← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) - မင်ယွိ (၂)

ဤစကားကို ကြားလိုက်ရသောအခါ ရှဝမ်ရွှမ်းသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး အော်လိုက်လေသည်။

"ရှင်ပဲ..."

ဝမ်ရိုသည် ချူချင်း၏စကားကို ပြန်လည်တုံ့ပြန်ရန် ရည်ရွယ်ထားခဲ့သည်။ သူမ၏စွမ်းရည်မှာ ရာသီဥတုနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

သို့သော် ရှဝမ်ရွှမ်း၏စကားကို ကြားလိုက်ရပြီးနောက် သူမ ပြောမည့်စကားမှာ ပြောင်းလဲသွားခဲ့သည်။

"နင်တို့ သိကြတာလား..."

ပြောပြီးနောက် သူမသည် ရှဝမ်ရွှမ်းကို လွှတ်ပေးလိုက်တော့သည်။

ရှဝမ်ရွှမ်းသည် ချူချင်းကို သံသယစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဝမ်ရိုကိုလည်း တစ်လှည့်ကြည့်လိုက်ကာ နှုတ်ခမ်းကိုက်လျက် ချူချင်းကို မေးလိုက်သည်။

"ရှင် ဘာလို့ ဒီမှာရှိနေတာလဲ..."

ချူချင်းက သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ယခင်ညကကဲ့သို့ပင် ဂရုမစိုက်ဘဲ ထားလိုက်သည်။

သူက ဝမ်ရိုကိုသာ မေးလိုက်သည်။

"မင်းအပြင် တခြားလူတွေ ရှိသေးလား..."

ဝမ်ရိုက ခေါင်းညိတ်ပြလိုက်သည်။

"ရှိတယ်..."

ချူချင်းက ပြောလိုက်သည်။

"ဒါဆို ကျုပ်သွားပြီ..."

ချူချင်းကပြောရင်း ရှဝမ်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ကျုပ်နဲ့ လိုက်ခဲ့..."

ရှဝမ်ရွှမ်းမှာ ဒေါသထွက်သွားရသည်။

အစောပိုင်းက မေးနေသည်ကို ဂရုမစိုက်ဘဲနှင့် ယခုမူ မည်သည့်အတွက်ကြောင့် သူမကိုလိုက်ခဲ့ရန် ပြောရသနည်း။

သူမက ခေါင်းကိုလွှဲလိုက်ပြီး ချူချင်းကဲ့သို့ပင် ဂရုမစိုက်ဟန် ပြုလိုက်သည်။

ချူချင်းက လှည့်ထွက်သွားပြီး ရှဝမ်ရွှမ်းလိုက်မလာသည်ကို တွေ့သောအခါ စကားတစ်ခွန်းပြောလိုက်သည်။

"ကျုပ် ချန်စစ်ဟိုင်ကို ရှာတွေ့ပြီ..."

ရှဝမ်ရွှမ်း၏မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး မေးလိုက်သည်။

"ဘယ်မှာလဲ..."

ချူချင်းက ပြန်မဖြေတော့ဘဲ အပေါ်သို့ခုန်တက်ကာ ဝေးရာသို့ ပြေးထွက်သွားခဲ့သည်။

ရှဝမ်ရွှမ်းက အလျင်အမြန်လိုက်ပါသွားရင်း အော်လိုက်သည်။

"နေဦး... ကျွန်မကို စောင့်ဦး..."

ရှဝမ်ရွှမ်းသည် ချူချင်းနောက်မှ အလျင်အမြန်လိုက်ပါသွားပြီး အဆောက်အအုံတစ်ခု၏အမိုးပေါ်တွင် ရပ်တန့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ရှဝမ်ရွှမ်းက ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ချူချင်း၏ဘေးတွင် ဆင်းသက်ကာ မေးလိုက်သည်။

"ချန်စစ်ဟိုင် ဘယ်မှာလဲ..."

ချူချင်းက သူမကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"သေသွားပြီ..."

ရှဝမ်ရွှမ်းမှာ ဆွံ့အသွားပြီး ချူချင်းက သူမကို လိမ်ညာနေသည်ဟု မသိစိတ်က ခံစားလိုက်ရသည်။

"ဘာ..."

