← Chapters

ဘာလို့ရူးသွပ်နေရတာလဲ

Vol. 13 Ch. 192

ဘာလို့ရူးသွပ်နေရတာလဲ

Vol. 13 Ch. 192

ရေသူမမျိုးနွယ် သက်ဝင်ယုံကြည်သည့် နတ်ဘုရားကို ‘ ကျူးယင် ’ ဟု ခေါ်သည်။

‘ နတ်ဘုရား ’ ဆိုသည့်ဘွဲ့ကို ရေသူမမျိုးနွယ်က ယုံကြည်သက်ဝင်သည့်အနေဖြင့် ပေးထားခြင်း ဖြစ်သည်။ အမှန်စင်စစ် ၎င်းက ပင်လယ်ကြမ်းပြင်မှ ထူးဆန်းသော နတ်သတ္တဝါတစ်ကောင်သာ ဖြစ်သည်။

သို့တိုင်အောင် ပင်လယ်ကြမ်းပြင်၌ နှစ်ခြိုက်စွာ အိပ်စက်နိုင်သည့် နတ်သတ္တဝါများက အလွန် အစွမ်းထက်ကြသည်။ သူတို့၏ တန်ခိုးစွမ်းအားများက မျိုးနွယ်စုအများစုအတွက် စိတ်ကူးဖြင့်မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်ပေသည်။

နတ်ဘုရား၏ မျက်နှာပျက်ကြီး မရောက်ခင်က ဝမ်ကူးဒေသကြီးနှင့် အဆုံးမဲ့ပင်လယ်ပတ်လည်တွင် ပင်လယ်သတ္တဝါများ ရှိပါသော်ငြား နတ်ဘုရား၏မျက်နှာပျက်ကြီးကြောင့် ပြောင်းလဲသွားသည့် သတ္တဝါများနှင့် ယှဉ်ပါက အစွမ်းနိမ့်ကျနေပေသည်။

ကောင်းကင်ယံရှိ နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါကို ပိုင်ဆိုင်သွားသည့် ထိုကဲ့သို့သတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည်။ ထိုသတ္တဝါများကို နတ်သတ္တဝါများဟူ၍ ခေါ်ကြသည်။

တချို့မျိုးနွယ်များက ထိုနတ်သတ္တဝါများကို လေ့လာခဲ့ကြပြီး တားမြစ်နယ်မြေများထဲရှိ မကောင်းဆိုးဝါးမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ကျူးယင်သည်လည်း ထိုကဲ့သို့ နတ်သတ္တဝါများအနက် တစ်ကောင်ဖြစ်သည်။

အမှန်စင်စစ် သာမန်လူများအတွက် ၎င်းကို ‘ နတ်ဘုရား ’ အဖြစ် ယူဆနိုင်သည်။

ထိုနတ်သတ္တဝါများက ခေတ်ပေါင်းများစွာကြာသည်အထိ အထွတ်အထိပ်သတ္တဝါများအဖြစ် နေရာယူထားခဲ့ပြီး မရေမတွက်နိုင်သော မျိုးနွယ်စုလေးများက နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့ကြသည်။ မျိုးနွယ်စုကြီးများသည်ပင် ၎င်းတို့ကို စိုးရိမ်ထိတ်လန့်ခဲ့ရ၏။

သို့သော်လည်း ခေတ်အလီလီ ကျော်လွန်လာခဲ့ပြီး ဤလောကကြီးထဲတွင် ရှင်သန်နိုင်ခဲ့ကြသည့် မျိုးနွယ်များတွင် နတ်သတ္တဝါများကို ခုခံရန် နည်းလမ်းကိုယ်စီ ရှိလာကြသည်။

တချို့မျိုးနွယ်များက သာမန်နတ်သတ္တဝါများကို ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။ တားမြစ်ဒေသများ၏ ဧကရာဇ်များကိုပင် ယှဉ်တိုက်နိုင်သော မျိုးနွယ်စုကြီးများလည်း ရှိသည်။

လူသားမျိုးနွယ်က နေရာအနှံ့အပြားတွင် ပြန့်ကျဲနေပါသော်ငြား မျိုးနွယ်ကြီးများအနက် တစ်ခုဖြစ်သည်။

