အခန်း ၈၃
Vol. 9 Ch. 83
83 01
အပိုင်း (၈၃) ယောက်ျား ပြည်ပက တင်ပို့လာတဲ့ စပျစ်သီးတွေ စားချင်လား။
ဒါရိုက်တာက ရူးသွားတာလား။
ဒါပေါ့ သူ မရူးဘူးပေါ့။
ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်တာလဲ။
ဘာလို့လဲဆိုတော့ ဆရာသခင်ချန်းက အရမ်းတော်တာလေ ဆရာသခင်ချန်းက ရှိနေသမျှ ပရိုဂရမ်အသင်းကလည်း သေချာပေါက်ကို စိတ်လှုပ်ရှားကြရမှာ။ သူလည်း နဂိုက စီစဉ်ထားတဲ့ တာဝန်တွေက ဆရာသခင်ချန်းရဲ့ အရှေ့မှာ ကလေးကစားစရာတွေဆိုတာကို သိလိုက်ရတယ် ဆိုတော့ စိန်ခေါ်မှုမှ မရှိတာ။
ဆိုတော့ သူသည်လည်း ပရိုဂရမ်၏ တည်ရှိမှုကို လျော့ချပြီး ဆရာသခင်ချန်းကိုသာ ဦးတည်ပြီး မေးရတော့ပေမည်။
မတတ်နိုင်ဘူးလေ။
ဒါရိုက်တာသည်လည်း သူကြိုတင်စီစဉ်ထားသော ပရိုဂရမ်က ဆရာသခင်ချန်း၏ အရှေ့တွင် ဘာမှ မဟုတ်သလို ခံစားနေရသည်။
ဥပမာအနေနဲ့ ဒီလောက်တော်တဲ့ ပန်းချီဆရာကို ဘယ်သူက ယှဉ်နိုင်မှာလဲ။
ထိုကြောင့် သူ့ဘာသာသူ ဖန်တီးထားသော ပရိုဂရမ်၏ အကြံအစည်များဖြင့် ကြည့်ရှုသူများ၏ အာရုံကို ဆွဲဆောင်ရမည့် အစားဆရာသခင်ချန်း၏ အနောက်မှ လိုက်ကာ နေ့စဉ်ဘဝ၏ အတွေ့အကြုံကို ခံစားသင့်သည်။
ဒါပေါ့ ဆရာသခင်ချန်းအတွက်က နေ့စဉ်ဘဝဆိုပေမယ့် သူတို့အတွက်တော့ တောင့်တရတဲ့ဘဝ။
တစ်ခါတစ်ရံတွင်လည်း ထိုဒါရိုက်တာဟာ သူ့ကိုယ်သူ အလွန်ပါရမီကြီးသူဟု ခံစားရသည်။ ယခုအခါမှသာ သူ၏ပါရမီက ဆရာသခင်ချန်း၏ အရှေ့တွင် ဘာမှ မဟုတ်ကြောင်း သိလိုက်သည်။
“ဒါရိုက်တာ မင်း…မင်းပြောင်းလဲသွားတယ်”
ဒါရိုက်တာ၏အပြုအမူကို မြင်သောအခါ ပရိုဂရမ်အဖွဲ့တစ်ခုလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချကြသည်။
ဒါက အရင် season တွေမှာတုန်းက သူတို့ကို ဒုက္ခရောက်အောင် လုပ်တဲ့ တက်ကြွလွန်းတဲ့ ဒါရိုက်တာလား။
“တမင်တကာ ဖန်တီးပေးထားတဲ့ တာဝန်တွေက ငါတို့ရဲ့ ဘဝကို စီမံနေသလို ဖြစ်နေပြီး လွှတ်လပ်မှုမရှိဘူးလို့ မင်းတို့ပဲ ထင်တာ မဟုတ်ဘူးလား”
ဒါရိုက်တာ ယုံကြည်မှုအပြည့်နှင့် ပြောသည်။
“ဆရာသခင်ချန်းရဲ့ အနောက်ကိုသာ လိုက် ဒါက ငါတို့ တောင့်တရတဲ့ အစစ်အမှန်ဘဝပဲ သဘာဝကျတယ်။ ပုံမှန်အတိုင်းပဲဖြစ်တယ်။ အမြင်ကိုလည်း ကျယ်စေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အခုမှ သိလိုက်တာပဲ”
“ဟင်”
