အခန်း ၅၁၄
Vol. 52 Ch. 514
အခန်း(၅၁၄)
“နင်တို့ ငါ့လုပ်ရပ်ကို မသင့်တော်ဘူးလို့ ခံစားရတာလား”
ချင်းလီ လူတိုင်းကို ဝှေ့ဝဲကြည့်လိုက်ပြီး ညင်သာစွာ မေးသည်။
ချင်းလွမ်မျိုးနွမ်မှ တပည့်များ ဘာမှမပြောသော်လည်း သူတို့မျက်နှာအမူအရာက အရာအားလုံးကို ဖော်ပြနေ၏။
ဘေးတွင် ရပ်နေသော ဟုန်လိ ပြောသည်။
“အကြီးဆုံးသခင်မလေး လုပ်ရပ်ကို နားမလည်လို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဘာပဲဖြစ်ဖြစ် စီနီယာအစ်ကိုယဲ့က ကျွန်တော့်တို့ကို ကယ်တင်ပေးထားတာလေ”
ချင်းလီ ပြုံးလိုက်၏။
“ငါ စီနီယာအစ်ကိုယဲ့ကို နောက်ထပ်အကျိုးအမြတ်တစ်ခု ရစေချင်ရုံပါ။ ခုန မျိုးနွယ်သုံးခုကသူတွေ စီနီယာအစ်ကိုယဲ့ကို နိုင်မယ်လို့ ထင်လား”
၎င်းကို ကြားသောအခါ ချင်းလွမ်မျိုးနွယ်မှ တပည့်များ စဉ်းစားနေကြ၏။
ဤစကားကို ကြားသောအခါ သူတို့ ပြဿနာ မရှိသလို ထင်သော်လည်း အကြီးဆုံးသခင်မလေး လုပ်ရပ်သည် အနည်းငယ် မသင့်တော်သလို ခံစားရသည်။
‘ကောင်းပြီလေ’
ဟုန်လိ နှလုံးသားထဲတွင် သက်ပြင်းချသည်။
‘သူက ငါရွေးချယ်ထားတဲ့သူပဲ။ အန္တာရာယ်ကို ရင်ဆိုင်ရမယ်ဆိုရင်တောင် သူ့ကို မျက်နှာချိုသွေးရမှာပဲ’
“ကောင်းပြီ။ အရင်ဆုံး လုံခြုံတဲ့တစ်နေရာကို သွားရအောင်။ တခြားအင်အားစုတွေ ရောက်လာရင် ငါတို့ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး”
ချင်းလီ ထိုသုံးယောက်ထံမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို မြင်ထား၏။ အထူးသဖြင့် သူမနှင့် လုံးဝ အဆင်မပြေတတ်သော လန်ယန်ပင်။
အကယ်၍ လဲ့ရှောင်တို့ လှုပ်ရှားလာပါက ဤတစ်ကြိမ်တွင် ချင်းလွမ်မျိုးနွယ်ကို ကူညီမည့်သူ မရှိတော့ချေ။
မီးဖီးနစ်မျိုးနွယ်နှင့် ပတ်သက်၍မူကား ထိုသူတို့ကို မှီခိုရန် သူမ လုံးဝမတွေးထားပေ။
မီးဖီးနစ်မျိုးနွယ်၏ အကူအညီကို လက်ခံလိုက်ပါက သူမ အတွက် မီးဖီးနစ်မျိုးနွယ်နှင့် လက်ထက်မဟာမိတ်ပြုရန်သာ ရှိတော့၏။
၎င်းသည် သူမ လုံးဝ လက်မခံနိုင်သည့်အရာ ဖြစ်သည်။ မဟုတ်လျှင် သူမ ဟုန်လိကို အခွင့်အရေး ပေးခဲ့မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်တော့ ယဲ့ပေရွှမ် ဖုန်းမိသားစု တပည့်များကို ဦးဆောင်လျက် အနောက်ရပ်သို့ ဦးတည်ထွက်ခွာလာသည်။ သိပ်မကြာခင် သူတို့ အလန့်တကြား ပြေးလွှားနေကြသော နတ်ဆိုးအုပ်စုကို တွေ့လိုက်ရ၏။
ဖုန်းယန်ရှန်း ထိုသည်ကို တွေ့သောအခါ တီးတိုးရေရွတ်သည်။
“ဒီနတ်ဆိုးတွေ အကုန်လုံးက နတ်ဆိုးဘုရင်နှစ်ပါး လက်အောက်ငယ်သားတွေလား”