ထိုစဉ် ပင်လယ်ရေမျက်နှာပြင်က တဝုန်းဝုန်းမြည်ဟည်းနေပြီး ကျူးယင်က ရေသူမကျွန်းသို့ တဟုန်ထိုး လျှောက်လာသည်။ ရေသူမကျွန်းအထက်ရှိ လေထဲ၌ တောင်ပံကြီးပေါ် မတ်တတ်ရပ်နေသော သတ္တမမြောက်သခင်ကြီးက ပင်လယ်ကြီးကို ကြည့်လိုက်သည်။

“ ကျိန့်ခိုင်ယီ၊ ကျူးယင်ရောက်လာရင် သေချာပေါက် သွေးချောင်းစီးမှာနော်။ မင်းဂိုဏ်းနဲ့ ငါ့မျိုးနွယ်ဆိုတာ ဒီလိုမျိုး စစ်ပွဲကြီး ဖြစ်နေဖို့မလိုဘူး။ ငါတို့က မဟာမိတ်တွေမလား။ မင်းတို့နဲ့ မဟာမိတ်ဆက်လုပ်ပြီး အကျိုးအမြတ်တွေအားလုံး မင်းတို့ကို ပေးဖို့အသင့်ပဲ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်ခိုက်ဖို့တောင် ငါ့မျိုးနွယ် ကူညီပေးနိုင်တယ် ”

ရေသူမဘိုးဘိုးက အသက်ပြင်းပြင်းရှူ၍ အလျင်အမြန် ပြောလိုက်သည်။

“ သိပ်နောက်ကျသွားပြီ ”

အမှတ်ခုနစ်သခင်ကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ သူက ရေသူမဘိုးဘိုးကို လျစ်လျူရှု၍ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့အသံက အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

“ လူသားမျိုးနွယ်ရဲ့ တိုက်ပွဲဝင်အလံ ”

သူ့စကားဆုံးသည်နှင့် သူ့အောက်ရှိ တောင်ပံကြီးမှ အသွင်ပြောင်းထားသော နဂါးကြီးက ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။ ဘေးပတ်လည်ရှိ အကြီးအကဲဆယ့်သုံးယောက်က မထူးခြားသည့်အမူအရာများဖြင့် ခေါင်းများငုံ့လိုက်ကြသည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာသည်လည်း အလားတူ ပြုမူလိုက်ကြသည်။

နဂါးဟိန်းသံကြီးနှင့် လေးစားသောအကြည့်များကြားတွင် နဂါးကြီး၏ ကျောထက်ရှိ အမြင့်ဆုံး အဆောက်အအုံမှ ဧရာမအလံကြီးတစ်ခု ရုတ်ခြည်း ပျံတက်လာသည်။

ထိုအလံက ပေတစ်ထောင်ရှည်ပြီး နဖူးစည်းစာသားအရောင်က ရောယှက်နေသည်။ ၎င်းတွင် မရေမတွက်နိုင်သော သတ္တဝါများ၏ သွေးများ စွန်းထင်းထားပြီး အလံကြီးတစ်ခု၏ ထောင့်စွန်းတစ်ခုအလား စုတ်ပြဲနေဟန်တူသည်။

လေ တဟူးဟူး တိုက်ခတ်လိုက်သည်နှင့် ၎င်းထံမှ လောကကြီးကို တုန်ခါသွားစေနိုင်သည့်် သွေးအေးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါက ပြင်းထန်လွန်း၍ ကောင်းကင်ကြီး အေးခဲကာ ပင်လယ်လှိုင်းများ ရပ်တန့်သွားဟန်တူသည်။

၎င်းက အချိန်၊ မျိုးနွယ်များနှင့် သတ္တဝါအားလုံးကို ဖိနှိပ်နိုင်သည့်အလားပင်။ နတ်သတ္တဝါများသည်ပင် ၎င်းရှေ့မှောက်တွင် ဦးညွတ်ကြရမည်ဖြစ်သည်။

မရေမတွက်နိုင်သော နတ်သတ္တဝါများ ထိုအလံအောက်တွင် အသတ်ခံလိုက်ရသည့်အလား အလံပေါ်ရှိ သွေးနှောများထံမှ နတ်အငွေ့အသက်တစ်ခု တဟုန်းဟုန်း ထွက်ပေါ်နေသည်။ ဓာတ်နှောများ၏ ကြားတွင် အလွန်သန့်စင်သော ရွှေရောင်သွေးတစ်စက် ရှိနေ၏။

