ထိုဓားချက် ( ၂ )
Vol. 3 Ch. 44
သန္ဓေပြောင်းသားရဲတစ်ကောင်စ၊ နှစ်ကောင်စကိုတော့ ရွှီချင်း တွေ့ခဲ့ရသည်။
သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းကြောင့် သူ့အသက်ကို ပို၍ ကာကွယ်နိုင်လာသည်။ သူ သတိထားနေလျှင် ပို၍ အဆင်ပြေသည်။
ကောင်းကင်ကြမ္မာပန်းပွင့်နှင့် အမာရွတ်ပျောက်စေနိုင်သော ကျောက်တုံးကို ရှာမတွေ့ခဲ့ပါသော်လည်း သူ ခူးလာခဲ့သည့် ခုနစ်ရွက်မြက်ပင်ပမာဏက နည်းနည်းနောနော မဟုတ်ပေ။ သူ ပြန်ရောက်၍ ရောင်းလိုက်မည်ဆိုပါက ဝိညာဉ်ကြေးပြားအများအပြား စုဆောင်းနိုင်ပေလိမ့်မည်။
ဆည်းဆာနေရောင်ခြည်တန်းများ ကျဆင်းလာသောအခါတွင် တောအုပ်အပြင်ဘက်ရှိ လောကကြီးကို ရွှီချင်း လှမ်းမြင်လိုက်ရသည်။ သူ အပြင်ဘက်ကို ထွက်တော့မည်ပြုစဉ် သူ့ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ သူက ခေါင်းငုံ့၍ ဘေးရှိ ဓားသွားပုံစံမြက်ပင်တစ်ပင်ကို ကြည့်လိုက်သည်။
ထိုမြက်ပင်၏ ပုံပန်းသွင်ပြင်က ကောင်းကင်ကြမ္မာပန်းပွင့်နှင့် တူသယောင်ယောင်ရှိနေသည်။ သို့သော်လည်း အပင်နှင့်အရွက်များကို အနည်းငယ်မျှသာ တီးမိခေါက်မိရှိထားသော သူသည်ပင် အနီးကပ်ကြည့်လိုက်သည်နှင့် ၎င်းက ကောင်းကင်ကြမ္မာပန်းပွင့် မဟုတ်ကြောင်း ပြောနိုင်သည်။
သို့စေကာမူ ရွှီချင်းသည် စဉ်းစားတွေးတောလိုက်ပြီး အပင်ပတ်လည်ကို လိပ်ပြာမလုံစွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ အနည်းငယ် ချီတုံချတုံဖြစ်နေပြီးနောက် သူက အပင်ကို သားရေအိတ်ထဲ ထည့်လိုက်သည်။
သူသည် တောအုပ်ထဲမှ ပြေးထွက်လာပြီး စခန်းရောက်သောအခါတွင် မိုးချုပ်နေပေပြီ။
ညသန်းခေါင်ယံအချိန်သို့ မရောက်သေးသည်ဖြစ်၍ စခန်းက သက်ဝင်လှုပ်ရှားနေ၏။ အထူးသဖြင့် ငှက်တောင်များနှင့် ရွက်ဖျင်တဲများရှိသည့်နေရာများပင်။ အုတ်အုတ်ကျက်ကျက်စည်ကားနေသော ထိုနေရာမှနေ၍ စိတ်လိုလက်ရအော်ညည်းသံများ လွင့်ပျံနေသည်ကို ကြားနိုင်ပေသည်။
ရွှီချင်းက ၎င်းတို့ကို အာရုံမစိုက်ချေ။ သူ အိမ်ပြန်ရောက်သောအခါ ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ရာ အိမ်အပြင်ဘက်၌ လမ်းလျှောက်နေသော ခေါင်းဆောင်လဲ့ကို မြင်လိုက်ရသည်။
ရွှီချင်းမှာ မောပန်းနွမ်းနယ်နေဟန်ရှိပါသော်လည်း ဘာမှမဖြစ်ခဲ့ကြောင်း သူ သတိထားမိသောအခါမှသာ စိတ်အေးသွားသည်။
“ ဘာတွေဒီလောက် ကြာနေရတာလဲ ”
“ ကျနော် ဘုရားကျောင်းကို သွားခဲ့တယ် ”
အိမ်ထဲမှ မီးရောင်နှင့် လရောင်ခြည်ဖြာကျနေသောကြောင့် ခေါင်းဆောင်လဲ့၏ မျက်လုံးများ နီရဲနေပြီး အိပ်ရေးပျက်ထားသည့်အရိပ်အယောင်များကို ရွှီချင်း မြင်လိုက်သည်။
