အခန်း ၈၇
Vol. 5 Ch. 87
အပိုင်း(၈၇) သူက တကယ့်ကို မိစ္ဆာကောင်ပဲ
ကမ္ဘာပျက်ကပ်ထဲတွင် ငွေကြေးစနစ်က ပြိုလဲသွားခဲ့သည်မှာ ကြာပြီဖြစ်ရာ ငွေတစ်သန်းဖြင့် ဆေးလိပ်တစ်လိပ်ပင် ဝယ်၍ရမည် မဟုတ်ပေ။
ယခုခေတ် ကုန်သွယ်ရေးစနစ်တွင် အစားအစာကသာ အခိုင်မာဆုံးသော ငွေကြေး ဖြစ်နေသည်။
၎င်း၏နောက်တွင်မှ အခြားသော ရိက္ခာပစ္စည်းများ လိုက်သည်။
အစားအစာဖြင့် မည်သည့်အရာကိုမဆို လဲလှယ်၍ရနိုင်ပြီး လူဆိုလျှင်ပင် အရောင်းအဝယ် လုပ်၍ရနိုင်သေး၏။
ဥပမာအားဖြင့် ချန်းရီ ယခုလေးတင် ရရှိလိုက်သော အဖြူနှင့် အနီစပ် အကန့်အသတ်ထုတ် ဖိနပ်တစ်ရန်ဆိုလျှင် ကမ္ဘာပျက်ကပ် မတိုင်မီက ယွမ် သုံးထောင်ခန့် တန်ဖိုးရှိသည်။
သို့သော် ယခုအခါတွင်မူ ချန်းရီက ချဉ်စပ်ခေါက်ဆွဲပြုတ် တစ်ထုပ်ဖြင့် လဲလှယ်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
သဘာဝလွန်ပစ္စည်းများ ပြုလုပ်ရသည့် ကုန်ကြမ်းဆိုလျှင်ပင် အစားအစာကို နှမြောတွန့်တိုခြင်း မရှိဘဲ ပေးချေနိုင်မည်ဆိုပါက လဲလှယ်၍ ရနိုင်ပေသည်။
သဲကန္တာရ ပတ်ဝန်းကျင်တွင်မူ...
အစားအစာထက် ပို၍ တန်ဖိုးကြီးမားသည်မှာ သောက်ရေပင် ဖြစ်သည်။
လူတစ်ယောက်သည် အစားအစာ မရှိသည့် အခြေအနေတွင် သီအိုရီအရ သုံးပတ်ခန့် အသက်ရှင်နိုင်၏။
သို့သော် ရေမရှိသည့် အခြေအနေတွင်မူ (၇၂) နာရီသာ အသက်ရှင်နိုင်ပြီး သဲကန္တာရကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ဤသီအိုရီ အချိန်ထက်ပင် ပို၍ တိုတောင်းသွားနိုင်သေးသည်။
ထို့ကြောင့် ယခုအချိန်တွင် ရေအရင်းအမြစ်ကသာ အတန်ဖိုးအရှိဆုံး ဖြစ်ပေသည်။
ချူချယ်နှင့် မိုအဘိုးအိုတို့၏ အပေးအယူတွင် လူမျက်နှာ ကင်းမြီးကောက်၏ အကြေးခွံနှင့် လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံတို့ဖြင့် ရေသန့် ဆယ်ဖာသာ လဲလှယ်နိုင်ခဲ့သည်။
ရေသန့်တစ်ဖာလျှင် ဆယ့်နှစ်ဘူး ပါဝင်ပြီး တစ်ဘူးလျှင် လီတာဝက်ခန့်သာ ရှိသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ဤကဲ့သို့သော သဘာဝလွန် ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုးသည် သန်းရာချီတောင် တန်ချင် တန်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤသဘာဝလွန် ကုန်ကြမ်းတစ်ခုစီတိုင်းတွင် တွေးတောမှန်းဆ၍ပင် မရနိုင်သော ထူးခြားသည့် စွမ်းအားများ ပါဝင်နေသောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ဤပစ္စည်းများသည် ရေသန့် ဆယ်ဖာသာ လဲလှယ်နိုင်ခဲ့သည်။
ဤသည်မှာ ရေကို လဲလှယ်နေခြင်း မဟုတ်ဘဲ အသက်ကို လဲလှယ်နေခြင်းပင်တည်း။
ထိုမျှသာမက ဤအပေးအယူသည် မိုအဘိုးအိုက ချူချယ်ကို အလွန်အမင်း ဖိအားပေးသလို ဖြစ်သွားမည်စိုး၍ သဘောတူလိုက်ခြင်းပင် ဖြစ်သေး၏။
သဘာဝလွန် ကုန်ကြမ်းများကို သဘာဝလွန်ပစ္စည်းများအဖြစ် ပြုလုပ်နိုင်ပြီး ထူးဆန်းသောအရာများနှင့် တွေ့ဆုံရသည့်အခါ အသက်ကို ကာကွယ်ပေးနိုင်သည် မှန်သော်လည်း...