ချန်စစ်ဟိုင်ကဲ့သို့သောလူမျိုးသည် သေဆုံးသွားခဲ့လျှင်ပင် ဤမျှတိတ်တဆိတ် သေဆုံးသွားရန် မဖြစ်နိုင်ပေ။

ထို့ပြင် ချန်စစ်ဟိုင်သေဆုံးသွားခဲ့သည်မှာ ကြာပြီဆိုလျှင် ဤလူက သူမကို အဘယ်ကြောင့် လာမရှာရသနည်း။

သူမသည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း ချူချင်းက သူမကို လာရောက်ရှာဖွေခြင်း မရှိခဲ့ပေ။

ယနေ့ညတွင်လည်း ပြင်ပ၌ ရှုပ်ထွေးနေသည်ကို မြင်တွေ့ရသဖြင့် ချန်စစ်ဟိုင်က ထျန်းဝူမြို့တွင် ဆူပူသောင်းကျန်းနေသည်ဟု ထင်မှတ်ကာ မြို့တော်ဝန်အိမ်တော်ဆီသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ၏ ဒုတိယမြောက်အတွေးမှာ ဤသို့ ဖြစ်ပေသည်။

"သူက မြို့တော်ဝန်အိမ်တော်မှာ သေသွားတာလား... ရှင် မြို့တော်ဝန်အိမ်တော်ကို ရောက်နေတာက သူ့ကိုသတ်ဖို့လား..."

ချူချင်းက သူမကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"မနေ့ညက သူ လျိုအိမ်‌တော်ရဲ့ နောက်ဘက်မှာ သေသွားခဲ့ပြီ... ဒီကိစ္စက သိပ်မကြာခင် ပျံ့သွားလိမ့်မယ်... အဲဒီအချိန်ကျရင် ကျုပ်ပြောတာ မှန်လား၊ မှားလားဆိုတာ မင်းကိုယ်တိုင် သိရလိမ့်မယ်... ကျုပ် မြို့တော်ဝန်အိမ်တော်မှာ ဘာလုပ်နေလဲဆိုတာကတော့ မင်းနဲ့ မဆိုင်ဘူး..."

ရှဝမ်ရွှမ်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။

"ကောင်းပြီ..."

"ဒါပေမဲ့ ကျွန်မလည်း ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောထားမယ်... ရှင် မြို့တော်ဝန်အိမ်တော်မှာ ဘာလုပ်နေလဲဆိုတာကို ကျွန်မ လုံးဝစိတ်မဝင်စားဘူး…”

“ဒီလူ သေသွားတာ သေချာပြီဆိုရင်တော့ ကျွန်မ ရှင့်ကို ကတိပေးထားတဲ့ကိစ္စကို နောင်တရမှာ မဟုတ်ဘူး... အဲဒီအချိန်ကျရင် ကျွန်မ ဆွေ့ယွန်းတည်းခိုခန်းမှာ ရှင့်ကို စောင့်နေမယ်..."

ချူချင်းသည် ရှဝမ်ရွှမ်းကို ပြုံးစိစိဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် လက်လှမ်းကာ သူမ၏မေးစေ့ကို ဆွဲကိုင်၍ အနည်းငယ် မော့စေလိုက်သည်။

ရှဝမ်ရွှမ်း၏မျက်နှာမှာ နီရဲသွားပြီး နှုတ်ခမ်းကိုကိုက်လျက် ပြောလိုက်သည်။

"အခုတော့ မဖြစ်ဘူး... ပြီးတော့... ဒီနေရာမှာတော့ မဖြစ်နိုင်ဘူး..."

မိုးသည်းထန်စွာ ရွာသွန်းနေသော ညဉ့်နက်သန်းခေါင်ယံတွင် ဤလူ၌ အရှက်မရှိသည်လော။

ချူချင်းက သူမကို နှစ်စက္ကန့်မျှစိုက်ကြည့်ပြီးနောက် လက်ကိုလွှတ်လိုက်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆို မင်း အဲဒီမှာပဲ ကျုပ်ကို စောင့်နေလိုက်..."

