အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) - ပျံလွှားဓားမြှောင်တစ်စင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ (၂)
ထိုအချိန်တွင် ချူချင်းက ရုတ်တရက် အော်ပြောလိုက်သည်။
"အားလုံး... ပေနှစ်ဆယ်ကျော် အကွာအဝေးအထိ နောက်ဆုတ်ကြ..."
ချူယန်၏မျက်သူငယ်အိမ်မှာ ကျုံ့သွားပြီး ချူချင်းမှာ ဤစကားကိုပြောလိုက်ရသဖြင့် သူ၏အရှိန်မှာ အနည်းငယ် နှေးကွေးသွားရလေသည်။
သူ့တွင် ဤမျှမြန်ဆန်သောကိုယ်ဖော့သိုင်း မရှိပေ။
အကယ်၍ ချူယန်က ရှောင်တိမ်းမနေဘဲ သူ၏ဓားဦးလှည့်နိုင်သော ဆယ်ပေပတ်လည်အတွင်းသာ ရှိမနေပါက သူသည်လည်း ချူယန်နှင့် ဤမျှအထိ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ချူယန်၏အရှိန်မှာ ကိုယ်ဖော့သိုင်းကြောင့် ဖြစ်ပြီး ချူချင်း၏အရှိန်မှာမူ သူ၏ဓားချက်ကြောင့်သာ ဖြစ်ပေသည်။
နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါက ချူချင်းမှာ အားနည်းချက် ရှိနေပေသည်။
ယခုအခါ စကားပြောလိုက်သဖြင့် အရှိန်မှာ ပိုမိုနှေးကွေးသွားပြီး ချူယန်မှာ သူ၏ဓားချက်အောက်မှ ချက်ချင်း လွတ်မြောက်သွားရလေသည်။
ချူယန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ဝူကန်ချီနှင့် အခြားသူများမှာ အမှန်တကယ်ပင် စကားနားထောင်ပြီး ပေနှစ်ဆယ်ကျော် အကွာအဝေးသို့ ဆုတ်ခွာသွားကြသည်ကို တွေ့လိုက်ရသဖြင့် ဒေါသတကြီး ဖြစ်သွားရချေသည်။
သူက ချူချင်းကိုကြည့်ကာ မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်သည်။
"ညဧကရာဇ်ညီနောင်... မင်းကတော့ မရိုးသားဘူးနော်..."
ချူချင်းက သူ့ကို ပြုံးစိစိကြည့်လိုက်ရင်း ရုတ်တရက် ပြောလိုက်သည်။
"ကောင်းကင်မိစ္တာဂိုဏ်းက သိုင်းဆရာကြီး... မင်း ဘာလို့ ဒီလောက်တောင် ကြောက်ကြောက်လန့်လန့်နဲ့ တိုက်ခိုက်နေရတာလဲ..."
ဤစကားမှာ မေးခွန်းနှင့် မသက်ဆိုင်သော်လည်း ချူယန်၏စိတ်ကို တုန်လှုပ်သွားစေပေသည်။
သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ..."
"ကျုပ်က လျှောက်ပြောနေတာလား... မင်းရဲ့အတွင်းအားက ကျုပ်ထက် သာသလို အရှိန်ကလည်း အဆမတန်မြန်တယ်…”
“ဒါပေမဲ့ စောစောက ကျုပ်တို့ တိုက်ခိုက်နေတဲ့တစ်လျှောက်လုံး မင်းက ရှောင်တိမ်းဖို့နဲ့ ခုခံဖို့ကိုပဲ အာရုံစိုက်နေခဲ့တယ်..."
"အန္တရာယ်အနည်းနည်းကိုတောင် မစွန့်စားချင်ဘူး... တကယ်လို့ မင်းကဒဏ်ရာရရင်တောင် ကျုပ်ဓားချက်နဲ့ ကျုပ်ကို ပြန်ထောင်ချောက်ဆင်မယ်ဆိုရင် မင်းရဲ့ စွမ်းရည်နဲ့ဆို အသက်အန္တရာယ်ရှိတဲ့နေရာကို ရှောင်ရှားဖို့ မခက်ခဲပါဘူး..."
"အဲဒီအချိန်ကျရင် မင်း ကျုပ်ဓားရှည်ကို ဖမ်းချုပ်ပြီး တစ်ချက်တည်းနဲ့အနိုင်ယူနိုင်တယ်..."