“ဟုတ်လောက်မယ်။ တောင်ထိပ်ပေါ်က အလံက ဘုရင်ရွှေမီးတောက်နဲ့ ဆင်တူနေသလားလို့”
ယဲ့ပေရွှမ် လေထဲတွင် တလွင့်လွင့်လူးနေသော အလံကြီးကို လက်ညှိုးညွှန်ပြလိုက်၏။
“ဟုတ်နေတာပဲ။ ယောက်ဖပြောတာ ဟုတ်မယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ဖုန်းယန်ရှန် ပြုံးလိုက်သည်။
“ဟုတ်မယ်။ ငါတို့ ရေနစ်နေတဲ့ ခွေးတွေကို ရိုက်သတ်ရမှာပေါ့။ နတ်ဆိုးတွေက ခေါင်းဆောင်မရှိတော့ဘူးဆိုတော့ အမှတ်နည်းနည်းရအောင် ရိတ်သိမ်းလိုက်ကြတာပေါ့”
ယဲ့ပေရွှမ် ပြောပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်၏။
သူ တစ်နေရာသို့ ကြည့်လိုက်သည်။
“မင်းတို့ လူကြီးလူကောင်းတွေ ဘာလို့ ပုန်းနေသေးတာလဲ။ ထွက်မလာသေးဘူးလား။ အပျက်အစီးဒေသ ကောင်းကင်ရွေးချယ်ခံတွေက အမှောင်ထဲမှာ ခိုးကြောင်ခိုးဝှက် ပုန်းရတာ သဘောကျနေတာလား”
“ကောင်စုတ်လေး မင်း ငါတို့မျက်နှာအစစ်ကို မြင်ချင်လား။ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ထိုအသံထွက်လာသည်နှင့် ဖုန်းမိသားစုတပည့်များသည် သူတို့လက်နက်များကို ထုတ်လိုက်ကြ၏။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘ပြဿနာတက်ပြီ’
သူတို့ လူသုံးဦးကို မြင်လိုက်ရ၏။ အပြာတစ်ခု၊ အစိမ်းတစ်ခုနှင့် ခရမ်းတစ်ခု ကောင်းကင်ယံပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
“ခင်ဗျားတို့က”
ယဲ့ပေရွှမ် ရှေ့က လူသုံးယောက်ကို ကြည့်ရင်း ဖြည်းညှင်းစွာ မေးသည်။
“ဖီးနစ်ပြာ လန်ယန်”
“မိုးကြိုးဖီးနစ် လဲ့ရှောင်”
“လေပြင်း ဖုန်းယဲ့”
ထိုသုံးဦး သူတို့နောက်ခံများကို အလျင်မလိုစွာ ပြော၏။
“အပျက်အစီးဒေသ သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုသုံးခုက တာအိုရောင်းရင်းတွေ ဖြစ်နေတာပဲ။ ကျုပ်တို့နောက် ဘာလို့ လိုက်လာကြတာလဲ”
ယဲ့ပေရွှမ် နူးညံ့ ငြင်သာပြီး သူ့ကိုယ်ပေါ်တွင် သတ်ဖြတ်ခြင်းဆန္ဒအရိပ်အယောင် လုံးဝ ထွက်ပေါ်မလာပေ။
လဲ့ရှောင်တို့ မျက်လုံးထဲတွင် သူသည် ဟုန်လိပြောသော ကောင်ချောလေးဟူသော မှတ်ချက်နှင့် လိုက်ဖက်၏။
လဲ့ရှောင် တောက်ပစွာ ပြုံးလိုက်သည်။
“ငါတို့ မင်းကို လာရှာတာ ကမ္ဘာဦးခရမ်းရောင်အလင်းတန်းထွက်နေတဲ့ ရတနာကြောင့်ပေါ့။ နယ်ပယ်တစ်ခုကို ဖန်တီးနိုင်တဲ့ ရတနာဆိုတာ နတ်ဘုရားရတနာပဲ ဖြစ်ရမယ်”
လဲ့ရှောင် ဆက်ပြော၏။
“ဒါပေမဲ့ အခု ငါတို့မှာ နောက်ထပ်အတွေးတစ်ခု တိုးလာပြီ။ အဲဒါ မင်းတို့ရှာထားတဲ့ နတ်ဆိုးဂူကို သတ်ဖြတ်ဖို့ပဲ”