ပြောပြီးနောက် သူသည်လှည့်၍ ခြေတစ်ချက်ဆောင့်ကာ မိုးရွာသွန်းနေသော ညဉ့်နက်ပိုင်းအတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

ရှဝမ်ရွှမ်းသည် သူ ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်လျက် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ယှက်သန်းနေခဲ့သည်။

သူမသည် ဤလူကို ယုံကြည်သင့်၊ မယုံကြည်သင့် မသိတော့‌ပေ။

သို့သော် ချန်စစ်ဟိုင် အမှန်တကယ် သေဆုံးသွားခဲ့ပါက သူပြောသကဲ့သို့ပင် ဤကိစ္စကို ဖုံးကွယ်မရနိုင်ဘဲ မကြာမီ ပျံ့နှံ့သွားပေလိမ့်မည်။

ရှဝမ်ရွှမ်းသည် ချူချင်း ထွက်ခွာသွားသောဘက်သို့ နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဤမိုးရွာသော ညဉ့်နက်ပိုင်းတွင် ဆက်လှည့်ပတ်မနေတော့ဘဲ သူမ ပုန်းအောင်းရာနေရာသို့ ပြန်သွားခဲ့တော့သည်။

...

...

အခန်းတွင်း၌ ချူချင်းသည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။

စနစ်၏မျက်နှာပြင်မှာ သူ၏မျက်စိရှေ့တွင် ရှိနေပေသည်။

[အောက်ပါ ရတနာသေတ္တာများထဲမှ ဖွင့်လှစ်ရန် တစ်ခုကို ရွေးချယ်ပါ]

[လက်သီးသိုင်းရတနာသေတ္တာ၊ လက်ညှိုးသိုင်းရတနာသေတ္တာ,လက်ဝါးသိုင်းရတနာသေတ္တာ၊ ခြေသိုင်းရတနာသေတ္တာ၊ ဓားသိုင်းရတနာသေတ္တာ၊ အသံလှိုင်းသိုင်းရတနာသေတ္တာ၊ အတွင်းအားကျင့်စဉ်ရတနာသေတ္တာ]

ချူချင်းက ရေရွတ်လိုက်သည်။

"ဝူကွေ့လော်ချာ၊ ဝူတာ,ဝူချင်းရှန်း၊ ဟူရှို့ဖန်း၊ ဖန်းဝန်ရှို့၊ လီယွိလုံ... ပြီးတော့... ကူချန်ချိုး..."

သူသည် ယခုတစ်ကြိမ် ရရှိခဲ့သော အကျိုးအမြတ်များအပေါ် သိပ်မကျေနပ်လှပေ။

သို့သော် နောက်ဆုံးဖြစ်သော "အတွင်းအားကျင့်စဉ်ရတနာသေတ္တာ" ကို မြင်လိုက်ရသောအခါ သူသည် သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။

အခြားသေတ္တာများကို ကြည့်ရှုလိုက်ရာတွင်လည်း စိတ်ထဲ၌ အနည်းငယ် လိုချင်တပ်မက်စိတ် ဖြစ်ပေါ်နေဆဲပင်။

လက်သီးသိုင်း၊ လက်ညှိုးသိုင်း၊ လက်ဝါးသိုင်းနှင့် ခြေသိုင်းများကိုလည်း သူ ရယူလိုနေသည်။

ချူချင်းက တွေးတောလိုက်သည်။

'အသံလှိုင်းသိုင်းရတနာသေတ္တာထဲကနေ ဘာတွေ ထွက်လာနိုင်မလဲ...'

သူသည် စိတ်ထဲတွင် အသံလှိုင်းသိုင်းအချို့ကို စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင်မူ အတွင်းအားကျင့်စဉ်ရတနာသေတ္တာကိုသာ ကြည့်လိုက်တော့သည်။

သူက ရွေးချယ်လိုက်သည်။

"အတွင်းအားကျင့်စဉ်ရတနာသေတ္တာကို ရွေးချယ်မယ်..."

အတွင်းအားသည် သိုင်းပညာ၏အခြေခံအုတ်မြစ် ဖြစ်ပြီး သိုင်းပညာရပ်များ မည်မျှအခြေအနေအထိ စွမ်းအားကြီးမားနိုင်သည်မှာ အတွင်းအားအပေါ်တွင်သာ အဓိကမူတည်နေပေသည်။

သူ့တွင် သတ္တမမြောက်အဆင့်ရှိသော ဇီရှားရော့ရွှီကျမ်း ရှိနေသဖြင့် ချင်းရွှီလက်ဝါးသိုင်းကိုဖြစ်စေ၊ ဓားသိုင်းကိုဖြစ်စေ အသုံးပြုရာတွင် ယခင်ကထက် စွမ်းအားပိုမိုကြီးမားလာခဲ့ပြီ ဖြစ်သည်။

