အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) ဓားတစ်သောင်း အညံ့ခံခြင်း၊ နင်းဖန်က ဓားသင်္ချိုင်းကို ရှင်းလင်းလိုက်ပြီ
"ပြန်ရုပ်သိမ်း"
ဓားသင်္ချိုင်း အတွင်း နင်းဖန် လက်ကို မြှောက်လိုက်၏။
ကောင်းကင်ယံတွင် ပြည့်နှက်နေသော ဓားဆန္ဒ တစ်သောင်းသည် အင်ပါယာ၏ အမိန့်တော် ရရှိလိုက်သကဲ့သို့ သူ၏ လက်ဖဝါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
သူသည် မူလနေရာတွင် ထိုင်နေဆဲဖြစ်ပြီး အမူအရာမှာ တည်ငြိမ်နေခဲ့၏။
သူ၏ အသိစိတ် ပင်လယ် အတွင်းရှိ နတ်ဘုရားစိတ်အာရုံ တစ်သောင်းရှစ်ထောင် ကို အာရုံခံရန် အချိန်ခဏယူပြီးနောက် အနည်းငယ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"'ဓားတာအို အထွတ်အထိပ်' ပါရမီ က တကယ်ကို ကြွားလုံးထုတ်နေတာ မဟုတ်ဘူး၊ အဲဒါက ငါ့ကို ဓားတာအို မှာ ထိပ်တန်း ဖြစ်လာအောင် တကယ် လုပ်ပေးနိုင်တယ်"
ယခု သူ၏ ဓားတာအို ပါရမီ သည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။
ဓားနှင့်ပတ်သတ်သည့် သိုင်းပညာစွမ်းရည် များဖြစ်စေ၊ နတ်ဘုရားစွမ်းရည် များဖြစ်စေ သူသည် ချက်ချင်း ကျွမ်းကျင်နိုင်ပေသည်။
၎င်းသည် ဓား ခန္ဓာကိုယ်များစွာ ထက် ပိုမို အားကောင်း၏။
"ဒါပေမယ့် ငါ ပျင်းရိနေလို့ မရဘူး... နီဗားနား က နီးကပ်နေပြီဆိုတော့ ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံ ကို ပုံပေါ်ခြင်း အဆင့်အထိ မြန်မြန် ကျင့်ကြံ ရမယ်..."
သူ၏ တရားထိုင်ခြင်း ပြီးဆုံးပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်၏။
သူ၏ အသိစိတ် ပင်လယ် အတွင်းတွင် ဓားဆန္ဒ တစ်သောင်းသည် အသင့်အနေအထားဖြင့် နေရာယူထားကြပြီး ဆင့်ခေါ်ရန် အတွေးတစ်ခုကိုသာ စောင့်ဆိုင်းနေကြသည်။
သို့သော် သူက ဓားဝင်္ကပါဖွဲ့စည်းရန် အလျင်မလိုခဲ့ချေ။
သူ၏ နတ်ဘုရားစိတ်အာရုံ ကို ဦးစွာ ကျင့်ကြံ ရန် ဆုံးဖြတ်လိုက်၏။
ဤသည်မှာ ဓားဝှက်တောင်ထိပ် သို့ လာရသည့် မူလ ရည်ရွယ်ချက်လည်း ဖြစ်သည်။
သူ လက်ဆန့်ထုတ်ကာ လေဟာနယ် ကို ဆုပ်ကိုင်လိုက်၏။
"လာခဲ့"
သူ တိုးတိုးလေး ပြောလိုက်သည်။
အသံ မကျယ်သော်လည်း ၎င်းက ဓားသင်္ချိုင်း အတွင်း လှိုင်းလုံးများကို ချက်ချင်း လှုပ်ခတ်သွားစေခဲ့၏။
နင်းဖန်၏ အနီးနားတွင်ရှိပြီး သူ့အား သခင်ဖွဲ့ရန် အလုအယက် ကြိုးစားနေကြသော ဓားရာပေါင်းများစွာသည် ရုတ်တရက်ဆိုသလို ငြိမ်သက်သွားခဲ့သည်။ ထို့နောက်တွင်မူ ဓားများသည် လေထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ပျံတက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဓားအချောင်းတစ်ရာခန့်သည် နင်းဖန်အား ဗဟိုပြု၍ ဓားသွားများကို အတွင်းဘက်သို့လှည့်ကာ ပထမဆုံးသော ဓားအဝန်းအဝိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဤသည်ကို နင်းဖန်က လှည့်၍ပင် မကြည့်ခဲ့ပေ။ သူ၏ မျက်လုံးများက စူးရှတောက်ပနေခဲ့သည်။ ထို့ပြင် မမြင်ရသော ဇက်ကြိုးအချို့ကို ကိုင်ဆွဲထားသကဲ့သို့ လေဟာနယ်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ပိုမိုဝေးကွာသော နေရာများမှလည်း အသံများ စတင်ထွက်ပေါ်လာခဲ့သည်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သော ဓားသင်္ချိုင်း၏ အပြင်ဘက်ပတ်လည်ရှိ သောင်းနှင့်ချီသော ရှေးဟောင်းဓားများအားလုံး တုန်ခါလာကြလေသည်။
