အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) - မင်ယွိ (၁)
"သေ... သေသွားပြီ..."
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူအားလုံးမှာ ချူယွန်ဖေးနှင့် ချူထျန်းတို့ပင် မိမိတို့၏မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေကြချေသည်။
ထိုခဏအတွင်း၌ အမှန်တကယ် မည်သို့ဖြစ်ပျက်သွားခဲ့သနည်း။
သူတို့မြင်လိုက်ရသည်မှာ ချူယန်၏ကိုယ်ဟန်က တဖျတ်ဖျတ် တုန်ခါလျက် တစ္ဆေတစ်ကောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေခြင်း ဖြစ်ပေသည်။
ထို့ပြင် ချူချင်းက လက်လှုပ်ရှားကာ ပျံလွှားဓားမြှောင်ကို ပစ်လွှတ်လိုက်သည်ကိုလည်း မြင်တွေ့လိုက်ရ၏။
ပျံလွှားဓားမြှောင်သည် ချူယန် ယခင်က ရှိနေခဲ့သောနေရာများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး သွေးစက်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေခဲ့သည်။
နောက်ဆုံးတွင်မူ ချူယန်၏လည်ပင်းကို တိုက်ရိုက်ထိုးဖောက်ဖြတ်သန်းသွားခဲ့လေသည်။
ဤအရာအားလုံးကို သူတို့ နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသော်လည်း မယုံကြည်နိုင်ဖြစ်နေကြဆဲပင်။
ဤသည်က အလွန်တရာ ဆန်းကြယ်လွန်းလှပေသည်။
သို့သော် ချူယန်သည် အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
သေဆုံးသွားရုံသာမက သူ၏သေဆုံးပုံမှာ အလွန်ပင် ရင်နင့်ဖွယ်ကောင်းလှချေသည်။
သွေးများမှာ မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာပြီး ချူယန်၏ခြေဖဝါးအောက်တွင် ပျံ့နှံ့သွားခဲ့လေသည်။
သူ၏ ခြောက်ကပ်နေသောအလောင်းကြီးမှာ ထိုသွေးအိုင်ပေါ်တွင် ထိုအတိုင်း လဲလျောင်းနေတော့သည်။
လူတိုင်းသည် သူတို့ မျှော်လင့်မထားခဲ့သော ပျံလွှားဓားမြှောင်ကို တစ်ချက်ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခြောက်ကပ်ကပ်အလောင်းကြီးကိုလည်း တစ်လှည့်ကြည့်လိုက်ကြသည်။
နောက်ဆုံးတွင်မူ အားလုံးက တစ်ညီတစ်ညွတ်တည်း ချူချင်းဆီသို့ လှမ်းကြည့်လိုက်ကြတော့သည်။
ချူချင်းသည် ရှေ့သို့ခြေလှမ်းလှမ်းကာ ကျောက်တိုင်ကြီးအနီးသို့ ရောက်ရှိသွားပြီး မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်ကို ဆွဲနှုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူက ဓားမြှောင်ကို သေချာကြည့်ရှုပြီးနောက် ခေါင်းခါယမ်းလိုက်လေသည်။
ဤပျံလွှားဓားမြှောင်သည် လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ယခုမူ ကျောက်တုံးထဲသို့ပင် စိုက်ဝင်သွားခဲ့သဖြင့် ဆက်လက်အသုံးပြုရန် မသင့်တော်တော့ချေ။
သူက ၎င်းကို ချူယန်၏အလောင်းပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီးနောက် လှည့်ကြည့်ကာ အနည်းငယ်အံ့အားသင့်စွာ ပြောလိုက်သည်။
"အားလုံးက ဘာလို့ ငါ့ကို ကြောင်ကြည့်နေကြတာလဲ..."
ဝူကန်ချီသည် ချူယွန်ဖေးကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ချူယွန်ဖေးက သူ့ကို မည်သည့်အမူအရာမျှ ပြန်မပြသဖြင့် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ညဧကရာဇ်... ဒီည ကူညီပေးခဲ့တဲ့ကျေးဇူးကို ထျန်းဝူမြို့က ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး..."
