← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

33 01

အပိုင်း (၃၃) စံအိမ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ

“ဘာလဲ စံအိမ်ပိုင်ရှင်ကို မသိဘူးလား”

မုရှောင်းနွမ်ကလည်း သူမက အချိန်တန်ကြာအောင် ပြောပေးနေသည့်တိုင်အောင် ပါးစပ်က ခြောက်သွေ့လာသော်လည်း မိဘများက လိုရင်းသို့ မရောက်သေးကြောင်း သိလိုက်သည်။

သူမက အလိုလျောက်ပင် အနောက်ဖက်မှ ယန်ရွှယ်ကို ကြည့်သည်။ ထိုအခါမှသာ ယန်ရွှယ်က ဘာကိုမှ မထုတ်ဖော်ထားကြောင်း သိလိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ညီအစ်မကောင်း…

“တကယ်တော့ ဦးလေးနဲ့ ဒေါ်လေး ဒီစံအိမ်ပိုင်ရှင်က…”

ပါးစပ်ဟပြီးပြောတော့မည့်အချိန်တွင်

“သာမာန်လူငယ်ပါပဲ”

မုရှောင်းနွမ်က လက်ကို ပိုက်ပြီး ယန်ရွှယ်၏လက်မောင်းကို လှမ်းဖက်ကာ ချိုမြိန်စွာနှင့် ပြောပြသည်။

“အာ သမီးဆိုလိုတာက ဒီစံအိမ်ပိုင်ရှင်က ဒီအတိုင်း သာမာန်လူပါပဲ။ ဘာမှ မထူးခြားနေဘူး ဒီအတိုင်း မသိချင်ပါနဲ့”

“ဟင် မင်း ကလေးမလေး သူက ဒီလောက်ကြီးတဲ့ စံအိမ်ကြီးကို ပိုင်ထားတာ။ နောက်ပြီး ဒီဧကထောင်ကျော်တဲ့ နယ်မြေတွေအားလုံးက သူ့အပိုင် မဟုတ်လား။ ဒီအချက်ကတင် သာမာန်မဟုတ်တာကို ဖော်ပြတယ်”

လျှိုရှောင်းရှီက သူမ၏သမီးကို စူးစိုက်ကြည့်သည်။ သူမသည် ဝက်သား မစားဖူးသော်လည်း ဝက်ပြေးသည်ကိုတော့ဖြင့် မြင်ဖူးသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် လူချမ်းသာမှန်း သိနိုင်သည်။

ဒါကို ဒီကောင်မလေးက ဘာလုပ်တာလဲ။

ဟွန့် လေသံကိုက သာမာန်မဟုတ်ဘူး။

“ရှောင်းနွမ် ပြောတာလဲ ဟုတ်သလိုပဲ”

မုချန်းဖုန်းက ဝင်ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒါလည်း သာမာန် လူသားတစ်ယောက်ပဲလေ။ ဒီအတိုင်း ပိုက်ဆံ ပိုရှိနေရုံပေါ့ သူကသာ ယောက်ျားမပီသဘူး။ ပါရမီမရှိဘူးဆိုရင် အဓိပ္ပာယ်မဲ့တယ်”

“နင်တို့နှစ်ယောက်ကလည်း အတူတူပဲ သိလား။ စံအိမ်ပိုင်ရှင်ကိုတောင် မမြင်ရသေးဘဲနဲ့ သူ့ရဲ့ မကောင်းကြောင်းတွေကို ပြောနေပြီ။ အနည်းဆုံးတော့ သူ့ရဲ့ အင်အားက ဒီမှာပဲလေ”

လျှိုရှောင်းရှီက နည်းနည်း မကျေမနပ်ဖြစ်သွားပြီး ရုတ်တရပ် မုရှောင်းနွမ်ကို ကြည့်သည်။

“နင့်ယောက်ျားက ဘယ်မှာလဲ သူဘယ်မှာလဲ ငါတို့သူ့ကို ဘာလို့ အခုအချိန်အထိ မတွေ့ရသေးတာလဲ”

ယောက္ခမနှင့် ‌ယောက္ခထီးတို့က ရောက်နေကြသည်။ သို့သော် သားမက်ဖြစ်သူကို မတွေ့ရသေးပေ။

“ငါ့ယောက်ျားက အလုပ်များတယ်လေ သူက အခု ဧည့်သည်တွေကို ဧည့်ခံနေရင်း အလုပ်များနေမှာ”

မုရှောင်းနွမ်၏လှပသော မျက်လုံးကြီးက တစ်ချက် လည်သွားသည်။ သူမ၏ နှလုံးသားထဲတွင် အကြံဆိုးတစ်ခုရလာသည်။

