အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) - ပျံလွှားဓားမြှောင်တစ်စင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ (၁)
'မင်္ဂလာပွဲကနေ ထွက်ပြေးသွားတဲ့ သတို့သားဆိုပဲ... တော်တော်တော့ဟုတ်နေပြီ...'
ချူချင်း၏မျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ်တွန့်ကွေးသွားလေသည်။ သို့သော် ဝူချန်းဟွမ်၏စကားများက အဘယ်ကြောင့် ဤမျှထူးဆန်းနေရသနည်း။
"လူသတ်သမားလား..."
ချူယန်က ခေါင်းကိုခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"မဟုတ်သေးဘူး... သူက လူသတ်သမားသာဆိုရင် အခု ဘာလို့ ငါနဲ့တိုက်ခိုက်နေမှာလဲ..."
"မင်းတို့က အစက ငါ ဘယ်သူလဲဆိုတာမသိကြဘူး..."
"ဒါကြောင့် သူ့ကိုငှားထားတာလည်း မဖြစ်နိုင်ဘူး..."
"ငွေမျက်နှာပဲမြင်တဲ့ လူသတ်သမားတစ်ယောက်က ဒီလိုအချိန်မျိုးမှာ လှည့်မပြေးတာတင် တော်တော်အံ့ဩဖို့ကောင်းနေပြီ…”
“အခုတော့ ဒီလိုရှုပ်ထွေးတဲ့တိုက်ပွဲထဲကို ကိုယ်တိုင်ဝင်ပါလိုက်သေးတယ်..."
"အရေးကြီးဆုံးကတော့... သူက တကယ်ပဲ လူသတ်သမားသာဆိုရင် စောစောက သခင်မလေးဝူကို အရင်မကယ်ဘဲ ငါ့ကို တိုက်ရိုက်ဓားနဲ့ထိုးသင့်တာ... အဲဒါဆိုရင် သူ့ရဲ့ဓားချက်က ပိုပြီးတောင် မြန်နိုင်သေးတယ်..."
"ဒါကြောင့် မင်းတို့ သူ့လှည့်ကွက်ထဲမဝင်ကြနဲ့... သူက လူသတ်သမားမဟုတ်ဘူး... လူသတ်သမားဖြစ်ခဲ့ရင်တောင် မင်းတို့အပေါ် ဆက်ဆံတဲ့ပုံစံက တခြားသူတွေနဲ့မတူဘူး..."
ဤစကားများက နားထောင်နေသူများ၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားလေသည်။
ဝူကန်ချီက ချူချင်းကို မသိမသာလှမ်းကြည့်လိုက်မိသည်။
'တကယ်ပဲ ဟိုကောင်စုတ်လေး ဖြစ်နေတာလား...'
'သူ ပြန်ရောက်လာပြီလား...'
ဝူချန်းဟွမ်က ဘာမှမပြောဘဲ ချူချင်းကိုသာ တိတ်တဆိတ်စိုက်ကြည့်နေလေသည်။
သူမ ပြောသင့်ပြောထိုက်သည်များကို ပြောပြီးပြီ ဖြစ်သည်။
ကျန်ရှိသည့်အရာများကို ဆက်လက်ငြင်းဆိုနေပါက...
သိသာလွန်းပြီး သံသယဝင်ဖွယ်ကောင်းပေလိမ့်မည်။
ချူယွန်ဖေးက ထိုအချိန်တွင်ခေါင်းမော့ကာ မေးလိုက်သည်။
"မင်းက... တကယ်ပဲ ချင်းအာလား..."
ချူချင်းက ချူယွန်ဖေးကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်မဖြေဘဲ လျစ်လျူရှုထားလိုက်ချေသည်။
ချူယွန်ဖေး၏နဖူးပေါ်တွင် အကြောများထောင်တက်လာပြီး စိတ်ထဲမှ ကြိမ်းမောင်းလိုက်မိသည်။
'ဒီကောင်စုတ်လေးက သူ့အဖေကိုတောင် ပြန်မထူးဘူးလား... ခုနစ်နှစ်လောက် ပျောက်ချက်သားကောင်းနေပြီး အခုတော့ အရေပါထူချင်နေပြီ ထင်တယ်...'