၎င်းတို့ကို ပြုလုပ်ပြီးမှသာ သဘာဝလွန်ပစ္စည်းများအဖြစ် ပြောင်းလဲသွားနိုင်ခြင်း ဖြစ်သည်။
ယာဉ်တန်းထဲတွင် ရေ လုံးဝ မရှိတော့ပေ။
ကျန်ရှိနေသော သောက်ရေများကလည်း တစ်ရက်စာအတွက်သာ လုံလောက်တော့သည်။
တစ်ရက်စာအတွက်ပင် လုံလောက်မည် မဟုတ်ကြောင်း ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ထိုသဘာဝလွန် ကုန်ကြမ်းများကို သဘာဝလွန်ပစ္စည်းအဖြစ် ပြုလုပ်နိုင်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ယာဉ်တန်းတစ်ခုလုံး ရေပြတ်လပ်မှုကြောင့် သေဆုံးသွားနိုင်ချေ ရှိသည်။
အရာအားလုံးတွင် အသက်ရှင်သန်ရေးကိုသာ ပထမဦးစားပေးအဖြစ် ထားရှိရမည် ဖြစ်သည်။
ဆေးလိပ်နှင့် အရက်ကဲ့သို့သော ပစ္စည်းများသည်လည်း သီးခြား လူတန်းစားများအတွက်သာ တန်ဖိုးရှိပေသည်။
ဥပမာအားဖြင့် ဆေးလိပ်သာ ရှိမည်ဆိုလျှင် ချန်းရီထံမှ ပစ္စည်းအချို့ကို လဲလှယ်ယူနိုင်ပေလိမ့်မည်။
ထိုမျှသာမက ဤကဲ့သို့သော သာမန် အရက်ဖြူသည်ပင် မိုအဘိုးအို၏ မျက်လုံးထဲတွင် အလွန်တရာ ရှားပါးသော ရတနာတစ်ပါး ဖြစ်နေ၏။
ကမ္ဘာပျက်ကပ်ကြီးတွင် အရက်၏ မူးယစ်စေမှု အနည်းငယ် လိုအပ်ပေသည်။
သို့သော် ချန်းရီက နွားအရိုးဖြင့် လဲလှယ်လိုကြောင်း ပြောလာသောအခါ အဘိုးအို၏ တုံ့ပြန်မှုက အလွန် ပြင်းထန်သွားခဲ့သည်။
"ကောင်လေး... အရင်ကတည်းက မင်းကို ကြည့်ရတာ ဉာဏ်များမယ့်ပုံပဲ... မင်းက ငါ့ရဲ့ နွားအရိုးကို မျက်စိကျနေတာကိုး"
မိုအဘိုးအိုက မင်းရဲ့ အကြံကို ငါကြိုသိနေပြီးသား ဆိုသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။
"ဘယ်လိုလဲ... လဲမှာလား... မလဲဘူးလား"
"အိပ်မက်မက်နေလိုက်... ဆန် (၁၂၀၀) ပြည်လောက် ယူလာနိုင်ရင်တော့ ငါ့ရဲ့ နွားအရိုးနဲ့ လဲပေးမယ်"
အရက်ဖြူ နှစ်ပုလင်းဖြင့် ထိုနွားအရိုးကို လဲလှယ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ချန်းရီကလည်း ရရင်ရ မရရင်နေ ဆိုသည့် သဘောထားမျိုးဖြင့် စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။
