အခန်း ၅၁၃
Vol. 52 Ch. 513
အခန်း(၅၁၃)
တိုက်ပွဲမြေပြင်သည် တိတ်ဆိတ်သွားတော့၏။
လူတိုင်းသည် ကောင်းကင်ယံတွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည့် ယဲ့ပေရွှမ်ကို ပြိုင်တူ ကြည့်နေကြသည်။
“ယောက်ဖ အရမ်းတော်တာပဲ”
ဖုန်းယန်ရှန်း ကျယ်လောင်စွာ စအော်လိုက်၏။
သူ့အသံက လူတိုင်းကို ထိတ်လန့်မှုမှ လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်သွားသည်။
“သမက်တော်က ပြိုင်ဘက်ကင်း”
“သမက်တော် အရမ်းတော်တယ်”
တောင်ကမ်းပါးပေါ်တွင် ရပ်နေသော ဖုန်းမိသားစု တပည့်များသည် အလျှိုလျှို အော်ဟစ်ကြတော့၏။
ချင်းလွမ်မျိုးနွယ်စုမှ တပည့်များသည် ယဲ့ပေရွှမ်၏ ကျောပြင်ကို ကြည့်ရင်း သူတို့နှလုံးထဲတွင် မနာလိုမှုများကို ခံစားရတော့၏။
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘ဒီလူ ဘာလို့ ငါတို့ချင်းမိသားစုသမက် မဖြစ်ရတာလဲ’
ချင်းလီ ကောင်းကင်ပေါ်က ယဲ့ပေရွှမ်ကို အသာ ဦးညွှတ်လိုက်၏။
“ချင်းလီ တာအိုရောင်းရင်း ကူညီပေးမှုကို ကျေးဇူးတင်ပါတယ်။ ဒီမဟာကျေးဇူးကို ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး”
တိုက်ပွဲအတွင်း ချင်းလွမ်မျိုးနွယ် အခြေအနေသည် အတော်လေး သနားစရာ ကောင်းနေသော်လည်း ထိခိုက်ပျက်စီးသည့် အခြေအနေသို့ ရောက်မသွားပေ။
သူတို့ ဆက်လက်တိုက်ခိုက်နိုင်သေးသည်။ သူတို့ ပထမနေရာအတွက် ဖုန်းမိသားစုနှင့် ယှဉ်ပြိုင်မတိုက်ခိုက်နိုင်ရင်တောင် ထိပ်သီးသုံးနေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။
ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြောသည်။
“ကျေးဇူးတင်ဖို့ မလိုဘူး။ ဒါ မင်းနဲ့ ငါ့ကြားက အလှဲလယ်တစ်ခုပဲ”
သူ့လေသံက အင်မတန်တည်ငြိမ်နေသော်လည်း ကြားလိုက်ရသူတိုင်းကို အလွန်အမင်း မသက်မသာ ဖြစ်သွားစေသည်။
အထူးသဖြင့် ချင်းလီအတွက်ပင်။ သူမ တစ်ဖက်လူက အလွန်အမင်း နှိမ့်ချစွာ ပြောလာသော်လည်း သူမကို တစ်ချက်ကလေးပင် မကြည့်သေးဟု ခံစားရသည်။
“တာအိုရောင်းရင်းယဲ့ ကျွန်မတို့ ရတနာတွေကို ချက်ချင်းပေးပါမယ်”
ချင်းလီ မပျော်ရွှင်သော်လည်း သူမသည် ဦးနှောက်မပါသည့် နတ်မိမယ်လေး မဟုတ်ပါချေ။ ယဲ့ပေရွှမ် ကောင်းကင်ပေါ်က ကြောက်မက်ဖွယ်ကြေးမုံကြိးကို မသိမ်းရသေးပေ။
အကယ်၍ ချင်းလွမ်မျိုးနွယ်သာ ကတိမတည်လျှင် သူကိုယ်တိုင် တိုက်ခိုက်မည်ဟု သွယ်ဝိုက် သတိပေးနေခြင်းပေ။
သာမန်ယောကျ်ားများအတွက် သုံးသည့် နည်းလမ်းက ယဲ့ပေရွှမ်အပေါ် အသုံးမဝင်ကြောင်း သိသာလှသည်။
“အင်း”