ယဲ့ပေရွှမ် ထိုသုံးယောက်၏ စကားကြောင့် ရယ်မောသည်။ သကောင့်သားများက အတော်လေး သတ္တိရှိပေ၏။
သူတို့ လက်ထဲက ရတနာများကို လုယူချင်သည့်အပြင် သူတို့တိုက်ပွဲဆုလာဘ်များကိုလည်း လုယူချင်နေသည်။
သူ ဆရာ့လက်အောက်တွင် တပည့်တစ်ဦးဖြစ်လာပြီးနောက် ယခုလို မောက်မာသော တပည့်မျိုး မကြုံဖူးတော့ချေ။
“ဒါဆို ခင်ဗျားတို့သုံးယောက် ကျုပ် ခုနက အဲ့ရတနာသုံးတာ မြင်လိုက်တယ်ပေါ့”
“ဟုတ်တယ်။ ငါတို့ ကမ္ဘာဦးခရမ်းရောင်အလင်းတန်း မပျောက်ခင်လေး မြင်လိုက်ရတယ်။ ကြည့်ရတာ မင်းကိုယ်တိုင်လည်း နတ်ဘုရားလက်နက်ကိုအချိန်ကြာကြာ မသုံးနိုင်ပုံပဲ”
လဲ့ရှောင် အလျင်မလိုစွာ ပြောသည်။
၎င်းကို ကြားသောအခါ မူလက ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူများနှင့် ရင်ဆိုင်နေရသည့် ဖုန်းမိသားစုတပည့်များ သက်ပြင်းချနိုင်သွား၏။
သူတို့ကို လာနှောင့်ယှက်နေသူများသည် လောကကြီးကို မမြင်ဖူးသည့် တောသားအုပ်စုပင်။
‘ပြဇာတ်ကောင်းတစ်ပုဒ်တော့ ထပ်ကြည့်ရတော့မယ်’
“ချင်းလွမ်မျိုးနွယ်စုက သူတွေ ငါ့ကို ရောင်းစားသွားပုံပဲ။ ငါသာ ကြိုသိရင် ဝင်မကူညီပါဘူး”
ယဲ့ပေရွှမ် သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။
“ဟီးဟီး”
လန်ယန် ရယ်မော၏။
“တာအိုရောင်းရင်း ရှင် မြေခွေးမချင်းလီ လှည့်စားတာ ခံလိုက်ရတာလား”
“သူက ချင်းလွမ်မျိုးနွယ်ရဲ့ နံပါတစ်ကောင်းကင်ရွေးချယ်ခံဖြစ်လာဖို့ အခုလို နည်းလမ်းတွေကို အားကိုတာလေ။ သူက နောက်လိုက်တော်တော်များကိုတောင် မာယာကျော့ကွင်းထဲ သိမ်းသွင်းထားတာ။ လူကြမ်းကြီး ဟုန်လိတောင် သူ့ကျော့ကွင်းထဲ ကျသွားတယ်”
“ဒါပေမဲ့ သူ့မှာ စေ့စပ်ထားသူ ရှိတယ်လေ။ ရှင် မသိလောက်ဘူး”
ထိုသည်ကို ကြားသောအခါ ယဲ့ပေရွှမ် အမူအရာသည် အထူးတလှည် ထူးဆန်းသွား၏။
“မိန်းကလေး စကားကို စည်းမဲ့ကမ်းမဲ့ မပြောပါနဲ့။ ကျုပ်က မိသားစုရှိတဲ့ အမျိုးသားတစ်ယောက်ပါ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို မေးစရာ ရှိတယ်”
“မေးလေ”
ဖုန်းယဲ့ကတော့ သူ့စကားကို ရွေအလား တန်ဖိုးထားပြီး ဘာမှမပြော။
ယဲ့ပေရွှမ် မေးသည်။
“ချင်းလီက ကျုပ်တို့နေရာအပြင် တခြားဘာတွေ ပြောသွားသေးလဲ”
“ဟမ့်”
လဲ့ရှောင် အေးစက်စွာ နှာမှုတ်သည်။
“အဲ့အပျက်မလေး ငါတို့ကို အရှက်မကွဲချင်ရင် မင်းကို ဒုက္ခမပေးဖို့ ပြောတယ်။ ငါ အခု မင်းအမူအရာကို မှတ်တမ်းတင်ထားပြီး သူ့ကို မင်းအဆင့်အတန်းမှန်ကို ပြချင်တာ”
ယဲ့ပေရွှမ် သဘောကျသွား၏။ သူ ဟန်ဆောင်ပြုံးဖြင့် မေးလိုက်သည်။
“ဒါဆို ခင်ဗျားတို့ ချင်းလီစကားကို အတည်မထားဘူးပေါ့”
