ကြိုးချည်ခံထားရသော နတ်ဆရာ
Vol. 13 Ch. 1215
ကျိုးကျစ်မိုက ကာမအားတိုးဆေးတစ်လုံး ချေမွခဲ့ပြီး စုန့်ကျင်းဝမ်သည်လည်း ထိုနည်းတူပင်။ သို့သော် ဟိုရှောင်မေ့ကား နှစ်လုံးချေခဲ့၏။ ထို့ပြင် သူမက ကန့်သတ်ထားသော သီးသန့်အခန်းထဲတွင် ထိုသို့လုပ်ခဲ့လေသည်။
ရလဒ်အား အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။ ပန်းရောင်မြူထုမှာ အတော်လေး သိပ်သည်းပြီး လွင့်ပြယ်သွားမည် မဟုတ်ပေ။ ပိုင်ရှောင်ချန်းနှင့် ဟိုရှောင်မေ့မှာ ရက်နှင့်ချီ၍ ဆေးရနံ့ကို ရှူရှိုက်နေမိလေသည်။ နောက်ဆုံး၌ တစတစလွင့်ပြယ်သွားသောအခါ သီးသန့်အခန်းတံခါး ပွင့်သွားပြီး ဟိုရှောင်မေ့ ထွက်လာ၏။ ဟိုရှောင်မေ့မှာ အတန့်ငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေပုံပေါ်သော်လည်း မျက်နှာလေး နီမြန်းနေပြီး မျက်ဝန်းကလေးများက တဖျပ်ဖျပ်လင်းလက်နေလေသည်။ သူမက ခေါင်းလှည့်ကြည့်ပြီးနောက် ဗိုက်ကိုပွတ်သပ်၍ ယိုင်းတီးယိုင်တိုင် ထွက်သွားလေ၏။
အချိန်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းတစ်ယောက် သီးသန့်အခန်းမှ လမ်းလျှောက်ထွက်လာပြီး ပူဆွေးသောကရောက်နေဟန်ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
" ငါက ထာဝရအင်မော်တယ်နယ်မြေမှာ အစွမ်းထက်ဆုံးပညာရှင်သုံးဦးထဲက တစ်ယောက် ဖြစ်တဲ့ ဘုန်းတန်းခိုးကြီးမားတဲ့ ဗဟိုဧကရာဇ်လေ "
သူ၏ကာမအားတိုးဆေးများ၏လက်အတွင်း သက်ဆင်းနေခဲ့ရသည့် သူ၏ရှုံးနိမ့်မှုများမှာ သူ့ဘဝတွင် ထပ်တလဲလဲပြန်ပြန်ကျော့ထားသော တေးသီချင်းတစ်ပုဒ်ပမာ ဖြစ်နေသည်ကို သူ သက်ပြင်းသာ ချနိုင်တော့သည်။
" ကာမအားတိုးဆေးတွေ မရှိလို့ကတော့နော်... "
သူက စိတ်ထဲတွင် ငြီးတွားလိုက်သည်။ တခဏကြာပြီးနောက် သူက ထိုကဲ့သို့ မတွေးသင့်ကြောင်း သဘောပေါက်လိုက်၏။ ကာမအားတိုးဆေးများမရှိပါက ဘဝတွင် သူ တစ်ကိုယ်တည်းသမား ဖြစ်နေလောက်ပေမည်။ သူဆိုသည်မှာ အလွန် ဖြူစင်ရိုးသားလွန်းသော လူတစ်ယောက်ဖြစ်သည် မဟုတ်ပါလော။
" အာ ဘာပဲဖြစ်ဖြစ်၊ ရှိတာက ရှိပါစေတော့"
သူက ခေါင်းကိုခါယမ်း၍ သက်ပြင်းချလိုက်သည်။ ဤအချိန်တွင် ဟိုရှောင်မေ့တွေးပုံကို သူ နားလည်သည်ဟု ခံစားရလေသည်။ သူမသည် သူ့ကို အရင်ဆုံးသိခဲ့သူဖြစ်သော်လည်း စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့က သူ့ကလေးလွယ်ထားရလေပြီ။ သူမက နောက်မကျန်ခဲ့ချင်၍ အမီလိုက်ရန် လွန်ကဲသော နည်းလမ်းများ အသုံးပြုခဲ့ခြင်းပင်။