သံချေးတက်နေသော ကြေးဓားများ၊ တစ်ပိုင်းကျိုးနေသော ဓားများနှင့် အရောင်အဆင်း ကင်းမဲ့နေသော သံမဏိဓားကြီးများ... တစ်ချောင်းမှ ဆယ်ချောင်း၊ ရာ၊ ထောင်၊ သောင်းချီသော ဓားများသည် အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကြသည်။
ထိုဓားများသည် မြေကြီးများ၊ ကျောက်လွှာများကြားနှင့် နှစ်ပေါင်းသောင်းချီ အထီးကျန်နေခဲ့ရသော ဘဝမှ ရုန်းထွက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ဓားသင်္ချိုင်းအထက် ကောင်းကင်ယံတစ်ခုလုံးသည် ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားသကဲ့သို့ မည်းမှောင်သိပ်သည်းနေသော ဓားများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
"စီနီယာအစ်ကို"
ကျန်းထန်သည် အလွန်အံ့သြသွားပြီး ကြောက်လန့်တကြားဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အကြောင်းမူကား သူမထိန်းချုပ်ထားသော ဓား ဒါဇင်ပေါင်းများစွာသည်လည်း ဂနာမငြိမ်ဖြစ်လာကာ နင်းဖန်ရှိရာဆီသို့ ပျံသန်းသွားကြသောကြောင့်ပင် ဖြစ်သည်။
ထိုဓားများသည် သစ္စာအရှိဆုံးသော ကိုးကွယ်ယုံကြည်သူများပမာ ၎င်းတို့ နှလုံးသားထဲမှ ဘုရင်မင်းမြတ်အား သွားရောက်ခစား ကြမည့်အလားပင် ဖြစ်လေသည်။
"မင်းတို့ အားလုံး နောက်ဆုတ်ပြီး ငါ့ဂျူနီယာညီမလေး ရဲ့ ကျင့်ကြံခြင်း မှာ အဖော်ပြုပေးလိုက်ကြ"
နင်းဖန်၏ အကြည့်များ ဖြတ်သန်းသွားပြီး စိတ်အာရုံဖြင့် အမိန့်တစ်ခု ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက် ဂနာမငြိမ်ဖြစ်နေခဲ့သော ထိုဓားလက်နက် အနည်းငယ်သည် ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင်မူ ၎င်းဓားများသည် ကျန်းထန်၏ အနီးသို့ နာခံမှုအပြည့်ဖြင့် ပြန်လည်ရောက်ရှိသွားကြသည်။
သို့သော်လည်း ကျန်းထန်မှာ ဆက်လက် ကျင့်ကြံရန် စိတ်မပါတော့ပေ။
သူမ ပါးစပ်ကလေးမှာ အဟောင်းသားဖြစ်သွားပြီး အထက်ကောင်းကင်ယံ၌ ပျံသန်းနေသော ဓားအုပ်ကြီးအား မှင်တက်စွာ စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်လေသည်။
"တစ်ခု၊ နှစ်ခု၊ သုံးခု... အို မဟုတ်ဘူး၊ အကုန်လုံးကို မရေတွက်နိုင်တော့ဘူး ကျွန်မ ခေါင်းမူးနေပြီ"
ထိုသို့ရေရွတ်ပြီးနောက် သူမ၏ ခေါင်းကလေးမှာ ဘေးဘက်သို့ စောင်းကျသွားပြီး ဦးနှောက်ပင် အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်သွားလေသည်။
နတ်ဘုရားစိတ်အာရုံကို ကျင့်ကြံရန်အတွက် ဓားထိန်းချုပ်ခြင်း ပညာရပ်ကို အသုံးပြုရာ၌ ဤမျှများပြားလှသော ဓားပျံ ထောင်သောင်းချီကို ထိန်းချုပ်ရန် လိုအပ်လိမ့်မည်ဟု မည်သူကမျှ သူမအား မပြောပြခဲ့ဖူးပေ။
