ဦးလေးလီ ပေးတာ
Vol. 13 Ch. 1214
ဗဟိုဧကရာဇ်နိုင်ငံ တရားဝင်တည်ထောင်ပြီးသွားလေပြီ။
ယခုမှစ၍ ထာဝရအင်မော်တယ်နယ်မြေများ၌ အာဏာစက်သုံးစက် တည်ရှိသည်ဆိုသည်ကား အတည်တကျဖြစ်သွားလေသည်။
အကြောင်းကိစ္စများသည် သူတို့ပထမဆုံး ရည်ရွယ်ခဲ့သည့်အတိုင်း ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။ ဗဟိုဧကရာဇ်နိုင်ငံတော်သည် ကစားပွဲအတွင်းသို့ နောက်ကျမှ ရောက်ရှိလာသော်လည်း ရောက်လာခဲ့သေးသည်။
ပိုင်ရှောင်ချန်းမှာ ဗဟိုဧကရာဇ်ဖြစ်လာ၍ ယခုတွင် လူတကာကို ဆရာလိုက်လုပ်နိုင်တော့မည်ဖြစ်၍ အလွန်ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့သည်။ အမှန်ပင် သူက အမိန့်များထုတ်ပြန်ရန် အခွင့်အာဏာ ရှိသော်လည်း နိုင်ငံကိုအုပ်ချုပ်ရာနှင့်ပတ်သက်လျှင် မဟာကောင်းကင်သခင်က သူ့ထက်များစွာပို၍ ကျွမ်းကျင်ကြောင်း သူ အလျင်အမြန်တွေ့ရှိလာ၏။
ထိုမျှသာမက သူ လူရှေ့သူရှေ့ထွက်တိုင်း အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ လူတိုင်း မည်မျှအလုပ်ရှုပ်နေကြသည်ကို စဥ်းစား၍ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးသက်ပြင်းချပြီး သူ့အတွက် အကောင်းဆုံးအရာက နိုင်ငံ၏ရင်ထဲကခေါင်းဆောင် ဖြစ်နေရန်သာ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေသည်။
ထို့ပြင် အချုပ်အခြာအာဏာကို သူ သိပ်ဂရုမစိုက်ပေ။ မြေရိုင်းဒေသတွင် မဟာကောင်းကင်သခင်က အလွန်တူညီသောရုပ်သေးရုပ်ဘုရင်ကို တစ်ခါက ကစားခဲ့ဖူးသည်ကိုပင် သူ ဂရုမစိုက်ချေ။ သူ၏ကျင့်ကြံခြင်းအခြေခံ လုံလုံလောက်လောက် မြင့်မားနေသရွေ့ မည်သူမှ သူဖြစ်ချင်သည့်အရာကို လုယူနိုင်မည် မဟုတ်ပေ။
ယခုတွင် ဗဟိုဧကရာဇ်နိုင်ငံကို ထာဝရနယ်မြေများတွင် တရားဝင်တည်ထောင်ခဲ့ပြီးသည်ဖြစ်၍ တစတစပိုမိုများပြားသော ကောင်းကင်တံတားဒေသကျင့်ကြံသူများ လာရောက်ပူးပေါင်းကြလေသည်။ မကြာခင် သူတို့အချိန်အတော်ကြာသည်အထိ မခံစားရသော ငြိမ်းချမ်းမှုကား သူတို့အပေါ် ဆင်းသက်လာတော့သည်။ အခြေအနေများတိုးတက်လာစဥ် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့၏ ဗိုက်များ ပူသည်ထက် ပူလာကြလေ၏။
မဟာကောင်းကင်သခင်၊ လီချင်းဟောက်နှင့် အခြားဝါရင့်ဂိုဏ်းဝင်များမှာ ပိုင်ရှောင်ချန်းထက်ပို၍ ထိုအရေးကိစ္စများအား စိတ်ပူပြီး အမျိုးသမီးနှစ်ယောက် ဘေးကင်းစေရန် ရင်းမြစ်များစွာ ပေးအပ်မြှုပ်နှံထားကြလေသည်။