ချူချင်းက ပြုံးလျက် ပြောလိုက်သည်။
"မြို့တော်ဝန်ကလည်း အားနာစရာကြီးဗျာ..."
"သခင်မလေးဝူက ကျုပ်ရဲ့ဖောက်သည်ဟောင်းပဲလေ... နောက်ပိုင်း တစ်ခုခုလိုတာရှိရင် မြို့တော်ဝန်ဝူလည်း ကျုပ်ကို ငှားလို့ရပါတယ်... ဈေးနှုန်းကိုတော့ ညှိနှိုင်းပေးလို့ ရတာပေါ့..."
ဝူကန်ချီသည် ဤစကားဝိုင်းက တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
မိမိက စိတ်ရင်းအမှန်ဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေခြင်း ဖြစ်သော်လည်း ဤလူက စကားနှစ်ခွန်းတည်းဖြင့် မှောင်ခိုလုပ်ကိုင်ရမည့်ကိစ္စရပ်များဆီသို့ မည်ကဲ့သို့ ဆွဲခေါ်သွားရသနည်း။
သူက ချောင်းနှစ်ချက်မျှဟန့်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ... နောက်ပိုင်း တစ်ယောက်ယောက်ကို သတ်ချင်တာရှိရင် မင်းကိုပဲ အရင်ဆုံးရှာလိုက်မယ်..."
ချူချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့..."
"ဒါဆိုရင်လည်း ဒီလောက်ပါပဲ... ဒီကိစ္စတွေ ပြီးသွားပြီဆိုတော့ အားလုံးလည်း နောက်ပိုင်းမှာ အလုပ်ရှုပ်ကြဦးမယ် ထင်တယ်... ကျုပ်လည်း မနှောင့်ယှက်တော့ပါဘူး…”
“ဒါနဲ့ သခင်မလေးဝူ... ငွေတွေကို အဆင်သင့် ပြင်ထားလိုက်ပါဦး... နောက်ရက်နည်းနည်းကြာရင် ကျုပ်လာယူပါ့မယ်..."
"..."
ဝူချန်းဟွမ်သည် ခေတ္တမျှ စကားမဲ့သွားသော်လည်း ချူချင်း လှည့်ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် လှမ်းအော်လိုက်လေသည်။
"နေဦး... ကျွန်မ ရှင့်ကို ပြောစရာစကားရှိသေးတယ်..."
သို့သော် ချူချင်းမှာမူ အပေါ်သို့ခုန်တက်လိုက်ပြီး လေပေါ်တွင် ခြေလှမ်းလှမ်းလျက် မြို့တော်ဝန်အိမ်တော်ပြင်ပသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဝူချန်းဟွမ်သည် သူ၏ကျောပြင်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သော်လည်း လိုက်မသွားခဲ့ချေ။
ဝူကန်ချီသည် ထိုပျံလွှားဓားမြှောင်ကို ကောက်ယူကာ သေချာစွာကြည့်ရှုလိုက်ပြီး ခေတ္တကြာပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"တကယ်ကို ကြောက်စရာကောင်းတဲ့လူပဲ..."
ချူယွန်ဖေးသည် ယခုအချိန်တွင် ငယ်သားများကို စေခိုင်း၍ သူ၏သားနှစ်ယောက်ကို သယ်ဆောင်သွားစေခဲ့ပြီ ဖြစ်သည်။ ချူဖန်မှာ သတိမေ့မြောနေဆဲ ဖြစ်သော်လည်း အတွင်းဒဏ်ရာ မပြင်းထန်ပေ။
၎င်းနှင့်နှိုင်းယှဉ်ပါက ချူထျန်း၏အတွင်းအား ပြန်လည်ရိုက်ခတ်မှုဒဏ်ရာမှာ ပိုမိုပြင်းထန်ပုံ ရလေသည်။
သို့သော် ဤဒဏ်ရာမှာ ရက်အနည်းငယ်မျှ စိတ်အေးလက်အေး အနားယူလိုက်ရုံဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။
ယခုအခါ ဝူကန်ချီ၏စကားကို ကြားလိုက်ရသဖြင့် သူသည် ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ခန္ဓာကိုယ်အားနည်းနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ရှေ့သို့နှစ်လှမ်းတိုးကာ မေးလိုက်သည်။
"ကြောက်စရာကောင်းတာက အဲဒီပျံလွှားဓားမြှောင် မဟုတ်ဘူးလား..."
