အစွမ်းထက်သွေး
Vol. 13 Ch. 1216
နတ်ဆရာထွက်သွားသည်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်း၏ ဘဝသည် ထိုနည်းအတိုင်း ဆက်သွား၏။ ယခုအချိန် သူ့အတွက် အရေးကြီးဆုံးမှာ ကျင့်ကြံအားထုတ်ခြင်းမဟုတ်ဘဲ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ဗိုက်များထဲက မမွေးသေးသော ကလေးများဖြစ်လေသည်။
ကလေးများအား ယောက်ျားလေး၊မိန်းကလေး ဆုံးဖြတ်ရန် နတ်ဘုရားအာရုံအသုံးမပြုရဟုဆိုသော တားမြစ်ချက်ကို မည်သူမှ ချိုးဖောက်ရဲမည် မဟုတ်ပေ။ ပိုင်ရှောင်ချန်းကား ခြွင်းချက်ပင်။ သူက ထိုကဲ့သို့အယူများမရှိ၍ အချိန်အတော်ကြာကတည်းက လုပ်ခဲ့ပြီးဖြစ်သည်။
စုန့်ကျင်းဝမ်မှာ သတင်းကြောင့် အတန်ငယ်စိတ်ဓာတ်ကျသွားလေသည်။ ၄င်းက ပိုင်ရှောင်ချန်းသာ ဗဟိုဧကရာဇ်မဟုတ်လျှင် ရေးကြီးခွင်ကျယ်ဖြစ်မည် မဟုတ်ပေ။ သို့သော် သူ၏လက်ရှိရာထူးအရ ယောကျ်ားလေးမှာ မဆိုစလောက်ပို၍ အရေးပါသည်ဟု ဆိုနိုင်သည်။ ကံဆိုးစွာပင် စုန့်ကျင်းဝမ်မှာ မိန်းကလေး လွယ်ထားရ၏။
ကျိုးကျစ်မိုလည်း မိန်းကလေးလွယ်ထားခဲ့ရလျှင် လက်ခံရန်လွယ်ကူခဲ့မည်ဖြစ်သော်လည်း ယောက်ျားလေးလွယ်ထားသည်။ စုန့်ကျင်းဝမ်မှာ အတန်ငယ်စိတ်ပျက်နေသော်လည်း ပိုင်ရှောင်ချန်း အတွေးမမှားစေချင်သဖြင့် သူမ၏ခံစားချက်များကို ဖုံးကွယ်ထားလေသည်။
အမှန်မှာ ပိုင်ရှောင်ချန်းသည် သူ၏ကလေးများက ယောက်ျားလေးဖြစ်စေ၊မိန်းကလေးဖြစ်စေ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူချစ်မည်။ နောက်ဆုံး စုန့်ကျင်းဝမ်၏ခံစားချက်များကို သူအာရုံရသွားပြီး သူမကို နှစ်သိမ့်၍ အချိန်ပိုပေးကာ ထိုကဲ့သို့အရာမျိုးကို သူ ဂရုမစိုက်ကြောင်း သူမကို နားလည်စေလေသည်။
နောက်ထပ်တစ်လကုန်ဆုံးသွား၏။ အမျိုးသမီးနှစ်ယောက်လုံးသည် ယခုတွင် မွေးဖွားရန် နီးကပ်နေပြီဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ တဖြေးဖြေး ပို၍ စိတ်လှုပ်ရှားလာတော့သည်။ သူ လုပ်ဆောင်ခဲ့သည့် နိမိတ်ဖတ်ခြင်းများ၊ သူပြုလုပ်ခဲ့သည့် ပြင်ဆင်ချက်အမျိုးမျိုးနှင့် သူ၏ကျင့်ကြံခြင်းအဆင့်ပေါ် အခြေခံ၍ သူသည် မည်သည့်အရာတစ်ခုမှ တိမ်းစောင်းမှားယွင်းမည်မဟုတ်ကြောင်း ယုံကြည်ချက်လုံးဝရှိလေသည်။ သို့ထိတိုင် သူ အဖေတစ်ယောက်ဖြစ်လာတော့မည်ကို စဥ်းစားကာ သူ စိတ်ပူနေသေးသည်။
" အဖေတစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရလဲမသိဘူး "
၄င်းမှာ သူ၏ခေါင်းထဲတွင် မကြာခဏပေါ်ပေါ်လာသော မေးခွန်းတစ်ခုဖြစ်သည်။ သူ နောက်ထပ်တွေးတောနေမိသည်က နာမည်များကိစ္စပင်။