ချန်းရီတွင် နောက်ထပ် အရက်ဖြူများစွာ ရှိနေမှသာ ဤအပေးအယူက ဖြစ်မြောက်နိုင်ချေ ရှိသည်။
အရက်ဖြူ ဆိုသည်မှာ မသောက်ရလျှင်လည်း သေသွားမည် မဟုတ်ပေ။
သို့သော် ရေမသောက်ရလျှင်မူ တကယ်ကို သေနိုင်လေသည်။
"ရှောင်ချူ... ငါ့ဆီမှာ နောက်ထပ် အပေးအယူတစ်ခု ရှိသေးတယ်... လုပ်ချင်လား"
ချူချယ် လျှောက်လာသည်ကို မြင်သောအခါ မိုအဘိုးအို၏ မျက်နှာပေါ်တွင် ညစ်ညမ်းသော အပြုံးတစ်ခု ပေါ်လာသည်။
ချူချယ်၏ စိတ်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှု တစ်ခု ပေါ်လာသော်လည်း ခြေလှမ်းများကိုမူ ရပ်တန့်လိုက်၏။
ချန်းရီကမူ ကိုယ်ကို လှည့်ကာ မလှမ်းမကမ်းသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာရှိ သဲခုံပေါ်တွင် ရုပ်ရည် သာမန်သာရှိသော အမျိုးသမီးတစ်ဦး ထိုင်နေပြီး လက်တွင် ပတ်တီးများကို အေးစက်သော မျက်နှာထားဖြင့် ရစ်ပတ်နေသည်။
ချန်းရီ၏ အကြည့်ကို သတိထားမိသွားသည့်အလား အမျိုးသမီးက မျက်လုံးကို အနည်းငယ် ပင့်ကာ ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်တွင် ပတ်တီးပတ်ခြင်းကိုသာ ဆက်လက် အာရုံစိုက်နေပြန်သည်။
ဤဖြစ်စဉ် တစ်ခုလုံးသည် စက္ကန့်ဝက်ပင် မကြာလိုက်ပေ။
ထိုအမျိုးသမီး၏ အနီး မလှမ်းမကမ်းတွင် တစ်ကိုယ်လုံးကို ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသော လူငယ်လေး ရှိနေသည်။
လူငယ်လေးက ချန်းရီ၏ အကြည့်ကို သတိထားမိသွားပြီးနောက် ချန်းရီကို ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ လည်ပင်းလှီးမည့် ဟန်ပန်ကို လုပ်ပြလိုက်၏။
ချန်းရီ ကြောင်သွားသည်။ ယခင်က ဤလူငယ်လေးကို ပထမဆုံးအကြိမ် တွေ့လိုက်ရစဉ်က ထိုလူငယ်လေးသည် ထယ်ရှီးကိုလည်း ဤဟန်ပန်မျိုး လုပ်ပြခဲ့ဖူးသည်။
ထိုစဉ်က ထယ်ရှီးမှာ အတော်လေး ဒေါသထွက်သွားခဲ့သည်။
ယခု ကြည့်ရသလောက် ယခင်က ဤကောင်လေး ပစ်မှတ်ထားခဲ့သည်မှာ ထယ်ရှီး မဟုတ်ဘဲ သူ့ကို ဖြစ်နေသည်။
တကယ်ကို စိတ်ဝင်စားစရာပဲ...