သူတို့၏ နေအိမ်များမှာ တင်းတင်းကြပ်ကြပ်စောင့်ကြပ်ခံထားရပြီး မည်သည့်မတော်တဆမှုမှ မဖြစ်ပွားစေရန် မရေမတွက်နိုင်သော ကြိုတင်ကာကွယ်မှုပေါင်းများစွာ လိုက်နာကြရလေသည်။ ပိုင်ရှောင်ချန်းမှာမူ ပျင်းလည်းမပျင်းရတော့သည့်အပြင် အားလည်း အားယားမနေတော့ပေ။ သူက စုန့်ကျင်းဝမ်နှင့်ကျိုးကျစ်မိုတို့ကို ဖေးမကူညီရင်း၊ အချိန်အတော်ကြာကင်းမဲ့နေခဲ့သော နွေးထွေးကြင်နာမှုများကို ခံစား၍ နေ့စဥ်နေ့တိုင်း အချိန်ဖြုန်းနေလေသည်။
တစ်ခုတည်းသော အနေရခက်ရသည့်အရာမှာ တာအိုလက်တွဲဖော်များစွာရှိရခြင်းက အမှန်တကယ် အတော်လေးခေါင်းကိုက်စရာကောင်းလေသည်။ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့နှစ်ယောက်လုံးသည် အလွန်မာနကြီးပြီး စိတ်ဆတ်ကြ၏။ ထို့ပြင် သူတို့မှာ ပုံမှန်ထက်ပိုပြီး စိတ်ခံစားလွယ်ကြလေသည်။ ရံဖန်ရံခါ တစ်ယောက်နှင့်တစ်ယောက်ကြည့်သည့် မျက်စောင်းများက ရန်ပွဲသို့ ဦးတည်လုနီးပါး ဖြစ်သွားတတ်ရာ ပိုင်ရှောင်ချန်းအား အလွန်လန့်ဖျပ်ပြီး စိုးရိမ်သွားစေတော့သည်။
ဟိုရှောင်မေ့က ထိုအရာအားလုံးကို မြင်သောအခါ ယခင်ထက်ပင်ပို၍ စိတ်ဆိုးသွားလေသည်။ ထိုအခြေအနေအကြောင်းတွေးလေလေ လက်သင့်မခံနိုင်လေလေ ဖြစ်လာသည့်နောက်ဆုံး လီချင်းဟောက်ထံ အကူအညီသွားတောင်းတော့သည်။
လီချင်းဟောက်က ပိုင်ရှောင်ချန်းအတွက် အဖေတစ်ယောက်သဖွယ်ဖြစ်လေရာ ဗဟိုဧကရာဇ်နိုင်ငံအတွင်း အလွန်ပြိုင်ဘက်ကင်းသောနေရာတွင် ရှိ၏။ ပိုင်ရှောင်ချန်း၏ တာအိုလက်တွဲဖော်များအားလုံး သူ့ကို အမှန်တကယ် လေးစားကြလေသည်။
စုန့်ကျင်းဝမ်က သူ့ထံနေ့စဥ်နေတိုင်း အလာ်အပတ်မလာတတ်သော်လည်း ရက်အနည်းငယ်ကြာတိုင်း သူနှင့်အတူ ညစာစားတတ်သည်။ ခေါင်းမာပြီးကတ်သီးကတ်ဖဲ့နိုင်သော ကျိုးကျစ်မိုပင် အချိန်ယူ၍ သူ့ကို သွားတွေ့သည်။
သို့သော် ချွေးမသုံးယောက်အကြားတွင် လီချင်းဟောက်သည် ဟိုရှောင်မေ့ကို အချစ်ဆုံးဖြစ်၏။ ဟိုရှောင်မေ့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုန်းက မွေးရနံ့တိမ်တောင်၏ တောင်ထိပ်သခင်အဖြစ် သူ၏အုပ်ချုပ်မှုအောက်တွင် စတင်ခဲ့သည်မဟုတ်ပါလော။ လီချင်းဟောက်မှာ အထူးသဖြင့် ပိုင်ရှောင်ချန်းနှင့် ဟိုရှောင်မေ့ အတူတကွကြီးပြင်းလာခဲ့သည်ကို စောင့်ကြည့်ခဲ့ရသည်။
ဟိုရှောင်မေ့၏ မကျေနပ်ချက်များကို ကြားပြီးနောက် လီချင်းဟောက်က စဥ်းစားပြီး သက်ပြင်းချလိုက်သည်။ သူသည် အနည်းငယ် စုံစမ်းစစ်ဆေးပြီးနောက် မကြာခင် ပိုင်ရှောင်ချန်းမှာ သူ၏ကာမအားတိုးဆေးများကြောင့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ဖြင့် အတူတကွအဆုံးသတ်သွားခဲ့ရကြောင်း သိလိုက်ရလေသည်။