သူမသည်လည်း မိဘများကို အံ့အားသင့်စရာ အကြီးကြီးပေးချင်သွားသည်။ အွန်း သူတို့ကသာ ဒီစံအိမ်ပိုင်ရှင်က သူမယောက်ျားဆိုတာကို သိသွားရင် ဘယ်လိုများဖြစ်သွားလောက်မလဲ။

ဟီးဟီး စိတ်ဝင်စားဖို့ ကောင်းမှာပဲ။

“ဦးလေးနဲ့ ဒေါ်လေး ငါ့အထင်…”

ယန်ရွှယ်ကလည်း ပြဿနာဝင်ရှာရန် စိတ်ကူးမရှိပေ။

“အဲဒီလိုမှမဟုတ်ရင်လည်း ရှောင်းနွမ်ကိုပဲ သူ့ယောက်ျားကို ခေါ်ခိုင်းလိုက်လေ ဝူး ဝူး…”

ရလဒ်အနေဖြင့် သူမ၏ စကားက မဆုံးသေးခင် ပါးစပ်က အပိတ်ခံရသည်။

“ဒီနှစ်ယောက်က ဘာလုပ်နေကြတာလဲ”

လျှိုရှောင်းရှီက မျက်မှောင်ကြုတ်သည်။ ဘေးဘီကို ခိုးကြည့်နေပြီး အကွက်အချခံရသလိုမျိုး ခံစားလာရသည်။

“အာ မဟုတ်ဘူး မဟုတ်ဘူး”

33 02

မုရှောင်းနွမ်က အပြစ်ကင်းသော အပြုံးမျိုးနှင့် ဖြေသည်။ ထို့နောက် ယန်ရွှယ်ကို တိတ်တဆိတ်ကြည့်သည်။

ဟင် ဒီစုန်းမလေး အစွယ်လေး လက်တွေ ဗြဲရဲတယ်။

“အကျင့်မကောင်းတဲ့ ရှောင်ရွှယ် နင် ပေါက်ကရ ဆက်ပြောမယ်ဆိုရင် ငါနင့် ပါးစပ်ကို အုပ်ထားမှာနော်”

“နင် ပိုပိုပြီး ဆိုးလာတာပဲ”

ယန်ရွှယ်က မုရှောင်းနွမ်၏ လက်သေးသေးလေးကို ဖယ်ထုတ်ပြီး ရန်စသလိုပြောသည်။

“စောင့်နေလေ ငါဒီနေ့ နင့်ကို သင်ခန်းစာ ပေးပြမယ်။ နင့်နောက်ရက် အိပ်ယာထဲက မထွက်နိုင်စေရဘူး”

ထို့နောက် သူမက သွယ်လျသောခါးကို တစ်ချက်ခါရင်း ကျော့ရှင်းစွာလျှောက်သွားသည်။

“ဘာ”

မုရှောင်းနွမ်က ယန်ရွှယ်၏ ကျောကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။

“သိသိသာသာကိုပဲ ငါ့ရဲ ခန္ဓာကိုယ်က သူ့ထက် ပိုသာတာပါ။ ဘာလို့ သူလမ်းလျှောက်တဲ့ ပုံစံက ပိုပြီး ဆွဲဆောင်မှု ရှိနေတာလဲ”

“နေအုံး တစ်ခုခု လိုနေသလိုပဲ”

စံအိမ်ထဲတွင် ဧည့်သည်အများကြီး ရှိနေသည်။ အများစုက လူကြီးမင်းလန်က ဖိတ်ခေါ်ထားသည့် လူများဖြစ်သည်။ ထိုထဲတွင် အများစုက အနုပညာလောကမှ အနုပညာ အချို့လည်းပါသည်။

“ဒီပန်းချီကားတွေကလုံးဝကို အရည်အသွေးမြင့်တယ်”

လျှိုရှောင်းရှီတို့က ခန်းမထဲသို့ ဝင်သွားပြီးနောက် ပန်းချီကားများကို မြင်လိုက်သည်။ အချို့ကို လူကြီးမင်းလန်နှင့် မိတ်ဆွေများက အပြန်အလှန်လှဲလှယ်ရန် ယူလာခဲ့ခြင်းဖြစ်သည်။ သို့သော် ဒီနေ့၏ အဓိက ဇာတ်လိုက်များ မဟုတ်ပေ။ သို့တိုင်အောင် လျှိုရှောင်းရှီက နည်းနည်းမှင်သက်နေသည်။ သူမကိုယ်တိုင်ကလည်း အနုပညာရှင်ဖြစ်သည်။ ထိုပန်းချီများကိုလည်း ကောင်းကောင်း နားလည်သည်။ ထိုသို့ နားလည်လေလေ အံ့ဩလေလေ ဖြစ်သည်။