အားလုံးက မျက်လုံးလှန်ကြပြီး သက်ပြင်းချကြသည်။
အကြောင်းပြချက်က ရှင်းလင်းသည်ဟု ထင်ရသည်။ သို့သော် ဒါရိုက်တာကမူ အလေးအနက်ကြီး ပြောနေသည်။ ရယ်စရာကောင်းသည့်တိုင်အောင် သူတို့သည် ရယ်ချင်စိတ်ကို ထိန်းထားရပေမည်။ ဒါက အခြားသူတွေရဲ့ ကိစ္စပဲ သူတို့နဲ့ မဆိုင်ဘူး။
“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ စပျစ်သီးတွေ သွားကြည့်ကြမယ်”
ချန်းရန်ကလည်း ပြုံးလိုက်သည်။ သူသည်လည်း သိပ်ဂရုမစိုက်ပါပေ။ သူသည်လည်း သူ့အတွက် သူ့ကို စပျစ်သီး အလကားကူခူးပေးမည့် လူနည်းနည်းပိုရှိခြင်းက သူလိုချင်သောအရာသာဖြစ်သည်။ သူတစ်ယောက်တည်း အလုပ်ကြမ်း လုပ်စရာမလိုတော့ဘူးပေါ့။
“ဟန်နီ ငါလည်း ကူညီပေးမယ်လေ”
မုရှောင်းနွမ်က အဝတ်အစားသွားလဲပြီး ပြန်ရောက်လာသည်။ သူမက အားကစားဝတ်စုံ ဝတ်ထားပြီး သပ်သပ်ရပ်ရပ်နှင့် ရှင်းသန့်နေကာ ဘွတ်ဖိနပ်ရှည်ကိုပင် ဝတ်လာသေးသည်။ ချောမွေ့သော ဆံပင်များကိုလည်း လှပစွာဖြင့် ထုံးထားသည်။ တစ်ကိုယ်လုံးက သပ်ရပ်ကာ သန့်ရှင်းနေသည်။
83 02
တစ်ချိန်တည်းတွင်ပင် ပို၍ပင် တောက်ပသွားသည်။ မုရှောင်းနွမ်က လမ်းလျှောက် အဝတ်ချိတ်တန်းဖြစ်သည်။ သူမက အားကစားဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင်အောင် တစ်ကိုယ်လုံးက တောက်ပနေသည်။ အထူးသဖြင့် သူမ၏ရုပ်ရည်ကိုပင် ပို၍ထင်းထွက်စေလေသည်။
ဒါပေါ့ ချန်းရန်ရဲ့ အမြင်မှာတော့ သူ့ရဲ့ရုပ်ရည်ကပဲ ဒီကောင်မလေးက ဖိနှိပ်နိုင်တာ။
“ဝိုး ရှောင်းနွမ်က အရမ်းလှတာပဲ။ ဝိုး နှမြောစရာကောင်းတာက ယူပြီးသားဖြစ်နေတာပဲ”
“ဟေး ငါ အရင် ရှောင်းနွမ်ကို လိုက်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့က လက်ထပ်ထားပြီးရင်တောင် ယေရှုတောင် ငါ့ကို တားလို့ မရဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ဆရာသခင်ချန်း ရှိပြီဆိုတော့လည်း ငါ ထွက်ပြေးပြီနော်”
“တင်ဆက်သူ ငါအခု ငါ့ကိုယ်ငါ ပြန်လည်ပြီး သင့်မြတ်လိုက်ပြီး မင်းနဲ့ ဆရာသခင်ချန်းက အကောင်းဆုံးတွေပဲ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီနေ့ မင်းဒီလို ဝတ်စုံဝတ်ထားတာကို မြင်ရလို့ နောက်ဆုံးတော့ ဆရာသခင်ချန်း မင်းကို ဘာလို့ ချစ်သွားလဲဆိုတာကို နားလည်သွားသလိုပဲ”