တစ်နေ့သ၌ ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်နှင့်ကျိုးကျစ်မိုတို့ဖြင့် ယခုလေးတင် အချိန်အနည်းငယ်သွားရောက်ကုန်ဆုံးပြီးနောက် သူ၏မဟာခန်းမဆောင်ကို ပြန်လာပြီး ထိုင်နေဆဲ လီချင်းဟောက်ရောက်ချလာ၏။
" ဦးလေးလီ "
သူက ချက်ချင်း ထရပ်ပြီး လီချင်းဟောက်ထံ အပြေးအလွှားသွား၍ ပြောလိုက်သည်။ ယခု သူက ဗဟိုဧကရာဇ်ဖြစ်စေကာမူ အရေးမကြီး၊ လီချင်းဟောက်က သူ့အတွက် အမြဲအဖေတစ်ယောက်သဖွယ်သာ ဖြစ်သည်။
လီချင်းဟောက်မှာ ပိုင်ရှောင်ချန်း ယခုလို ဖြစ်လာသည့်အပေါ် အလွန်ကျေနပ်နေလေသည်။ သူသည် ဟူတောင်ထိပ်တွင် တွေ့ခဲ့သည့် အမွှေးတိုင်မီးညှိနေသော ကောင်ကလေးကို မကြာခဏ တွေးမိသည်။ တစ်လှမ်းပြီးတစ်လှမ်း သူသည် ဤနေရာအထိ ရောက်ရှိခဲ့ပြီး လီချင်းဟောက်မှာ ဂုဏ်မယူဘဲမနေနိုင်တော့ပေ။
သူတို့နှစ်ယောက်သား ထိုင်ကာ အတိတ်အကြောင်း ပြန်ပြောင်းပြောကြပြီး လီချင်းဟောက်က ရံဖန်ရံခါ အကြံဉာဏ်များပေးလေသည်။ သူ မည်သည့်အရာပြောသည်ဖြစ်ပါစေ ပိုင်ရှောင်ချန်းက ခေါင်းညိတ်လက်ခံ၏။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာပြီးနောက် လီချင်းဟောက်က ချောင်းဟန့်လိုက်သည်။
" ဒါနဲ့ ရှောင်ချန်းရေ ... မင်းမှာ ကာမအားတိုးဆေးထပ်ရှိသေးလား "
" ဟမ် "
ပိုင်ရှောင်ချန်း၏နှုတ်မှ လွှတ်ခနဲထွက်သွား၏။ သူ၏ဦးလေးလီက အရေးကြီးသောအကြောင်းတစ်ခုခုကြောင့် ဤနေရာလာရောက်ခဲ့သည်ဟု ယူဆခဲ့ပြီး ဤအကြောင်းဖြစ်နေလေသည်။ ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် ပေါင်ကို ဖြန်းခနဲချလိုက်သည်။
" ဦးလေးလီ တစ်ယောက်ယောက်ကို ကြိုက်နေပြီမလား။ ဘယ်သူတုန်း"
ဤအချိန်တွင် အမှန်တကယ်ပင် သူ အလွန်သိချင်နေသည်။ အမှန်တွင် လီချင်းဟောက်သည် ဖက်တီးကြီးကျန်း၏ဆရာ ရွှီမေ့ရှန်းကို အမြဲချစ်မြတ်နိုးခဲ့သည်။ ကံဆိုးစွာပင် ရွှီမေ့ရှန်းမှာ ပျောက်ဆုံးနေခဲ့ပြီး ကောင်းကင်တံတားဒေသသားအများစု ယခု အတူတကွပြန်လည်စုဝေးကြပြီးနောက်မှာပင် မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။
လီချင်းဟောက်က ရှက်ရှက်နှင့် မျက်စောင်းထိုးရင်း ပြောသည်။
" လျှောက်ပြောနေစရာအကြောင်းမရှိဘူး။ မင်းမှာရှိရင် ငါတစ်လုံးပဲယူမယ်"
" တခြားတစ်ယောက်သာ ကျွန်တော့်ကို တောင်းရင် ကျွန်တော် ကုန်သွားပြီလို့ပြောမှာ။ ဒါပေမဲ့ ဦးလေးဖြစ်နေတော့ ရော့ဗျာ "
