အခန်း ၅၁၇
Vol. 52 Ch. 517
အခန်း(၅၁၇)
“ငါ့ကို ကြည့်မနေနဲ့။ မင်းတို့ဘာသာ ဆုံးဖြတ်”
ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။
“ငါတို့ ယောက်ဖကို စိတ်မပျက်စေရဘူး”
ဖုန်းယန်ရှန်း သူ့ရင်ဘက်ကို ပုတ်ကာ ပြော၏။
“ယဲ့ပေရွှမ် ခေါင်းအသာ ညိတ်ပြသည်။
“ဒါဆို မင်းတို့ဆီက သတင်းကောင်းကို စောင့်နေမယ်”
ဖုန်းယန်ရှန်း လူသုံးယောက်ကို ချက်ချင်းရွေးချယ်လိုက်ပြီး နတ်ဆိုးများ စုဝေးနေသည့် နေရာသို့ တိတ်ဆိတ်စွာ ဝင်သွားသည်။ နတ်ဆိုးဖမ်းဆီးသည့် တာဝန်မျိုးတွင် လူများလွန်းခြင်းသည် အားနည်းချက်တစ်ခုပင်။
အချိန်ခဏလေးအတွင်း လူလေးယောက်အဖွဲ့သည် လူတိုင်း၏အမြင်မှ ပျောက်ကွယ်သွား၏။
ယဲ့ပေရွှမ် မတော်တဆမှုများ မဖြစ်စေရန် နတ်ဘုရားအာရုံကို သုံးလိုက်သည်။ သူ ဘိုးဘေးကို လူတိုင်း ဘေးကင်းစေရမည်ဟု ကတိပေးထား၏။
ခဏအကြာတွင် ဖုန်းယန်ရှန်းတို့အုပ်စု သေခါနီးစစ်မှန်ကံကြမ္မာအဆင့်နတ်ဆိုးတစ်ကောင်းကို ဖမ်းဆီးခေါ်ဆောင်လာသည်။ ထိုနတ်ဆိုး၏ ပါးစပ်ကို ပိတ်ထားသဖြင့် ညည်းတွားသံများသာ ထွက်နေ၏။
သို့သော် နတ်ဆိုး၏ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည်ကို သာမန်မျက်လုံးဖြင့် တွေ့နိုင်သည်။
ဖုန်းယန်ရှန်း ယဲ့ပေရွှမ်ထံ လျှောက်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
“ယောက်ဖ ငါတို့ နတ်ဆိုးတစ်ကောင် ဖမ်းလာတယ်။ ယောက်ဖကိုယ်တိုင် စစ်မေးမလား။ ငါတို့ လုပ်ရမလား”
ယဲ့ပေရွှမ် ခပ်တိုးတိုးပြောသည်။
“မင်းတို့လုပ်လိုက်။ ငါ စစ်မေးတဲ့နေရာ သိပ်မကျွမ်းဘူး”
“ကောင်းပါပြီ”
၎င်းသည် ယောက်ဖ သူ့ကို စွမ်းရည်ပြရန် ပေးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိသည်။ သူ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး နတ်ဆိုးပါးစပ်ထဲမှ အသုံးဝင်သော အချက်အလက်များကို ထုတ်ယူရပေမည်။
သူ နတ်ဆိုးထံ လျှောက်သွားပြီး ပိတ်ကန်သည်။
“မင်း လူသားဘာသာစကား ပြောနိုင်လား”
ဝူးဝူးဝါးဝါး
နတ်ဆိုး၏ ပါးစပ်ထဲမှ ဝူးဝူးဝါးဝါး အော်သံများ ထွက်လာသည်။
ဘုန်း
ဖုန်းယန်ရှန်း နတ်ဆိုးကို ခြေထောက်ဖြင့် ပိတ်ကန်ပြီး ကျိန်ဆဲလိုက်သည်။
“လူစကား နားမလည်တဲ့ နတ်ဆိုးတစ်ကောင်လား။ အချိန်တွေကုန်တယ်။ သွား။ တစ်ယောက်ယောက် သူ့ကို သူ့ကို သတ်လိုက်”