ချန်းရီက သွားများ ပေါ်သည်အထိ ပြုံးပြလိုက်ပြီး လူငယ်လေးကို နွေးထွေးသော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ရာ ထိုအပြုံးက နွေဦးရာသီ၏ လေပြည်လေးအလား ဖြစ်နေသည်။
လူငယ်လေးက ချန်းရီအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ချန်းရီကို ဒေါသထွက်စေရန် ရည်ရွယ်နေပုံရသည်။
ချန်းရီကမူ ဤလူငယ်လေးကို လုံးဝ အရေးမစိုက်ပေ။
ဤဟန်ပန်လေးတစ်ခုကြောင့်သာ ချန်းရီ ဒေါသထွက်သွားမည်ဆိုပါက သူသည် ချန်းရီ ဖြစ်လာမည် မဟုတ်တော့ပေ။
သေချာသည်မှာ ဤသည်က ချန်းရီကို သဘောထားကြီးသူဟု ဆိုလိုနေခြင်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ချန်းရီသည် အလွန်တရာ အသေးအဖွဲ ကိစ္စလေးများကိုပင် အငြိုးအတေး ထားတတ်သူ ဖြစ်သောကြောင့်ပင်။
ခဏနေလျှင် ဤကောင်လေးနှင့် စာရင်းရှင်းရန် သူ စီစဉ်ထားပြီး ဖြစ်သည်။
ချန်းရီက အကြည့်များကို မလှမ်းမကမ်းဆီသို့ ပို့လွှတ်လိုက်သည်။
ကုလားအုတ် ယာဉ်တန်းမှ ထိုကျွန်များသည် ပစ္စည်းများကို စတင် သိမ်းဆည်းနေကြပြီ ဖြစ်ပြီး မြေပြင်ပေါ်ရှိ အရာအားလုံးကို သေသပ်စွာ သိမ်းဆည်းကာ ကုလားအုတ် ကျောပေါ်သို့ တင်ဆောင်၍ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
ယခုအချိန်တွင် မိုးလင်းနေပြီဖြစ်ပြီး အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်သည်။
မိုအဘိုးအိုနှင့် ချူချယ်တို့မှာ တစ်ခုခုကို ပြောဆိုနေကြဆဲပင်။
"ရှောင်ချယ်... မင်းယာဉ်တန်းထဲက ရှုမျိုးရိုး ကောင်မလေးက မဆိုးဘူးပဲ... ငါ့ကို လဲပေးမလား... ငါ မင်းကို ရေသန့် ငါးဘူး... အော် မဟုတ်ဘူး... ဆယ်ဘူး ပေးမယ်"
"သဲကန္တာရထဲမှာ ရေက ရွှေထက်တောင် ပိုတန်ဖိုးကြီးတယ် ဆိုတာ သိထားဖို့ လိုတယ်နော်"
"ပြီးတော့ ဟို ကျိုး မျိုးရိုးနဲ့ ကောင်မလေးလည်း အပါအဝင်ပေါ့"
"ဘယ်လိုလဲ... သူပါ ပါမယ်ဆိုရင် ငါ ရေသန့် နှစ်ဖာ ပေးမယ်... ဒီဈေးဆိုရင်တော့ ရလောက်ပြီ မဟုတ်လား"
မိုအဘိုးအိုက နှုတ်ခမ်းကို သပ်လိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသည့် မျက်နှာမှာ ညှိုးနွမ်းနေသော်လည်း ကိုယ်လုံးကိုယ်ပေါက် အလွန်လှပသော ရှုလီနာနှင့် ကားဘေးတွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေသော ကျိုးရှောင်ရှောင် တို့ကို လှမ်းကြည့်လိုက်သည်။
ဤအမျိုးသမီး နှစ်ဦးသည် ယာဉ်တန်းထဲတွင် ရုပ်ရည် အလှပဆုံးသော အမျိုးသမီးများ ဖြစ်ကြသည်။
အသက်ရှင်ကျန်ရစ်သူ အများအပြား ညဘက် အိပ်မပျော်သည့် အချိန်များတွင် စိတ်ကူးယဉ် တပ်မက်ကြသည့် အမျိုးသမီးများလည်း ဖြစ်သည်။
မိုအဘိုးအို၏ အကြည့်များက အလွန်အမင်း ရမ္မက်ဆန်လွန်းနေသောကြောင့် ထိုနှစ်ဦးက သတိထားမိသွားပုံရသည်။
ထိုနှစ်ဦးက လှမ်းကြည့်လိုက်ရာ မိုဟိုင်ရမ်၏ အကြည့်နှင့် ဆုံမိသွားချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားပြီး သားရဲကြီး တစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