ချူချင်းက ချူယန်ကို တစ်ချက်စောင်းကြည့်ကာ ပြောလိုက်သည်။
"ကျုပ်ဘာလုပ်လုပ် မင်းကို ရှင်းပြနေစရာ အကြောင်းမရှိဘူး..."
"ဒါပေမဲ့ မင်းက စကားတွေအများကြီးပြောနေတော့ တစ်ခွန်းလောက်တော့ ပြန်ပြောပေးရမှာပေါ့..."
"သခင်မလေးဝူက ကျုပ်အလုပ်ရှင်ပဲ... ဒီညလူသတ်ဖို့ ငှားထားတာ... မင်း တခြားလူတွေကိုသတ်တာ ကျုပ်နဲ့မဆိုင်ဘူး..."
"ဒါပေမဲ့ မင်းက သူမကို လက်ဖျားနဲ့တောင်တို့ဖို့ ကြံစည်ရဲတယ်ပေါ့... သူမက ကျုပ်ကို လုပ်ခလစာတောင် မရှင်းရသေးဘူး... မင်းက သူမကို သတ်လိုက်ရင် ကျုပ်က ဘယ်သူ့ဆီက သွားတောင်းရမှာလဲ..."
ဤစကားကလည်း ကျိုးကြောင်းဆီလျော်လှပေသည်။
ချူယန်က ခေါင်းညိတ်လိုက်ရင်း မေးလိုက်သည်။
"ဒါဆို ငါ ချူဖန်ကို ဆွဲခေါ်လာတုန်းက မင်း ဘာလို့ အဲဒီလောက် ပြင်းထန်တဲ့စိတ်ရိုင်းတွေ ထွက်ပေါ်လာရတာလဲ..."
"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."
ချူချင်းက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။
"မင်းက တော်တော်ထူးဆန်းတဲ့လူပဲ... ခြေဦးတည့်ရာပြေးတာတော့ မြန်ပါရဲ့..."
"ဒါပေမဲ့ တိုက်ခိုက်တဲ့နေရာမှာကျတော့ မိန်းမကြီးအတိုင်းနဲ့ စကားအသေများတယ်..."
"မင်းနဲ့ တစ်ညလုံးစကားပြောပေးရင် ကျုပ်ကို ငွေဘယ်လောက်ပေးမှာမလို့လဲ..."
"ဆက်တိုက်မှာလား... မတိုက်တော့ဘူးလား..."
"ဒါဆို ငါတို့ နောက်ထပ်တစ်ခွန်းလောက် ထပ်ပြောကြမယ်လေ..."
ချူယန်က ပြုံးလျက် ပြောလိုက်သည်။
"မင်းရဲ့သိုင်းပညာက မဆိုးဘူး... ဓားသိုင်းကလည်း တော်တော်ကောင်းတယ်..."
"ဒီလို သာမန်ပုရွက်ဆိတ်တွေနဲ့ အချိန်ဖြုန်းမနေသင့်ဘူး... ငါတို့ရဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းထဲကို ဝင်ခဲ့လိုက်…”
“ငါ မင်းကို သွေးမိစ္ဆာကျမ်းစာ သင်ပေးမယ်... ငါတို့ဂိုဏ်းရဲ့ဂုဏ်သတင်းကို မြှင့်တင်ပေးစမ်းပါ..."
"နောင်တစ်ချိန်မှာ ရွှေတောင်ငွေတောင်တွေက မရေမတွက်နိုင်အောင် ရမဲ့အပြင် သိုင်းလောကတစ်ခုလုံးကိုကိုင်လှုပ်နိုင်မဲ့ ဇာတ်လိုက်တစ်ယောက် ဖြစ်လာနိုင်တယ်..."
"ငွေပေးမှာလား..."
ချူချင်းက စိတ်ဝင်စားသွားသည့်ပုံစံမျိုး ပြလိုက်လေသည်။
ချူယန်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"ပေးမှာပေါ့... ငါတို့ ကောင်းကင်မိစ္ဆာဂိုဏ်းက ဘယ်ညီအစ်ကို့ကိုမှ ဆင်းရဲဒုက္ခမပေးဘူး..."
"လတိုင်း ဒီလောက်ပေးမယ်..."