၎င်းကို ကြားသောအခါ စစ်မှန်ကံကြမ္မာအဆင့် နတ်ဆိုးသည် စိုးရိမ်တကြီး ညည်းတွားသံများ ထပ်မံ ပြုလုပ်လာပြီး သူ့ခေါင်းကို အဆက်မပြတ် ညိတ်ပြလာ၏။
“ဟုတ်ကဲ့”
ဖုန်းမိသားစု တပည့်များ ချက်ချင်း တုံ့ပြန်လိုက်ပြီး နတ်ဆိုးထံ လျှောက်သွားသည်။
“နေဦး”
ဖုန်းချုံးယွီ သူတို့လုပ်ရပ်များကို တားဆီးသည်။
ဖုန်းယန်ရှန်း နားမလည်နိုင်ဟန်ဖြင့် ကြည့်ကာ မေး၏။
“ညီမလေး ဘာလုပ်တာလဲ။ နင် နတ်ဆိုးဘာသာစကားကို တတ်ကျွမ်းလို့လား”
“မဟုတ်ဘူး”
ဖုန်းချုံးယွီ နတ်ဆိုးပါးစပ်ကို ညွှန်ပြကာ ပြောသည်။
“ငါ ပြောချင်တာ နင် သူ့ပါးစပ်ကို ပိတ်ထားတယ်လေ။ သူ ငါတို့မေးတာကို ဘယ်လို ဖြေမှာလဲ”
၎င်းကို ကြားသောအခါ နတ်ဆိုး၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာများ ပေါ်လာတော့၏။
ထိုစကားကို ကြားသောအခါ ဖုန်းယန်ရှန် အနေရခက်စွာ ခေါင်းကုပ်သည်။
“ငါ အခု စိတ်လှုပ်ရှားသွားပြီး မေ့သွားတာ။ တင်းကြပ်တဲ့ စစ်ကြောရေးတစ်ခု စတင်နေတယ်လို့သာ စဉ်းစားလိုက်ပါ”
နတ်ဆိုး “...”
‘ငါ့မှာလည်း ဂုဏ်သိက္ခာရှိပါတယ်။ ဒီလိုလုပ်နေမဲ့အစား တိုက်ရိုက်သတ်ပစ်လိုက်ပါလား’
ဖုန်းယန်ရှန်း နတ်ဆိုး၏ ပါးစပ်စည်းကို ဆွဲခွာကာ ပြောလိုက်သည်။
“ရိုးရိုးသားသားဝန်ခံစမ်း။ မင်းတို့နတ်ဆိုးမျိုးနွယ်က သူတော်စင်တစ်ပိုင်းအဆင့်တွေ ဘယ်မှာလဲ”
နတ်ဆိုး ခဏတာ ကြောင်အသွားသည်။ သူ ဤလူသားများ မဟာပဏ္ဍိတနတ်ဆိုးအရှင်ကို ဒုက္ခပေးချင်မည်ဟု မထင်ထားပေ။
မူလက အော်ဟစ်ကူညီတောင်းရန် တွေးထားသော်လည်း ချက်ချင်း သူ့စိတ်ကို ပြောင်းလဲလိုက်သည်။
“အနောက်ဘက်ကို မိုင်တစ်သောင်းသွားလိုက်။ ဗုဒ္ဓကျောင်းတစ်ခုဆီ ရောက်သွားလိမ့်မယ်။ ဘုရားကျောင်းထဲမှာ ဗုဒ္ဓအရှင်တစ်ပါး သီတင်းသုံးတယ်။ သူက မဟာနတ်ဆိုးအရှင်တွေထဲက တစ်ပါးပဲ”
“အရမ်းကောင်းတယ်”
ဖုန်းယန်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
“မင်းက ကျေးဇူးသိတတ်တဲ့ နတ်ဆိုးတစ်ကောင်ဆိုတော့ ငါ မင်းကို အမြန်သေခွင့်ပေးလိုက်မယ်”
ကလန်
ဓားမြည်သံတစ်ချက် ထွက်လာပြီး အနီရောင်ဓားချီတစ်ခု ထွက်ပေါ်လာကာ နတ်ဆိုးခေါင်းက ချက်ချင်း ပြတ်တောက်သွားတော့၏။
၎င်းက မငိုကြွေးသလို စိတ်ပျက်အားငယ်သွားခြင်းလည်း မရှိပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