ဤရက်ပိုင်းအတွင်း သူ ကောင်းကောင်း အနားမယူခဲ့ရဟန်တူသည်။ ထိုအကြောင်းအရင်းကို ရွှီချင်း စဉ်းစားကြည့်မိသောအခါ သူ့ရင်ထဲတွင် နွေးထွေးသွားရသည်။
“ ဘုရားကျောင်းလား … ”
ခေါင်းဆောင်လဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။ ရွှီချင်းက ထိုမျှဝေးဝေးအထိ သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ထို့နောက် သူက ရွှီချင်းကို မီးဖိုချောင်ထဲ ခေါ်သွားပြီး အင်္ကျီလက်များကို လိပ်တင်လိုက်သည်။ ရွှီချင်းက စောင့်နေစဉ် သူသည် ပြင်ဆင်ထားသော ပန်းကန်များကို ချပေးလိုက်သည်။
အစားအစာများသည် နွေးထွေးနေဆဲဖြစ်ပြီး လုံးဝမထိရသေးဟန်တူသည်။ ရွှီချင်း မှင်သက်သွား၏။
ခေါင်းဆောင်လဲ့က သူ ပြန်လာမည့်နေ့ရက်ကို မသိသည်မှာ သေချာသည်။ ထို့ကြောင့် သူ ပြန်ရောက်လာသည်နှင့် နွေးထွေးသောအစားအစာများ ချက်ချင်း ရောက်လာသည်မှာ ဖြစ်နိုင်ချေတစ်ခုသာ ရှိသည်။
ယင်းမှာ ခေါင်းဆောင်လဲ့က နေ့တိုင်း အစားအစာများကို ပြင်ဆင်ထားပြီး သူ့အား စောင့်မျှော်နေခြင်းသာ ဖြစ်ရပေမည်။
ရွှီချင်းသည် ပန်းကန်လုံးများနှင့် တူများကို ထယူလိုက်သည်။ ထို့နောက် တူသုံးစုံကို အစဉ်လိုက်ချထားလိုက်ပြီး ထိုင်၍ စားလိုက်သည်။
ဟင်းနံ့က မွှေးကြိုင်သင်းပျံ့နေသည်။ နှလုံးသားထဲတိုင်အောင် ခံစားသွားရစေနိုင်သည့် အရသာရှိသော ဟင်းလျာတစ်ခွက် ဖြစ်ပေသည်။
ခေါင်းဆောင်လဲ့က အနည်းငယ်သာ စားသည်။ အချိန်အများစုတွင် သူသည် အရက်သောက်လိုက်၊ ရွှီချင်းကို ပြုံး၍ ကြည့်လိုက် လုပ်နေသည်။
“ များများစားကွ၊ မင်းက ကြီးထွားတဲ့အရွယ်ကို ရောက်နေတာ။ မင်း များများမစားရင် နောက်ကျ အရပ်ရှည်လာမှာ မဟုတ်ဘူး ”
ထိုစကားကြောင့် ရွှီချင်းသည် ခေါင်းငုံ့သွားသည်။ ခဏအကြာ သူသည် နာခံသည့်အနေဖြင့် ပလုပ်ပလောင်းစားလိုက်လေသည်။ ထို့နောက် ခေါင်းဆောင်လဲ့ကို ဘုရားကျောင်းထဲတွင် မြင်ခဲ့ရသည်များကို ပြောပြလိုက်သည်။
အစက ခေါင်းဆောင်လဲ့သည် အရက်တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့ပါသော်လည်း မကြာခင် ရွှီချင်း၏ဇာတ်လမ်းများထဲ အာရုံစိုက်လာသည်။ ရွှီချင်း၏စကား ဆုံးသောအခါ သူသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ခပ်လေးလေးဖြင့် ပြောလိုက်သည်။
“ အဲဒီအကြောင်းကို လူတွေ အရင်က ပြောတာ ငါ ကြားဖူးတယ်။ ဒါပေမဲ့ အဲဒါက တော်တော်ကြာနေပြီ။ လူတချို့က အဲဒီလိုမြင်ကွင်းမျိုး မြင်ဖူးခဲ့ကြပေမဲ့ သီချင်းသံလိုပဲ အဲဒါကလည်း ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သွားတာပဲ ”
“ အခု ငါ ပြန်စဉ်းစားကြည့်တော့ အဲဒါက သီချင်းသံပေါ်လာပြီး သိပ်မကြာခင် ဖြစ်ပျက်လာတဲ့သဘောရှိတယ် ”