"ဒါပေမဲ့ မင်းက အဲဒီလိုမလုပ်ဘူး... တကယ်ပဲ အဲဒီအချက်ကို မစဉ်းစားမိတာလား... ဒါမှမဟုတ် နာမှာကြောက်လို့လား..."
"ဒါမှမဟုတ်ရင်... တစ်ခုခု ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက် ရှိနေလို့လား..."
ချူချင်း၏စကားလုံးများက တစ်လုံးချင်းစီ ထွက်ပေါ်လာရာ ချူယန်၏မျက်နှာအမူအရာမှာ မပြောင်းလဲသော်လည်း စိတ်ထဲတွင်မူ ဗုံတီးနေသကဲ့သို့ တုန်လှုပ်သွားရချေသည်။
ယင်းမှာ ချူချင်းကို လုံးဝမသိစေချင်သော သူ၏လျှို့ဝှက်ချက် ဖြစ်ပေသည်။
သွေးမိစ္ဆာကျမ်းစာ၏ နက်နဲသောအနှစ်သာရမှာ မိစ္ဆာကျင့်စဉ်များထဲတွင်ပင် ထိပ်တန်းအဆင့်ရှိသောအမွေအနှစ်တစ်ခု ဖြစ်ပေသည်။
၎င်းကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံအောင်မြင်ပါက အသက်အန္တရာယ်ရှိသောနေရာကို အထိုးခံရလျှင်ပင် အတွင်းအား လျော့နည်းသွားခြင်းမရှိသည့်အပြင် သွေးတစ်စက်မျှပင် ထွက်လာလိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်...
ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိခဲ့လျှင်ပင် သွေးမိစ္ဆာကျမ်းစာကိုအသုံးပြု၍ ဒဏ်ရာကို ပိတ်ဆို့ထားနိုင်ပြီး သွေးများကို မူလအတိုင်း ဆက်လက်စီးဆင်းစေကာ မိမိကိုယ်ကိုယ် ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ပေသည်။
ထို့နောက် ပြိုင်ဘက်ကို သွေးမိစ္ဆာစွမ်းအားစုစည်းခြင်း မဟာကျင့်စဉ်ဖြင့် သွေးနှင့်အသက်ဓာတ်များကို စုပ်ယူကာ မိမိ၏ဒဏ်ရာများကို ပြန်လည်ကုသနိုင်သဖြင့် ပိုတိုက်ခိုက်လေ ပိုသန်မာလာလေဖြစ်ပြီး သွေးမိစ္ဆာတစ်ကောင် လောကသို့ ရောက်ရှိလာသကဲ့သို့ မသေနိုင်သောခန္ဓာကိုယ်ကို ရရှိစေပေသည်။
သို့သော် အချက်တစ်ခုရှိသည်။ ၎င်းမှာ ပြည့်စုံသော သွေးမိစ္ဆာကျမ်းစာကို ကျင့်ကြံမှသာ ရရှိနိုင်မည့် အကျိုးသက်ရောက်မှု ဖြစ်ပေသည်။
ချူယန် ကိုယ်တိုင်ကျင့်ကြံထားသော သွေးမိစ္ဆာကျမ်းစာတွင် သွေးမိစ္ဆာစွမ်းအားစုစည်းခြင်းမဟာကျင့်စဉ် ကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်များ ပါဝင်သော်လည်း အဓိကကျသော အနှစ်သာရဖြစ်သည့် စာသားတစ်ကြောင်း လိုအပ်နေခဲ့ပေသည်။
၎င်းမှာ ထိုစဉ်က မြေအောက်အချုပ်ခန်းအတွင်း၌ ထန်ယင်ဖုန်းက သူ့ကို'အရေခွံပါးလွန်းသည်'ဟု ပြောခဲ့ရသည့်အကြောင်းရင်း ဖြစ်ပေသည်။
ဤစာသားတစ်ကြောင်း လိုအပ်နေသဖြင့် ခန္ဓာကိုယ်ကောင်းမွန်နေချိန်တွင် သွေးများကို စိတ်ကြိုက်ထိန်းချုပ်နိုင်သော်လည်း...