ထိုသွေးတစ်စက်က နတ်သတ္တဝါများထက် သာလွန်ပြီး ကောင်းကင်ယံရှိ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် နီးစပ်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

“ လူသားမျိုးနွယ်ရဲ့ တိုက်ပွဲဝင်အလံပဲ။ ချီရွှဲ့ထုံဂိုဏ်းက ဒီလိုမျိုး လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ် ရတနာကို ပိုင်ဆိုင်ထားတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါက အစွန်းပိုင်းပဲ ရှိနေရင်တောင် ဝမ်ကူးဒေသက ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ရဲ့ ပစ္စည်းပဲ ”

ရေသူမဘိုးဘိုး၏မျက်နှာ ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူ စိတ်ဓာတ်ကျစွာဖြင့် အသံတိမ်ဝင်သွားဟန်တူသည်။

ရေသူမဘိုးဘိုး၏ စူးစူးဝါးဝါးအသံ ပဲ့တင်ထပ်သွားပြီး တိုက်ပွဲဝင်အလံကြီး တဖျပ်ဖျပ်လွင့်သွားသောအခါတွင် ၎င်းထံမှ ချုပ်အားတစ်မျိုး ထွက်ပေါ်လာပြီး ပုံရိပ်ယောင်လက်ချောင်းတစ်ချောင်း ဆန့်ထွက်လာ၏။

ထိုလက်ချောင်းက အချိန်မြစ်ကြီးထဲမှ ပေါက်ဖွားလာသည့်အလား အဆုံးမဲ့အချိန်စိတ်ဆန္ဒများ ပါဝင်နေသည်။ ၎င်းက မည်သည့်ဖိအားမှ ထုတ်လွှတ်မထားပါသော်ငြား ၎င်းကို မြင်လိုက်ရသည့်လူတိုင်း စိတ်ဗလာကျင်းသွားသလို ခံစားလိုက်ကြရသည်။

ထိုလက်ချောင်းက ကောင်းကင်တာအိုကို ကိုယ်စားပြုနေသည့်အလားပင်။ ပင်လယ်ကြီးဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။

ရုတ်တရက် ပင်လယ်ရေမျက်နှာပြင်ရှိ ကီလိုမီတာငါးထောင်ပတ်ခြာလည်က ဆူပွက်သွားပြီး ကျဉ်းနက်ကြီးတစ်ခုအသွင် ဖြစ်သွားကာ စူးစူးဝါးဝါးအော်ဟစ်နေသည့် ကျူးယင် ပေါ်လာသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ လက်များအားလုံးထဲမှ မျက်လုံးများ တစ်ပြိုင်နက်တည်း ပွင့်လာပြီး ခုခံလိုက်ပါသော်ငြား အသုံးမဝင်ပေ။ လက်တစ်ဝက်ကျော် ပျက်စီးသွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်မှ ငါးအရိုးဝတ်ရုံသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ၎င်း၏ နောက်ကျောမှ လျှာကြီး ခြောက်ကပ်သွားပြီး ၎င်း၏တစ်ကိုယ်လုံး အလျင်အမြန် ပုပ်သိုးဆွေးမြေ့လာသည်။

၎င်း၏ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အသားနှင့်သွေးများအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏လက်ကျန်ခန္ဓာကိုယ်တစ်ဝက်မှာ စူးစူးဝါးဝါး အော်ဟစ်နေရာ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီးနောက် ၎င်းက ပင်လယ်နက်ထဲသို့ ပျံပြေးသွားသည်။

ထိုမြင်ကွင်းကို တခြားရေသူမကျွန်းသုံးကျွန်းပေါ်မှ မမြင်နိုင်ဘဲ ကျူးယင်ကျွန်းပေါ်မှ ကျင့်ကြံသူများသာ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။