သူက လက်ချောင်းငါးချောင်းကို ထောင်ပြလိုက်ချေသည်။
ချူချင်းက ဒေါသတကြီး ပြောလိုက်သည်။
"ငွေငါးကျပ်တည်း ပေးတာလား..."
"ရွှေငါးဆယ်ကျပ်သား..."
ချူယန်က သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငွေငါးကျပ်ဟုတ်လား... သူတောင်းစားကို ပေးနေတာလား..."
ချူချင်းက အေးစိမ့်သောလေထုကို ရှူသွင်းလိုက်ရင်း ပြောလိုက်သည်။
"ဒီလောက်တောင်များတာလား..."
"တကယ်လို့ ညဧကရာဇ်ညီနောင်သာ ငါတို့ ကောင်းကင်မိစ္ဆာဂိုဏ်းကို ဝင်မယ်ဆိုရင် ဒီထက်မက ပိုရမှာ..."
ချူယန်က ဆွဲဆောင်သိမ်းသွင်းသည့်လေသံဖြင့် ပြောလိုက်သည်။
"ပြီးတော့ မင်း ငါတို့ဂိုဏ်းမှာ ကြာကြာနေလေ ရတာတွေက ပိုများလေပဲ..."
"တကယ်လို့ မင်းက ငါတို့ဂိုဏ်းအတွက် အကျိုးပြုနိုင်ရင် ဂိုဏ်းချုပ်ကြီးက သဘောကျပြီး မင်းကို လူတစ်သောင်းအထက်က ရာထူးမျိုးတောင် ပေးနိုင်တယ်..."
"အဲဒီအချိန်ကျရင် ငါတောင်မှ ညဧကရာဇ်ညီနောင်ရဲ့စောင့်ရှောက်မှုကို ခံယူရဦးမလား မသိဘူး..."
ချူချင်းက မေးစေ့ကိုပွတ်သပ်ရင်း ခေါင်းညိတ်လိုက်လေသည်။
"ဒါလည်းမဆိုးပါဘူး... လာပါဦး... ကျုပ်ကို သေချာလေးရှင်းပြစမ်းပါ… ကောင်းကင်မိစ္ဆာဂိုဏ်းက တကယ်ပဲ ဘာလဲဆိုတာ..."
"ကျုပ်က တကယ်ပဲ ဘာလုပ်ရမှာလဲ..."
"လာ... လာ... ငါ မင်းကို အသေးစိတ်ပြောပြမယ်..."
လူနှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း မဟာမိတ်များကဲ့သို့ ဖြစ်သွားကြပြီး စကားပြောရင်း ပိုမိုနီးကပ်လာကာ တစ်ဦးနှင့်တစ်ဦး ပခုံးဖက်တော့မည့်အလား အနားသို့တိုးကပ်သွားကြလေသည်။
ဝူချန်းဟွမ်က မျက်လုံးတစ်စုံကို ပြူးကျယ်စွာ ဖွင့်ကြည့်နေမိပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားရချေသည်။
မူလက ခိုင်မာနေသောအတွေးများမှာလည်း ရုတ်တရက် ယိမ်းယိုင်သွားရပြန်ပေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဘေး၌ချိတ်ဆွဲထားသော ချင်းယဲ့ဓားက ရုတ်တရက် ချူယန်၏ရင်ဘတ်ကို ထိုးဖောက်သွားသည်ကို မြင်လိုက်ရလေသည်။
ချူယန်က မျက်လုံးတစ်စုံပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားရသည်။
ဝူချန်းဟွမ် တစ်စုံတစ်ရာကို သတိမပြုမိခင်မှာပင် ချူချင်း၏နောက်ကွယ်တွင် လူရိပ်တစ်ခု ထပ်မံပေါ်လာသည်ကို တွေ့လိုက်ရပြန်သည်။
သူက ချူယန်ဖြစ်ပေသည်။
အစောပိုင်းက ပုံရိပ်မှာလည်း အတုအယောင် ဖြစ်နေပြန်သည်။
ချူယန်ပေါ်လာသည်နှင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လက်ဝါးပြင်တစ်ခုလုံး ရဲရဲနီနေပြီး ၎င်းမှာ သွေးပျော်နတ်လက်ဝါးသိုင်း ဖြစ်ပေသည်။
သို့သော် နောက်တစ်ခဏ၌ သူ၏ပုံရိပ်မှာ လေတိုက်၍ ငြိမ်းလုဆဲဆဲ ဖယောင်းတိုင်မီးကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။
ဓားအလင်းတန်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းသွားပြီး မူလကတည်းက ထိုနေရာတွင် ရှိနေသကဲ့သို့ ထူးဆန်းစွာ ပေါ်ထွက်လာချေသည်။
"ဒီ... ဒီလူနှစ်ယောက်က တော်တော်ယုတ်မာတာပဲ..."