ကျန်းထန်သည် သူမ ထိန်းချုပ်ထားသော ဓားပျံ အနည်းငယ်မှာ စီနီယာအစ်ကိုနှင့် နှိုင်းယှဉ်လိုက်ပါက ကြက်ပေါက်ကလေးများပမာ ဖြစ်နေသည်ဟု ခံစားလိုက်ရကာ ခေါင်းများပင် မူးဝေသွားခဲ့သည်။
ထို့ပြင် သူမနည်းတူ တုံ့ပြန်မှုမျိုး ရှိနေကြသူများမှာ ထိုက်ရီ အကြွင်းအကျန် နယ်မြေအတွင်းရှိ လူများပင် ဖြစ်ကြလေသည်။
"အတွေးတစ်ခုတည်းနဲ့ ဓားတစ်သောင်းကို ထိန်းချုပ်တာ"
ရွှီယိုဝေသည် အကြီးအကဲတစ်ဦး၌ ရှိသင့်သည့် တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီး အလွန်တုန်လှုပ်ခြောက်လှန့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
အကြောင်းမူကား နင်းဖန်၏ ပြသလိုက်သော စွမ်းဆောင်ရည်မှာ အလွန်အမင်း အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှသောကြောင့် ဖြစ်သည်။
လက်ရှိကမ္ဘာ၏ ထိပ်တန်းအင်အားစုတစ်ခုမှ ဖြစ်သည့်အားလျော်စွာ ရွှီယိုဝေသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်နေထိုင်ခဲ့ပြီး ဖြစ်ရာ အတွေ့အကြုံနှင့် ဗဟုသုတ အလွန်ကျယ်ပြန့်လှသည်။ သူ၏သက်တမ်းတစ်လျှောက်တွင် ဓားကျင့်ကြံသူ အမြောက်အမြားနှင့် တွေ့ဆုံခဲ့ဖူးသည့်အပြင် တိုက်ခိုက်ဖူးခြင်းလည်း ရှိခဲ့သည်။
သို့သော်လည်း ပျံသန်းနေသော ဓားအစင်းပေါင်း တစ်သောင်းကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းတွင် ထိန်းချုပ်နိုင်သည့် စွမ်းပကားရှင်မျိုးကိုမူ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ ဤမြင်ကွင်းတစ်ခုတည်းနှင့်တင် လူတစ်ယောက်ကို သေလုမတတ် တုန်လှုပ်ခြောက်လှန့်စေရန် လုံလောက်လှပေသည်။
"ဓားတစ်သောင်း နှလုံးသားကို ထိုးဖောက်တာ အကြိမ်တစ်ရာ သေရင်တောင် မလုံလောက်ဘူး"
ရွှီယိုဝေသည် နင်းဖန် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသည့် မြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ခြေထောက်များပင် တုန်ယင်လာခဲ့သည်။
ဂိုဏ်း၏ အသန်မာဆုံး ဓားကျင့်ကြံသူဖြစ်သော ယွီရူရွှမ်းသည်လည်း သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်လျက် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ စိုက်ကြည့်နေခဲ့သည်။
ဓားတစ်သောင်း တပြိုင်နက်တည်း ပျံသန်းနေသည့် မြင်ကွင်းရှေ့မှောက်တွင် မည်သည့်စကားလုံးမဆို အလွန်ပင် မှေးမှိန်အားနည်းသွားရမည် ဖြစ်သောကြောင့်ပင်တည်း။
အခြားသော အကြီးအကဲများသည်လည်း မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားကြပြီး အမျိုးမျိုးသော စိတ်ခံစားမှုများဖြင့် တုံ့ပြန်နေကြသည်။ တပည့်များမှာမူ အုတ်အော်သောင်းနင်းဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြလေသည်။
အစစ်အမှန်တပည့် တစ်ဦးက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။
"နင်းဖန်က သုံးဆဓားဝင်္ကပါကိုတောင် မကျင့်ကြံရသေးဘူး။ သူက 'အတွေးတစ်သောင်း ခွဲဝေခြင်း' ကိုပဲ သင်ယူရသေးတာ။ အဲဒါက အခြေခံအဆင့်ပဲ ရှိသေးတယ် မဟုတ်ဘူးလား..."
အနီးနားရှိ တစ်စုံတစ်ယောက်ကလည်း မှင်တက်လျက် ပြန်လည်ဖြေကြားလိုက်လေသည်။
"အင်း..."