‘ဗုဒ္ဓနတ်ဆိုးအရှင်က သေချာပေါက် ငါ့အတွက် လက်စားချေလိမ့်မယ်’
ယဲ့ပေရွှမ် ပြော၏။
“ကောင်းပြီလေ။ ငါတို့ သူတော်စင်တစ်ပိုင်းနတ်ဆိုးရဲ့ တည်နေရာကို သိပြီဆိုတော့ သွားကြစို့”
“ဟုတ်ကဲ့”
လူအုပ်ကြီး တပြိုင်နက် ပြန်ဖြေကြပြီး ယဲ့ပေရွှမ်နောက်သို့ လိုက်သွားကြသည်။
လဝက်ကြာပြီးနောက်
လူတိုင်း မမျှော်လင့်ထားစွာ လျှို့ဝှက်နယ်မြေထဲတွင် အိုအေစစ်တစ်ခုကို ရှာတွေ့သွားကြ၏။
၎င်းက သူတို့အတွက် တွေးတောစရာပင်။
လျှို့ဝှက်နယ်မြေအတွင်း နတ်ဆိုး၊ သေဆုံးခြင်းနှင့် မီးတောက်စွမ်းအင်များ ပြည့်နှက်နေသည့်အတွက် ရှင်သန်ခြင်း၊ အသက်ဓာတ်တို့နှင့် သက်ဆိုင်သော အရာတစ်ခု အဘယ်ကြောင့် တည်ရှိနေမှန်း သူတို့နားမလည်ပေ။
သို့သော် သူတို့ရှေ့တွင် အိုအေစစ်တစ်ခု တည်ရှိနေသည်။ လူတိုင်း မသိစိတ်အရ ရပ်တန့်လိုက်ကြပြီး ယဲ့ပေရွှမ်ကို ကြည့်လိုက်၏။
ယဲ့ပေရွှမ် မျက်မှောင်ကြုတ်သည်။ သူ ဘဝနှစ်ခုတွင် ရှင်သန်နေထိုင်ဖူးသော်လည်း ဤသို့သော အခြင်းအရာကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပေ။
သူရှေ့က အိုအေစစ်သည် အတုအယောင်လား အစစ်မှန်လား စစ်ဆေးရန် ဟုန်မင်ကြေးမုံကို ထုတ်လိုက်၏။
ယဲ့ပေရွှမ် လက်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဟုန်မင်ကြေးမုံမှ အလင်းတန်းများ တောက်ပလာပြီး အိုအေစစ်အပေါ်သို့ ကျရောက်သွားသည်။
သူတို့ရှေ့တွင် အိုအေစစ်နှင့် ထပ်တူညီသော ပုံရိပ်တစ်ခု ကြေမုံးအတွင်း ပေါ်လာတော့၏။
သူ ရေရွတ်သည်။
“တကယ် ရှိနေတာပဲ။ ဆရာပြောဖူးတဲ့ အဆုံးစွန်ရောက်သွားရင် ပြောင်းပြန်လှန်သွားတတ်တယ်ဆိုတဲ့ သဘောတရားများလား”
ဖုန်းချုံးယွီ ပြောသည်။
“ယောကျာ်း ဒါဗုဒ္ဓနတ်ဆိုး တာအိုအနှစ်သာရကို သုံးပြီး ဖန်တီးထားတာလား”
“ဟုတ်လောက်မယ်။ လူတိုင်း အိုအေစစ်ထဲဝင်ရင် ငါ့နောက်လိုက်ခဲ့ကြ။ ဘယ်သူမှ မကျန်ခဲ့စေနဲ့။ မဟုတ်ရင် ငါမကာကွယ်ပေးနိုင်ဘဲ ဖြစ်မယ်။ ဒါပေမဲ့ မင်းတို့ အိုအေစစ် အပြင်ဘက်ကနေ စောင့်နေခဲ့လည်း ရတယ်”
ယဲ့ပေရွှမ် မဟာပဏ္ဍိတနတ်ဆိုးနှင့် ရင်ဆိုင်ရာတွင် လူများခြင်းက အသုံးမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူ လူတိုင်းကို ရွေးချယ်ခွင့် ပေးသည်။
ယဲ့ပေရွှမ်ကို အမြဲထောက်ခံတတ်သော ဖုန်းယန်ရှန်းပင် တိတ်ဆိတ်နေ၏။