" ငါတို့ သူတို့ကို ဘယ်လိုနာမည် ပေးသင့်လဲ... "
သူ့ရင်ထဲ အတွေးများစွာ ပေါ်လာခဲ့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပေ။
" ပိုင်သပေါက် မဟုတ်ဘူး အထင်ကြီးစရာမကောင်းသေးဘူး “
" ပိုင်ချောင်သ မဖြစ်ဘူး သူ့အမေ သဘောတူမှာမဟုတ်ဘူး... “
" ပိုင်လင်ဖေး "
ထိုနောက်ဆုံးနာမည်က သူ့ကို တုလင်ဖေးအကြောင်း တွေးမိသွားစေသည်သာမက သူ့သမီးကို ထိုနာမည်ပေးလိုက်ပါက စုန့်ကျင်းဝမ်က သူ့ကို နုတ်နုတ်ဆင်းလောက်မည့်အချက်ကြောင့်လည်း သက်ပြင်းချမိသွားတော့သည်။
သူ နာမည်အမျိုးမျိုး စဥ်းစားနေသည့်အချိန်မှာပင် သူတော်စင်ဧကရာဇ် အလည်အပတ်လာရောက်၏။
သူက လုံးဝ သတိမထားမိစေဘဲ သူရောက်ရှိကြောင်း ပိုင်ရှောင်ချန်းကလွဲပြီး ဗဟိုဧကရာဇ်နိုင်ငံရှိ မည်သူမှ မသိသည့် ပုံစံဖြင့် လာရောက်လေသည်။ ကလေးများ မွေးခါနီးဆဲဆဲတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျတ်ခနဲလက်သွား၏။ အခိုးအငွေ့များအား သူ သတိထားမိသည်နှင့်တစ်ပြိုင်နက် လေပေါ် ပျံတက်လိုက်သည်။
သူ အပြင်ရောက်လာသည်နှင့် သူ၏အကြည့်က အဝေးရှိ နေရာတစ်နေရာအပေါ် ကျရောက်သွားရာ သူတော်စင်ဧကရာဇ်က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ သူသည် နားလည်မှုလွဲမည်ကို စိုးရိမ်ခဲ့သဖြင့် ဗဟိုဧကရာဇ်မြို့တော်အတွင်း တန်းတန်းမတ်မတ်ပေါ်လာမည့်အစား ခပ်လှမ်းလှမ်းတွင် ပေါ်လာခဲ့ခြင်းပင်။
" ညီနှစ် "
သူက ပြောသည်။ သူက အားပါးတရရယ်၍ ရှေ့သို့လျှောက်လာကာ ပိုင်ရှောင်ချန်းကို ဖက်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ် ဗြုန်းစားကြီးရောက်လာခဲ့သည်ကို အတန်ငယ် အံ့သြနေပြီး မည်သည့်အတွက်ကြောင့် လာသည်ကို သိချင်နေတော့သည်။ သူ့ကို စိုးရိမ်စေသည့် တစ်ချက်က သူ၏လောကနတ်ဘုရားအလင်းတန်းမှာ နောက်ထပ်အသုံးပြုရန် အဆင်သင့် မဖြစ်သေးသောကြောင့်ပင်။
အခြားမည်သည့်အခြေအနေတွင်မဆို သူသည် ဟန်ဆောင်၍ ရည်ရည်မွန်မွန်ပြောလောက်မည် ဖြစ်သည်။ သို့သော် ယခုတွင် သူက စိတ်မပါသောကြောင့် တည့်တိုးသာပြောလိုက်သည်။
" ဒီမှာ ဘာလုပ်နေတာလဲ အစ်ကိုကြီး "
" ေဩာ် ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူးကွာ။ ငါ နည်းနည်းပျင်းနေလို့၊ ပြီးတော့ မင်းကလေးတွေ မွေးတော့မှာကို စဥ်းစားနေတာ။ အဲဒါနဲ့ မိစ္ဆာဧကရာဇ်များ ပြဿနာလာရှာမလား တွေးမိလို့ မင်းအတွက် လာစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်တာ "