ဒဏ်ရာပြင်းပြင်းရရှိသွားပါက အတွင်းအားများယိုစိမ့်သွားပြီး သွေးနှင့်အသက်ဓာတ်များမှာ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
ဤအားနည်းချက်မှာ ကြီးမားလွန်းလှသော်လည်း ယခင်က ချူယန်မှာ ၎င်းကိုဂရုမစိုက်ခဲ့ပေ။
ဝူကန်ချီနှင့် အခြားသူများ၏စွမ်းရည်ဖြင့် မိမိကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ကြောင်း သူယုံကြည်ထားပေသည်။
တစ်ခါတစ်ရံ ချင်းရွှီလက်ဝါးသိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် အထိုးခံရလျှင်ပင် သူ၏ နက်ရှိုင်းသောအတွင်းအားကြောင့် ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမည် မဟုတ်ချေ။
သို့သော် ယနေ့ညတွင်မူ ချူချင်း ပေါ်လာခဲ့ချေသည်။
သူ့ဓားက မြန်လွန်းလှသဖြင့် လက်ဝါးကိုထိုးဖောက်ခံရခြင်း သို့မဟုတ် လည်ပင်းကိုအထိုးခံရခြင်း ဖြစ်သွားပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
ဤအချက်ကိုတွေးမိလိုက်ရင်း ချူယန်က ရုတ်တရက် အေးစက်စွာရယ်မောရင်း ပြောလိုက်သည်။
"မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး... လျှောက်ပြီး ရူးကြောင်ကြောင်ပြောမနေနဲ့... မင်းရဲ့စွမ်းရည်က ဒီလောက်ပဲလား..."
ချူချင်းက အသာအယာပြုံးလိုက်ရင်း ပြောလိုက်သည်။
"မလောပါနဲ့ဦး... ကျုပ်မှာ နည်းလမ်းလေးတစ်ခု ကျန်သေးတယ်... မင်းကို မြည်းစမ်းကြည့်စေချင်လို့ပါ..."
သူသည် ချင်းယဲ့ဓားကို ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး ခါးဘေးရှိ ဓားအိတ်ထဲမှ ပျံလွှားဓားမြှောင်တစ်စင်းကို ထုတ်ယူလိုက်လေသည်။
"ပျံလွှားဓားမြှောင်လား..."
ချူယန်က ချူချင်း၏လက်ထဲရှိ ဓားမြှောင်ကို ကြည့်ကာ ဟားတိုက်ရယ်ချင်စိတ်ကိုထိန်းရင်း ပြောလိုက်သည်။
"ပျံလွှားဓားမြှောင်တစ်စင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ..."
သူတစ်ဦးတည်းသာမက ဝူကန်ချီနှင့် ချူယွန်ဖေးတို့ပင်လျှင် အလွန်အမင်း နားမလည်နိုင်ဖြစ်သွားကြရပေသည်။
၎င်းမှာ အလွန်ရိုးရှင်းသော မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်မျှသာ ဖြစ်ပေသည်။
သိုင်းလောကတွင် ဤကဲ့သို့သောဓားမြှောင်ကို လက်နက်အဖြစ် အသုံးပြုသူမှာ မရေမတွက်နိုင်အောင်ရှိပြီး ရန်သူကို အနှောင့်အယှက်ပေးရန် သို့မဟုတ် အလစ်တိုက်ခိုက်ရန်အတွက်သာ သင့်တော်သော်လည်း ယခုကဲ့သို့သော တိုက်ပွဲမျိုးတွင်မူ သက်ရောက်မှုရှိမည် မဟုတ်ပေ။
ဝူချန်းဟွမ် တစ်ဦးတည်းသာလျှင် ချူချင်း၏ဓားမြှောင်အစွမ်းကို မြင်တွေ့ဖူးပေသည်။
ဝူချင်းရှန်း၏ ရေလယ်ကျောက်တိုင်သိုင်းကွက်မှာပင် ဤသေးငယ်သော ပျံလွှားဓားမြှောင်၏ရှေ့မှောက်၌ အသုံးမဝင်သကဲ့သို့ ဖြစ်သွားခဲ့ရချေသည်။
ဤဓားမြှောင်၏အရှိန်မှာ...