"သူက အခြေခံ အဆင့်မှာ ဓားတစ်သောင်းကို ထိန်းချုပ်နိုင်တယ်ပေါ့"
"...အင်း"
"ဒါဆို သူ အလယ်အလတ် ဒါမှမဟုတ် အမြင့်ဆုံး ကို ရောက်ရင်... သူ..."
စကားမဆုံးမီ သူ ပါးစပ်ပိတ်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ကူးယဉ်မှုကို ကျော်လွန်သွားသောကြောင့်ပင် ဖြစ်သည်။
ဤစကားများကို ကြားသောအခါ သူတော်စင် က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာတွင် ရှင်းပြ၍မရသော စိတ်ခံစားမှု အနည်းငယ်ကို ပြသလိုက်၏။
"ဘာမှမဟုတ်တာကို အလကား ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာပဲ"
"အစ်ကိုကျိုး နင်းဖန် ဓားတစ်သောင်းကို ထိန်းချုပ်နိုင်တယ်ဆိုတာကို မင်း သိနှင့်ပြီးသားလား"
သူနှင့် အနီးဆုံးရှိ အစစ်အမှန်တပည့် တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်၏
သူတော်စင် က ပြန်မေးလိုက်သည်။
"ဒါကို ကြိုမြင်ဖို့ တကယ် ခက်လို့လား"
"အာ..."
ထိုတပည့် မှင်တက်သွားပြီး ဘယ်လို ပြန်ဖြေရမလဲ မသိဖြစ်သွား၏။
သူတော်စင်သည် မည်သည့်အချိန်က ရပ်တည်ချက်ပြောင်းလဲကာ တစ်ဖက်သို့ ကူးပြောင်းသွားခဲ့သည်ကိုပင် သူ မစဉ်းစားတတ်တော့ပေ။
သူတော်စင်၏ အမူအရာမှာ အတော်လေး သဘာဝကျလှပြီး တပည့်ဖြစ်သူ၏ ပခုံးကိုပင် လိုလိုလားလား ပုတ်ကာ သူ့အား လေးနက်စွာ ပညာပေးလိုက်လေသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါတို့ဂိုဏ်းက အမျိုးသားတပည့်တွေအားလုံးဟာ ညီအစ်ကိုဖန်ရဲ့ ညီလေးတွေပဲ။ နောက်ဆို ငါတို့ အပြင်ထွက်တဲ့အခါ ညီအစ်ကိုဖန်ရဲ့ မျက်နှာကို ကိုယ်စားပြုရမှာလေ။ အခုတော့ တစ်နေ့လုံး စကားတွေများပြီး ကိစ္စသေးသေးလေးတွေအတွက်နဲ့ အုတ်အော်သောင်းနင်း ဖြစ်နေကြတာ... မင်းတို့ရဲ့ တည်ငြိမ်မှုနဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေက ဘယ်ရောက်ကုန်ပြီလဲ"
"တောင်ထွတ်ငါးခု ပြိုကျရင်တောင် အမူအရာ မပြောင်းတဲ့ ညီအစ်ကိုဖန် လို ငါတို့ မဖြစ်နိုင်ရင်တောင် အဲဒီအဆင့်ကို ရောက်ဖို့ အနည်းဆုံး ကြိုးစားသင့်တယ်"
"အနာဂတ်မှာ မင်းရဲ့ စိတ်နေသဘောထားနဲ့ အမူအရာတွေကို ပိုပြီး ဂရုစိုက်ရမယ် နားလည်လား"
သူတော်စင်ထံမှ ဤစကားများကို ကြားလိုက်ရသောအခါ ထိုအစစ်အမှန်တပည့်သည် လုံးဝဆွံ့အသွားခဲ့ရသည်။
သူသည် သူတော်စင်နှင့် ဆက်ဆံရေးအလွန်ကောင်းမွန်သူ ဖြစ်သည်။ အကြောင်းမူကား အနာဂတ်တွင် ဖြစ်လာမည့် သူတော်စင်နှစ်ဦးကြားမှ ပြိုင်ပွဲ၌ ဂိုဏ်းချုပ်ရာထူးကို ဤသူတော်စင်က သေချာပေါက် ရယူနိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် သူတော်စင်အဖွဲ့၏ အမာခံအဖွဲ့ဝင်တစ်ဦးအဖြစ် ပြတ်ပြတ်သားသား ဘက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နင်းဖန် ရုတ်တရက် အစွမ်းပြထလာပြီးနောက်တွင်မူ သူတော်စင်သည် ယှဉ်ပြိုင်ရန်ပင် မကြိုးစားတော့ဘဲ တစ်ဖက်သို့ တိုက်ရိုက်ကူးပြောင်းသွားလိမ့်မည်ဟုသူမထင်ခဲ့ ပေ။၊
ဤအခိုက်အတန့်တွင် သူ၏ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးနောက်ကျိသွားပြီး ပြန်လည်ဖြေကြားလိုက်လေသည်။
"ကျွန်တော်... ကျွန်တော် မှတ်ထားပါ့မယ်"
ထိုသို့ပြောပြီးနောက် သူ အနည်းငယ် ရှက်သွားခဲ့သည်.။
ဓားသင်္ချိုင်း၏ အထက်ကောင်းကင်ယံတွင်...