“ဟီးဟီး အပေါ်ထပ်ကလူ ပြောတာ မဟုတ်သေးဘူး။ ဆရာသခင်ချန်းက ရှောင်းနွမ်ကို သဘောကျတာ မဟုတ်ဘူး။ ရှောင်းနွမ်ကပဲ အရင်သဘောကျတာ ဟုတ်ပြီလား ဟီးဟီး ဟီး”
မုရှောင်းနွမ်၏ ဝတ်စုံအသစ်ကို မြင်ပြီးနောက် ချန်းရန်ကသာ မှင်သက်နေခြင်းမဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူများကပင် တအံ့တဩ အော်ဟစ်ကြသည်။ ဒီနေ့၏ ရှောင်းနွမ်က ချစ်စရာလေးဖြစ်သည်။ လှလည်း လှသည်။
“ဟေး ယောက်ျား ဘယ်လိုလဲ ဒီဝတ်စုံအဆင်ပြေလား”
မုရှောင်းနွမ်က ခြေဖျားကို ထောက်ပြီး တစ်ပတ်လှည့်ပြသေးကာ ချန်းရန်ဖက်သို့ ဆိုးသွမ်းစွာနှင့် လျှာထုတ်ပြောင်ပြသည်။
“နင့်ရဲ့ဇနီးကို ဂုဏ်မယူဘူးလား”
“မဆိုးပါဘူး”
ချန်းရန်က ခေါင်းအသာညိတ်သည်။ သူက ရုတ်တရပ် အနားကပ်လာပြီး နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“ဒါပေမဲ့ ငါ ဝန်ခံတဲ့ နေ့က မင်းဝတ်ပြခဲ့တဲ့ ဝတ်စုံလေးက ပိုကောင်းတယ်လို့ ထင်တယ်”
“အာ…”
မုရှောင်းနွမ်က သူမ၏ လှပသော မျက်နှာကို အုပ်လိုက်ပြီး ရှက်သွားသည်။
ယောက်…ယောက်ျားက ဘာတွေ ပြောနေတာလဲ အဲ့ဒီညက ရှောင်ရွှယ်လုပ်တဲ့ အမှားကြီးပဲဟာကို။
ထိုသို့ဖြင့် ယောက်ျားဖြစ်သူ၏အရှေ့တွင် ထိုရှက်ရွံ့ဖွယ်ဝတ်စုံများကို ဝတ်ပြခဲ့ရသေးသည်။
ဒါ…ဒါ…ဒါ ဒါဘာမှ မဝတ်ထားတာနဲ့ ဘာများ ကွာခြားလို့လဲ။
သူမသည် ထိုကိစ္စအကြောင်းကို ပြန်တွေးမိသောအခါ မုရှောင်းနွမ်က ရုတ်တရပ် ရှက်သွားသည်။ သူမသည်လည်း ချန်းရန်က ယခုလို အခြေအနေမျိုးတွင် ထိုအကြောင်းအရာကို ထုတ်ပြောလာသည်က တစ်စုံတစ်ရာကို အရိပ်အမြွက် ပြနေသည်ဟု ခံစားရသည်။
“ကြည့်…ကြည့်ချင်သေးလို့လား”
မုရှောင်းနွမ်က အံကို ကြိတ်လိုက်သည်။ လှပသော မျက်လုံးက တစ်ချက် လှုပ်ခတ်သွားပြီး အံ့အားသင့်ဖွယ်ကောင်းသော ရေကန်ကဲ့သို့ပင် လှုပ်ခတ်သွားပြီး လူအများ၏ နှလုံးသားကို လှုပ်ရှားစေနိုင်လေသည်။
“မင်းက ဝတ်ချင်သေးလို့လား”
ချန်းရန်၏ မျက်လုံးက တောက်ပသွားသည်။ သူသည်ယခင်တစ်ခေါက်က သေချာပင် မကြည့်လိုက်ရပေ။ သဘာဝကျကျပင် ပြန်ကြည့်ချင်နေသည်။
“ဒါဆိုရင်လည်း”
မုရှောင်းနွမ်က အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“ညကျမှ တစ်ထည်ဝတ်ပြမယ်”
ထို့နောက် ထိုကောင်မလေးက နောက်လှည့်ကာ ပြေးသွားသည်။
83 03
“ရှက်သွားတာ ရှက်သွားတာ”