သို့သော်လည်း ရေအောက်မှ ဂိုဏ်းသားများက ထိုမြင်ကွင်းကို မမြင်နိုင်ပေ။

ထူးခြားသော ပညာရပ် သို့မဟုတ် ထူးဆန်းသော ပစ္စည်းဖြင့်သာ ရေအောက်လောကရှိ ကျင့်ကြံသူများအနေဖြင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို မြင်နိုင်မည်ဖြစ်သည်။

ဥပမာအနေဖြင့် လင်းရှီမျက်လုံးပင်။

ရေအောက်လောက၌ ဘုရားကျောင်းထဲရှိ ရွှီချင်းမှာ မျက်လုံးများ ပြူးကျယ်နေ၏။ သူ့ရှေ့မှ လင်းရှီမျက်လုံးကို သူ ငေးစိုက်ကြည့်ရင်း ရင်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်နေ၏။

ထိုမျက်လုံးထဲတွင် ကောင်းကင်ယံရှိ တောင်ပံကြီးနှင့် အလံပုံရိပ် ထင်ဟပ်နေသည်။ လက်ချောင်း ဖိနှိပ်လိုက်ပြီးနောက် ပင်လယ်ရေပွက်ပွက်ဆူကာ ကျူးယင်၏ခန္ဓာကိုယ်တစ်ပိုင်း ပျက်စီးသွားသည်ကိုလည်း ၎င်းတွင် ပေါ်လာသည်။

သို့သော်လည်း ယင်းသည် လင်းရှီမျက်လုံး၏ အကန့်အသတ်သို့ ရောက်သွားပြီဖြစ်သည်။ မျက်လုံးက ကြောက်မက်ဖွယ်ကောင်းသော ထိုမြင်ကွင်းကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ပေါက်ကွဲသွားသည်။

၎င်း ပေါက်ကွဲသွားသည်နှင့် ခေါင်းဆောင်က ရွှီချင်းနှင့် ကျန်းစန်းတို့ကို အံ့သြတုန်လှုပ်သွားစေသည့်အရာတစ်ခု လုပ်လိုက်သည်။

သူက လက်တစ်ဝါးအရွယ် အနီရောင်အသားတစ်ပိုင်းကို ထုတ်၍ ဘေးရှိ ကျူးယင်ရုပ်ထု၏ ခန္ဓာကိုယ်ပေါ် ဖိကပ်လိုက်သည်။

ရုတ်တရက် ထိုအသားပိုင်းက အရည်ပျော်သွားပြီး ရုပ်ထုတစ်ခုလုံး စီးဝင်သွားသည်။ ၎င်းက ရုပ်ထုကို ဝါးမျိုလိုက်သည့်အလားပင်၊ ထူးဆန်းသော တဂျွတ်ဂျွတ်မြည်သံများ ထွက်လာသည်။ ရုပ်ထုတစ်ခုလုံးကို ဝါးမျိုလိုက်ပြီးနောက် အလယ်တွင် အပေါက်တစ်ပေါက် ရှိနေသည့် ဧရာမအသားပိုင်းကြီးတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ယင်းက အသွေးအသားဂိတ်တံခါးကြီးအလားပင်။

ယင်းက တဖျပ်ဖျပ် လူးလွန့်နေပြီး အချိန်မရွေး တွန့်လိမ်ရှုံ့တွကာ ညှိုးခြောက်သွားတော့မည့်အလားပင်။

အပေါက်အတွင်း၌ မည်းမှောင်နေပါသော်လည်း အနီးကပ်ကြည့်ပါက နက်ရှိုင်းသောပင်လယ်ကြီး ဖြစ်ဟန်တူသည်။ ရံဖန်ရံခါ မြင်ကွင်းတချို့ ပေါ်လာပြီး ကျိုးပဲ့နေသော ခြေလက်များနှင့် အသားစများကို မြင်နိုင်သည်။

ထိုခြေလက်အကျိုးအပဲ့များနှင့် အသားစများက ပျက်စီးသွားသော ကျူးယင်ခန္ဓာကိုယ်တစ်ပိုင်း ဖြစ်သည်။ နက်ရှိုင်းသော ပင်လယ်ကြီးထဲ၌ ၎င်းတို့က အလွန်ဆွဲဆောင်မှုရှိနေပြီး နေရာအနှံ့အပြားမှ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာကာ ၎င်းတို့ကို ဝါးမျိုချင်နေသည့်အလား ပြေးလာကြသည်။