“ဒါက…ဒါက ငါမြင်တာများ မှားနေတာလား။ ဒါက [နေဝင်ချိန်] ပန်းချီကားဆိုတဲ့ တစ်သန်းနဲ့ ရောင်းချခဲ့တဲ့ ပန်းချီကား မဟုတ်လား စုတ်ချက်တွေက နူးညံ့ပြီး အနုစိတ် ကျတာ အနုပညာ ချိတ်ဆက်မှုကတောင် လှပတာပဲ ဒီနေရာမှာ ပေါ်လာတယ်”

“ဘုရားရေ ဒါကလည်း [ဖူချွမ်] ဆိုတဲ့ ပန်းချီကားမဟုတ်ဘူးလား။ အဲဒီအချိန်တုန်းက ရှစ်သန်းဆိုတဲ့ မိုးထိုးမြင့်နေတဲ့ ဈေးတဲ့တောင် ရောင်းချနိုင်ခဲ့တာလေ။ နောက်ပြီး ကိုယ်စားအပြုနိုင်ဆုံး အနုပညာမြောက်တဲ့ လက်ရာဆိုပြီးတောင် ပြောခဲ့ကြသေးတယ် ဒီအချိန်မှာတော့ ဒါက ဒီနေရာကို လာရောက်နေတယ်”

“ဘုရားရေ ငါမြင်တာများ မှားနေတာလား။ ဒါက လူကြီးမင်းလန်ရဲ့ လက်ရာ မဟုတ်လား”

လျှိုရှောင်းရှီက အထူးပြသထားသော ပန်းချီကား၏ အရှေ့တွင် ရပ်ပြီး မှင်သက်နေသည်။ ဒါဟာ လူကြီးမင်းလန်၏ ရှောင်ကျန်း ပန်းချီကားဖြစ်သည်။ ကောလဟာလများအရ သန်းတစ်ရာ့လေးဆယ်ဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်များအတောအတွင်းတွင်ပင် မှတ်တမ်းတင်ခဲ့သေးသည်။

“လောင်မူ လာကြည့်စမ်း လာကြည့်စမ်း. ဒါက ရှားပါးတဲ့ ရတနာပဲ အဖိုးမဖြတ်နိုင်အောင် ထိုက်တန်တယ်”

လျှိုရှောင်းရှီက မုချန်းဖုန်းကို အလျှင်အမြန်လှမ်းခေါ်သည်။

“မြန်မြန် လာကြည့်အုံး ဒီပန်းချီကားက တော်တော်လေးကို လက်ရာမြောက်တာနော်”

“ဘယ်လို ပန်းချီကားက မင်းကို ဒီလောက်ထိ အံ့ဩစေတာလဲ”

မုချန်းဖုန်းက ခါးသီးစွာပြုံးသည်။ ဇနီးဖြစ်သူက အနုပညာ လောကမှ ဖြစ်သည်။ သီဆိုခြင်း၊ ကခုန်ခြင်းအပြင် သူမကလည်း ထိုပန်းချီ လက်ရာများ စာပေများနှင့် ပတ်သက်ပြီး အတော်လေးကို ဗဟုသုတ ကြွယ်ဝသည်။ ထို့ကြောင့် ကောင်းသောအရာကို မြင်ရသည်နှင့် စိတ်လှုပ်ရှားနေတတ်သည်။

“ကြည့်အုံး ကြည့်အုံး ဒီပန်းချီကားလေ ရှင် မမှတ်မိဘူးလား”

လျှိုရှောင်းရှီက စိတ်လှုပ်ရှားစွာဖြင့် နည်းနည်း လေသံ မာလာသည်။

“အရင်တစ်ခေါက် တီဗွီမှာ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ သန်းတစ်ရာ့လေးဆယ်နဲ့ ရောင်းထွက်သွားတယ်ဆိုတဲ့ ပန်းချီကားလေ။ လူကြီးမင်းလန်ရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားပေါ့”

“လူကြီးမင်းလန်ရဲ့ လက်ရာလား”

မုချန်းဖုန်းကပင် အံ့ဩသွားသည်။ သူသည် ပန်းချီအသိုင်းအဝိုင်းအကြောင်း သိပ်မသိသော်လည်း လူကြီးမင်းလန်၏နာမည်ကမူ ကျော်ကြားသည်။ ထို့ကြောင့် အသိုင်းအဝိုင်းအပြင်ဘက်မှ လူများကပင် ကြားဖူးကြသည်။

“ငါကြည့်ပါရစေအုံး”

မုချန်းဖုန်းက အနားကပ်လာပြီးနောက် အနီးကပ် ကြည့်သည်။ သူသည်လည်း ထိုမျှ နုနယ်ကာ ရှုပ်ထွေးသော စုတ်ချက်များကို ကြည့်ရုံနှင့်တင် ခေါင်းမူးသွားသလို ခံစားရသည်။