ပိုင်ရှောင်ချန်းမှာ ဦးလေးလီ ငယ်သွေးကြွနေပုံကြောင့် မပြုံးမိဘဲ မနေတော့ပေ။ အမှန်တွင် သူ့မှာ ကာမအားတိုးဆေး များများစားစား မကျန်တော့ပေ။ ထိုမျှသာမက စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုတို့နှင့် ဖြစ်ပွားခဲ့သောအရာကြောင့် ကာမအားတိုးဆေးနှင့်ပတ်သက်လာပါက အလွန်သတိထား၏။ သူက ပုလင်းတစ်လုံးထုတ်၍ လီချင်းဟောက်ကို လှမ်းပေးလိုက်သည်။
သိနေသည်ဆိုသော ရယ်သံကြီးဖြင့် ရယ်ရင်း ပိုင်ရှောင်ချန်းက လီချင်းဟောက်ကို ကြည့်ကာ ပြောသည်။
" ဦးလေးလီ ဦးလေးအသက်ကြီးနေပြီနော် ကျန်းမာရေးကို ဂရုစိုက်ဦး။ အဲဒါတွေက ... ထားပါ လိုတာထက် ပိုမသောက်နဲ့နော် ဟုတ်ပြီလား။ အဲဒီပုလင်းမှာ ရှစ်လုံးရှိ... "
" ပိတ်ထားစမ်း "
လီချင်းဟောက်က ဆေးပုလင်းကို ဆွဲယူ၍ အေးတိအေးစက်ပြောသည်။
" သိပါပြီ သိပါပြီ ဦလေးက ရှက်နေလို့ တကယ်အားကောင်းတာ တစ်ခုခုလိုနေတာကိုး။ ဟားဟားဟား ကျွန်တော် နားလည်ပါတယ်"
ပိုင်ရှောင်ချန်းမှာ အမှန်တကယ်ပင် အခြေအနေတစ်ရပ်လုံးအား သဘောကျနေပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
" ဒါပေမဲ့ ဦလေး တစ်ယောက်ယောက်ကို ကြိုက်နေခဲ့ရင် ဦးလေးလီရာ အဲဒီလိုဆေးသုံးစရာမလိုပါဘူးဗျ။ ဘယ်လိုပိုးရမလဲပဲ စဥ်းစားရမှာ။ ကျွန်တော် သင်ပေးမယ်လေ "
သူက ရင်ဘတ်ကို ပုတ်၍ ပြောသည်။
" ကျွန်တော့်ကိုယုံ။ ကျွန်တော် ကြွားနေတာမဟုတ်...."
ဤအချိန်တွင် လီချင်းဟောက်မှာ သည်းမခံနိုင်တော့ပေ။ ပိုင်ရှောင်ချန်းကို မျက်စောင်းထိုး၍ သူက လှည့်ထွက်သွား၏။
ပိုင်ရှောင်ချန်းက မခိုးမခန့်ရယ်ရင်း အော်လိုက်သည်။
" မမေ့နဲ့နော် ဦးလေးလီ အဲဒီဆေးကို တကယ်မစားနဲ့။ အမှုန့်လောက်တင်ကို အဆင်ပြေတယ်။ လိုတာထက် ပိုမသုံးနဲ့ "
တံခါးမှ ထွက်မသွားခင် လီချင်းဟောက်က ရပ်ပြီး ခေါင်းလှည့်ကာ ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။
" အမှုန့်နည်းနည်းပဲနော် "
ပိုင်ရှောင်ချန်းက ထပ်ပြောသည်။
" သိတယ်မလား "
ထိုအချိန်တွင် သူက အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။ မပြန်ခင်က လီချင်းဟောက်၏ မျက်လုံးများတွင် ဇာတ်လမ်းထပ်ရှိကြောင်း ညွှန်ပြနေပုံပေါ်သော အရာတစ်ခုရှိနေခဲ့၏။
သို့သော်ငြား ထိုသည်က မည်သည့်အရာဖြစ်လောက်ကြောင်း သူ မတွေးတတ်ပေ။
" ဦးလေးလီက နည်းနည်းလေးရှက်နေတဲ့ လူကောင်းတစ်ယောက်ပါ။ ဒါပါပဲ"
လီချင်းဟောက် ကာမအားတိုးဆေးသုံးသည့်အခါ မည်သည်နှင့်တူလောက်မည်ကို စဥ်းစား၍ ပိုင်ရှောင်ချန်းက သီချင်းလေး တညည်းညည်းနှင့် သူ၏ပလ္လင်ထံ ပြန်သွားလိုက်သည်။
ထိုညနေခင်း ...