" အီး။ သူတို့အားလုံး ငါ့ကလေးလွယ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေကြတာလဲ သူတို့အမှားမဟုတ်ပါဘူး။ တကယ်က ငါ့အမှားပါပဲ"
သူက ခေါင်းကိုခါယမ်း၍ သူ၏ သီးသန့်အခန်းထဲ ပြန်မဝင်ခင် လမ်းနည်းနည်းပါးပါးလျှောက်လိုက်လေသည်။
ဗဟိုဧကရာဇ်နိုင်ငံတော်သည် ယခုတွင် အလွန်တည်ငြိမ်သော အခြေအနေတွင် ဖြစ်သည်။ မဟာကောင်းကင်သခင်နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များက အရာအားလုံး ချောချောမွေ့မွေ့၊ ထိထိရောက်ရောက်အလုပ်လုပ်နေကြောင်း သေချာနေစေရန် နိုင်ငံကို အုပ်ချုပ်ရာတွင် တာဝန်အမျိုးမျိုး ခွဲဝေပေးခဲ့ပြီးလေပြီ။ ဗဟိုဧကရာဇ်နိုင်ငံတွင်ရှိသည့် အဖိုးတန်ဆုံးအရည်အချင်းမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး ယခုတွင် ငြိမ်းချမ်းရေးသဘောတူစာချုပ်က အမျိုးမျိုးသောနိုင်ငံများအကြား ရောက်ရှိခဲ့ပြီးဖြစ်၍ ရောင်းဝယ်ဖောက်ကားမှုများ စတင်ဆောင်ရွက်လာကြ၏။
ကုန်းစွန်းဝမ်အာ၏ တာအိုသစ်စေ့ကိုလည်း မိစ္ဆာဧကရာဇ်က လှမ်းပို့ခဲ့လေသည်။ သူ့အနေဖြင့် ထိုသို့လုပ်ရန်ကလွဲ၍ အမှန်တကယ် ရွေးချယ်စရာမရှိပေ။ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်က မိစ္ဆာဧကရာဇ်အတွက် ကောင်းမွန်သောအရာတစ်ခုဖြစ်ပြီး သူသည် ပိုင်ရှောင်ချန်းကိုသော်လည်းကောင်း၊ သူတော်စင်ဧကရာဇ်ကိုသော်လည်း သူ့ကိုပြဿနာရှာရန် ဆင်ခြေတစ်ခု မပေးချင်ပေ။
ယေဘုယျအားဖြင့် အကြောင်းကိစ္စများကား ငြိမ်းချမ်းတည်ငြိမ်နေလေသည်။ ကျိုးကျစ်မိုနှင့်် စုန့်ကျင်းဝမ်မှာမူ သူတို့၏ မွေးနေ့စေ့တော့မည်ဖြစ်ရာ ၄င်းမှာ မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်အတွက်ပင် မယုံကြည်နိုင်ဖွယ် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်လေသည်။
ပိုင်ရှောင်ချန်းက ထာဝရအသက်ရှည်ကျင့်စဥ်ကို အပြီးပိုင်တတ်မြောက်ခဲ့သည့် အချက်မှာ လျှို့ဝှက်ချက်မဟုတ်သည့်အပြင် ဗဟိုဧကရာဇ်၏ လက်ဆင့်ကမ်းကျင့်စဥ်မှ ရရှိသော မယုံကြည်နိုင်စရာစွမ်းအားများနှင့် စွမ်းရည်များကလည်း အံ့သြတုန်လှုပ်ဖွယ်ကောင်းလေသည်။ အကယ်၍ သူသာ သူ၏ကလေးများကို မွေးရာပါပင်ကိုယ်ပါရမီများ လက်ဆင့်ကမ်းပေးခြင်းဖြင့် အဆုံးသတ်သွားပါက ရလဒ်များမှာ ကြောက်စရာကောင်းနေမည်ဖြစ်သည်။
အထူးသဖြင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း။
စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်နိုင်သော စွမ်းရည်သည် လူတစ်ယောက်၏ သွေးမျိုးဆက်ပေါ်မူတည်ပြီး ယခု ပိုင်ရှောင်ချန်းက ကလေးနှစ်ယောက် ရတော့မည်ကို ထည့်တွက်ပါက ထာဝရအင်မော်တယ်နယ်မြေများရှိလူတိုင်းမှာ မည်သို့ဖြစ်ပျက်လိမ့်မည်ကို သိချင်နေကြတော့သည်။
