အခန်း ၈၅
Vol. 5 Ch. 85
အပိုင်း(၈၅) ချန်းရီ၏ လောဘ
သတ်ဖြတ်မှတ် (၇၀) တောင် လိုအပ်မည်ဟု ချန်းရီ တစ်ခါမှ ထင်မှတ်မထားခဲ့ပေ။
ယခုအခါ ချန်းရီတွင် ကိုယ်ပိုင် အကဲဖြတ်မှု စံနှုန်း တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
သတ်ဖြတ်မှတ် တစ်ရာအောက်သာ လိုအပ်သည့် မည်သည့်အရာမဆို သာမန် သဘာဝလွန်ပစ္စည်း ကုန်ကြမ်းများသာ ဖြစ်ကြပြီး သဘာဝလွန်ပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးလိုက်လျှင်ပင် အဆင့်နှစ်ထောင်အတွင်း ဝင်နိုင်မည့် သဘာဝလွန်ပစ္စည်းမျိုး ဖြစ်မလာနိုင်ပေ။
သို့သော် သတ်ဖြတ်မှတ် (၇၀) ဆိုသည်မှာ နည်းပါးလှသော ပမာဏ မဟုတ်တော့ချေ။
ချန်းရီက ဘာမှ ထပ်မစဉ်းစားတော့ဘဲ အတည်ပြုမည်ကိုသာ တိုက်ရိုက် နှိပ်လိုက်သည်။
စနစ်ထံမှ တုံ့ပြန်မှုက ချက်ချင်း ရောက်ရှိလာ၏။
[ပစ္စည်းအမည် - လူသားစား ခေါင်းနှစ်လုံးနွား၏ အရိုး]
[အမျိုးအစား - အတော်လေး အဖိုးတန်သော သဘာဝလွန်ပစ္စည်း ကုန်ကြမ်း]
[နောက်ခံသမိုင်း - လမ်းစဉ် အစွမ်းပိုင်ရှင် ငါးဦး ဝိုင်းဝန်းသတ်ဖြတ်ခဲ့သော လူသားစား ခေါင်းနှစ်လုံးနွားထံမှ ကျန်ရစ်သည့် အရိုး။ ထိုသို့ သတ်ဖြတ်ရာတွင် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦးမှာ ခေါင်းနှစ်လုံးနွား၏ ခေါင်းကိုက်ဖြတ်ခြင်းကိုပင် ခံခဲ့ရသည်]
[သုံးသပ်ချက် - ဤပစ္စည်းတွင် ထူးခြားသော စွမ်းအင်များ ကိန်းအောင်းနေသည်။ အကယ်၍ သဘာဝလွန်ပစ္စည်းအဖြစ် ဖန်တီးလိုက်ပါက အလွန်ကောင်းမွန်သော အရွယ်အစားကြီးမားသည့် သဘာဝလွန်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပြီး၊ သိမ်းဆည်းထားသင့်သော သဘာဝလွန်ပစ္စည်း ကုန်ကြမ်းတစ်ခု ဖြစ်သည်]
မိမိရှေ့ရှိ နွားရိုးကို ကြည့်ရုံမျှဖြင့် ထို လူသားစား ခေါင်းနှစ်လုံးနွားကြီး မည်မျှ ကြီးမားမည်ကို မှန်းဆကြည့်နိုင်သည်။
အကယ်၍ ဤနွားရိုးကို အသုံးပြု၍ သဘာဝလွန်ပစ္စည်းအဖြစ် ပေါင်းစပ်ဖန်တီးလိုက်ပါက ဧရာမ သဘာဝလွန်ပစ္စည်းတစ်ခု သေချာပေါက် ရရှိလာမည် ဖြစ်သည်။
ထို့ကြောင့် ချန်းရီသည် သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို သွား၍ သတိရလိုက်သည်။
လုံလောက်သော သတ်ဖြတ်မှတ်များသာ ပေးချေနိုင်မည်ဆိုပါက စနစ်သည် သူ၏ ကိုယ်ပိုင် ဒီဇိုင်းအတိုင်း အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
အကယ်၍ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကိုသာ သဘာဝလွန်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်ခဲ့မည်ဆိုလျှင်...
ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် သူ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးက အဆပေါင်းများစွာ မြင့်တက်လာမည်မှာ သေချာသည်။
"စနစ်... ဒီဟာနဲ့ ငါ့ရဲ့ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို သဘာဝလွန်ပစ္စည်းအဖြစ် ပေါင်းစပ်ဖန်တီးလို့ ရနိုင်မလား"
ရင်းနှီးနေပြီဖြစ်သော စက်ဝိုင်းငယ်လေး လည်ပတ်သွားပြန်သည်။
မကြာမီမှာပင် စနစ်က အဖြေပြန်ပေးလာ၏။
[လူသားစား ခေါင်းနှစ်လုံးနွား၏ အရိုးကို ကမ္ဘာပျက်ကပ် ပစ်ကပ်ကားနှင့် ပေါင်းစပ်ရန်အတွက် လက်ရှိတွင် နည်းလမ်း နှစ်သွယ် ရှိပါသည်]
[ပထမနည်းလမ်း - နွားရိုးကို အရည်ကြိုကာ ကားကိုယ်ထည်နှင့် ပေါင်းစပ်ခြင်းဖြင့် ကားကိုယ်ထည်၏ မာကျောမှုကို တိုးမြှင့်ပေးနိုင်ပြီး တိုက်မိခိုက်မိ၍ ကိုယ်ထည်ပုံပျက်သွားခြင်းမှ ကာကွယ်ပေးနိုင်ပါသည်]
[ဒုတိယနည်းလမ်း - နွားရိုးကို အရည်ကြိုကာ ကားအောက်ခံဘောင်နှင့် ကိုယ်ထည်အောက်ပိုင်းသို့ ပေါင်းစပ်ခြင်းဖြင့် ကား၏ လမ်းကြမ်းမောင်းနှင်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည့်အပြင် ကားကိုယ်ထည်၏ မာကျောမှုကိုလည်း မြင့်တက်စေမည် ဖြစ်ပါသည်]
လွယ်လွယ်ပြောရလျှင် တစ်ခုက နွားရိုးကို အရည်ကြိုကာ ကားအပြင်ပိုင်း ကိုယ်ထည်၏ မာကျောမှုကို မြှင့်တင်ပေးခြင်း ဖြစ်သည်။
နောက်တစ်ခုကတော့ ကားအတွင်းပိုင်း၏ မာကျောမှုကို မြှင့်တင်ပေးခြင်း ဖြစ်သည်။
ယခင်က ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်စဉ်တုန်းက ကားအောက်ခံဘောင်နှင့် ကိုယ်ထည်အောက်ပိုင်းအတွက် ဒီဇိုင်းတစ်ခု ဆွဲထားခဲ့ဖူးသည်။
သို့သော် ထိုအချိန်က သတ်ဖြတ်မှတ်များ ချွေတာနိုင်ရန်အတွက် လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ထိုဒီဇိုင်းမှာ အလွန် ရိုးရှင်းလွန်းနေခဲ့ပြီး အသုံးပြုထားသော ပစ္စည်းများမှာလည်း စနစ်မှ ထောက်ပံ့ပေးသော အပေါဆုံး ပစ္စည်းများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
စနစ်မှ ထုတ်လုပ်ပေးသော ပစ္စည်းဖြစ်၍ အာမခံချက် ရှိသော်လည်း အလွန် ရိုးရှင်းပြီး အခြေခံကျလွန်းသောကြောင့် သဲမုန်တိုင်း တစ်ခုကို ဖြတ်သန်းပြီးချိန်မှာပင် ကားကိုယ်ထည်မှာ အနည်းငယ် ပုံပျက်သွားခဲ့သည်။
ထို့အပြင် ကားကို သဲကန္တာရထဲတွင်သာ အမြဲတမ်း မောင်းနှင်နေရသဖြင့် ကား၏ ခံနိုင်ရည်အပေါ် ပိုမို တောင်းဆိုမှု မြင့်မားနေသည်။
ကားမောင်းနှင်နေစဉ်အတွင်း ချန်းရီသည် ကားကြီးမှာ ခရုကဲ့သို့ ပျော့ခွေနေသကဲ့သို့ ခံစားရပြီး ကားကိုယ်ထည်မှလည်း တစ်ချက်တစ်ချက် ပုံမှန်မဟုတ်သော အသံများ ထွက်ပေါ်လာတတ်သည်။
ကျွတ်... ကျွတ်...။
အကယ်၍များ တစ်ခုခုနှင့် တိုက်မိသွားပါက ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးကို တွေးကြည့်၍ပင် ရနိုင်ပြီး ချန်းရီ ကိုယ်တိုင်ပင်လျှင် ထိခိုက်ဒဏ်ရာ ရသွားနိုင်ပေသည်။