တွက်ကြည့်မည်ဆိုလျှင် သူတို့ တွေ့ဆုံခဲ့သည်မှာ နာရီဆယ်ဂဏန်းခန့်သာ ရှိသေးသည်။
ယာဉ်တန်းထဲမှ လူများကလည်း ကုလားအုတ် ယာဉ်တန်းထဲရှိ ထိုကျွန်များကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ချူချယ်ကဲ့သို့သော ခေါင်းဆောင်တစ်ဦး ရှိနေခြင်းက မည်မျှ ကံကောင်းကြောင်းကို လူတိုင်း သိရှိနားလည်ထားကြသည်။
တစ်ချိန်တည်းမှာပင် မိုဟိုင်ရမ် အပါအဝင် လမ်းစဉ် အစွမ်းပိုင်ရှင်များကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့် နေကြသည်။
ယခု မိုအဘိုးအိုနှင့် ချူချယ်တို့၏ စကားပြောဆိုနေမှုများကို အရူးမဟုတ်ပါက ဤအဘိုးအို ဘာကို ကြံစည်နေသနည်း ဆိုတာကို သိနိုင်ပေသည်။
ထိုမျှသာမက ကျိုးရှောင်ရှောင်နှင့် ရှုလီနာ တို့နှစ်ဦးသည်လည်း အလွန် အလှမ်းဝေးသော နေရာတွင် ရှိမနေပေ။
ထိုနှစ်ဦး၏ စကားဝိုင်းကို သူတို့နှစ်ဦးလုံး အကြမ်းဖျင်း ကြားလိုက်ရသည်။
ကျိုးရှောင်ရှောင်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ရှုလီနာကမူ အကူအညီတောင်းခံသည့် အကြည့်များဖြင့် ချန်းရီကို လှမ်းကြည့်လိုက်ပြီး ခန္ဓာကိုယ်လေးက ချန်းရီ၏ အနားသို့ ပို၍ တိုးကပ်သွားလေသည်။
ချူချယ်သည် မိုဟိုင်ရမ်၏ စကားကို ကြားသောအခါ မျက်နှာ အနည်းငယ် ပျက်သွားပြီး...
"ခေါင်းဆောင်မို... ဒီစကားကို နောက်တစ်ခါ ထပ်မပြောပါနဲ့တော့"
"ဟက်... ရှောင်ချူရာ... မင်းက နုလွန်းပါသေးတယ်... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... မင်း ဒီလို လူကောင်းလုပ်နေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ"
"ဒီလိုလုပ်ပါလား... ငါ နောက်ထပ် အချက်တစ်ခု ထပ်ထည့်ပေးမယ်... မနေ့ညက ငါ့ရဲ့ တဲထဲကို လူတစ်ယောက် ရောက်လာတယ်... သူ ငါ့ကို ဘာတွေ ပြောသွားလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါလား"
ချူချယ်၏ မျက်နှာ တောင့်တင်းသွားသည်။
မနေ့ညက မိုဟိုင်ရမ်၏ တဲထဲသို့ လူတစ်ယောက် ဝင်သွားခဲ့သည်ကို သူ သိထားသည်။
သို့သော် ထိုသူမှာ မည်သူဖြစ်ကြောင်းကို သူ မသိခဲ့သလို ခန့်မှန်းကြည့်ရန်ပင် မရဲခဲ့ပေ။
အသံထွက်ပေါ်ခြင်း မရှိသည့် အခြေအနေမျိုးတွင် ခိုးနားထောင်သည့် ရေဒီယိုကို အသုံးပြုလျှင်ပင် ထိုသူ၏ အခန်းကဏ္ဍနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြားသိရှိနိုင်ရန် နည်းလမ်း မရှိပေ။
ထိုကိစ္စကြောင့်ပင် ခေါင်းဆောင်ချူမှာ မနေ့ည တစ်ညလုံး လူးလှိမ့်ကာ အိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။
ချူချယ်၏ မျက်နှာအမူအရာများ မကြာခဏ ပြောင်းလဲနေပြီး သူ၏ စိတ်ထဲတွင် အလွန်အမင်း ပူပန်သောက ရောက်နေကြောင်း သိသာနေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ခေါင်းဆောင်ချူ၏ မျက်နှာမှာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့၏။
ထို့နောက်တွင်မှ သူက အံကြိတ်ကာ...