ပိုင်ရှောင်ချန်းမှာလည်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် နန်းတော်ထဲက ဘယ်တော့မှ ထွက်မသွားသည်သာမက သူ၏ပုံမှန်တရားအားထုတ်ရာအဆောင်ကို စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ နေသည့်နေရာထံသို့ပင် ရွှေ့ပြောင်းခဲ့လေသည်။
ထာဝရအင်မော်တယ်နယ်မြေများရှိ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်အောင် တစ်ခုခု လုပ်ရဲမည်မဟုတ်ကြောင်း သိသော်လည်း သူက အသင့်ပြင်ပြီး သတိရှိနေချင်သေးလေသည်။
ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏သွေးအတွင်းရှိ စွမ်းအားကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ နေ့ရက်များကို အဆုံးမရှိ ဆွဲခေါ်သွားကာ မယုံကြည်နိုင်လောက်အောင် ကြာရှည်နေသည်။
လဝက်ခန့်အကြာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ မွေးဖွားမည်ကို လူတိုင်း စောင့်နေကြသည့်အချိန် ရွှီပေါက်ချိုင်နှင့် နတ်ဆရာရောက်ရှိလာ၏။
သူတို့က အလွန်ထူးဆန်းသောပုံစံဖြင့် လာကြလေသည်။ ရွှီပေါက်ချိုင်က နတ်ဆရာကို ပြန်ပေးဆွဲခဲ့ခြင်းပင်။ သူ ဗဟိုဧကရာဇ်နိုင်ငံသို့ အမှန်တကယ်ရောက်မလာခင်အထိ သူ့သရုပ်မှန်ကို မဖော်ပြခဲ့ပေ။ ထို့နောက် သူနှင့်နတ်ဆရာအတွက် ဗဟိုဧကရာဇ်မြို့တော်ထံ ရောက်လာရန် သိပ်မကြာလိုက်ပေ။
ရောက်ရောက်ချင်း ရွှီပေါက်ချိုင်က စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် အခြားသူများကို ဂါဝရပြုပြီးနောက် ပိုင်ရှောင်ချန်းကို တွေ့ရန် တောင်းဆိုလိုက်သည်။ ရွှီပေါင်ချိုင်၏ တင်းတင်းကြပ်ကြပ်ချည်နှောင်ခံထားရသော နတ်ဆရာမှာ တချိန်လုံး ရေငုံနှုတ်ပိတ်နေပြီး သိပ်ပျော်နေပုံလည်း မပေါ်ပေ။
၄င်းမှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်၍ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးအတွက် အတော်လေး မသင်္ကာစရာကောင်းနေတော့သည်။ သတင်းအား အဆင့်အဆင့် ကမ်းလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ အကြောင်းကြားခံလိုက်ရ၍ ရွှီပေါက်ချိုင်နှင့် နတ်ဆရာအား အရန်ဆောင်တစ်ဆောင်သို့ အခစားဝင်ရောက်ရန် ဆင့်ခေါ်လိုက်သည်။
တံခါးများပွင့်သွားသောအခါ အလွန်စိုးရိမ်သောကရောက်နေပုံဖြင့် ကြိုးများအထပ်ထပ်ချည်နှောင်ခံထားရသော နတ်ဆရာနှင့် သူ့နောက်မှ လျှောက်လမ်းကိုဖြတ်၍ ရှေ့တွန်းနေသော ရွှီပေါက်ချိုင်ကို မြင်လိုက်ရလေသည်။ ပိုင်ရှောင်ချန်းမှာ မြင်ကွင်း၏ ထူးဆန်းနေမှုကြောင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ရလေသည်။