ယဲ့ပေရွှမ် သူ့မျက်လုံးများကို တင်းကြပ်စွာ ပိတ်လိုက်ပြီး ထပ်ဖွင့်ရန် စိတ်ကူးမရှိပေ။ သို့သော် ကမ္ဘာဦးအလင်းတန်းများလွှမ်းခြုံနေသော မြေပြင်သည် သိသာစွာ အရောင်မှိန်သွား၏။
ချင်းလွမ်မျိုးနွယ်တပည့်များ ယဲ့ပေရွှမ်၏ တောင်းဆိုမှုကြောင့် စိတ်မကွက်ပေ။ ထိုအစား သူတို့ ယဲ့ပေရွှမ်ကို ကတိတည်သော လူကြီးလူကောင်းဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေ အပျက်အစီးဒေသတွင် ဒုက္ခရောက်နေသည်ကို အခွင့်ရေးယူ၍ ရတနများ လုယူသတ်ဖြတ်သည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။
သူတို့ ရတနာများ၏ တစ်ဝက်ကို ထုတ်ယူလာကြပြီး မြေပြင်ပေါ်တွင် ချထားလိုက်၏။
ဟုန်လိပင် ကောင်းကင်ပေါ်က အမျိုးသားကို အကြွင်းမဲ့ ယုံကြည်သွားသည်။
လူတိုင်း သူတို့ရတနာများ ထုတ်လာသည်ကိုမြင်သောအခါ ယဲ့ပေရွှမ် သူတို့သိုလှောင်လက်စွပ်များကို အတင်းအကြပ် မစစ်ဆေးတော့ပေ။
သူ့လက်ကို ဝှေ့ယမ်းရင်း ထိုပစ္စည်းများနှင့် နတ်ဆိုးအမြူတေနှစ်ခုကို သူ့သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ကောင်းကင်ယံမှ ဟုန်မင်ကြေးမုံကို ပြန်ရုတ်သိမ်းလိုက်တော့၏။
သူ မျက်လုံးပွင့်လာပြီး တောင်ထိပ်ပေါ်မှ ဖုန်းမိသားစု ရှိသည့်နေရာသို့ ဆင်းသွားသည်။
“သွားကြစို့”
“နားလည်ပါပြီ”
ဖုန်းမိသားစုဝင်များ ပြန်ဖြေကြပြီးနောက် သူတို့ ခေါင်းမော့ကာ ခြေလှမ်းကျဲကြီးများဖြင့် ယဲ့ပေရွှမ်နောက်သို့ လိုက်ပါသွား၏။
အထင်ကြီးလေးစားမှုများဖြင့် ကျန်ရစ်နေသော ချင်းလွမ်မျိုးနွယ်တပည့်များကို ကျောခိုင်းထွက်ခွာသွားတော့သည်။ ကျင့်ကြံသူလူငယ်လေး တီးတိုးရေရွတ်လိုက်သည်။
“ယောက်ျားဆိုတာ ဒီလိုမျိုး ဖြစ်နေသင့်တယ်”
ထိုသည်ကို ကြားသော် ဟုန်လိ ခေါင်းအသာ ညိတ်သည်။
“မင်း ပြောတာမှန်တယ်။ ငါ သူ့ထက် ညံ့တယ်”
၎င်းကို ကြားသောအခါ လူတိုင်း ဟုန်လိကို အံ့ဩစွာ ကြည့်ကြ၏။ ထိုသူ၏ မောက်မာမှုကို သူတို့ သိထားကြသဖြင့် ယခုလို အရှုံးပေးလိုက်ခြင်းက သူတို့ကို အံ့ဩသွားစေသည်။
လူအုပ်ကြီး၏ ထူးဆန်းနေသော အကြည့်ကို အာရုံခံမိသွားသောအခါ ဟုန်လိ အော်ဟစ်လိုက်၏။
“မင်းတို့ ဘာလို့ ငါ့ကို ထူးထူးဆန်းဆန်း ကြည့်နေတာလဲ။ ငါပြောတာ မှားလို့လား”
လူအုပ်ကြီး စကားမပြောနိုင်ခင် ချင်းလီ၏ အမူအရာသည် ရုတ်တရက် လေးနက်သွားသည်။
သူမ ကျယ်လောင်စွာ အော်ဟစ်၏။
“လူတိုင်း တိုက်ပွဲအတွက် အသင့်ပြင်ထားကြ”
ထိုစကားများကို ကြားသော် ချင်းလွမ်မျိုးနွယ်မှ တပည့်များသည် သူတို့လက်နက်များကို အလျှိုလျှို ထုတ်လာကြသည်။ အချို့သော တပည့်များသည် သူတို့ကျင့်ကြံခြင်းအခြေခံကို ပြန်လည် ဖြည့်တင်းရန် ဆေးလုံးများကို အမြန်ထုတ်စားကြ၏။