ဓားအစင်းပေါင်းတစ်သောင်းသည် လှည့်ပတ်နေကြပြီး တဖြည်းဖြည်းနှင့် ကြီးမားလာကာ အဆက်မပြတ် လည်ပတ်နေသော ဓားဘီးကြီးတစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။
နင်းဖန်သည် ထိုဓားဘီးကြီး၏ ဗဟိုတွင် မတ်တတ်ရပ်နေပြီး သူ၏ဝတ်ရုံစများသည် ပြင်းထန်လှသော ဓားချီကြောင့် လေထဲတွင် လွင့်ပျံနေသော်သည်။ သူ၏မျက်နှာအမူအရာမှာမူ အေးဆေးတည်ငြိမ်နေခဲ့သည်။
သူသည် အရာအားလုံးကို အာရုံခံစားနေခဲ့သည်။
ဓားတစ်လက်ချင်းစီ၏ အလေးချိန် ၊ အတိတ်သမိုင်းကြောင်း နှင့် ထက်မြက်မှုကို ခံစားနေခဲ့သည်။
နောက်ဆုံးတွင်မူ သူ၏ နတ်ဘုရားစိတ်အာရုံ အစိတ်အပိုင်း တစ်သောင်းနှင့် ဓားလက်နက်တစ်သောင်းကြားရှိ မမြင်ရသော ဆက်သွယ်မှု ကြိုးမျှင်များကိုပါ သူ အပြည့်အဝ အာရုံခံမိသွားခဲ့လေသည်။
"ဒါက အဲဒီလိုကိုး ဓားထိန်းချုပ်ခြင်း ရဲ့ အမြင့်ဆုံး အဆင့်က ဓားကို ငါ့စကား နားထောင်ဖို့ အတင်းအကျပ် ခိုင်းစေတာ မဟုတ်ဘူး"
" ဓားကို သူ့သဘောဆန္ဒအတိုင်း ငါ့နောက်ကို လိုက်ချင်လာအောင် လုပ်တာပဲ"
အချိန်အတော်ကြာပြီးနောက် နင်းဖန်၏ မျက်လုံးများတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ထိုအသိစိတ် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ စိတ်အာရုံပင်လယ်အတွင်းရှိ ဓားဆန္ဒပုံရိပ် တစ်သောင်းသည် ဓားလက်နက်တစ်သောင်းအတွင်းသို့ ချက်ချင်းဆိုသလို ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်မူ ဓားတစ်သောင်းလုံး တစ်ပြိုင်နက်တည်း ဟိန်းဟောင်းမြည်ဟည်းသွားကြသည်။ ဓားအားလုံးသည် တူညီသော ကြိမ်နှုန်းဖြင့် တုန်ခါလာပြီး၊ ဓားသင်္ချိုင်း၏ ကောင်းကင်ယံသို့ တည့်တည့်ထိုးဖောက်သွားကာ ကျယ်လောင်လှသော ဓားသံစွမ်းအင်အဖြစ်သို့ ပေါင်းစပ်သွားခဲ့လေသည်။
ထို့နောက် နင်းဖန်၏ မျက်လုံးများအတွင်း၌ ထက်မြက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဓားသင်္ချိုင်း၏ ဗဟိုဧရိယာရှိဓားများမှလွဲ၍ ကျန်ရှိသော ဓားတစ်သောင်းလုံးအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သူ့ထံ၌ ရှိနေပြီ ဖြစ်သည်။
ထိုဗဟိုနေရာရှိ တောင်ကျောက်ဆောင်များထဲတွင်မူ တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည့်၊ ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်အချို့ ကျန်ရှိနေသေးသည်။
ထို့ကြောင့် နင်းဖန်သည် ထိုနတ်ဘုရားလက်နက်များကို သွားရောက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေသည်။
---