ဝူချန်းဟွမ်က အိပ်မက်မှနိုးထလာသကဲ့သို့ ရေရွတ်လိုက်မိသည်။
အချိန်အတော်ကြာအောင် စကားအပိုတွေပြောနေကြခြင်းမှာ တစ်ဖက်လူက မိမိကိုယုံကြည်သွားစေရန်နှင့် အလစ်အငိုက်တွင် တိုက်ခိုက်ရန်အတွက်သာ ဖြစ်ပေသည်။
နှစ်ဦးလုံး၏အတွေးများက တစ်ထပ်တည်းကျနေသဖြင့် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်ပေသည်။
သို့သော် တစ်ယောက်နှင့်တစ်ယောက် မလှည့်စားနိုင်ခဲ့ချေ။
"ငါက တကယ်ပဲ ရိုးအလွန်းတာပဲ..."
ဝူချန်းဟွမ်က မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်လိုက်မိပြီး ဤလူများနှင့်ယှဉ်လျှင် သူမမှာ အလွန်ပင် ဖြူစင်ရိုးသားလွန်းနေကြောင်း သိရှိသွားရလေသည်။
ယခုအချိန်တွင် ခြံဝင်းအတွင်း တိုက်ခိုက်နေကြသော လူနှစ်ဦး၏အခြေအနေမှာ ယခင်နှင့် မတူတော့ပေ။
ယခင်က ချူချင်းက ဓားဖြင့်တိုက်ခိုက်ပြီး ချူယန်က ရှောင်တိမ်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချူယန်က တိုက်စစ်ဆင်လာခဲ့ပြီ ဖြစ်ပေသည်။
သူ၏သွေးပျော်နတ်လက်ဝါးသိုင်းမှာ တစ်ဝက်ခန့်သာ ရိုက်ထုတ်ရသေးသည်ကို ပြန်လည်ရုပ်သိမ်းလိုက်ရပြီး ရင်ဆိုင်လိုက်ရသည်မှာ ချူချင်း၏ထက်မြက်သောဓားသွား ဖြစ်ပေသည်။
ထို့နောက် ချူယန်၏ကိုယ်ရိပ်က ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပြီး ချူချင်း၏ဓားအလင်းကလည်း လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားလေသည်။
ပြန်ပေါ်လာချိန်တွင် ချူယန်၏လက်နှစ်ဖက်လုံး၌ သွေးရောင်အလင်းတန်းများ ဖုံးလွှမ်းနေပြီး လက်ဝါးနှစ်ဖက်ကိုစုစည်းကာ ချူချင်း၏ဓားရှည်ကို ညှပ်ထားလိုက်ရာ ဓားသွားမှာ ထိုသွေးရောင်အလင်းတန်းများကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ တားဆီးခံထားရလေသည်။
ချူချင်း၏မျက်ဝန်းတစ်စုံမှာ ခရမ်းရောင်အလင်းများ တောက်ပလာပြီး ဓားသွားပေါ်တွင်လည်း ခရမ်းရောင်အလင်းတန်းတစ်လွှာ ဖုံးလွှမ်းသွားချေသည်။
အဆုံးစွန်အထိမရောက်မီမှာပင် လူအများ၏ရှေ့မှောက်မှ တစ်ဖန်ပျောက်ကွယ်သွားပြန်လေသည်။
ကျန်ရစ်ခဲ့သည်မှာ ထပ်ဆင့်ထွက်ပေါ်နေသောဓားချီများနှင့် သွေးရောင်အလင်းတန်းများသာ ဖြစ်ပြီး ဟင်းလင်းပြင်တစ်ခုလုံးတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
တစ်ခါတစ်ရံ မြေပြင်ပေါ်၌ ခြေရာကြောင့် တွင်းနက်ကြီးများ ဖြစ်ပေါ်သွားပြီး နံရံပေါ်၌ ဓားရာများ ရုတ်တရက်ထင်ကျန်ရစ်ကာ သွေးရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ဖြတ်သန်းသွားပြီး အမိုးစွန်းများမှာ နှစ်ပိုင်းကွဲအက်ကာ လေထဲမှ ပြုတ်ကျလာလေသည်။
လူရိပ်နှစ်ခုမှာ ပြုတ်ကျလာသောအမိုးစွန်းကို ဗဟိုပြု၍ အပြန်အလှန် တိုက်ခိုက်လိုက်ကြပြီးနောက် ထိုအမိုးစွန်းမှာ မြေပြင်ပေါ်သို့ ကျရောက်ကာ အပိုင်းပိုင်းအစစ ကွဲအက်သွားရချေသည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ ချူယန်၏စိတ်ထဲတွင် ပိုမိုတုန်လှုပ်လာရချေသည်။
ပထမဆုံးအကြိမ်တိုက်ခိုက်မှုကို စမ်းသပ်မှုတစ်ခုဟု သတ်မှတ်နိုင်သော်လည်း...