ယခုအခါ အတွင်းအားကိုရွေးချယ်ခြင်းမှာ သူ၏စွမ်းအားကို အမြန်ဆုံး တိုးတက်စေမည့်နည်းလမ်း ဖြစ်ပေသည်။

သူ့ကို အနည်းငယ် စိုးရိမ်ပူပန်စေသည့် တစ်ခုတည်းသောအချက်မှာ မတူညီသော အတွင်းအားများကြောင့် ခန္ဓာကိုယ်အတွင်း၌ ဆန့်ကျင်ဘက်စွမ်းအားများ ဖြစ်ပေါ်လာပြီး အချင်းချင်း တိုက်ခိုက်ကြမည်ကို ဖြစ်သည်။

ထိုအချိန်ကျလျှင် ၎င်းတို့ကို ပြန်လည်ပေါင်းစပ်ရန် လိုအပ်ပေလိမ့်မည်။

သို့သော် စနစ်၏အကူအညီ ရှိနေသဖြင့် ဤပြဿနာမှာ ကြီးမားလိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။

[အတွင်းအားကျင့်စဉ်ရတနာသေတ္တာကို ချက်ချင်းဖွင့်လှစ်မလား]

သတိပေးချက်အသစ်က သူ၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ ချူချင်းသည် ဆုံးဖြတ်ချက်ချပြီးဖြစ်သဖြင့် တုံ့ဆိုင်းမနေတော့ပေ။

သူက ရွေးချယ်လိုက်သည်။

"ဖွင့်မယ်..."

[ရတနာသေတ္တာကို အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ... ရရှိသော အတွင်းအားကျင့်စဉ်မှာ မင်ယွိကျင့်စဉ် ဖြစ်ပါသည်]

ချူချင်း၏မျက်ဝန်းများထဲတွင် အံ့အားသင့်ရိပ်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

ထို့နောက် ချက်ချင်းပင် ရေခဲကဲ့သို့အေးစိမ့်ပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အတွင်းအားတစ်ခုမှာ ဒန်တျန်မှ စတင်ထွက်ပေါ်လာပြီး သူ၏ ဦးနှောက်ထဲတွင်လည်း ကျင့်စဉ်၏လျှို့ဝှက်ချက်များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တော့သည်။

ဤအတွင်းအား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခဏချင်းအတွင်း၌ ဝဲကရက်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ချူချင်း၏ဇီရှားရော့ရွှီကျမ်းမှာ ၎င်းနှင့် မတိုက်ခိုက်ရသေးမီမှာပင် ထိုဝဲကရက်အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရချေပြီ။

သို့သော် ထိုသို့ဖြစ်လင့်ကစား ထိုနှစ်ခုမှာ ပေါင်းစပ်ရန် ခက်ခဲနေဆဲပင်။

တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေပြီး အချင်းချင်း တိုက်ခိုက်နေကြသကဲ့သို့ ရှိနေသည်။

ထို့ပြင် ဤအတွင်းအားမှာ အဆက်မပြတ် စီးဆင်းနေပြီး အလွန်တရာ အားကောင်းလှသဖြင့် ဇီရှားရော့ရွှီကျမ်းထက် မနိမ့်ကျရုံသာမက ကျော်လွန်သွားမည့် အလားအလာပင် ရှိနေပေသည်။

ချူချင်းသည် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို အာရုံခံကြည့်ရှုနေကာ ဤအတွင်းအားများ တိုက်ခိုက်နေမှုကို အသေးစိတ် စောင့်ကြည့်နေခဲ့သည်။

သူသည် ပြောင်းလဲမှုအလိုက် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီး ၎င်းတို့၏ အခြေအနေအလိုက် ပေါင်းစပ်ရန် ကြိုးပမ်းနေခဲ့သည်။

သူသည် ဤအရာ၌ စိတ်ဝိညာဉ်တစ်ခုလုံး နစ်မြုပ်နေသဖြင့် စနစ်မှ ပေးပို့သော သတိပေးချက်ကို မမြင်တွေ့လိုက်ရပေ။

[မင်ယွိကျင့်စဉ်နှင့် ဇီရှားရော့ရွှီကျမ်းတို့မှာ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် အတွင်းအားပေါင်းစပ်ခြင်းကို စတင်ပါသည်]