ချန်းရန်ကမူ လေအေးများကို ရှိုက်သွင်းလိုက်သည်။ ထိုကောင်မလေးက အမှန်တကယ် ဟော့သည်။ ဆိုတော့ ဒီည လုပ်စရာနှစ်ခု ရှိတာပေါ့လေ ဟုတ်လား။
အင်း…ဒီကောင်မလေး သူ ကိုက်ဖို့ အကြွေးတင်နေသေးတယ်။
“ငါ့ကို စောင့်အုံး”
ထိုကောင်မလေးက ထွက်ပြေးသွားကြောင်း မြင်သည်နှင့် ချန်းရန်ကလည်း နောက်မှ အပြေးအလွှား အသည်းအသန်လိုက်ခေါ်သည်။ ထို့နောက် သူက ပြုံးနေရင်း ပရိုဂရမ်အသင်းကို ဦးဆောင်ကာ လိုက်ဖမ်းသည်။
စပျစ်သီးများစိုက်ထားသော နေရာက ထိုစိုက်ခင်းမြေအသစ်၏ အစွန်နားတွင်ဖြစ်သည်။ထိုနေရာတွင် မြေကွက်လပ် ကွင်းပြင်အကျယ်ကြီးရှိသည်။ အနည်းဆုံးတစ်ဧကရှိနိုင်သည်။ ထိုနေရာတွင် စပျစ်ပင်များ အားလုံးစိုက်ထားသည်။
သာမာန်အကျဆုံးက နေရောင် နှင်းဆီ စပျစ်၊ မာလု၊ ကျိုဟိုးနှင့် အခြားသော အမျိုးအစားအသစ် ဘလူးဘယ်ရီ ဆမ်မား ဘလက်ခ်(summer black) တို့ဖြစ်သည်။ ထို့ကြောင့် ရေတွက်ကြည့်မည်ဆိုလျှင် မတူညီသောအမျိုးအစား ဆယ်မျိုးနီးပါးရှိသည်။
“ဘုရားရေ ဒါက ရိုးရိုးရှင်းရှင်းကိုပဲ စပျစ်သီး သုခဘုံပဲ”
ဟယ်လောင်ရှီးကပင် ထိုမြင်ကွင်းကြောင့် မျက်စိကြိမ်းသွားသည်။ အရောင်အသွေး စုံလိုက်တာ အရမ်းလဲလှလိုက်တာ။
“အနံ့ကကို ချိုနေတာပဲ။ ဒီစပျစ်သီးတွေရဲ့ မွှေးရနံ့က နေရာတိုင်းမှာ ပျံ့နေတာ အာ…ငါ ဒီနေရာကို တကယ်ချစ်တယ်”
အစ်မကြီးကျစ်ဖုန်းက လက်မောင်းကို ဖြန့်ရင်း အသက်ကို ပြင်းပြင်းရှူကာ စပျစ်သုခဘုံသို့ ရောက်နေသလိုမျိုး ခံစားမိသည်။
“ဆရာသခင်ချန်း မင်း ဝိုင်ဘယ်လို ချက်မှာလဲ”
ဟွမ်လောင်ရှီးက မနေနိုင်ဘဲ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“ဝိုင်ချက်ဖို့အတွက် ပညာရှင်ဆန်တဲ့ ဖော်မြူလာတွေ လုပ်ဆောင်ဖို့ လိုအပ်တာ မဟုတ်ဘူးလား။ မင်းက ဘယ်လိုလုပ်မှာလဲ”
“ခင်ဗျားတို့က စပျစ်သီးကိုပဲ ခူးပြီး ဆေးပေးဖို့ပဲ တာဝန်ယူပေးနော်”
ချန်းရန်က လျှို့ဝှက်ဆန်းကျယ်သလို ပြောသည်။
“ကျန်တာတွေကိုတော့ ငါနဲ့ လွဲထား”
“ဆရာသခင်ချန်းကိုပဲ အားလုံးလွဲထားလိုက်။ ဆိုတော့ ဆရာသခင်ချန်းက ဝိုင်ချက်တတ်တာလား”
“ဆိုတော့ ဆရာသခင်ချန်းက ဘာမလုပ်တတ်လဲ”
“မြန်မြန်လေး ခူးကြစမ်းပါ။ ပြီးရင် ကြည့်ရအောင် ဆရာသခင်ချန်း ဘယ်လိုလုပ်မယ်ဆိုတာကို”
ဒါရိုက်တာ တိုက်တွန်းသည်။ သူသည်လည်း အားလုံးနှင့်အတူ အလုပ်စလုပ်နေပြီ ဖြစ်သည်။