သေချာသည်မှာ စနစ်မှ ထုတ်လုပ်ပေးသော ပစ္စည်းများက ညံ့ဖျင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အကယ်၍ သဲမုန်တိုင်းနှင့်သာ မကြုံခဲ့ရပါက ဤကားအောက်ခံဘောင်နှင့် ကိုယ်ထည်အောက်ပိုင်းက ချန်းရီအား သာမန် လမ်းများပေါ်တွင် နှစ်ပေါင်းများစွာ မောင်းနှင်နိုင်ရန် အသေအချာ လုံလောက်မှု ရှိပေသည်။
သို့သော် ယခုက ကမ္ဘာပျက်ကပ် အချိန် ဖြစ်နေသည်။
နောင်တစ်ချိန်တွင် အလွန်တရာ ဆိုးရွားကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေမျိုး၌ လမ်းကြမ်းမောင်းနှင်ရမည့် အခြေအနေမျိုးပင် ကြုံလာနိုင်သည်။
ထို့ကြောင့် ကောင်းမွန်ခိုင်ခံ့သော ကားအောက်ခံဘောင်နှင့် ကိုယ်ထည်အောက်ပိုင်း တစ်ခု ရှိထားရန်မှာ လုံးဝကို အရေးကြီးပေသည်။
မူလက သူ၏ သဘာဝလွန် အစွမ်းများကို လေ့ကျင့်မည့် နည်းလမ်းကို ရှာဖွေပြီးမှသာ စနစ်ကို အသုံးပြု၍ ပြုပြင်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနွားရိုးကို တွေ့လာရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
အကယ်၍ ဤနွားရိုးကို အသုံးပြုကာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်လိုက်မည်ဆိုပါက ကား၏ စွမ်းဆောင်ရည်မှာ သေချာပေါက် အဆပေါင်းများစွာ မြင့်တက်သွားပေလိမ့်မည်။
ထို့ထက်မက အခြားသော သဘာဝလွန်ပစ္စည်းများ၏ အာနိသင်များကိုပင် ထုတ်ဖော်ပေးနိုင်သေးသည်။
ထိုအခါကျလျှင် သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် သာမန် ယာဉ်တစ်စီး မဟုတ်တော့ဘဲ သဘာဝလွန်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ခြေ အလွန်များနေပြီ ဖြစ်သည်။
"ရှောင်ချန်း... ဒီပစ္စည်းကို လိုချင်လို့လား"
ချန်းရီ စိတ်ထဲမှ တွက်ချက်နေစဉ်မှာပင် သူ့အနီးမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုသူမှာ မိုဟိုင်ရမ် ဆိုသည့် အဘိုးကြီးပင် ဖြစ်သည်။
အဘိုးကြီးက ပါးစပ်တွင် ဆေးတံကို ခဲထားပြီး ချန်းရီကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေကာ ရည်ရွယ်ချက် မရိုးသားသည့်ပုံ ပေါက်နေသည်။
ချန်းရီကလည်း ပါးစပ်တွင် ဆေးလိပ်ကို ခဲထားပြီး သူ၏ ဘယ်ဘက်မျက်လုံးမှာ အဖြူရောင် ဖြစ်နေဆဲပင်။ စောစောက စိတ်ထဲမှ ကိစ္စရပ်များကို စဉ်းစားနေခဲ့သဖြင့် သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြမ်းကြုတ်နေပြီး လူကောင်းတစ်ယောက်ပုံ လုံးဝ မပေါက်ပေ။
သူတို့နှစ်ယောက် အတူတူ ရပ်နေသည့် မြင်ကွင်းက ပတ်ဝန်းကျင် ပေ(၃၀) အတွင်းရှိ သက်ရှိလူသား အားလုံးကို လန့်ဖြတ်ထွက်ပြေးသွားစေနိုင်လောက်အောင်ပင် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့နှစ်ယောက် အတူရှိနေခြင်း၏ အကျိုးဆက်အဖြစ် ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံး အဝေးသို့ ရှောင်သွားကြသည်။