အစောပိုင်းက ဓားချက်ထက်ပင် ပိုမိုမြန်ဆန်လှပေသည်။
အရှိန်တင်မကဘဲ အခြားအရာတစ်ခုခု ရှိနေသေးပုံရသည်။
သို့သော် ၎င်းမှာ မည်သည့်အရာဖြစ်ကြောင်းကိုမူ ဝူချန်းဟွမ်လည်း မပြောတတ်ချေ။
ချူချင်းက ပျံလွှားဓားမြှောင်ကို သူ၏ပါးပြင်အနီးသို့ ယူဆောင်လာခဲ့ရာ ဓားမြှောင်ပေါ်တွင် မိုးရေစက်အချို့ တင်ကျန်နေလေသည်။
သူက မျက်လုံးများကိုပင့်ကြည့်ကာ ချူယန်ကိုကြည့်ရင်း ပြောလိုက်သည်။
"မင်းရဲ့အသက်ကို နှုတ်ယူနိုင်တယ်..."
ဤအခိုက်အတန့်တွင် ကြီးမားသော အန္တရာယ်အငွေ့အသက်တစ်ခုက ချူယန်၏ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးသွားလေသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစက်တိုင်းက သူ့ကို အမြန်ဆုံးထွက်ပြေးရန် တိုက်တွန်းနေသကဲ့သို့ ခံစားလိုက်ရချေသည်။
ကိုယ်ရိပ်က ပျောက်ကွယ်သွားပြီး ချူယန်မှာ ဆယ်ပေခန့်အကွာအဝေးသို့ ဆုတ်ခွာသွားလေသည်။
သို့သော် ထိုအန္တရာယ်ရှိသောခံစားချက်မှာ အရိုးထဲအထိ စွဲကပ်နေကာ ပျောက်မသွားသည့်အပြင် ပိုမိုပြင်းထန်လာလေသည်။
ချူချင်းက...
လက်ကိုဝှေ့ယမ်းကာ ဓားမြှောင်ကို ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရချေသည်။
ဝှီး...
ကြယ်ပွင့်တစ်ပွင့်ကဲ့သို့ အလင်းတန်းငယ်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
ချူယန်၏စိတ်နှလုံးမှာမူ ဤအရာကြောင့် အန္တရာယ်သတိပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာရချေသည်။
သူ၏မျက်သူငယ်အိမ်မှာ ကျုံ့သွားပြီး ကိုယ်ရိပ်မှာ ထပ်ခါတလဲလဲ ပျောက်ကွယ်သွားပြန်လေသည်။
သွေးရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ပြင်ပတွင် လွှမ်းမိုးလာပြီး သွေးနဂါးများကဲ့သို့ စီးဆင်းလာလေသည်။
၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နှောင်ဖွဲ့ကာ သူ၏ရှေ့မှောက်တွင် အကာအကွယ်တစ်ခုအဖြစ် တားဆီးထားလိုက်ချေသည်။
ဟင်းလင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ကျဆင်းနေသော မိုးရေစက်များမှာလည်း ဤအခိုက်အတန့်တွင် လေထဲ၌ အေးခဲသွားသကဲ့သို့ ရှိနေပေသည်။
သူသည် ဤတိုတောင်းလှသောအချိန်အတွင်း သူ၏ တစ်သက်တာသင်ယူခဲ့သမျှ သိုင်းပညာရပ်များကို အစွမ်းကုန် အသုံးပြုလိုက်လေသည်။
သူ၏စွမ်းရည်များဖြင့် ခိုင်မာသော တံတိုင်းကြီးတစ်ခုကို တည်ဆောက်လိုက်ချေသည်။
ထိုတံတိုင်း၏အပြင်ဘက်တွင်...
သူသည် ဓားတစ်စင်းကို မြင်လိုက်ရပေသည်။
ခရမ်းရောင်အလင်းတန်းများ သန်းနေသော ပျံလွှားဓားမြှောင်တစ်စင်း ဖြစ်ပေသည်။
ချူယန်သည် ထိုဓားမြှောင်မှာ အမှန်တကယ်ပင် သေသပ်လှပခြင်းမရှိဘဲ ကုန်ကြမ်းသာသာဖြစ်ကြောင်းကိုပင် မြင်တွေ့နိုင်ပေသည်။
၎င်းကို သွန်းလုပ်ခဲ့သော ပန်းပဲဆရာသည်လည်း ဤအရာကို အဖိုးတန်ရတနာဓားတစ်လက်အဖြစ် သွန်းလုပ်ရန် စိတ်ကူးရှိခဲ့ပုံမရပေ။
အဘယ်ကြောင့်ဆိုသော်...