ရွှီပေါင်ချိုင်က ပိုင်ရှောင်ချန်းကို မြင်သောအခါ အခန်းထဲသို့ နတ်ဆရာအား စိတ်လှုပ်တရှား တွန်းပို့လိုက်ပြီး အပြေးအလွှားရှေ့တက်၍ ဂါဝရပြုလေသည်။
" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ် "
ရွှီပေါက်ချိုင်က ဟန်ဆောင်ပန်ဆောင်စိတ်လှုပ်ရှားနေခြင်းမဟုတ်ပေ။ သူတော်စင်ဧကရာဇ်နိူင်ငံတွင်ရှိနေပြီး ပိုင်ရှောင်ချန်း ဗဟိုဧကရာဇ်ဖြစ်လာခဲ့ကြောင်း သူ ကြားလိုက်ရတုန်းက သူက သူ၏စိတ်အားထက်သန်မှုများအား မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားရလေသည်။ သူနှင့်ပိုင်ရှောင်ချန်း၏ ဆက်ဆံရေးကို ထည့်တွက်ပါက သူလည်း အကျိုးအမြတ်ရလောက်မည် မဟုတ်ပါလား။
သူ မည်မျှ သစ္စာရှိကြောင်း ပြသရန်အလို့ငှာ ဂါဝရပြုအရိုအသေပေးပြီးနောက် သူက ကပျာကယာပြောသည်။
" အရှင်မင်းကြီး ကျုပ် လက်ဗလာနဲ့မလာခဲ့ဘူး။ ကျုပ် ဒီသစ္စာဖောက်ကို ကျုပ်နဲ့အတူ ခေါ်လာခဲ့တယ်။ ဘယ်စ္စာဖောက်လဲလို့ မင်းကြီး မေးလောက်မှာပေါ့။ နတ်ဆရာပေါ့ဗျာ"
ပိုင်ရှောင်ချန်းက ရွှီပေါက်ချိုင်ကို တလှည့်၊ နတ်ဆရာကိုတလှည့် ကြည့်သည်။ သိသာစွာပင် သူတို့နှစ်ယောက်ကြား၌ အချေအတင်တစ်ခုခု ရှိလေ၏။
" ငါက သစ္စာဖောက်မဟုတ်ဘူး" နတ်ဆရာက အော်သည်။
" ပိုင်ရှောင်....အာ ..အရှင်မင်းကြီး။ ကျုပ် သစ္စာမဖောက်ဘူး။ ကျုပ်..."
သူမည်သည့်ဖြေရှင်းချက်မှ မပေးနိုင်မီ ရွှီပေါက်ချိုင်က သူ့ကို စူးစူးဝါးဝါးကြည့်ပြီး ကြားဖြတ်ပြောသည်။
" ပိတ်ထား နတ်ဆရာ … ခင်ဗျား သိတဲ့အတိုင်း ကျုပ်က အသိပညာနဲ့ပတ်သက်ရင် ပညာရှင်တစ်ယောက်။ ဒါကြောင့် မလိမ့်တပတ်လုပ်ဖို့တော့ မကျန်နဲ့ “
" အရှင်မင်းကြီး ဒီမိစ္ဆာနတ်ဆရာက ကျုပ်တို့ကို သေချာပေါက် သစ္စာဖောက်ခဲ့တာပါ။ ပိုပြီးစိတ်တိုဖို့ကောင်းတာက သူက ကျုပ်ကို တိတ်တိတ်နေစေဖို့ လာဘ်ထိုးဖို့ကြိုးစားခဲ့တယ် “
"အရှင်မင်းကြီး သူ့ကိုဖမ်းဆီးဖို့ ကျုပ် အရှက်တကွဲအကျိုးနည်းရမှုတွေ ဘယ်လောက် ကြိတ်မှိတ်ခံခဲ့ရလဲ အရှင်မင်းကြီး မသိဘူး။ သူ့ရဲ့ဘက်ရောက်ဖို့အတွက် ကျုပ် ကျုပ်ရဲ့ဝိညာဥ်ကိုစားလုနီးပါး ဖြစ်ခဲ့ရတဲ့အပြင် ကျုပ်ရဲ့ တာအိုနှလုံးသားကို ပြိုလဲစေခဲ့တဲ့ အမျိုးသမီးကျင့်ကြံသူတစ်ရာကို လက်ခံခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ ကျုပ်ရဲ့ သစ္စာရှိမှုတွေဟာ ဘယ်တော့မှ ယိမ်းပိုင်မသွားခဲဘူး အရှင်မင်းကြီး "