ယနေ့ ဤနေရာတွင် မိမိကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသူမှာ နောက်ခံမသိရသော ဤဓားသမားတစ်ဦးတည်းသာရှိကြောင်း သူ ကောင်းစွာသိရှိထားပေသည်။
သူ့ဓားက မြန်လွန်းလှပေသည်။
သွေးရိပ်ပုံရိပ်ယောင်ကိုယ်ဖော့သိုင်းကို သူနှစ်ကြိမ်တိုင်တိုင်အသုံးပြုခဲ့ပြီး ဖြစ်ပေသည်။ ၎င်းမှာ သွေးမိစ္ဆာကျမ်းစာထဲမှ အဆင့်မြင့်ကိုယ်ဖော့သိုင်းပညာရပ်တစ်ခု ဖြစ်ပေသည်။
သို့သော် ၎င်းကိုအသုံးပြုရန်အတွက် ပေးဆပ်ရမည့်တန်ဖိုးမှာလည်း မနည်းပေ။
ဤကျင့်စဉ်၏သဘောတရားမှာ 'သွေးဖြင့် အသက်လဲခြင်း'ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း အခြေအနေကို ပြောင်းလဲပစ်နိုင်သည်။
အရေးကြီးဆုံးအချိန်တွင် အသုံးပြုပါက အသက်ကို ကယ်တင်နိုင်ရုံသာမက အောင်ပွဲအဖြစ်သို့ပါ ပြောင်းလဲပစ်နိုင်ပေသည်။
သို့သော် သူသည် ယနေ့ညတွင် ဤကျင့်စဉ်ကို နှစ်ကြိမ်တိုင်တိုင်အသုံးပြုခဲ့ပြီး ဖြစ်ချေသည်။ ပထမအကြိမ်မှာ အသက်ဘေးမှလွတ်မြောက်ရန် ဖြစ်ပြီး ဒုတိယအကြိမ်တွင်မူ အခြေအနေကိုပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း ကျရှုံးခဲ့ရသည်။
ချူချင်းမှာ စိတ်ကူးနက်နဲပြီး ပေါ့ပေါ့ပါးပါး နေတတ်ပုံရသော်လည်း ရင်ဆိုင်ရန် အလွန်ခက်ခဲလှပေသည်။
ယခုအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်အသက်ဓာတ်များမှာ အားနည်းနေပြီဖြစ်ရာ သွေးရိပ်ပုံရိပ်ယောင်ကိုယ်ဖော့သိုင်းကို ထပ်မံ၍ အတင်းအကျပ်အသုံးပြုပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။
သူ့အတွက် သွေးနှင့်အသက်ဓာတ်များ ပိုမိုလိုအပ်နေပေသည်။
သူ၏မျက်ဝန်းများ လှည့်လည်သွားပြီး မလှမ်းမကမ်းမှ ကြည့်ရှုနေကြသော ဝူကန်ချီနှင့် အခြားသူများဆီသို့ ရောက်ရှိသွားလေတော့သည်။