“သူနဲ့ ခင်ဗျားတို့ကြား ရန်ငြိုးတွေ ရှိလို့ ခင်ဗျားတို့သေအောင် သူ တမင်လွှတ်ပေးလိုက်တာလို့ ကျုပ် ထင်နေတာ”
ထိုစကားများကြောင့် သူတို့သုံးဦး၏ အမူအရာများ ပြောင်းလဲသွားသည်။
ဆန်းကြယ်ကောင်းကင်ဒေသမှ ကောင်ချောလေးသည် သူတို့လို သူတော်စင်တစ်ပိုင်းအင်အားစုများနှင့် ရင်ဆိုင်ရချိန်တွင် ယခုလောက် မောက်မာနေဦးမည်ဟု မထင်ထားပေ။
လဲ့ရှောင် တင်းမာစွာ ပြောသည်။
“ကောင်လေး မင်း အခေါင်းကို မမြင်ရမချင်း မကြောက်တတ်ဘူးထင်တယ်”
ထိုစကားအဆုံး ကောင်းကင်ယံတွင် ရာချီသော လူများ ပေါ်လာပြီး ဖုန်းမိသားစုတပည့်များကို တြိဂံပုံစံ ဝန်းရံလိုက်သည်။
ယဲ့ပေရွှမ် ပြုံးကာ ပြော၏။
“ခွေးတွေ ကြောင်တွေ အားကိုးပြီး ငါ့ကို ခြိမ်းခြောက်ချင်နေကြတာလား”
“ဟမ့်”
လဲ့ရှောင် အေးစက်စွာ နှာမှုတ်လိုက်သည်။
“သေမင်းက လမ်းတစ်ကမ်းမှာ ရောက်နေတာတောင် အသိမဝင်ကြသေးဘူး။ အတူတူ လှုပ်ရှားရအောင်”
ထိုသည်ကိုကြားသော် လန်ယန်နှင့် ဖုန်းယဲ့တို့၏ ပုံရိပ်များ တောက်ပသွားပြီး လဲ့ရှောင်နှင့် တြိဂံပုံစံ အစီအရင်တစ်ခု ဖွဲ့စည်းလိုက်သည်။
သူတို့ သူတော်စင်အဆင့်လက်နက်သုံးခုကို ထုတ်လိုက်၏။ လေခေါင်းလောင်း၊ မိုးကြိုးတူနှင့် အပြာရောင်မီးတောက်လှံတို့ပင်။
သူတော်စင်အဆင့်လက်နက်တို့မှ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်အလင်းများ တောက်ပလာသည်။ ထို့အလင်းတန်းတို့သည် စုဆုံးသွားကြပြီး သူတို့သုံးဦးကို လွှမ်းခြုံသွား၏။ ထိုစဉ် ဖုန်းမိသားစုတပည့်များကိုလည်း ဖုံးလွှမ်းသွား၏။
ယဲ့ပေရွှမ် သူတို့သုံးဦး သူ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားမည်ဟု မထင်ထားပေ။ သူ ဟုန်မင်ကြေးမုံကို ထုတ်ဖော်လိုက်၏။
ကမ္ဘာဦးခရမ်းရောင်အလင်းတန်းတို့ တောက်ပလာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော အလင်းတန်းသုံးခုနှင့် ထိပ်တိုက်ရင်ဆိုင်သွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ပေရွှမ် တစ်ခုခုမှားနေကြောင်း သတိထားမိသွား၏။
ပြိုင်ဘက်၏ လက်ထဲက သူတော်စင်အဆင့်လက်နက်များတွင် တာအိုအနှစ်သာရများ ပါဝင်နေပြီး သူ၏ ကမ္ဘာဦးခရမ်းရောင်အလင်းတန်းကို ခဏတာမျှ ဖိနှိပ်ထားလိုက်နိုင်သည်။
၎င်းကို မြင်သောအခါ ယခင်က တည်ငြိမ်နေကြသော ဖုန်းမိသားစုဝင်များ၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားတော့၏။
ဖုန်းယန်းရှန် အံ့ဩသွားတော့သည်။
“ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”