တကယ်ကို ဆရာသခင် တစ်ပါးရဲ့ လက်ရာပဲ။

“ဟေး စံအိမ်ပိုင်ရှင်က လူကြီးမင်းလန်လို့ ထင်လား။ လူကြီးမင်းလန်ရဲ့ သီးသန့် ပန်းချီ ပြခန်းများလား”

လျှိုရှောင်းရှီကပင် ထိုအကြံကို ရုတ်တရပ် ရလာသည်။

33 03

“ဒါက ဖြစ်နိုင်လို့လား”

ဖနီးဖြစ်သူသည် စိတ်လှုပ်ရှားနေပုံရပြီး မျက်လုံးထဲမှ အလင်းရောင်ကို မြင်လိုက်သောအခါ မုချန်းဖုန်းကလည်း ပြုံးကာ တုန့်ပြန်သည်။

“ဟုတ်လောက်တယ် သေချာပေါက် အဲ့ဒီလိုပဲ ဖြစ်မယ်။ ဒါဆိုရင် ဒီအနီးအနားမှာ လူကြီးမင်းလန်ရှိမှာပေါ့”

လျှိုရှောင်းရှီက အလွန်စိတ်လှုပ်ရှားသွားသည်။ အကြောင်းမူကား လူကြီးမင်းလန်က သူမ၏ အမြဲတစေ အိုင်ဒေါဖြစ်သည်။ လူကြီးမင်းလန်က အမြဲတစေ သိုသိပ်စွာ နေထိုင်တတ်သောကြောင့် တစ်ကြိမ်မှ မတွေ့ဆုံဖူးသေးချေ။ ထို့ကြောင့် ဒီနေ့လို တွေ့ဆုံရမည့် အခြေအနေနှင့် ကြုံတွေ့လာရသောအခါ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

“ဒါက လူကြီးမင်းလန်ရဲ့ ပန်းချီပြခန်းလား”

လျှိုရှောင်းရှီက အလွန်အမင်း စိတ်လှုပ်ရှားနေသည့်အချိန်တွင် မုရှောင်းနွမ်က အနားသို့လာသည်။ လည်ချောင်းကို ရှင်းပြီး ထူးဆန်းသောအသံမျိုးနှင့် ပြောသည်။

“ဒါပေမဲ့ ထူးဆန်းလိုက်တာ ဒီလောက် တန်ကြေးမြင်တဲ့ ပန်းချီကားကို ဘာလို့ ဒီနေရာမှာ ထားထားတာလဲ။ ဘယ်သူကမှ မကြည့်ဘူးလေ။ အားလုံးက အခြားနေရာကို သွားကြည့်နေကြတာ”

“ဟေးကလေးမလေး ပုန်ကန်ချင်နေတာလား”

လျှိုရှောင်းရှီက ဒေါသထွက်သွားပြီး သူမ၏အသစ်စက်စက် ကောက်ထားသော အုန်းခွံရောင်ဆံပင်များကပင် ထောင်လာသည်။

ဒီကောင်မလေးက ဘာလို့ ဒီနေ့ ဒီလောက်ထိ ထောင်လွှားနေတာလဲ ဟမ်…

“ရှောင်းနွမ် စကားလျှော့ပြော”

မုချန်းဖုန်းကလည်း ဇနီးဖြစ်သူက မပျော်မရွှင် ဖြစ်သွားပြီး ဒေါသထွက်သွားမည်ကို ကြောက်သည်။ ဒါဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ သူ ဒုက္ခရောက်လိမ့်မယ်။

“ဒါပေမဲ့ အဲ့ဒီလိုဆိုမှ ဟိုဖက်မှာလဲ လူတွေ အုံနေတာ အမှန်ပဲ ဘာကို ဝိုင်းနေကြတာလဲ”

မုချန်းဖုန်းက ပြော၍ ဆုံးသွားသည်နှင့် အလိုလျောက်ပင် အခြားတစ်ဖက်ခြမ်းသို့ ကြည့်သည်။ ထိုနေရာက အခန်း၏ အလယ်နေရာဖြစ်လောက်သည်။ စီနီယာမျိုးလည်း ဖြစ်ပြီး ပန်းချီအနည်းငယ်ကို ချထားပုံရသည်။

“နင်တို့တွေ”

လျှိုရှောင်းရှီက ဒေါသထွက်တော့မည့်အချိန်တွင် မနေနိုင်ဘဲ လှမ်းကြည့်ပြီးနောက် မျက်လုံးက တောက်ပသွားသည်။

“ဘုရားရေ ဒါက လူကြီးမင်းလန်မဟုတ်လား။ ဒီနေ့ လူကြီးမင်းလန်က တကယ်ပေါ်လာတာပဲ”

ထိုအချိန်တွင် လျှိုရှောင်းရှီက မုရှောင်းနွမ်ကိုပင် ဂရုမစိုက်တော့ဘဲ ထိုနေရာသို့ အပြေးသွားသည်။

******

All Chapters