“အိုး တအားမြန်တာပဲ”
မုရှောင်းနွမ်က ခြေဖျားထောက်ပြီး ခူးသည်။ သူမသည်လည်း စင်ထိပ်မှ စပျစ်သီးများကို လှမ်းခူးလိုသည်။ ဘာလို့ ဒီလောက် အမြင့်ကြီး တက်ပေါက်နေတာလဲ။
“မင်းက စပျစ်သီးခူးမလို့လား”
ချန်းရန်ကပင် စွံ့အသွားသည်။ စပျစ်သီးတစ်ခိုင်ကို ခူးပြီးသည်နှင့် မုရှောင်းနွမ်ကသာ စားပစ်လိုက်ခြင်း ဖြစ်သည်။ ဒီကောင်မလေးက ချိုတာတွေ အကြိုက်ဆုံးပဲ။
“ဟီးဟီး မနေနိုင်လို့လေ”
မုရှောင်းနွမ်က ပန်းလေးတစ်ပွင့်ကဲ့သို့ လှပစွာ ရယ်သည်။ ထိုကောင်မလေးက ချန်းရန်၏ လက်မောင်းကို သနားစဖွယ်လေး လှမ်းဆွဲပြီး လှုပ်ခါကာ ပြောသည်။
“ဒါပေမဲ့ ငါ အပေါ်က အမျိုးအစားတွေ မစားရသေးဘူးဟာကို ချန်းကောကောက ငါ့ကို ချန်းကောကောရဲ့ ပခုံးပေါ် တင်ပေးပြီး လှမ်းခူးနိုင်အောင် လုပ်ပေးပါလား”
“မရဘူး”
83 04
ချန်းရန်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ငြင်းဆန်သည်။
ဘာ…ဘာကိုစီးမယ်။ ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လိုများ အမျိုးသမီးတစ်ယောက်ကို တက်စီးခိုင်းရမှာလဲ။
ရှက်စရာပဲ။
“ယောက်ျား ကျေးဇူးပြုလို့”
မုရှောင်းနွမ်၏ အသံလေးက အလွန်ချိုသည်။
“ငါနင့်ကို စပျစ်သီးကျွေးမယ်လေ”
“ငါစားချင်ရင် ငါ့ဘာသာငါ လုပ်လို့မရဘူးလား”
ချန်းရန်က သူမကို တစ်ချက်ကြည့်သည်။ သို့သော် သဘောမတူသေးပေ။
“မတူဘူးလေ”
မုရှောင်းနွမ်က လျှို့ဝှက်ဆန်းကျယ်သလို ပြောသည်။
“ငါက ယောက်ျားကို ပြည်ပက တင်ပို့လာတဲ့ စပျစ်သီးကျွေးမှာ”
“တင်ပို့လာတဲ့ စပျစ်သီး”
ချန်းရန်ကပင် မှင်သက်သွားပြီး ထိုကောင်မလေးကို သံသယအပြည့်နှင့် ကြည့်သည်။
ဒီကောင်မလေးက စပျစ်သီးအမျိုးအစားတွေ မှတ်မိနိုင်လို့လား။
အဲ့ဒီလိုဆိုမှ ဒီနေရာမှာတော့ ပြည်ပက တင်ပို့လာတဲ့ စပျစ်သီးအမျိုးအစား အနည်းငယ်ရှိတာတော့ အမှန်ပဲ။
သူသည်ပင် ထိုကောင်မလေးက မှတ်မိခြင်း ရှိမရှိ သိချင်သွားသည်။
“ကောင်းပြီလေ ဒါဆိုလည်း ငါ့အတွက် ယူကြည့်ပေး”
ချန်းရန်က ထိုကောင်မလေးကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ”
မုရှောင်းနွမ်၏ မျက်လုံးများက ကောက်ကျစ်စဉ်းလဲစွာ ကွေးသွားပြီးနောက် နံဘေးမှ တစ်ခုကို ကောက်ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်သည်။ ထို့နောက်…
******