"ခေါင်းဆောင်မို... ရှုလီနာနဲ့ ကျိုးရှောင်ရှောင်တို့က လူသားတွေပါ... သူတို့က ကုန်ပစ္စည်းတွေ မဟုတ်ဘူး... လဲလို့ မရဘူး"
နောက်ဆုံး စကားလုံးအချို့ကို အလွန် ပြတ်သားစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျိုးရှောင်ရှောင်၏ တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ငရဲပြည်ကို ဖြတ်သန်းလာရသကဲ့သို့ ဖြစ်သွားသည်။
ရှုလီနာကမူ ထူးမခြားနားပင် ဖြစ်သည်။ သူမက ချန်းရီ၏ လက်မောင်းကို လှမ်းကိုင်လိုက်ပြီး ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်ရီနေရှာသည်။
မိုဟိုင်ရမ်က ချူချယ်ကို ကြည့်ကာ ဟားတိုက် ရယ်မောလိုက်ပြီး...
"ဟားဟားဟား... ခေါင်းဆောင်ချူ... တကယ့်ကို ခေါင်းဆောင်ချူ ပီသပါပေတယ်... ငါ မင်းကို အထင်သေးမိသွားတာပဲ"
ဤတစ်ကြိမ်တွင် မိုဟိုင်ရမ်က ချူချယ်ကို ခေါ်ဝေါ်ရာ၌ ရှောင်ချူ အစား ခေါင်းဆောင်ချူ ဟု ပြောင်းလဲခေါ်ဝေါ်လိုက်သည်။
လေသံတွင်လည်း လေးစားမှု အချို့ ပါဝင်လာ၏။
"ထားလိုက်ပါတော့... ဒီမိန်းမ နှစ်ယောက်ကို ငါလည်း မလိုချင်တော့ပါဘူး... ငါ့ဆီမှာ ရှိတဲ့ မိန်းမတွေတောင် အလုံအလောက် ဖြစ်နေပြီပဲ"
"ငါ မင်းကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်... မနေ့ညက ငါ့တဲထဲ ဝင်လာတာ ရွှီကျောင်းကျောင်း ဆိုတဲ့ မိန်းမတစ်ယောက်ပဲ... သူက မင်းတို့အားလုံး အကြောင်းကို ငါ့ဆီမှာ ရောင်းစားသွားတာ"
"မင်းတို့ထဲက ဘယ်သူက ဘယ်လို လမ်းစဉ်အစွမ်းတွေ ရှိလဲဆိုတာကို သူ အကုန် ပြောပြသွားတာကွ"
"ခေါင်းဆောင်ချူ... လူဆိုတာ တစ်ခါတလေ အရမ်းကြီး သဘောကောင်းနေလို့ မရဘူးကွ... မှတ်ထားနော်... အခုက ကမ္ဘာပျက်ကပ်ကြီးထဲ ရောက်နေတာ"
မိုဟိုင်ရမ်က ဆရာတစ်ယောက်က တပည့်ဖြစ်သူကို ဆုံးမနေသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
ချူချယ် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာမှာ မိုးရွာတော့မည့်အလား မည်းမှောင်သွားတော့သည်။
အကယ်၍သာ ချန်းရီက ခေါင်းဆောင် နေရာတွင် ရှိနေမည်ဆိုပါက ထိုအမျိုးသမီးမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
သို့သော် ချူချယ်၏ အတွေးက မတူညီပေ။ ကမ္ဘာကြီးပေါ်တွင် လူဦးရေမှာ များများစားစား မရှိတော့သည့်အတွက် သူ၏ ယာဉ်တန်းထဲတွင် အခွင့်ထူးခံများနှင့် သဘာဝလွန် အစွမ်းပိုင်ရှင်များ၏ ထိန်းချုပ်မရမှုမျိုးကို သူ မလိုလားခဲ့ပေ။
ထို့ကြောင့်ပင် သူသည် ထိုအမျိုးသမီးကို ယခုအချိန်အထိ သတ်ဖြတ်ခဲ့ခြင်း မရှိသေးပေ။
ထို့အပြင် ထိုအမျိုးသမီးသည် နောက်ပိုင်းတွင်လည်း တည်ငြိမ်စွာ နေထိုင်ခဲ့သည်ဟု ဆိုရမည်။
ယာဉ်တန်းကို သစ္စာဖောက်သူမှာ သူမ ဖြစ်နေမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ချူချယ်၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာသော်လည်း မိုဟိုင်ရမ်ကို ပြုံးပြကာ...
