တွင် သူသည် ဝူချန်းဟွမ်ကို တိုက်ရိုက်သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားသွားသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ချေသည်။
ယခင်က ပြောခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူသည် တစ်ဖန်ထပ်မံပြောလိုသည်မှာ အလွန်မြန်ဆန်သော ဓားချက်ပင် ဖြစ်ချေသည်။
ထို့ကြောင့် သူသည်လည်း ဝူချန်းဟွမ်ကဲ့သို့ပင် နောက်သို့သာ ဆုတ်ခွာနိုင်တော့သည်။
သူ၏ကိုယ်ဖော့သိုင်းက မြန်ဆန်သကဲ့သို့ ချူချင်း၏ဓားချက်ကလည်း လျင်မြန်လှပေသည်။
သူ မည်မျှပင် နောက်ဆုတ်ပါစေ ချူချင်းက လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်ချေသည်။
သူ၏ပုံရိပ်များ လှုပ်ရှားနေစဉ် ချူချင်း၏ဓားချက်သည်လည်း အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။
ဘေးမှ ကြည့်နေသူများအတွက်မူ ခြံဝင်းအတွင်း၌ ပုံရိပ်နှစ်ခုသည် ဟိုမှသည်သို့ လျင်မြန်စွာ ကူးလူးလှုပ်ရှားနေသကဲ့သို့သာ မြင်တွေ့ရချေသည်။
ထိုစက္ကန့်ပိုင်းအတွင်း ချူယန်၏ကိုယ်ဟန် မည်သို့ပြောင်းလဲသွားသည်ကို မည်သူမျှ မခွဲခြားနိုင်ခဲ့ကြပေ။
ချူချင်း၏ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် ဓားချက်မှာ မည်မျှအထိ မြန်ဆန်သွားသည်ကိုလည်း သူတို့ မမြင်တွေ့နိုင်ခဲ့ကြချေ။
နောက်ဆုံးတွင် ချူချင်း၏ဓားချက်က အသာစီးရရှိသွားပုံ ပေါ်လေသည်။
ဓားအလင်းတန်း ငြိမ်သက်သွားသည့် အခိုက်အတန့်တွင် ၎င်းသည် ချူယန်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ချေသည်။
သို့သော် ဝူကန်ချီနှင့် အခြားသူများ သက်ပြင်းမချနိုင်သေးမီမှာပင် အခြားအရပ်မျက်နှာတစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ဒီဓားသိုင်းက ဘယ်ကလာတာလဲ..."
"ငါ့ရဲ့အတွေ့အကြုံအရ ဒီလောကမှာ ဒီလောက်မြန်တဲ့ဓားသိုင်းရှိတာကို ဘာလို့မသိခဲ့ရတာလဲ..."
ချူချင်း၏ဓားကို ကိုင်ထားသောလက်သည် အနည်းငယ် တုန်ခါသွားပြီးနောက် သွေးချင်းချင်းနီသော အသံတစ်ခု ထွက်ပေါ်လာချေသည်။
မြေပြင်ပေါ်သို့ သွေးကွက်တစ်ခု ကျရောက်သွားပြီး ဓားဖြင့် ထိုးဖောက်ခံထားရသော ချူယန်၏ပုံရိပ်မှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ချူချင်းသည် ကိုယ်ကိုပြန်လှည့်လိုက်ပြီး ချူယန်၏မေးခွန်းကို ဖြေကြားရန် စိတ်ကူးမရှိပေ။
ချူယန်ကမူ စဉ်းစားတွေးတောဟန်ဖြင့် ပြောလိုက်သည်။
"ချူမိသားစုက ပွဲတော်ကျင်းပတဲ့နေ့တုန်းက နျဲ့ကျင့်ထိုင်လူသတ်သမားတွေက လုပ်ကြံဖို့ ရုပ်ဖျက်ပြီး ခိုးဝင်ခဲ့ကြတယ်..."
"အဲဒီနေ့က ချူယွန်ဖေးကို ကယ်ခဲ့တဲ့သူက မင်းပဲမလား..."
"ချူမိသားစုမှာ ခုနစ်နှစ်တိုင်တိုင် အိမ်မပြန်လာသေးတဲ့ သခင်လေးတစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်..."
"မင်းက ပွဲတော်မှာ ချူယွန်ဖေးကို ဦးအောင်ကယ်ခဲ့တယ်..."
"ဒီည ငါက ချူဖန်ကိုအသုံးချဖို့ ခေါ်လာတဲ့အချိန်မှာ မင်းဆီက သတ်ချင်တဲ့စိတ်ရိုင်းတွေ ထွက်ပေါ်လာခဲ့တယ်..."
"ဒါ့အပြင် အရေးကြီးတဲ့အချိန်မှာ မင်းက ဝူချန်းဟွမ်ကိုတောင် ကယ်ခဲ့သေးတယ်..."
"ဒီလောက်အထိ အသက်နဲ့လဲပြီး တိုက်ခိုက်နေတာ... မင်းက ချူမိသားစုရဲ့တတိယသခင်လေးချူချင်း မဟုတ်လား..."
ချူချင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏နှလုံးသားမှာ အနည်းငယ် လေးလံသွားချေသည်။
သူသည် အခြားအရာများကို စိုးရိမ်ခြင်းမရှိဘဲ ဝူချန်းဟွမ်က သူ၏သရုပ်မှန်ကို သိရှိသွားမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်ချေသည်။
ဤမိန်းကလေး၏ ပြတ်သားထက်မြက်သောစရိုက်အရ သူမသည် ချူထျန်းကဲ့သို့ တည်ငြိမ်စွာ နေနိုင်မည် မဟုတ်ပေ။
သူမသည် စေ့စပ်ကြောင်းလမ်းမှုကို အလွန်မုန်းတီးသော်လည်း ချူချင်း၏လက်ရှိအခြေအနေကို သိရှိသွားပါက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
သူမသာ နျဲ့ကျင့်ထိုင်နှင့် သူ၏ရန်ငြိုးများကြားထဲသို့ ရောက်ရှိသွားပါက သူမ၏ကံကြမ္မာမှာ မရေမရာ ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် သူသည် နောက်သို့လှည့်မကြည့်ဝံ့ပေ။ သို့မဟုတ်ပါက ထိုလူ၏စကားကို ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် ဝူချန်းဟွမ်၏အသံသည်လည်း ဤအခိုက်အတန့်တွင် ထွက်ပေါ်လာချေသည်။
"ဒီလူနာမည်က ညဧကရာဇ်... သူက လူသတ်သမားတစ်ယောက်..."
"သူက ထွက်ပြေးသွားတဲ့ သတို့သားနဲ့ ဘာဆိုင်လို့လဲ..."
"ဒီကိုလာပြီး လျှောက်မပြောနဲ့…”