"ခေါင်းဆောင်မို... မင်္ဂလာပါ... ခေါင်းဆောင်မို ဒီလောက်စောစော ထလာမယ်လို့ မထင်ထားဘူး"
ချန်းရီသည် သဘောကောင်းသည့်ပုံ ပေါက်သွားစေရန် သူ၏ မျက်နှာအမူအရာကို အလျင်အမြန် ပြင်ဆင်လိုက်သည်။
အဘိုးအိုမိုသည်လည်း ချန်းရီ၏ ယခင် မျက်နှာအမူအရာကြောင့် လန့်သွားပြီး ဤကောင်လေးက နောက်တစ်စက္ကန့်တွင် သူ့ကို စတင်တိုက်ခိုက်တော့မည်ဟုပင် ထင်မှတ်သွားခဲ့၏။
ချန်းရီ၏ မျက်နှာအမူအရာ ပြေလျော့သွားသည်ကို မြင်လိုက်ရမှသာ အဘိုးအို၏ မျက်နှာအမူအရာကလည်း အတော်လေး ပြေလျော့သွားတော့သည်။
"ဟုတ်တယ်... ဒီမနက်တော့ နည်းနည်းစောရမှာပေါ့... စောစောပြီးလေ စောစောကောင်းလေပဲ... ပြဿနာမတက်အောင်လို့လေ"
ဤစကားက အဓိပ္ပာယ် နှစ်ခွ ထွက်နေသည်။
ချန်းရီက ဟဟ ဟု တစ်ချက် ရယ်မောလိုက်ပြီး စကားဆက်မပြောတော့ပေ။
"ဒီနွားရိုးက ငါတို့ တော်တော်လေး အားစိုက်ပြီးမှ ရလာခဲ့တာ... အရင်တုန်းက ကုလားအုတ်ယာဉ်တန်းမှာ လမ်းစဉ် အစွမ်းပိုင်ရှင် ငါးယောက် ရှိခဲ့တယ်"
"နောက်တော့ ဒီ လူသားစား ခေါင်းနှစ်လုံးနွားရဲ့ လိုက်ဖမ်းတာကို ခံရတော့တာပဲ... ဒီခေါင်းနှစ်လုံးနွားကို သတ်ဖို့အတွက် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်ကတော့ ထာဝရ အိပ်မောကျသွားခဲ့ရပြီ"
"အဲဒီတစ်ခေါက်က... ငါတို့လူတွေ အများကြီး သေခဲ့ရတယ်"
ထိုအကြောင်းကို ပြောနေစဉ် အဘိုးအိုမို၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
အဘိုးအို၏ ဤကဲ့သို့သော မျက်နှာအမူအရာကို ကြည့်ပြီး ချန်းရီက မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်မျိုးတွင် နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြသည်သာ မဟုတ်ပါလော။
သို့သော် ထူးဆန်းသည့်ရာက ကုလားအုတ်ယာဉ်တန်းကို အဘယ်ကြောင့် လိုက်မီလာခဲ့သနည်း။
သာမန်အခြေအနေမျိုးတွင် လမ်းပြသူတစ်ယောက် ခေါင်းဆောင်အဖြစ် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ထူးဆန်းသည့်ရာတစ်ခုက နောက်ယောင်ခံ လိုက်လာနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
တစ်ခုခု ထူးဆန်းတဲ့ကိစ္စများ ဖြစ်ခဲ့လို့လား။
ချန်းရီ၏ အတွေးများကို အကဲခတ်မိသွားသကဲ့သို့...
အဘိုးအိုမိုက ရှားရှားပါးပါး စကားတစ်ခွန်း ပိုပြောလိုက်သည်။ "ငါတို့ လမ်းပြသူတွေ ရှိနေရင် ထူးဆန်းတဲ့အရာအများစုက လိုက်လာနိုင်ဖို့ မလွယ်ပါဘူး... ဒါပေမဲ့ အရာရာတိုင်းမှာ ချွင်းချက်ဆိုတာ ရှိစမြဲပဲ"
"ပြီးတော့ ငါနဲ့ ရှောင်ချူက အတူတူပဲ... လမ်းစဉ်(၁) အန္တရာယ်အာရုံခံနိုင်သူ အဆင့်လောက်ပဲ ရှိတာမလို့ စွမ်းရည်က အကန့်အသတ် ရှိတယ်"
"ထူးဆန်းတဲ့အရာတွေရဲ့ စွမ်းရည်တွေကလည်း ထူးဆန်းပြီး မျိုးစုံပဲလေ... တချို့သဘာဝလွန် စွမ်းရည်တွေဆိုတာ တွေးတောင် မတွေးကြည့်နိုင်လောက်အောင်ပဲ"
"ဥပမာပြောရရင် ဒီ လူသားစား ခေါင်းနှစ်လုံးနွားပေါ့"
"ကဲ... ချာတိတ်... ငါလည်း အများကြီး ရှင်းပြပြီးပြီဆိုတော့... ဒီနွားရိုးကို မင်း ဘယ်လို လဲလှယ်ချင်လဲ"