ရွှီပေါက်ချိုင်၏စကားက အခန်းထဲ ပဲ့တင်ထပ်သွားစဥ် နတ်ဆရာက သူ့ကို ဒေါသတကြီး ကြည့်သည်။
" ဟုတ်တာပေါ့ ငါ မင်းကို အမျိုးသမီးကျင့်ကြံသူတစ်ထောင် စီစဥ်ပေးခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ငါ မင်းဆီ တစ်ယောက်ပို့တိုင်း မင်းက ထပ်တလဲလဲ တောင်းဆိုနေခဲ့တာလေ။ ဒါကြောင့် မင်း တစ်ရာကျော်သွားတာပဲ "
" အဲဒါ ဘာကြောင့်လဲဆိုတော့ ကျုပ်ရဲ့တာအိုနှလုံးသားက သန်မာလို့ဗျ "
ရွှီပေါက်ချိုင်က ပြန်အော်သည်။
" အဲဒါတွေအားလုံးက တာဝန်အတွက်ပဲ။ သစ္စာဖောက် ခင်ဗျားကို ဖမ်းဖို့အတွက်။ ဒါကြောင့် ကျုပ် အရှက်ကွဲရတာတွေအားလုံးကို ကြိတ်မှိတ်ခံခဲ့တာ။ ခင်ဗျားရဲ့ တံစိုးလက်ဆောင်တွေကို လက်ခံရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ အဲဒါပဲ ခင်ဗျားကို ဖမ်းဖို့ တစ်ခုတည်းသောနည်းလမ်းလေ"
အကြီးစားငြင်းခုံမှုတစ်ခုကား နှစ်ဖက်စလုံး တစ်ယောက်ကိုတစ်ယောက် စွပ်စွဲရင်း၊ စွဲချက်များအား ဘူးခံငြင်းရင်း ပေါက်ကွဲထွက်လာတော့သည်။
" ဒီအတွက် နတ်ဆရာကို မသနားနဲ့ အရှင်မင်းကြီး" ရွှီပေါက်ချိုင်က ကျယ်လောင်စွာ ပြောသည်။
" ကျုပ် သူ့ဆီ အရင်ဆုံး သွားရတဲ့အကြောင်းရင်းက ဗဟိုဧကရာဇ်နိုင်ငံဆီ ခရီး အတူတူထွက်ဖို့ တောင်းဆိုမလို့ပဲ။ ဒါပေမဲ့ သူက နတ်ဘုရားတစ်ပိုင်းအဆင့်တာအိုလက်တွဲဖော် ရှိနေတာကြောင့် ငြင်းလိုက်တယ်လေ။ အဲဒါကြောင့် ကျုပ်မှာ သူ့ယုံကြည်မှုရဖို့ အရှက်ကွဲခံရတာတွေကို ခံစားဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူး။ အချိန်ကောင်းရောက်တော့ ကျုပ် သူ့ကိုအဆိပ်ခတ် ကြိုးချည်ပြီး ဒီကို အတင်းအဓမ္မခေါ်လာခဲ့တာပဲ"
နတ်ဆရာက သက်ပြင်းချ၍ ပြောသည်။
" ဘယ်သူက ငါမလာချင်ဘူးပြောလဲ။ ငါ့မှာ မိသားစုအကြီးကြီးတစ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ ငါ သူတို့အားလုံးကို မစွန့်လွှတ်နိုင်ရုံလေးတင်ပါ။ ဒါပေမဲ့ အဲဒါက ငါမလာချင်ဘူးလို့ မဆိုလိုဘူး "
" အရှင်မင်းကြီးကို အရူးလုပ်ဖို့ တွေးတောင်မတွေးနဲ့။ ခင်ဗျားက ထည့်တောင်မတွက်ဘဲ ကောင်းကင်တံတားဒေသရဲ့သွေးတွေကို ဟိုဟိုသည်သည် လျှောက်ဖြန့်ရင်း ကလေးတွေယူနေခဲ့တာလေ။ ခင်ဗျားကျေးဇူးကြောင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုရဲ့လျှို့ဝှက်ချက်တွေက လျှို့ဝှက်ချက်အဖြစ်ဆက်ရှိနေမှာ မဟုတ်တော့ဘူး "