ဟိုရှောင်မေ့က အသက်ရှူသံအား ပုံမှန်ဖြစ်အောင်ထိန်းရင်း အင်ပါယာနန်းတော်ကိုဖြတ်၍ ခပ်သုတ်သုတ်လမ်းလျှောက်လာလေသည်။ သူမက လက်တစ်ဖက်စီတွင် ကာမအားတိုးဆေးနှစ်လုံး ဆုပ်ကိုင်ထားပြီး လီချင်းဟောက်က သူမအား ပြောခဲ့သည့်အရာကို သူမကိုယ်သူမ အဆက်မပြတ် သတိပေးနေ၏။
" ငါ ဒါတွေကို ချေပစ်ရမယ်။ ငါ ဒါတွေကို ချေပစ်ရမယ်... "
နောက်ဆုံး၌ ပိုင်ရှောင်ချန်း၏ သီးသန့်အခန်းထံ ရောက်သွားသည်။ ဟိုရှောင်မေ့က စိတ်ကိုထိန်းချုပ်ရန် အချိန်တခဏယူရင်း ခေါင်းမော့လိုက်ရာ မျက်နှာပေါ်တွင် ပွင့်သစ်စပန်းကလေးတစ်ပွင့်ပမာ လှပသွားစေသော အပြုံးလေးတစ်စ တွဲခိုနေသည်။
" အစ်ကိုကြီးရှောင်ချန်း အထဲမှာရှိလား "
ပိုင်ရှောင်ချန်းမှာ တရားထိုင်နေ၏။ ဟိုရှောင်မေ့၏အသံကို သူကြားသောအခါ အခန်းတံခါးကို အလျင်အမြန်ဖွင့်လိုက်ပြီး လရောင်ခြည်အောက်တွင် ရပ်နေသော ဟိုရှောင်မေ့ကို မြင်လိုက်ရလေသည်။
သူက ဟိုရှောင်မေ့ကို တွေ့ရသဖြင့် အံ့သြသွား၏။ ဤသည်မှာ ပြန်ရောက်လာပြီးနောက်ပိုင်း ဟိုရှောင်မေ့က သူ့ထံအလည်လာသည့် ပထမဆုံးအကြိမ်ဖြစ်သည် မဟုတ်ပါလော။
" ရှောင်မေ့ ညီမလေး ... "
သူ စကားပင်မဆုံးခင် သူမက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် သီးသန့်အခန်းထဲဝင်လာ၏။ ထို့နောက် လက်သီးဆုပ်လိုက်လေသည်။
ဖောက်ခနဲပေါက်ကွဲသံနှစ်သံ အခန်းအတွင်း ထွက်ပေါ်သွား၏။
" အဲဒါ ဘာအသံကြီးတုန်း ။ တကယ် ရင်းနှီးသလိုပဲဟ ... "
ထိုအချိန် ပန်းရောင်မြူထုတစ်ခု ပျံ့နှံ့လာတော့သည်။
" ဒါ ... ဒါက....ကာမအားတိုးဆေးလား "
သူ၏မျက်လုံးများပြူးကျယ်သွားပြီး နောက်ဆုတ်လိုက်လေသည်။ သို့သော် ထိုအချိန် နူးညံနွေးထွေးသော ကိုယ်လုံးလေးက သူ့ကို သိုင်းဖက်လိုက်သည်။
" မင်း ဘယ်လိုလုပ် ကာမအားတိုးဆေးရတာတုန်း " သူ၏မြင်ကွင်းတစ်ခုလုံး ပန်းရောင်ပြောင်းသွားချိန်မှာပင် သူ၏နားနား ကပ်၍ ခပ်တိုးတိုးပြောလိုက်သော ဟိုရှောင်မေ့၏ ညှို့ယူဖမ်းစားသောအသံလေးကို ကြားလိုက်ရလေသည်။
"ဦးလေးလီ ညီမကို ပေးခဲ့တာ"
ထိုအချိန် ပိုင်ရှောင်ချန်းမှာ နောက်လှန်ကျသွားပြီး တစ်ခန်းလုံး ပန်းရောင်မြူများဖြင့် ပြည့်နှက်သွားလေတော့သည်။