၎င်းမှာ မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်မျှသာ ဖြစ်သောကြောင့် ဖြစ်သည်။
၎င်း၏ဓားသွားအစွန်းတွင် သေချာစွာ သန့်စင်ထားခြင်းမရှိသော သွေးကွက်အချို့ကျန်ရှိနေပြီး ဖျော့တော့သော အနီရောင်အဖြစ် ထင်ကျန်နေပေသည်။
ယခုမတိုင်မီက ၎င်းသည် လူတစ်ဦး၏အသက်ကို နှုတ်ယူခဲ့ပြီးဖြစ်ပုံရပေသည်။
ဤကဲ့သို့သော ဓားမြှောင်လေးတစ်စင်းက...
အဘယ်ကြောင့် မိမိကို ဤမျှအထိ ကြောက်ရွံ့ထိတ်လန့်စေရသနည်း။
သူ၏စိတ်ထဲတွင် ဤအတွေးကိုပင် တွေးတောရန် အချိန်မရလိုက်ဘဲ ထိုဓားမြှောင်မှာ သူ၏မြင်ကွင်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။
‘အခြေအနေ မဟန်တော့ဘူး…’
ချူယန်မှာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သွေးရိပ်ပုံရိပ်ယောင်ကိုယ်ဖော့သိုင်းကို အတင်းအကျပ် အသုံးပြုလိုက်ရချေသည်။
ပြန်လည်တည်ငြိမ်သွားချိန်တွင် သူ၏ရှေ့မှောက်၌ ထိုဓားမြှောင်၏အရိပ်အယောင်ကို မတွေ့ရတော့ပေ။
"ဘယ်ကို ရောက်သွားတာလဲ..."
စိတ်ထဲတွင် သံသယများဖြစ်ပေါ်လာစဉ်မှာပင် သူ၏နောက်ကွယ်မှ သတ္တုချင်း ရိုက်ခက်သံတစ်ချက် ထွက်ပေါ်လာလေသည်။
‘ငါ့နောက်မှာလား…’
ချူယန်က လှည့်ကြည့်လိုက်ရာ ထိုဓားမြှောင်ကို အမှန်တကယ်ပင် မြင်လိုက်ရပေသည်။
ဓားမြှောင်မှာ ကျောက်တိုင်တစ်ခုပေါ်တွင် စိုက်ဝင်နေပြီး တုန်ခါနေဆဲ ဖြစ်ပေသည်။
မိုးမွှားများမှာ ဓားမြှောင်ပေါ်သို့ ကျရောက်လာပြီး ရဲရဲနီသောသွေးများနှင့် ရောနှောကာ မြေပြင်ပေါ်သို့ စီးကျသွားလေသည်။
အသက်ဘေးမှ လွတ်မြောက်သွားရသဖြင့် ဝမ်းသာသွားသောစိတ်မှာ ရုတ်တရက် သံသယအဖြစ်သို့ ပြောင်းလဲသွားရချေသည်။
ဓားမြှောင်က မိမိကိုမထိမှန်ခဲ့ဘဲ အဘယ်ကြောင့် သွေးများတင်ကျန်နေရသနည်း။
သူကမေးခွန်းထုတ်ရန် ပါးစပ်ဟလိုက်သော်လည်း သူ၏အသံမှာ လည်ချောင်းသံမျှသာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအခါမှသာ သူ၏လည်ပင်းတွင် အပေါက်တစ်ခု ဖြစ်ပေါ်နေပြီး လည်ပင်းတစ်ခုလုံးကို ထိုးဖောက်သွားသည်ကို သိရှိလိုက်ရပေသည်။
ချူယန်၏မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားရချေသည်။
သူ၏မျက်ဝန်းများက ထိုဓားမြှောင်ကို စိုက်ကြည့်နေမိပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာမူ ဆည်ကျိုးသွားသကဲ့သို့ လည်ပင်းရှိအပေါက်မှတစ်ဆင့် ပန်းထွက်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မျက်နှာမှာ ခြောက်သွေ့သွားပြီး ခန္ဓာကိုယ်မှာလည်း ကျုံ့ဝင်သွားကာ သွေးတစ်စက်မျှမကျန်သည်အထိ ခမ်းခြောက်သွားသကဲ့သို့ ဖြစ်သွားတော့သည်။