ပိုင်ရှောင်ချန်းသည် အခြေအနေက အတော်လေးအပျင်းပြေစရာကောင်းကြောင်း တွေ့သော်လည်း ငြင်းခုံခြင်းမှသည် တကယ့်တိုက်ပွဲအတွင်းကျရောက်တော့မည်ဖြစ်ကြောင်း ပြောနိုင်လေသည်။ တကယ်တမ်းဆိုရလျှင် နတ်ဆရာမှာ အလွန်အားနည်းနေသဖြင့် ရွှီပေါက်ချိုင်က သူ့ကို မြေပေါ် ဆောင့်ကန်ပြီး သူ့အပေါ် နင်းသောအခါ သူ့ကိုယ်သူ မကာကွယ်နိုင်ပေ။ ထိုအချိန် ပိုင်ရှောင်ချန်းက ကြားဝင်လိုက်တော့သည်။
အခြေအနေကား သိသာလေသည်။ နတ်ဆရာသည် ကောင်းကင်တံတားဒေသမှ အခြားကျင့်ကြံသူများစွာနှင့်မတူဘဲ သက်သာသော ဘဝတွင် နေထိုင်နေခဲ့ရလေသည်။ ထို့ကြောင့် သူက ဗဟိုဧကရာဇ်နိုင်ငံသို့ လာရောက်ရန် ဝေခွဲရခက်နေခြင်း ဖြစ်သည်။
နတ်ဆရာကို ကြိုးဖြေပေးရင်း ပိုင်ရှောင်ချန်းက ပြောသည်။
" နားထောင် နတ်ဆရာ။ ကျုပ်တို့က ညီအစ်ကိုတွေဆိုလဲ ဟုတ်တယ်။ ခင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းချင်လား မပူးပေါင်းချင်ဘူးလား။ မပူးပေါင်ချင်ရင် ခင်ဗျားကို တစ်ယောက်ယောက်ပြန်လိုက်ပို့ခိုင်းလိုက်မယ်။ ကျုပ်လိုချင်တာက ကောင်းကင်တံတားဒေသက လူတွေ ပျော်ရွှင်ဖို့ အဲဒါအကုန်ပဲ။ ခင်ဗျား ကျုပ်ကို သစ္စာမဖောက်သရွေ့ ခင်ဗျား ဘယ်နေရောက်နေရောက်နေ ကျုပ်တို့က မိတ်ဆွေတွေပဲ "
လက်တစ်ချက် အဝှေ့ဖြင့် ပိုင်ရှောင်ချန်းက အဆိပ်နှင့်အတူ နတ်ဆရာ၏ အားနည်းမှုကို ပြေပျောက်သွားစေလိုက်သည်။
နတ်ဆရာက တဆတ်ဆတ်တုန်ရီရင်း တခဏတာ ဆွံအလျက် ရပ်နေတော့သည်။ ထို့နောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြော၏။
" ကျုပ် ပူးပေါင်းချင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းမဟုတ်ဘူး။ ကျုပ် … မိသားစုကိုလဲ အတူတူခေါ်လာချင်တယ် "
ပိုင်ရှောင်ချန်းက အားပါးတရရယ်၍ ရှေ့ကိုလျှောက်လာကာ နတ်ဆရာကို ဖက်လိုက်သည်။ " ဘာမှကိစ္စမရှိဘူး။ ကြိုက်သလောက်သာ ခေါ်လာခဲ့"
ထို့နောက် သူက ရွှီပေါက်ချိုင်ကို ဖက်လိုက်သည်။
နတ်ဆရာမှာ တစ်ခုခုထပ်ပြောချင်ပုံရသော်လည်း မျိုသိပ်လိုက်၏။ ရွှီပေါက်ချိုင်မှာလည်း သတင်းထပ်ပေးသင့်၊ မပေးသင့် ချီတုံချတုံဖြစ်သွားလေသည်။ သို့သော် ပိုင်ရှောင်ချန်း မည်မျှပျော်ရွှင်နေသည်ကို ကြည့်၍ ဘာမှဆက်မပြောတော့ပေ။
မကြာခင် သူ၏ပိုင်ဆိုင်မှုများနှင့် ဇနီးများအားလုံးကို ဗဟိုဧကရာဇ်မြို့တော်ထံ ခေါ်လာခွင့်ပေးထားသော၊ ပိုင်ရှောင်ချန်းထံမှ တရားဝင်အမိန့်စာတစ်စောင်ကို လက်တွင်ကိုင်၍ နတ်ဆရာ ထွက်ခွာသွား၏။
သူက ဗဟိုဧကရာဇ်မြို့တော်ဘက် ခေါင်းလှည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
" ငါပြန်လာရင် သူအံသြပြီး သတိလစ်မသွားဖို့ မျှော်လင့်ရတာပဲ... "