လက်ဖက်ရည်တစ်ခွက်သောက်ချိန် မရမီ အင်အားစုသုံးခုသည် မတူညီသည့် အရပ်သုံးမျက်နှာမှ ပြေးဝင်လာကြသည်။
ချင်းလွမ်မျိုးနွယ်တပည့်များသည် ထိုအင်အားစုသုံးခုကို လေးနက်စွာ ကြည့်နေကြသည်။
ရောက်လာသည့်သူများကို ရှင်းလင်းစွာ မြင်ပြီးနောက် ချင်းလီ မေးလိုက်သည်။
“လေပြင်း၊ မိုးကြိုးငှက်နဲ့ ဖီးနစ်ပြာမျိုးနွယ်က တာအိုရောင်းရင်းတို့ပါလား။ ရှင်တို့ ဘာကိစ္စရှိလို့ ရောက်လာကြတာလဲ”
ခရမ်းရောင်ဆံပင်ဖြင့် အမျိုးသားတစ်ဦး ရှေ့သို့ တက်လာပြီး ပြော၏။
“ချင်းလီ ခုနက ကမ္ဘာဦးခရမ်းရောင်အလင်းတန်းက မင်းတို့ ချင်းလွမ်မျိုးနွယ်ကလား”
ချင်းလီ၏ နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားသည်။
“လဲ့ရှောင် ငါတို့ချင်းလွမ်းမျိုးနွယ်မှာ အဲ့သလို ရတနာကောင်း ရှိရင် အခုလို သနားစရာ အခြေအနေ ဖြစ်နေမယ်ထင်လား”
၎င်းကို ကြားသောအခါ လဲ့ရှောင်၏ မျက်ဝန်းများတွင် တွေးတောနေသည့် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ပြုံးလိုက်၏။
“ဟုတ်တယ်။ မင်းတို့ချင်းလွမ်မျိုးနွယ်က ဒီနေ့လို အဆင့်အတန်းကို မီးဖီးနစ်မျိုးနွယ်ကို မှီခိုပြီးရထားတာလေ။ အဲဒီလို ရတနာမျိုးသာ ရှိရင် မီးဖီးနစ်မျိုးနွယ်က ယူသွားတာကြာပြီ”
“အစ်ကိုလဲ့ ဒီမိန်းမ လှည့်စားတာကို မခံနဲ့။ ကျွန်မတို့ ရတနာက ဘယ်သူ့လက်ထဲမှာလဲဆိုတာကို မေးသင့်တာ”
အပြာရောင်ငှက်မွေးဝတ်စုံဖြင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ချင်းလီကို အေးစက်စွာ ကြည့်လိုက်၏။
သူမ အသံအဆုံးတွင် အစိမ်းရောင်ဆံပင်နှင့် အမျိုးသားကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ရတနာက မင်းတို့လက်ထဲမှာ မဟုတ်ဘူးဆိုရင် ဘယ်သူ့လက်ထဲမှာလဲ”
“လျှို့ဝှက်နယ်မြေထဲမှာ နယ်ပယ်တစ်ခုကို ဆယ်နာရီလောက် ထိန်းသိမ်းဖန်တီးထားနိုင်တယ်ဆိုတော့ နတ်ဘုရားလက်နက်ဖြစ်ရမယ်”
၎င်းကို ကြားသောအခါ ချင်းလွမ်မျိုးနွယ်မှ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အံ့ဩသည့် အမူအရာများ ပေါ်လာ၏။ သူတို့ ခရမ်းရောင်အလင်းတန်းထဲတွင် ဤမျှ ကြာရှည်စွာ ပိတ်မိနေလိမ့်မည်ဟု မထင်ထားပေ။
၎င်းကို ကြားသောအခါ ဟုန်လိ လျင်မြန်စွာ ပြော၏။
“အကြီးဆုံး သခင်မလေး မလုပ်ရဘူးနော်”
ချင်းလွမ်မျိုးနွယ်မှ အခြားတပည့်များလည်း ဝင်ပြောသည်။
“ဟုတ်တယ်။ ကျွန်တော်တို့ စီနီယာအစ်ကိုယဲ့ကို လုံးဝသစ္စာမဖောက်နိုင်ဘူး”
စီနီယာအစ်ကိုယဲ့ဟူသော စကားလုံးကို ကြားသည့်အခါ အင်အားစုသုံးခုမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အတွေးများ ပေါ်ပေါက်လာတော့သည်။ သူတို့ မင်းသားဆယ့်ရှစ်ပါးနှင့် အတူ ပါဝင်လာသော အင်အားစုများထဲမှ ယဲ့မျိုးရိုးနာမည်နှင့် ကျင့်ကြံသူကို စဉ်းစားတော့၏။