ထိုအရှိန်အဝါများက ပြင်းထန်လွန်းလှသည်ဖြစ်၍ ရွှီချင်းမှာ အသားထဲရှိ အပေါက်မှတစ်ဆင့် ၎င်းတို့ကို ကောင်းစွာ အာရုံခံနိုင်သည်။ ထိုအရှိန်အဝါများအနက် မည်သည့်အရှိန်အဝါမဆို သူ့ကို ချက်ချင်း သတ်ပစ်နိုင်သည်။ လေထဲရှိ ချီရွှဲ့ထုံဂိုဏ်းအကြီးအကဲများမှာ ကြိုတင်မှာကြားခံထားရဟန်တူပြီး ထိုတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲခြင်းမပြုပေ။

သို့သော်လည်း ခေါင်းဆောင်၏မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး သူ၏မျက်နှာတွင် မကြုံစဖူး ရူးသွပ်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူ၏အသားထဲရှိ အပေါက်ကို လှမ်းကြည့်လိုက်ပြီးနောက် သူက နီမြန်းနေသော မျက်လုံးများဖြင့် ရွှီချင်းနှင့် ကျန်းစန်းကို အလျင်စလို ပြောလိုက်သည်။

“ မင်းတို့ရည်ရွယ်ချက်တွေကို ငါ သိပါတယ်။ ငါ မင်းတို့ကို မလိမ်ဘူး။ မင်းတို့ကို ဒီနေရာကို ရတနာ ရှာဖို့ သွားမယ်လို့ ငါ ပြောခဲ့သလိုပဲ ရတနာတွေရှာဖို့ လာတာပါပဲ ”

“ ကျန်းစန်း၊ ဒါ မင်းလိုချင်တာမလား။ ရေသူမမျိုးနွယ်ရဲ့ ငါးပျံချပ်ဝတ်တန်ဆာ ပြုလုပ်နည်း ရုပ်ပုံလေ ”

ခေါင်းဆောင်က ပြောရင်းဆိုရင်း သူ့အိတ်ထဲမှ အနီရောင်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။ ထိုကျောက်စိမ်းပေလွှာက ထူးဆန်းသော အငွေ့အသက်များ ထုတ်လွှတ်နေပြီး ထိုကျောက်စိမ်းပေလွှာထဲမှ ပစ္စည်းက အသိဉာဏ်ရှိနေဟန်တူကာ ကျောက်စိမ်းပေလွှာထဲမှ ထွက်လာပြီးနောက် ချပ်ဝတ်တန်ဆာအရိပ်အယောင်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချပ်ကြည့်ရုံဖြင့် ယင်းက အလွန် ထူးခြားမည်ကို ပြောနိုင်သည်။

ကျန်းစန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ၎င်းကို ဖမ်းဆုပ်ချင်နေသည်။

“ ဘာလို့ အဲဒါက မင်းနဲ့ ရှိနေတာတုံး ”

ခေါင်းဆောင်က ပြုံးလိုက်ပြီး အနီရောင်ကျောက်စိမ်းပေလွှာကို ကျန်းစန်းအား ပေးလိုက်သည်။ ကျန်းစန်းက ရတနာကို စိတ်လှုပ်ရှားစွာ ယူလိုက်စဉ် ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။

“ ရွှီချင်း၊ မင်းက အခြေတည်အဆင့်ဆေးလုံးတွေ လိုချင်တာမလား။ ဒီမှာ သုံးလုံးရှိတယ်။ ဒီဆေးလုံးတွေရဲ့ အရည်အသွေးက သာမန်ဆေးလုံးတွေထက် အများကြီး မြင့်သလို သိပ်အဖိုးတန်တယ်။ ထိပ်တန်းအဆင့်ဆေးလုံးတွေပဲ။ သာမန်အခြေတည်ဆေးလုံးတွေ မယှဉ်နိုင်ဘူး ”

ခေါင်းဆောင်က ပြောရင်းဆိုရင်း ကျောက်စိမ်းသေတ္တာကို ထုတ်၍ ရွှီချင်းထံ ပစ်ပေးလိုက်သည်။