ချန်းရီ၏ မျက်နှာမှာ အခက်တွေ့သွားသည်။
ယခုလက်ရှိ မိမိကိုယ်ပေါ်တွင် အဖိုးတန်ဆုံးသော ပိုင်ဆိုင်မှုများမှာ ထို ကမ္ဘာပျက်ကပ် ပစ်ကပ်ကားနှင့် ခါးနောက်တွင် ထိုးထားသော မရဏသွေး ထင်းခုတ်ဓားမ တို့ပင် ဖြစ်သည်။
ထိုအရာနှစ်ခုကို ထုတ်ပြီး လဲလှယ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ကားထဲတွင်လည်း အစားအသောက် အချို့ ရှိသေးသည်။
သို့သော် ကျန်ရှိသော အစားအသောက်မှာ မများလှသဖြင့် ထိုအရာများကို ထုတ်ပြီး လဲလှယ်ရန်လည်း မဖြစ်နိုင်ချေ။
ယခင်က လူမျက်နှာ ကင်းမြီးကောက်ကို သတ်ဖြတ်ပြီး ရရှိလာခဲ့သော သဘာဝလွန်ပစ္စည်း ကုန်ကြမ်းများတွင်မူ သူ၏ ဝေစုလည်း ပါဝင်သည်။
သို့သော် ထိုကိစ္စအတွက် ကျန်သုံးယောက်ကပါ သဘောတူမှသာ ဖြစ်နိုင်ပေမည်။
ဤသည်မှာ သေချာပေါက် မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
ချန်းရီက မျက်နှာပူစွာဖြင့် တစ်ချက် ပြုံးလိုက်သည်။ "ကျွန်တော်က သိချင်ရုံ သက်သက်ပါ... ခေါင်းဆောင်မိုရဲ့ ဒီပစ္စည်းက အရမ်းအဖိုးတန်လွန်းတော့ ကျွန်တော်က ဘယ်လိုလုပ် လဲနိုင်ပါ့မလဲ"
အဘိုးအိုမိုက ဘာကိုမျှ ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး... တခြားဟာတွေလည်း ကြည့်လို့ရတာပဲ"
အဲ့တော့ ဒီကောင်ကငမွဲပေါ့...
အဘိုးအိုမိုက စိတ်ထဲမှနေ၍ ကြိတ်ကာ ဆဲဆိုလိုက်ပြီးနောက် အပေါ်ယံ စကားအနည်းငယ်သာ ပြောဆို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
ချန်းရီသည် နွားရိုးဆီမှ သူ၏ အကြည့်များကို ခဲယဉ်းစွာ ခွာယူလိုက်ပြီး အခြားပစ္စည်းများဆီသို့ လှည့်ကြည့်လိုက်သည်။
ကုလားအုတ်ယာဉ်တန်းတွင် ကောင်းမွန်သော ပစ္စည်းများ အမှန်တကယ် များပြားလှသည်ဟု ဝန်ခံရမည် ဖြစ်သည်။
သူ့လို ငမွဲထက် အများကြီး ပိုမို ကြွယ်ဝနေသည်။
အစားအသောက်များ အမြောက်အမြား ရှိနေသည်ကို မပြောနှင့်ဦး။
သောက်ရေသန့်များပင်လျှင် သေတ္တာနှင့်ချီ၍ ဒါဇင်ပေါင်းများစွာ ရှိနေသေးသည်။
ယမန်နေ့ညက သူတို့သည် ဖြည့်တင်းရေးစခန်း တစ်ခုကို ဝင်ရောက် ရှင်းလင်းလာခဲ့သည်ဆိုသော အဘိုးအိုမို၏ စကားမှာ အမှန်ပင် ဖြစ်ပုံရသည်။
အခြားသူများ၏ အမြင်တွင် သူ၏ မျက်လုံးများက စိမ်းလဲ့နေပြီး အကြည့်များထဲတွင် လောဘရမ္မက်များဖြင့် ပြည့်နှက်နေသည်ကို ချန်းရီကိုယ်တိုင် မသိလိုက်ပေ။
သူ့ပုံစံက အလွန်အမင်း ဆာလောင်မွတ်သိပ်နေသော ဓားပြတစ်ယောက်နှင့်ပင် တူနေတော့သည်။
ယာဉ်တန်းဘက်မှ အသက်ရှင်ကျန်ရစ်သူများလည်း နိုးလာကြပြီ ဖြစ်သည်။
တစ်ယောက်ပြီး တစ်ယောက် အလုပ်များ စတင် လုပ်ဆောင်နေကြသည်။
ကုလားအုတ်ယာဉ်တန်း၏ အခြားတစ်ဖက်တွင်လည်း လူအချို့၏ ရိက္ခာပစ္စည်းများကို တစ်ခုပြီးတစ်ခု ခင်းကျင်း ပြသထားကြသည်။
ထိုအထဲတွင် လူသန်ကြီး၏ ရိက္ခာပစ္စည်းများမှာ အများဆုံးဖြစ်ပြီး မြေကွက်လပ်တွင် နေရာအကျယ်ကြီး ယူထားလေသည်။
ဆက်ရန်...