အမှန်တကယ်တွင်မူ ချူချင်းသည် စတင်ကြိုးပမ်းနေခဲ့ပြီ ဖြစ်သည်။

ဇီရှားရော့ရွှီကျမ်းမှာ စွမ်းအားကြီးမားလှသော်လည်း အတွင်းအားသက်သက်ဖြင့် နှိုင်းယှဉ်ပါက မင်ယွိကျင့်စဉ်ထက် သာလွန်ခြင်း မရှိပေ။

သူသည် ဤအစွမ်းထက် ကျင့်စဉ်နှစ်ခု၏ ထူးခြားချက်များကို ယူဆောင်၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် ကြိုးပမ်းလိုက်သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ တစ်မောင်းခွဲခန့် ကြာမြင့်ခဲ့ပြီးနောက် အသစ်စက်စက် အတွင်းအားကျင့်စဉ် လျှို့ဝှက်ချက်တစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

ချူချင်းသည် တင်ပျဉ်ခွေလျက် ထိုင်နေပြီး မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားကာ ကျင့်စဉ်ကို ကျင့်ကြံနေစဉ်အတွင်း သူ၏ခန္ဓာကိုယ်ထဲ၌ ကြီးမားလှသော ဝဲကရက်တစ်ခု ရှိနေသကဲ့သို့ ခံစားနေရသည်။

ပတ်ဝန်းကျင်ရှိ ကုတင်လိုက်ကာများမှာ ဒြပ်မဲ့စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသကဲ့သို့ ရှိနေပြီး အခန်းတွင်းရှိ ဖယောင်းတိုင်မီးတောက်များမှာလည်း သူ့ထံသို့ ဦးတည်လျက် တဖျပ်ဖျပ် လှုပ်ခါနေတော့သည်။

သို့သော် ချူချင်း၏ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်၏ လှုပ်ရှားမှုများမှာလည်း ပိုမိုငြိမ်သက်သွားခဲ့သည်။

ဤသို့ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် အတွင်းအားများမှာ တစ်ပတ်ပြီးတစ်ပတ် လည်ပတ်လာပြီး ခန္ဓာကိုယ်အတွင်းမှ တဂျိဂျိမြည်သံများ ထွက်ပေါ်လာကာ အရေးကြီးသော သွေးကြောဆုံမှတ်များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားခဲ့တော့သည်။

နောက်ဆုံးတွင်မူ အရှေ့ဘက်ကောင်းကင်ယံ၌ အလင်းရောင်ဖျော့ဖျော့ ပေါ်လာချိန်တွင် ချူချင်းသည် မျက်လုံးများကို ဖွင့်လိုက်တော့သည်။

သူ၏မျက်ဝန်းများထဲတွင် ခရမ်းရောင်အလင်းတန်းများ မရှိတော့ဘဲ ကျောက်စိမ်းကဲ့သို့ နူးညံ့ကြည်လင်သော အရောင်အသွေးသာ ရှိနေတော့သည်။

သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အေးစိမ့်သော အငွေ့အသက်များ ရှိနေပြီး ချူချင်း၏အသက်ရှူသံနှင့်အတူ ထိုအငွေ့အသက်များမှာ ပျောက်ကွယ်သွားခဲ့လေသည်။

သူသည် လက်နှစ်ဖက်ကို ဖြန့်ကြည့်လိုက်ရာ ယခင်က လေဒဏ်မိုးဒဏ်ကြောင့် ကြမ်းတမ်းနေခဲ့သော လက်ဖဝါးများမှာ ယခုအခါ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး ဖြူဖွေးနုနယ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ပါးပြင်ကို ထိတွေ့ကြည့်လိုက်ရာတွင်လည်း အရေပြားမှာ အလွန်ပင် နူးညံ့ချောမွေ့နေသည်ကို ခံစားလိုက်ရသည်။

ချူချင်းက တွေးတောလိုက်သည်။

'ဒါက ဘာလဲ... တစ်ကိုယ်လုံးကို အလှပြင်လိုက်တာလား... မဟုတ်သေးဘူး... တစ်ကိုယ်လုံးကို ပြုပြင်လိုက်တာပဲ ဖြစ်ရမယ်…”

“ငါလို ကြမ်းကြမ်းတမ်းတမ်းကြီးကိုတောင် အစ်ကိုကြီးချူထျန်းလို ကျောက်စိမ်းလိုနူးညံ့တဲ့ သခင်လေးတစ်ယောက် ဖြစ်လာတော့မှာလား…’

All Chapters