သူစကားပြောနေချိန်မှာပင် သူက တစ်ခုခုကိုရှာနေသည့်အလား ဗဟိုဧကရာဇ်မြို့ထဲ သူ၏နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်၍ လက်ကိုဝှေ့ယမ်းကာ သူတော်စင်ဧကရာဇ်၏ နတ်ဘုရားအာရုံကို မြို့အတွင်းမှ နှင်ထုတ်လိုက်၏။ သူက မျက်လုံးများ ကျဥ်းမြောင်း၍ ပြောသည်။
" အစ်ကိုကြီးရဲ့ စေတနာကို ကျုပ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုက တကယ်ပဲ အချိန်ကောင်းမဟုတ်ဘူး "
သိသာစွာပင် ပိုင်ရှောင်ချန်းက နောက်ဆုတ်မည် မဟုတ်ပေ။ ဤအချိန်တွင် သူတော်စင်ဧကရာဇ်မှာ အတန်ငယ်အနေရခက်လာပြီး ၄င်းက နားလည်မှုလွဲစေမည်ဖြစ်ကြောင်း သိလေသည်။ သို့သော် သူ အမှန်တကယ် ဗဟိုဧကရာဇ်မြို့တော်ကို လှည့်ကြည့်ရန် လိုအပ်သည်ဟု ခံစားရ၏။ သူက သက်ပြင်းချ၍ နားလည်မှုမလွဲစေရန်သာ ဆုံးဖြတ်လိုက်သည်။
" ငါ ရိုးရိုးသားသားပဲ ပြောပါ့မယ် ညီနှစ်ရာ။ ဒီလိုမျိုး ဇွတ်တိုးတာ တော်တော်လေးရိုင်းပျမှန်း သိပေမယ့် သူတော်စင်လိပ်ပျောက်သွားတယ်ကွ... "
သူက စကားပြောနေစဥ် ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာကို မျက်စိဒေါက်ထောက်ကြည့်နေလေ၏။
ပိုင်ရှောင်ချန်းက သူတော်စင်လိပ် ပျောက်နေကြောင်း ကြားသောအခါ ပထမ တုံ့ပြန်မှုသိပ်မရှိပေ။ သို့သော် သူတော်စင်ဧကရာဇ်က မည်သည့် သူတော်စင်လိပ်ကို ပြောနေကြောင်း သဘောပေါက်လိုက်သောကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
" ကျွန်တော့် လိပ်ကလေး … ပျောက်နေတယ် "
သူ၏အံ့သြမှုကား ဟန်ဆောင်မှုမဟုတ်ပေ။ သူက လိပ်ကလေး မည်သည့်နေရာရောက်နေကြောင်း လုံးဝမသိသည်သာ ဖြစ်ပေသည်။
" ဟုတ်တယ်" သူတော်စင်ဧကရာဇ်က ပြန်ဖြေ၏။
" ပြီးခဲ့တဲ့ လဝက်တုန်းက သူပျောက်သွားတယ်။ပျောက်မသွားခင် ပဒုမ္မာကြာစေ့တစ်ခိုင်လုံး သူ ခိုးမသွားခဲ့ဘူးဆိုရင် ငါ သိပ်စိုးရိမ်နေမှာမဟုတ်ပါဘူးကွာ... "
သူတော်စင်ဧကရာဇ်မှာ သိသာစွာပင် စိတ်ဓာတ်ကျနေတော့သည်။ နှစ်ပေါင်းများစွာအတွင်း သူတော်စင်လိပ်မှာ အဆင်ပြေပုံပေါက်ခဲ့ပြီး အမှန်တွင် သူတော်စင်ဧကရာဇ်မှာ သူ့ကို သဘောကျလာခဲ့လေသည်။ သူတောင်းဆိုသမျှပေးခဲ့သော်လည်း အဆုံးသတ်၌ ပျောက်ကွယ်သွားခဲ့လေပြီ။
သူ၏ပထမဆုံးတုံ့ပြန်မှုက လိပ်ကလေး ပိုင်ရှောင်ချန်းထံ ပြန်သွားခဲ့ခြင်း ဖြစ်မည်ဟူ၍။ သို့သော် အစောပိုင်းက ပိုင်ရှောင်ချန်း မနှောင့်ယှက်ခင် သူ၏နတ်ဘုရားအာရုံသည် ဗဟိုဧကရာဇ်မြို့တော်၏ နေရာအများအပြားကို လှဲကျင်းသွားနိုင်ခဲ့ပြီး သူတော်စင်ဧကရာဇ်မှာ လိပ်ကလေး၏ ခြေရာလက်ရာပင် မတွေ့ခဲ့ပေ။
ထိုမျှသာမက ပိုင်ရှောင်ချန်း၏ တုံ့ပြန်မှုက စစ်မှန်သည်ဖြစ်ကြောင်း သူပြောနိုင်လေသည်။
" အမ်....."