အချိန်များ ကုန်လွန်လာပြီး နောက်ဆုံးတွင် လူတစ်ဦး ရှေ့သို့တက်လာသည်။
“ကောင်းကင်ရွေးချယ်ခံယဲ့ ကျွန်တော်တို့ခွန်အားက သာမန်ဆိုတော့ ရွေးချယ်ခံယဲ့ကို ဒုက္ခမပေးတော့ပါဘူး”
“ကျွန်တော်လည်း နေခဲ့ပါမယ်”
နောက်ဆုံးတွင် ဖုန်းယန်ရှန်းတစ်ယောက်သာ ကျန်တော့သည်။
ယဲ့ပေရွှမ် သူ့ကို ကြည့်လိုက်သည်။
“အစ်ကိုသုံး မင်း ဘယ်လိုထင်လဲ”
ဖုန်းယန်ရှန်း ပြောသည်။
“ငါ နေခဲ့လိုက်မယ်။ ဒီမှာ လူတိုင်းကို ခေါင်းဆောင်ထားလိုက်မယ်။ မဟုတ်ရင် ပရမ်းပတာတွေ ဖြစ်နေလိမ့်မယ်”
ယဲ့ပေရွှမ် ခေါင်းအသာ ညိတ်သည်။
“ကောင်းပါပြီ။ ဒါဆို လူတိုင်း ဘေးကင်းဖို့ အစ်ကိုသုံးကို အားကိုးပါတယ်”
“စိတ်ချ။ ငါတို့ ယောက်ဖ ထွက်လာမဲ့အချိန်ကို စောင့်နေမယ်”
ဖုန်းယန်ရှန်း သူ့ရင်ဘက်ကို ပုတ်ကာ အာမခံ၏။
ယဲ့ပေရွှမ် ဖုန်းချုံးယွီနှင့် အကြည့်ချင်းစုံပြီးနောက် လက်ချင်းချိတ်ကာ အိုအေစစ်ထဲသို့ ဝင်သွားသည်။
ဖုန်းမိသားစုတပည့်များသည် လက်ချင်းချိတ်ကာ ပျောက်ကွယ်သွားသော ထိုနှစ်ယောက်၏ ကျောပြင်းကို ကြည့်ရင်း သူတို့နှလုံးသားထဲတွင် မလွယ်ကူမှုကို ခံစားလိုက်ရသည်။
“အစ်ကိုသုံး ကောင်းကင်ရွေးချယ်ခံယဲ့နဲ့ ညီမလေးတို့ ဘာမှ မဖြစ်ပါဘူးနော်”
ဖုန်းမျိုးနွယ်ဝင်တစ်ဦး စိုးရိမ်စွာ မေးသည်။
“မဖြစ်ဘူး။ မင်းတို့ ယောက်ဖရဲ့ ဝှက်ဖဲကို မေ့သွားပြီလား။ စိတ်မကောင်းစရာက ဝှက်ဖဲက တိုက်ခိုက်လို့ပဲရတယ်။ ခုခံကာကွယ်လို့ မရဘူး။ မဟုတ်ရင် ငါပါ အမြင်ကျယ်အောင် သူတို့နောက် လိုက်သွားတယ်”
ဖုန်းယန်ရှန်း သူ့ပူပန်မှုများကို ထုတ်ပြောသည်။
မည်သူမျှ ဖုန်းယန်ရှန်းကို မရယ်မောပေ။ သူတို့ ခေါင်းညိတ်လိုက်သည်။ သူတို့မျက်နှာပေါ်တွင်လည်း စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
တစ်ချိန်တည်းမှာ ယဲ့ပေရွှမ်နှင့် ဖုန်းချုံယွီတို့ အိုအေစစ်ထဲသို့ ဝင်ရောက်လာသည်။ အကြောင်းရင်းတစ်ခုကြောင့် သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သတိတရားများ လျော့ပါးလာသည်။
အိုအေစစ်အတွင်း ငှက်ကလေးများ တေးသီနေပြီး ပန်းရနံ့များ ထုံသင်းနေသည်။ လေထုက လတ်ဆတ်နေသဖြင့် သူတို့ လဲလျောင်းအနားယူချင်စိတ်များ ပေါ်ပေါက်လာတော့၏။
ဖုန်းချုံးယွီ ဦးစွာ စကားစလာသည်။
“ယောက်ျား ဒီနေရာလေးက ထူးခြားတယ်နော်”