"ဒီပျံလွှားဓားမြှောင်က သာမန်မိုးမခရွက်ပုံစံဓားမြှောင်လေးတစ်လက်ပဲ..."
ဝူကန်ချီသည် လက်ထဲမှ ပျံလွှားဓားမြှောင်ကို ချူယွန်ဖေးထံ ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလို သာမန်ဓားတစ်လက်ကို သုံးပြီး ချူယန်လိုလူမျိုးကို သတ်နိုင်တယ်ဆိုတော့... မင်းအထင်ရော ဓားကပဲကြောက်ဖို့ကောင်းတာလား... ဒါမှမဟုတ် လူက ပိုကြောက်စရာကောင်းတာလား..."
မည်သူက ပိုကြောက်ဖွယ်ကောင်းသည်ဖြစ်စေ အရေးမကြီးပေ။
“အဲဒီကောင်လေးက ငါ့သားပဲ။”
ချူယွန်ဖေးသည် စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားနေပြီး စကားပြောရန်ပြင်လိုက်စဉ်မှာပင် ဆက်တိုက်ချောင်းဆိုးလာပြီး နှုတ်ခမ်းထောင့်မှ သွေးများ ပြန်လည်စီးကျလာပြန်သည်။
ဝူကန်ချီမှာ လန့်ဖျပ်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်လေသည်။
"သမားတော် ဘယ်မှာလဲ... အားပါးပါး... မင်းလည်း အသက်ကြီးလှပြီ... ဒဏ်ရာရထားရင်လည်း မြန်မြန်သွားပြီး အနားယူပါလား... ဘာကိစ္စရှိလို့ ဒီမှာ ငါနဲ့အတူ ဓားအကြောင်းလာပြီး သုတေသန လုပ်နေရတာလဲ..."
ယနေ့တိုက်ပွဲကြီးတွင် ထျန်းဝူမြို့တစ်ခုလုံးရှိ လူတိုင်း ဒဏ်ရာရရှိခဲ့ကြသော်လည်း အပြတ်အသတ်အောင်ပွဲရရှိခဲ့ကြပေသည်။
မမျှော်လင့်ထားသည်မှာ ချူယန်ဖြစ်သော်လည်း သူသည် ချူချင်း၏ပျံလွှားဓားမြှောင်အောက်တွင် သေဆုံးသွားခဲ့ရချေပြီ။
ဤနေရာတွင် အနားယူခြင်း၊ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ခြင်းနှင့် တိုက်ပွဲကွင်းပြင်ကိုရှင်းလင်းခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤကိစ္စရပ်များမှာ အလွန်ပင်ရှုပ်ထွေးလှသဖြင့် တစ်ယောက်ယောက်က အလုံးစုံကိုစီမံခန့်ခွဲရန် လိုအပ်ပေသည်။
သို့သော် ဤအရာများမှာ ချူချင်းနှင့်မသက်ဆိုင်တော့ချေ။
သူ့စိတ်ထဲတွင် အစိုးရိမ်ရဆုံးမှာ ချူယွန်ဖေးတို့ သားအဖသုံးယောက်၏အခြေအနေ ဖြစ်သော်လည်း ချူယွန်ဖေးမှာ လှုပ်လှုပ်ရှားရှားရှိနေနိုင်သေးသည်ကို မြင်တွေ့ရသဖြင့် စိတ်အေးသွားရသည်။
ချူဖန်နှင့်ချူထျန်းတို့၏ အခြေအနေမှာ သိပ်မကောင်းလှသော်လည်း... ဝူကန်ချီကဲ့သို့သောလူများ ဘေးတွင်ရှိနေသဖြင့် အန္တရာယ်ကြီးကြီးမားမားရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် မြို့တော်ဝန်အိမ်တော်မှ ထွက်လာပြီးနောက် အိမ်သို့တိုက်ရိုက်ပြန်ရန် ရည်ရွယ်ထားခဲ့သည်။