ခေါင်းဆောင်လဲ့ တီးတိုးရေရွတ်လိုက်သည်။သူသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ၏မျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ်သည့်အရိပ်အယောင်များ ပေါ်လာပြီး ဝမ်းနည်းမှုများ ကြီးစိုးလာသည်။
ခေါင်းဆောင်လဲ့ကိုကြည့်၍ သူ မည်သည့်အရာအား တွေးတောနေသည်ကို ရွှီချင်း သိလိုက်သည်။ သူ အနည်းငယ် လိပ်ပြာမလုံသလိုဖြစ်သွားပြီး ထိုအကြောင်း မပြောသင့်ကြောင်း ခံစားလိုက်ရကာ တိတ်ဆိတ်သွားသည်။
ခဏအကြာ ခေါင်းဆောင်လဲ့က အသိစိတ်ပြန်ကပ်လာ၏။ ရွှီချင်း တိတ်ဆိတ်သွားရသည့်အကြောင်းရင်းကို သူ သတိထားမိသွားဟန်တူပြီး ပြုံးလိုက်သည်။
“ မင်းက သိပ်ပါးတဲ့ကောင်ပဲကွ။ ငါက မင်းထင်သလို ပျော့ညံ့တဲ့လူ မဟုတ်ပါဘူး ”
ခေါင်းဆောင်လဲ့က စကားပြောနေရင်း အရက်တစ်ကျိုက်မော့သောက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ထို့နောက် မကြာသေးခင်က စခန်း၌ ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ရွှီချင်းအား ပြောပြလိုက်သည်။
သူသည် အရက်သောက်နေရင်း စကားပြောနေပြီး ရွှီချင်းသည်လည်း အစာစားနေရင်း နားထောင်နေ၏။
သူတို့နှစ်ဦးကိုကြည့်ရသည်မှာ မိသားစုဝင်များအလားပင်။
ထိုညသန်းခေါင်ယံတိုင်အောင် ခေါင်းဆောင်လဲ့သည် နေရာမှာပင်ထိုင်၍ သေရည်သောက်နေသည်။ ရွှီချင်းက စားပွဲခုံကို ရှင်းလင်းပြီးနောက် ခေါင်းဆောင်လဲ့က ပြုံး၍ မတ်တတ်ရပ်လိုက်ပြီး အခန်းပြန်သွားသည်။
ရွှီချင်းသည်လည်း သူ့အခန်းကို ပြန်သွားသည်။ အခန်းထဲ ရောက်သောအခါ အိပ်ယာခင်း အသစ်လဲထားသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် စောင်ကိုသေချာကျနစွာ ခင်းထားပြီး စောင်မှ နေပူလှန်းထားသည့်အနံ့လေးပင် ထွက်နေသည်။
ရွှီချင်းသည် ခေါင်းမော့၍ ခေါင်းဆောင်လဲ့၏အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ခဏအကြာ သူက ခုတင်ဘေးကို လျှောက်သွားပြီး အိပ်ယာခင်းပေါ် ထိုင်ရန်ပြင်လိုက်သည်။ သို့သော် သူ၏ညစ်ပတ်နေသော အဝတ်အစားများနှင့် လက်များကို မြင်သောအခါ အိပ်ယာခင်းကို ပြန်သိမ်းလိုက်ပြီး ခုတင်ပေါ်တွင်ထိုင်၍ မျက်လုံးများမှိတ်ကာ ကျင့်ကြံလိုက်သည်။
မနက်ခင်း ဝေလီဝေလင်းအချိန်၌ ရွှီချင်း နိုးလာသည်။
သူက အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ့ခေါင်းထဲ အတွေးစတစ်ခု ဝင်လာပြီး ရေချိုးခန်းထဲဝင်ကာ လက်များကို ဆေးကြောလိုက်သည်။
လက်ဆေးပြီးသောအခါ သူက အသက်ပြင်းပြင်းရှူ၍ အခန်းထဲမှ ထွက်လာပြီး သမားတော်ကြီး နေထိုင်သည့် ရွက်ဖျင်တဲဆီကို တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
သူ အစောကြီး သွား၍မဖြစ်သလို နောက်ကျမှရောက်သွား၍လည်း မဖြစ်ကြောင်း သူ သိထားသည်။