သူက သူတော်စင်ဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ခဲ့စဥ်က လိပ်ကလေးနှင့်စကားပြောခဲ့ပြီး အချိန်တန်လျှင် မဟာမိတ်ဖွဲ့ခြင်းကို ထိခိုက်စေမည့်နည်းလမ်းဖြင့် မဟုတ်ဘဲ လာလွှတ်ပေးမည်ဖြစ်ကြောင်း သူ့ကို ပြောခဲ့လေသည်။
သို့သော် သူ့ကလေးများ မွေးခါနီးနေသောကြောင့် လိပ်ကလေးအား သူ လုံးလုံးလျားလျား မေ့လျော့ခဲ့လေသည်။ လိပ်ကလေး ပျောက်သွားခဲ့သည့်အချက်ကြောင့်လည်း သူ အံ့အားသင့်သွားရ၏။ သူတော်စင်ဧကရာဇ်အတွက် စိတ်မကောင်းပြီး အတန်ငယ် အပြစ်ရှိသလိုခံစားနေရလျက် သူက ထပ်မံရှင်းပြရတော့မည်အချိန် သူ၏အမူအရာရိပ်ခနဲဖြစ်သွားပြီး မိုးကုပ်စက်ဝန်းကို လှမ်းကြည့်လိုက်လေသည်။
သူတော်စင်ဧကရာဇ်သည်လည်း အံ့သြလျက် တူညီသောအရပ်မျက်နှာကို လှမ်းကြည့်လိုက်သည်။
မကြာခင် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ကြားလိုက်ရပြီး ဧရာမစစ်သင်္ဘောတစ်သောင်းကား အဝေးတွင် ပေါ်လာတော့သည်။
အများစုသည် မီတာသုံးထောင် ရှည်လျားပြီး အလွန်အထင်ကြီးစရာကောင်း၏။ သေင်္ဘာအတန်းလိုက်ကြီးအား ဗဟိုဧကရာဇ်မြို့တော်ဘက်သို့ ဦးဆောင်သွားနေသည်မှာ မီတာသုံးသောင်းအရှည်ရှိသော သင်္ဘောကြီးတစ်စင်း ဖြစ်သည်။
စစချင်းမြင်လိုက်သည်နှင့် လူတစ်ယောက်က ကျူးကျော်တိုက်ခိုက်လာခြင်းဟု ယူဆလောက်ပေမည်။ သို့သော် ဤမျှကြီးမားသော စစ်သင်္ဘောကြီးများစီတန်းသွားလာခြင်းမှာ အနည်းဆုံး လောကနတ်ဘုရားတစ်ပါး၏ လွှမ်းခြုံပေးခြင်း မခံရသရွေ့ အင်မော်တယ်နယ်မြေ၏ နယ်စပ်မှ ဗဟိုဧကရာဇ်မြို့ထံ ဘယ်သူမှ သတိမထားမိဘဲ ဘယ်နည်းနှင့်မှ ရောက်နိုင်မည် မဟုတ်ပေ။
စီတန်းသွားလာခြင်းအား ကောင်းကင်တံတားကျင့်ကြံသူများဖြစ်သော ကျင့်ကြံသူတစ်သိုက်ကြီးဖြင့် ခြံရံထားကြလေသည်။ သူတို့က မြို့တော်ထံ ဦးတည်၍ စစ်သင်္ဘောကြီးများဖြင့် ရှေ့ဆက်သွားနေကြစဥ် သူတို့၏ မျက်နှာများအပေါ်၌ ထူးဆန်းသောအမူအရာများကို မြင်နိုင်လေသည်။
ဗဟိုဧကရာဇ်မြို့သူမြို့သားများက ဖြစ်ပျက်နေသည်အား သတိထားမိသောအခါ သူတို့တိုက်ခိုက်ခံရပြီဟု ယူဆလိုက်ကြသဖြင့် အံ့သြသောအမူအရာများ သူတို့၏မျက်နှာများပေါ်တွင် ပေါ်လာကြ၏။ သင်္ဘောများမှာ သူတို့အတွက် ၄င်းတို့အပေါ်တွင် မည်သူမည်ဝါရှိကြောင်း ကွဲကွဲပြားပြားသိရန် ဝေးကွာလွန်းသော်လည်း ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်ကတော့ သဲသဲကွဲကွဲမြင်ရလေသည်။
အမျိုးသားများ၊ အမျိုးသမီးများရှိပြီး သိသာစွာပင် အများစုက အမျိုးသမီးများ ဖြစ်သည်။ ထိုမျှသာမက သူတို့ထဲမှအတော်များများက သူတို့ကိုယ်ထဲတွင် ကောင်းကင်တံတားဒေသ၏သွေးများရှိကြောင်း ညွှန်ပြနေသည့် အခိုးအငွေ့များကို ထုတ်လွှတ်နေလေသည်။