ကူချန်ချိုးကို သတ်ဖြတ်ပြီးနောက် သူ၏"သတ်ဖြတ်ခြင်းအမိန့်တော်"တာဝန်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
စနစ်ကလည်း သူသတ်မှတ်ထားသော ရတနာသေတ္တာတစ်ခုကို ရွေးချယ်၍ ဖွင့်လှစ်ရန် စောင့်ဆိုင်းနေပေသည်။
သို့သော် သူ ထွက်လာခါစတွင်ပင် မြို့တော်ဝန်အိမ်တော် ပတ်ဝန်းကျင်၌ လူအများအပြား ဝိုင်းရံစောင့်ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။
ဤလူများမှာ ထျန်းဝူမြို့အတွင်းရှိ ကျန်းဟူလောကသားများဖြစ်ကြပြီး အချို့မှာ ကျန်းဟူလောကတွင် လှည့်လည်သွားလာရင်း တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာသူများ ဖြစ်ကာ အချို့မှာမူ အခြားသောအကြောင်းများကြောင့် ထျန်းဝူမြို့တွင် ခေတ္တခဏခိုလှုံနေကြသူများ ဖြစ်ပေသည်။
သို့သော် ယနေ့ည ထျန်းဝူမြို့၏ ကြီးမားလှသောအုံကြွမှုကြီးက နောက်ဆုံးတွင်မူ သူတို့၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ချေပြီ။
ယခုအခါ ဝူကန်ချီနှင့်တကွ လူတိုင်း ဒဏ်ရာရရှိထားကြသည်။
ထိုလူများက အခွင့်ကောင်းယူ၍ တိုက်ခိုက်လာမည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ချေ။
ထို့ကြောင့် ချူချင်းသည် ချက်ချင်းပြန်၍ သေတ္တာဖွင့်လိုသောစိတ်ဆန္ဒကို ထိန်းချုပ်လိုက်ပြီး ဤနေရာတွင် ခေတ္တမျှ ထပ်မံစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ တစ်စုံတစ်ဦးက မဆင်မခြင်လှုပ်ရှားဝံ့ပါက သူသည် ပျံလွှားဓားမြှောင်ကို တိုက်ရိုက်အသုံးပြု၍ သတ်ဖြတ်ပစ်မည် ဖြစ်သည်။
သို့သော် မဆင်မခြင်လှုပ်ရှားသူများကို မတွေ့ရသေးမီမှာပင် တိုက်ခိုက်သံများကို ဦးစွာကြားလိုက်ရလေသည်။
"ထျန်းဝူအစောင့်တပ်က တစ်ခုခုကို ရှာတွေ့လို့ ပဋိပက္ခဖြစ်နေကြတာလား..."
ချူချင်းသည် တွေးတောရင်း ထိုအသံထွက်ပေါ်ရာနေရာသို့ ရောက်ရှိသွားခဲ့သော်လည်း တိုက်ခိုက်နေကြသောနှစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် ဆွံ့အသွားခဲ့ရသည်။
အစိမ်းရောင်ဝတ်မိန်းကလေးတစ်ဦးက အနက်ရောင်ဝတ်မိန်းကလေးတစ်ဦးကို ဖိနှိပ်၍ တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဝမ်ရို..."