စောစောသွားပါက သမားတော်ကြီးပိုင် စာသင်သေးမည် မဟုတ်ပေ။ နောက်ကျမှရောက်သွားလျှင် သင်ခန်းစာများကို သူ မီလိုက်မည် မဟုတ်။
ထိုသို့ဖြင့် ရွှီချင်းသည် စဉ်းစားတွေးတောရင်း လျှောက်လာရာ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲအပြင်ဘက်ကို ရောက်သောအခါ စာအံသံများကို ကြားလိုက်ရသည်။
ရွှီချင်းမှာ ရင်ထဲတွင် အလွန် ပျော်ရွှင်သွားရသည်။ သူသည် နေရာမှာပင် တိတ်ဆိတ်စွာ ရပ်ကာ အာရုံစိုက်၍ နားထောင်လိုက်သည်။
“ နှင်းကြာပွင့်စိမ်း၊ အစိမ်းရောင်နှင်းကြာပွင့်လို့လည်း သိကြတယ်။ ရေနှင်းကြာပန်းအနွယ်ဝင်အပင်တစ်ပင်ဖြစ်တယ်။ သင့်တင့်တဲ့အပူပေးလိုက်ရင် အဲဒီပန်းပွင့်ကနေ မွှေးကြိုင်တဲ့သင်းရနံ့ ထွက်လာတယ်။ အဲဒီပန်းပွင့်မှာ အဆုပ်ကိုအားကောင်းစေပြီး သွေးချောင်းဆိုးတာကို သက်သာပျောက်ကင်းစေတယ် ”
ရွက်ဖျင်တဲထဲမှ မိန်းကလေး၏အသံက ပုံမှန်အတိုင်း ထွက်ပေါ်နေသည်။ ရွှီချင်းသည် တဖြည်းဖြည်း အာရုံစိုက်၍ နားစွင့်နေရာမှ အချိန်မည်မျှကုန်လွန်သွားသည်ကို သတိမထားမိတော့ချေ။ မကြာခင် နှစ်နာရီကျော် ကုန်လွန်သွား၏။ ရွက်ဖျင်တဲက ရုတ်တရက် ပွင့်လာပြီး သမားတော်ပိုင်က သူ့ကို ရပ်၍ ကြည့်နေသည်။
“ ဘာကိစ်စလဲ ”
သမားတော်ကြီးပိုင်၏ အကြည့်က စူးရှမနေပါသော်လည်း အရှိန်အဝါအပြည့်ရှိနေသည်။ ရွှီချင်း လွန်စွာ စိုးရိမ်ပူပန်သွားသည်။ သူက အားတင်းလိုက်ပြီး အပြန်လမ်းခရီး၌ ခူးဆွတ်လာခဲ့သောဆေးပင်ကို ထုတ်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့၍ ချိုသာစွာ ပြောလိုက်သည်။
“ သမားတော်ကြီးပိုင် … ကျ … ကျနော် သိချင်တာလေးရှိလို့။ ဒါက ကောင်ကင်ကြမ္မာပန်းပွင့်လားခင်ဗျ ”
ထိုစကားကြောင့် သမားတော်ကြီးပိုင် မှင်သက်သွားသည်။
သူက ထူးဆန်းသော အရိပ်အယောင်များ ရှိနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ယခင်ကထက် များစွာသန့်ရှင်းနေသော လူငယ်လေး၏လက်နှစ်ဖက်ကို သတိထားမိလိုက်သည်။ ခဏအကြာ ရွှီချင်းသည် စိုးရိမ်ပူပန်ကြောင့်ကြလာပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ ဒီတစ်ပင် မဟုတ်ဘူး ထင်တယ် ”
ရွှီချင်းက ခပ်သွက်သွက်အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။ လမ်းခရီး၌ သူ သက်ပြင်းချလိုက်ပါသော်လည်း စိုးရိမ်ပူပန်နေသေးသည်ဖြစ်၍ ရွက်ဖျင်တဲဆီကို လှမ်းကြည့်လိုက်ရာ ရပ်နေသော သမားတော်ပိုင်ကို မြင်လိုက်ရသည်။
သမားတော်ကြီးပိုင်က လူငယ်လေး၏အကြည့်ကို သတိထားမိလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရွှီချင်းသည် ခြေလှမ်းများကို ရပ်၍ လေးလေးနက်နက် အရိုအသေထပ်ပေးကာ ထွက်ခွာသွားသည်။