“ ဘယ်လိုလဲ၊ မင်း လိုချင်တယ်မလား ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ဖမ်းယူကာ ဖွင့်ကြည့်လိုက်သည်။ ကျောက်စိမ်းသေတ္တာထဲတွင် ထူးဆန်းသော ရနံ့များ ထွက်ပေါ်နေသည့် အပြာရောင်ဆေးလုံးသုံးလုံး ရှိနေသည်။ ထိုဆေးလုံးများက အသက်ရှိနေသည့်အလား ဘေးပတ်လည်တွင် မြူခိုးအနည်းငယ် ရစ်ဝဲနေ၏။

ရွှီချင်း၏ စိတ်ထဲ တုန်ခါသွားရသည်။ သူက သေတ္တာကို သိမ်းဆည်းလိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်က ထိုကဲ့သို့ ပစ္စည်းများအား ယခုလို အလွယ်တကူ ပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။

“ အဲဒါ ရဖို့ ငါ တော်တော်လေး ကြိုးစားခဲ့ရတယ်။ မင်းတို့နှစ်ယောက်ကို ငါ ကူညီပြီးပြီဆိုတော့ မင်းတို့ကလည်း ငါ့ကို ကူညီပေးရမယ်။ ဒီနေရာမှာ ငါ့ကို စောင့်ပေးဖို့ ကူရမှာ။ သိပ်မကြာပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ ”

“ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန် ကုန်သွားလို့ ငါ ပြန်ရောက်လာရင် မင်းတို့ကို ငါ ရခဲ့တဲ့ ပစ္စည်းတွေ ခွဲပေးမယ်။ တကယ်လို့ အဲဒီအချိန်အတွင်းမှာ ငါ ပြန်ရောက်မလာရင် မင်းတို့လမ်းကို မင်းတို့ ဆက်သွားလို့ရတယ်။ ငါ့ကို ဂရုစိုက်စရာမလိုတော့ဘူး ”

“ ငါ အခု ကျူးယင်ရဲ့ အသွေးအသားကို သွားယူမလို့။ အဲဒါက ရေသူမမျိုးနွယ်ရဲ့ နတ်ဘုရားပဲ။ ငါ အထဲမှာ မသေဖို့ မင်းတို့ကောင်တွေ ဆုတောင်းထားကြ။ ငါ အသက်ရှင်ရက် ပြန်ရောက်လာရင် ငါတို့ ချမ်းသာပြီ။ နားလည်တယ်နော် ”

ထိုစကားကို ကြားသောအခါ ရွှီချင်း၏ ရင်ထဲ ဝုန်းဒိုင်းကြဲသွားရသည်။ အသားကြီးထဲရှိ အပေါက်မှတစ်ဆင့် ခြေလက်အကျိုးများနှင့် အသားစများကို သူ ကြည့်လိုက်ပြီး ၎င်းတို့ထံ ချဉ်းကပ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါများကိုလည်း ကြည့်လိုက်သည်။ ထို့နောက် ခေါင်းဆောင်၏ မျက်လုံးများထဲရှိ ရူးသွပ်သည့်အရိပ်အယောင်များကို သူ ကြည့်လိုက်သည်။ ခေါင်းဆောင်က ရူးသွပ်နေသည့်ပမာ သူ ခံစားလိုက်ရသလို အသက်ရှင်နေသည်မှာ ကြာနေပြီဖြစ်၍ အသက်နှင့် ကစားချင်နေသလိုလည်း ခံစားလိုက်ရသည်။

ထိုကဲ့သို့ လူမျိုးကို ယခင်က သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထိုလူများတွင် ရလဒ်နှစ်မျိုးသာ ရှိမည်ဖြစ်ပြီး သေလျှင်သေ၊ မသေလျှင် ကြီးမားသော အကျိုးအမြတ်များ ရသွားမည် ဖြစ်သည်။

ခေါင်းဆောင် အကျိုးအမြတ်များ ရသွားရန်သာ သူ မျှော်လင့်ထား၏။ ထို့ကြောင့် သူက မေးလိုက်သည်။

“ အသက်ရှင်ရက် ပြန်ရောက်နိုင်ချေများအောင် ဘယ်လိုလုပ်လဲ ”