ချူချင်းက မျက်တောင်ခတ်လိုက်ရင်း တွေးလိုက်သည်။ ယနေ့ည သူမကိုမတွေ့ရခြင်းမှာ အံ့ဩစရာမရှိတော့ချေ။
သူမသည် မြို့တွင်းရှိ ဆူပူသောင်းကျန်းခြင်းများကို ကာကွယ်ရန် ဤပတ်ဝန်းကျင်တွင် တာဝန်ပေးအပ်ခြင်း ခံထားရပုံရပေသည်။
အနက်ရောင်ဝတ်မိန်းကလေးကို ထပ်မံကြည့်ရှုလိုက်ရာ သူမမှာ သူစိမ်းတစ်ဦးဖြစ်နေသည်။
သူမ၏ရုပ်ရည်မှာ အတော်အတန်လှပပြီး အထူးသဖြင့် သူမ၏မျက်လုံးတစ်စုံမှာ အကြောင်းပြချက်မရှိဘဲ ခေါင်းမာလွန်းလှပုံ ရပေသည်။
ချူချင်းသည် ဤသည်ကိုမြင်သောအခါ ဝင်မဖြေရှင်းတော့ဘဲ လက်ပိုက်လျက် ဘေးမှသာ စောင့်ကြည့်နေလိုက်တော့သည်။
အတိအကျပင် ထိုအချိန်၌ ဝမ်ရိုက လက်နှစ်ဖက်ကိုလှုပ်ရှားကာ အနက်ရောင်ဝတ်မိန်းကလေး၏ ဓားကိုင်ထားသောလက်ကို အခြားလက်တစ်ဖက်နှင့် ပူးကပ်သွားစေပြီး လက်နှစ်ဖက်ဆုံရာကို ဖိညှစ်လျက် နံရံဆီသို့ တွန်းပို့လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
"ဒီနေရာကနေ ထွက်သွားစမ်း..."
ဝမ်ရို၏လေသံမှာ ပုံမှန်အတိုင်းပင် အေးစက်ခြောက်ကပ်နေဆဲ ဖြစ်၏။
အနက်ရောင်ဝတ်မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။
"ငါ သွားချင်ရင်သွားမယ်... နေချင်ရင်နေမယ်... ဘာလို့ နင့်စကားကိုနားထောင်ရမှာလဲ..."
"ဟင်..."
ချူချင်းက မျက်တောင်ခတ်လိုက်ရင်း တွေးလိုက်သည်။
'ဒီအသံက... သူမလား...'
ထိုနေ့က နဂါးခေါင်းတုတ်ကောက်ကော်ကျင့်ချွမ်း၏ ခြံဝင်းအတွင်း၌ တွေ့ဆုံခဲ့သော မျက်နှာဖုံးစွပ်ထားသည့်မိန်းကလေး... သူမ၏နာမည်မှာ...
‘ဟုတ်ပြီ... ရှဝမ်ရွှမ်းပဲ။’
'သူမ မထွက်သွားသေးဘူးလား...'
ချူချင်းက ခေါင်းကုတ်လိုက်ရင်း တွေးလိုက်သည်။
'သူမက ချန်စစ်ဟိုင်သေတဲ့သတင်းကို စောင့်နေတာလား...'
ဤကိစ္စကို ထျန်းဝူမြို့ဘက်မှ အလွန်တင်းကျပ်စွာ ဖုံးကွယ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ယဲ့တောင်ကြားကို ကြိုမသိစေလိုသောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် သူမ မထွက်သွားသေးခြင်းမှာလည်း သဘာဝကျလှပေသည်။
ဝမ်ရိုသည် ဤသည်ကိုမြင်သောအခါ စကားများများမပြောတော့ဘဲ သူမကိုရိုက်နှက်၍ သတိလစ်သွားစေရန် ပြင်လိုက်စဉ် ရုတ်တရက် နှာခေါင်းကိုရှုံ့လိုက်ပြီးနောက် လှည့်ကြည့်ကာ မေးလိုက်သည်။
"ရှင်လား..."
ရှဝမ်ရွှမ်းမှာ ဆွံ့အသွားပြီး ဝမ်ရို၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရင်း မေးလိုက်သည်။
"ဘယ်သူလဲ..."
ချူချင်းသည် ချင်းယဲ့ဓားကိုပိုက်လျက် နံရံပေါ်တွင် ရပ်နေပြီး ဤကိစ္စမှာ အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသဖြင့် ပြောလိုက်သည်။
"ဒီလောက် မိုးသည်းနေတာတောင် မင်းနှာခေါင်းက အနံ့ခံကောင်းနေတုန်းပဲလား..."