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်မို"
"ဟားဟားဟား... ကိစ္စမရှိပါဘူးကွာ... မင်းနဲ့ငါက ခေါင်းဆောင်တွေပဲဟာ... ငါလည်း မင်းလိုပဲ အဖွဲ့ထဲမှာ သစ္စာဖောက်တွေ ရှိနေတာကို အမုန်းဆုံးပဲ"
မိုဟိုင်ရမ်က နောက်ဆုံးအနေဖြင့် ရှုလီနာနှင့် ကျိုးရှောင်ရှောင် တို့ကို လောဘရမ္မက် အပြည့်ပါသော အကြည့်များဖြင့် ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။
ဤအလှမယ် နှစ်ဦးသည် အလွယ်တကူ တွေ့ဆုံနိုင်သည့် သူများ မဟုတ်ပေ။
ချန်းရီကလည်း ကုလားအုတ် ကျောပေါ်ရှိ ရိက္ခာပစ္စည်းများဆီမှ လောဘရမ္မက် အကြည့်များကို ပြန်ရုပ်သိမ်းလိုက်သည်။
ထိုသောက်ရေများ... ထိုအစားအစာများ... နှင့် ထိုကုလားအုတ်များ...
သူတို့နှစ်ဦး၏ စကားပြောဆိုမှု ပြီးဆုံးသွားသည်ကို ကြားသောအခါ ချန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး...
"ခေါင်းဆောင်မို... ကျွန်တော်တို့ ခေါင်းဆောင်က မလဲပေမဲ့ ကျွန်တော်က လဲချင်တယ်ဗျာ"
"ရှုလီနာက ကျွန်တော့်လူပဲ... ခင်ဗျားဆီက နွားအရိုးကိုသာ ပေးမယ်ဆိုရင် ဒီမိန်းမကို ခင်ဗျားဆီ ထည့်ပေးလိုက်မယ်... ဘယ်လိုလဲ"
ချန်းရီက ရှုလီနာ၏ လက်ကို ဆွဲကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း မိုဟိုင်ရမ်ဆီသို့ လျှောက်သွားလိုက်သည်။
သူ၏ ကျောဘက်ရှိ ထင်းခုတ်ဓားမက အနည်းငယ် တုန်ခါနေသည်။
မလှမ်းမကမ်းရှိ ရုပ်ရည် သာမန်သာရှိသော အမျိုးသမီးက ထိုလူငယ်လေးနှင့် တစ်ခုခုကို ပြောဆိုနေသည်။
စွန်းချန်းချန်းကမူ ဤအချိန်တွင် အမျိုးသား အချို့ကို သူမ၏ ရိက္ခာများ ကားပေါ်တင်ရန် ညွှန်ကြားနေသော်လည်း ညာဘက်လက်က ဓားရိုးကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
ရှုလီနာသည် ချန်းရီ၏ ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
တစ်ကိုယ်လုံး ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားမတတ် ဖြစ်သွား၏။
ချန်းရီ... သူ... ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ရတာလဲ...
သူက တကယ့်ကို မိစ္ဆာကောင်ပဲ...
ဆက်ရန်...