ချင်းလီ၏ နှုတ်ခမ်းထောင့် အနည်းငယ် မြှင့်တက်သွားသည်။
“ပါးစပ်ပိတ်ထားကြစမ်း နင်တို့ ငတုံးတွေလား”
“စီနီယာအစ်ကိုယဲ့က နတ်ဆိုးဘုရင်တစ်ပါးကို တစ်ယောက်တည်းတိုက်ခိုက်နိုင်တဲ့သူ။ ဒီလို ပုရွက်ဆိတ်အုပ်လေးက စီနီယာအစ်ကိုကို ဒုက္ခပေးနိုင်မယ်ထင်လား။ သူတို့ သေချင်ရင်တော့ သွားပေးကြပေါ့”
ထိုစကားကြောင့် အင်အားစုသုံးခုမှ ကျင့်ကြံသူများ ချင်းလီကို မကြင်နာစွာ ကြည့်လာကြသည်။
လဲ့ရှောင် အေးစက်စွာ ပြောသည်။
“ချင်းလီ ဟောက်မင်က အခု ဒီမှာ မရှိဘူးနော်။ မီးဖီးနစ်မျိုးနွယ်အထောက်အကူမရှိရင် မင်းတို့ ချင်းလွမ်မျိုးနွယ်က ငါတို့ပြိုင်ဘက်မဟုတ်ဘူး”
ချင်းလီ အထင်မြင်သေးစွာ ပြောလိုက်၏။
“ဘာလဲ။ နင်တို့က ငါတို့ချင်းလွမ်မျိုးနွယ်နဲ့ အသေအကြေ တိုက်ခိုက်ချင်လို့လား”
“ပြီးတော့ ငါ အမှန်တရားကို ပြောနေတာ။ နင်တို့ တကယ်ကြီး ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို ပြဿနာရှာဖို့ အနောက်ဘက်ကို သွားမလို့လား”
ထိုစကားကို ကြားသောအခါ လဲ့ရှောင်တို့မျက်ဝန်းများထဲ အံ့အားသင့်မှုများ ဖြတ်ပြေးသွား၏။
ချင်းလီလို ဉာဏ်များသည့်မိန်းမတစ်ဦးက သူတို့ကို ရတနာပိုင်ရှင်အကြောင်း လွယ်လင့်တကူ ပြောလာမည်ဟု မထင်ထား။
“ဟုတ်သလား”
လန်ယန် ချင်းလီကို စိုက်ကြည့်သည်။ ပုံမှန်နေ့များဆိုလျှင် သူမ ဤအမျိုးသမီး၏ စကားကို တစ်စက်လေးတောင် မယုံကြည်ချေ။ သို့သော် ယခု သူမ ရှေ့တွင် ရတနာရောက်နေသည့်အတွက် စွန့်စားကြည့်ရတော့ပေမည်။
ချင်းလီ ပြုံးလိုက်၏။
“လန်ယန် ငါနင့်ကို အကြံပေးလိုက်မယ်။ သူ့ကို ပြဿနာ သွားမရှာနဲ့။ အခုလေးတင် သူ ငါတို့ကို သူ့စွမ်းအားတွေ ပြသွားတာ။ နောက်မှ ဒုက္ခရောက်ရင် ငါ သတိမပေးဘူးလို့တော့ မပြောနဲ့”
သူမ ထိုသို့ပြောလေ လန်ယန်တို့ ပို၍ မယုံကြည်လေ။
“ဟမ့်”
လန်ယန်အေးစက်စွာ နှာခေါင်းရှုပ်သည်။
“နင် ငါတို့ကို ခြောက်လှန့်ဖို့ အရည်အချင်းမမီသေးဘူး။ ငါတို့ အင်အားစုသုံးခုက ဆန်းကြယ်ကောင်းကင်ဒေသက ကျင့်ကြံသူတစ်ယောက်ကို မနိုင်ဘူးလို့ မယုံဘူး။ သွားကြမယ်”
“နားလည်ပါပြီ”
ဖီးနစ်ပြာမျိုးနွယ်မှ ကျင့်ကြံသူများ ပြိုင်တူပြောသည်။
အခြားမိသားစုနှစ်ခုမှ ကျင့်ကြံသူများ သူတို့ကောင်းကင်ရွေးချယ်ခံများနောက် လိုက်ပါသွားကြသည်။
ဟုန်လိ ထွက်ခွာသွားသူများကို ကြည့်ပြီး ချင်းလီကို မေးသည်။
“အကြီးဆုံးသခင်မလေး ဘယ်လိုလုပ် ဒီလိုလုပ်လိုက်တာလဲ”
ချင်းလွမ် မျိုးနွယ် တပည့်များ စကားမပြောကြသော်လည်း သူတို့ မကျေနပ်ကြောင်း သိသာလှ၏။