ပို၍အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က လူမည်မျှရှိသည်ဆိုသည်ကိုပင်။ ပို၍သေးငယ်သော စစ်သင်္ဘောများအားလုံးတွင် ရာချီရှိ၏။ ထို့ပြင် ခေါင်းဆောင်စစ်သင်္ဘောကြီးကား တစ်သောင်းရှိလေသည်။
" လုယွမ်တောက် "
သူတော်စင်ဧကရာဇ်မှာ အံ့သြလျက် နှုတ်မှ လွှတ်ခနဲထွက်သွား၏။
" နတ်ဆရာ"
တဆက်တည်းမှာပင် ပိုင်ရှောင်ချန်းက နတ်ဆရာက မီတာသုံးသောင်းအရှည် စစ်သင်္ဘောကြီးအပေါ်တွင် .... အမျိုးသမီး တစ်ထောင် ခြံရံလျက် ရပ်နေသောမြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်နေလျက် ပြောလိုက်သည်။ ကြည့်ရသရွေ့ ထိုအမျိုးသမီးများက သူ၏ကိုယ်လုပ်တော်များ ဖြစ်ပုံရလေသည်။
သူ့ဘေးတွင် ရပ်နေသူက နန်းတွင်းအဝတ်အစားများဖြင့် ဆွေကြီးမျိုးကြီးမှ ပေါက်ဖွားလာပုံရသော အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်မြင့်မား၍ သိသာစွာပင် နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်လေသည်။ အမှန်တကယ်ဆိုရလျှင် သူမက ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်တွင်ဖြစ်လေရာ မဟာကောင်းကင်သခင်ကဲ့သို့ အစွမ်းထက်လေသည်။
ဤအမျိုးသမီးမှာ ယခုလေးတင် သူတော်စင်ဧကရာဇ် ညွှန်းဆိုခဲ့သော လုယွမ်တောက်ပင်။
ထာဝရအင်မော်တယ်နယ်မြေများမှာပင် ထိုကဲ့သို့မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသည့် လူများမှာ မများလှဘဲ ယေဘုယျအားဖြင့် ကောင်းကင်ဧကရာဇ်များကို ဘေးဖယ်ထားပါက အစွမ်းထက်ဆုံးအတိုက်အခိုက်စွမ်းရည်ရှိကြသူများ ဖြစ်သည်။
မကြာခင် နတ်ဆရာသည် ပိုင်ရှောင်ချန်းက မှင်သက်လျက် လေထဲတွင် ရပ်နေသည်ကို သတိထားမိလိုက်၏။ လုယွမ်တောက်မှာမူ သူတော်စင်ဧကရာဇ်ကို မြင်လိုက်ပြီး ရိပ်ခနဲ ဖြစ်သွားလေသည်။ သူမက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ နတ်ဆရာ၏လက်ကို ဆုပ်ကိုင်၍ စစ်သင်္ဘောထံမှ မှင်သက်နေသော ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်ထံ ပျံထွက်လာသည်။
" ဂါဝရပြုပါတယ် ဗဟိုဧကရာဇ်၊ သူတော်စင်ဧကရာဇ် "
" ဂါဝရပြုပါတယ် သူတော်စင်ဧကရာဇ်၊ ဗဟိုဧကရာဇ် "
သူတော်စင်ဧကရာဇ်က လုယွမ်တောက်ကို တစ်လှည့်၊ နတ်ဆရာကို တစ်လှည့်ကြည့်ပြီးနောက်ဆုံး စစ်သင်္ဘောများကို လှမ်းကြည့်လိုက်သည်။
" မင်းတို့ နှစ်ယောက်က... "
လုယွမ်တောက်က အမှန်ကို မဖုန်းကွယ်ဝံ့ဘဲ လက်ယှက်ဦးညွှတ်၍ ပြောသည်။
" သူတော်စင်ဧကရာဇ် ဒါက ... ကျွန်တော်မျိုးမရဲ့ မိသားစုပါ။ ပြီးတော့ ဒါက ကျွန်တော်မျိုးမရဲ့ တာအိုလက်တွဲဖော် "