ရွှီချင်း၏ပုံရိပ် ပျောက်ကွယ်သွားသည့်တိုင်အောင် ကြည့်နေပြီးနောက် သမားတော်ကြီးပိုင်က ရွက်ဖျင်တဲဆီကို ပြန်လျှောက်လာသည်။ ထိုအချိန်၌ အစောင့်အရှောက်များ၊ မူလက ရွက်ဖျင်တဲထဲတွင် ရှိနေသော လူငယ်လေးနှင့် မိန်းကလေးတို့သည် ကြောက်လန့်နေကြကာ တောင့်တောင့်ကြီး ဖြစ်နေကြဟန်တူသည်။
သမားတော်ကြီးပိုင် ထိုင်နေခဲ့သည့်နေရာ၌ စားပွဲတစ်လုံးက နေရာယူထားလေသည်။ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများနှင့် အရက်အကောင်းစားရှိလေသည်။ စားပွဲဘေးတွင် ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးနှင့် အစေခံအဘိုးကြီးတစ်ယောက် ရှိသည်။
ခရမ်းရောင်ဝတ်ရုံနှင့်အဘိုးကြီးသည် သမားတော်ကြီးပိုင်ကို မြင်သောအခါ တဟားဟား ရယ်မောလိုက်သည်။
“ သမားတော်ကြီးပိုင်၊ ဘယ်လိုသဘောရလဲ ”
“ ဘာကိုဘယ်လိုသဘောရရမှာတုံးကွ ”
သမားတော်ကြီးပိုင်သည် ခရမ်းရောင်ဝတ်ရုံနှင့်အဘိုးကြီး ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် အံ့အားသင့်သွားပုံ မရချေ။ သူက မလှုပ်မယှက်ဖြစ်နေသော လူများနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်မနေပေ။ သူက ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်၍ အရက်တစ်ကျိုက် သောက်လိုက်သည်။
“ ကျုပ် အဲဒီကလေးအကြောင်းကို ပြောနေတာ၊ ကျုပ် အရင်တစ်ခေါက်တုန်းက ခင်ဗျားကို စောင့်နေရင်း ရွက်ပုန်းသီးလေးတစ်ခုကို တွေ့ခဲ့တယ်လို့ ခင်ဗျားကို ပြောထားတာလေ ”
ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးက ပြုံး၍ ပြောသည်။
“ ရွက်ပုန်းသီး … စာသင်တာကို လာခိုးနားထောင်တဲ့ကလေးကို ပြောတာလား။ ပထမတစ်ကြိမ်တုံးကတော့ ခိုးနားထောင်တာ၊ ဒုတိယအကြိမ်ကျတော့ ခိုးနားထောင်ရဖို့အရေး ကောင်းကင်ကြမ္မာပန်းပွင့်လားဆိုပြီး ဆေးပင်တစ်ပင်ကို ကြုံရာကောက်ပြီး လာမေးတာ။ နေ့တိုင်း စာခိုးနားထောင်ရဖို့ ဆေးပင်တွေကို အကြောင်းပြပြီး လာမေးဦးမှာ ငါ ပြောရဲတယ်။ မင်းသာ ငါ့ကို ကြိုပြောမထားရင် အဲ့ကလေးနောက်ကို လိုက်ကြည့်တာ ကြာနေပြီ ”
သမားတော်ကြီးပိုင်က မကျေမနပ်ဖြစ်နေဟန်ဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးကို ကြည့်၍ အေးစက်စက်နှာမှုတ်လိုက်သည်။
ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးက တဟားဟား ရယ်မောလိုက်၏။
“ ခင်ဗျားက နှုတ်ကြမ်းပေမဲ့ စိတ်ထားကောင်းတယ်ဆိုတာ ကျုပ် သိပါတယ်ဗျာ။ ခင်ဗျားရဲ့ အကျင့်ဆိုးနဲ့ဆိုရင် အဲဒီကလေးသာ ပါရမီမရှိရင် ဘယ်သူမိတ်ဆက်ပေးနေနေ အသုံးမဝင်ပါဘူး ”
သမားတော်ကြီးပိုင်က အေးစက်စက်နှာမှုတ်လိုက်ပါသော်လည်း ချေပပြောဆိုခြင်း မပြုပေ။