ခေါင်းဆောင်က တဟားဟား ရယ်မောကာ အလျင်အမြန် ပြောလိုက်သည်။

“ ဘာမှလုပ်လို့မရဘူး။ ကံကြမ္မာအပေါ် မူတည်တယ်”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ အသက်ရှင်နေတာ ဘာလုပ်ဖို့လဲ။ ပျော်ဖို့ပဲမလား။ ငါ ဒီလိုမျိုး အသက်နဲ့ရင်းပြီး ခဏခဏ ကစားဖူးပါတယ်ကွ ”

ခေါင်းဆောင်က အသက်ဝဝရှူသွင်းလိုက်ပြီး သူ့မျက်လုံးများထဲမှ ရူးသွပ်သည့်အရိပ်အယောင်များက အရှိန်အဟုန်မြင့်တက်လာသည်။ သူက အသားပိုင်းကြီး၏ အပေါက်ဆီ သွားကာ အထဲသို့ အလျင်အမြန် တွားသွားလိုက်သည်။

သူ့သေတွင်းကို တူးနေသည့်အလား ပျက်စီးသွားခဲ့ပြီဖြစ်သော ကျူးယင်၏ခန္ဓာကိုယ်တစ်ပိုင်းရှိရာ နေရာသို့ သူ အလျင်အမြန် သွားလိုက်သည်။

သူ ဝင်ရောက်သွားသည်နှင့် ဧရာမအသားပိုင်းကြီးက အချိန်ကြာမြင့်စွာ တောင့်ခံမထားနိုင်သည့်အလား အရှိန်ပြင်းစွာ တုန်ခါကာ ၎င်း၏ အစွန်အဖျားနေရာများတွင် ခြောက်ကပ်လာသည်။

ကျန်းစန်းက ငြိမ်သက်နေ၏။ အချိန်အတော်ကြာပြီးနောက် သူ ခပ်တိုးတိုး ပြောလိုက်သည်။

“ ကိုယ့်သေတွင်းကိုယ် တူးတဲ့ ဒီလိုမျိုး ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို မင်း မြင်ဖူးလား ”

ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။ ယခုအခါတွင် ခေါင်းဆောင်က သူ့ဗိုက်ကိုခွဲကာ သူက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ကြောင်း ပြောလာခဲ့သည့်တိုင်အောင် သူ ယုံမည်မဟုတ်ပေ။ ထို့နောက် သူက ပြောလိုက်သည်။

“ ပင်မမြို့ကြီးထဲမှာ ခေါင်းတလားတွေက ဈေးကြီးလား ”

“ အရင်တုန်းက သူ့ဖို့ ငါ ပြင်ထားသေးတယ်။ နောက်ကျ ဘာမှအသုံးမဝင်လို့ ဖျက်ဆီးပစ်လိုက်တာ။ သြော် ဟုတ်သားပဲ။ မင်းကို မှော်လှေလုပ်ပေးတုန်းက အဲဒီအခေါင်းကို ဖျက်ဆီးပစ်လိုက်တာပဲ။ ငါ ပစ္စည်းမလောက်လို့ အဲဒီအခေါင်းက ပစ္စည်းတွေ သုံးလိုက်ရတယ်။ ငါ ပြန်ရောက်ရင် နောက်တစ်လုံး လုပ်ရမှာပဲ ”

ကျန်းစန်းက သက်ပြင်းချ၍ ဆိုသည်။

“…”

ရွှီချင်း ငြိမ်သက်သွားသည်။ အချိန်အတော်ကြာပြီးနောက် ဘုရားကျောင်းအပြင်ဘက်သို့ သူ လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများ မှေးသွားကာ ခပ်တိုးတိုးပြောလိုက်သည်။

“ တစ်ခုခု လာနေတယ် ”

ရွှီချင်း ပြောလိုက်သည့်အခိုက် အဆိပ်၏ တိုက်စားခြင်း ခံလိုက်ရသည့်အလား ဘုရားကျောင်းအပြင်ဘက်မှ တရှဲရှဲမြည်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံက အလွန် ကျယ်လောင်ပါသော်လည်း အပြင်ဘက်လောကတွင် ဘာမှမရှိပေ။

သို့သော်လည်း ကျန်းစန်းမြှုပ်ထားသည့် ထောင်ချောက်များသည်လည်း တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်။

All Chapters