“ အဲဒီကလေးကို ချီရွှဲ့ထုံဂိုဏ်းကို ခေါ်သွားမလို့ မင်း စီစဉ်နေတာလား။ မင်းနေရာက ယုတ်မာကောက်ကျစ်မှုတွေနဲ့ ပြည့်နေတာနော်။ မင်းက ပညာရှင်ဖြစ်မယ့်ကလေးကို ဖျက်ဆီးဖို့ ကြံနေတာလား ”
“ ဘယ်လိုလုပ် ဖျက်ဆီးပစ်ရမှာလဲဗျာ။ ပညာရှင်ဖြစ်တော့ ဘာအသုံးဝင်မှာမလို့လဲ။ ဒီလောကကြီးထဲမှာ ကျင့်ကြံခြင်းက အရေးအကြီးဆုံးပဲ ”
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးက မျက်ခုံးမွှေးများကိုပင့်၍ ပြန်ဖြေလိုက်သည်။
“ ပညာရှင်က အသုံးမဝင်ဘူးပေါ့။ ဒါဆို မင်းက ဘာလို့ ငါ့လို သာမန်လူတစ်ယောက်ကို ဒီနေရာအထိ လာပြီး စောင့်နေရသေးတာတုံး။ မင်းပဲ င့ါကို ခဏခဏ မင်းရဲ့ ချီရွှဲ့ထုံဂိုဏ်းကို ဖိတ်နေတာလေ ”
သမားတော်ကြီးပိုင်က ဒေါသတကြီး ပြောလိုက်သည်။
“ ခင်ဗျားက မတူဘူးလေ ”
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုက ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။
“ ငါက ဘာတွေများ ထူးခြားနေလို့တုံး ”
သမားတော်ကြီးပိုင်က ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးကို စိတ်တိုသောအမူအရာဖြင့် ဒေါသတကြီး မေးမြန်းလိုက်သည်။
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးသည် ကူကယ်ရာမဲ့စွာ နဖူးကို လက်ဖြင့် ရိုက်၍ ပြောလိုက်သည်။
“ အိုက်ယား၊ ကျုပ် လုပ်စရာတစ်ခုရှိသေးတာကို အခုမှ မှတ်မိတယ်။ သမားတော်ကြီးပိုင်ရေ … ကျုပ် အရင် သွားတော့မယ်ဗျာ။ မနက်ဖန်ကျမှပဲ ခင်ဗျားကို လာအဖော်လုပ်တော့မယ် ”
ထိုသို့ပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးက မတ်တတ်ရပ်ကာ ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော် သူက မထွက်သွားခင် သမားတော်ကြီးပိုင်ဘက်သို့လှည့်၍ လေးနက်စွာ ပြောလိုက်သည်။
“ သမားတော်ကြီးပိုင်၊ အဲဒီကောင်လေးက ပါရမီရှိတယ်လို့ မြင်ရင် နည်းနည်းပါးပါးလောက် သင်ပေးလိုက်ပါဗျာ။ ချီရွှဲ့ထုံဂိုဏ်းမှာ သူ့ကို ပညာရှင်တစ်ယောက် ဖြစ်ခွင့်ပေးလိုက်ပါလား ”
ပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးကြီးသည် အစေခံအဘိုးကြီးနှင့်အတူ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် ရွက်ဖျင်တဲထဲရှိ ငြိမ်သက်နေသည့်အခိုက်အတန့်က ချက်ချင်း ပျက်ပျယ်သွားသည်။ သို့ပေမည့် အစောပိုင်းက မူမမှန်သောဖြစ်ရပ်ကို တစ်ယောက်မှ သတိမထားမိကြပေ။
အစောင့်အရှောက်များသည်လည်း စောင့်မြဲအတိုင်း စောင့်ကြပ်နေကြသည်။ လူငယ်လေးသည်လည်း စိတ်တိုနေဆဲဖြစ်ပြီး မိန်းကလေးသည်လည်း သူမကိုယ်သူမ ဂုဏ်ယူနေဆဲပင်ဖြစ်သည်။
သမားတော်ကြီးပိုင်သည်သာ မကြာသေးခင်က ရွှီချင်း ထွက်ခွာသွားသည့်အရပ်ကို လှမ်းကြည့်၍ အတွေးနက်နေလေသည်။