အခန်း ၈၈
Vol. 5 Ch. 88
အပိုင်း(၈၈) နောက်ကွယ်က ကြိုးကိုင်သူ
ချန်းရီက ထိုစကားကို ပြောလိုက်သည့် အချိန်တွင်။
အခင်းဖြစ်ပွားရာနေရာရှိ လူအချို့၏ တုံ့ပြန်မှုများက မတူညီကြပေ။
ခေါင်းဆောင်ချူ ခေါ် ချူချယ်၏ မျက်နှာက မှုန်ကုပ်သွား၏။ အမြဲတမ်း ပြုံးရွှင်နေတတ်ပြီး လူအများနှင့် သဟဇာတဖြစ်အောင် နေတတ်သော ခေါင်းဆောင်က ယခုအချိန်တွင် မျက်နှာ အလွန်ပျက်နေသည်။
ချန်းရီက ဤသို့ လုပ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ချန်းရီက ရက်စက်ပြတ်သားသော်လည်း ခေါင်းဆောင်ချူ၏ အမြင်တွင် ဤလူသည် အသက်ရှင်သန်ရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး လူ့ကျင့်ဝတ်နှင့် အခြေခံစည်းမျဉ်းတော့ ရှိသေးသည်ဟု ထင်မှတ်ထားခဲ့သည်။ အနည်းဆုံးတော့ အဖွဲ့သားများကို ကုန်ပစ္စည်းတစ်ခုလို သူများဆီ ရောင်းစားမည် မဟုတ်ဟု ယုံကြည်ထားခဲ့၏။
သို့သော် ယခုအခါတွင်တော့... ချန်းရီက ထိုလုပ်ရပ်ကို အတိအကျ လုပ်ဆောင်နေလေပြီ။
ရှုလီနာ တစ်ကိုယ်လုံး ပျော့ခွေကျသွားတော့သည်။
သူမသည် ချန်းရီနှင့် နီးစပ်ရန် တမင်သက်သက် ကြိုးစားခဲ့ပြီး ချန်းရီကို အပိုင်မဖမ်းနိုင်လျှင်တောင် အနည်းဆုံးတော့ ဒီယောက်ျား၏ ရင်ထဲတွင် နေရာတစ်နေရာ ရလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့သည်။
သို့သော်... ချန်းရီ၏ ထိုစကားတစ်ခွန်းက သူမ၏ စိတ်ကူးယဉ်အိပ်မက်များကို တစ်စစီ ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။
ချန်းရီ... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုတ်မာရက်စက်နိုင်ရတာလဲ။
ရှုလီနာ၏ ခန္ဓာကိုယ်လေးက ပို၍ ပြင်းထန်စွာ တုန်ယင်လာ၏။
သူမက ကုန်ပစ္စည်းတစ်ခုလို အသတ်မှတ် မခံချင်ပေ။ ဒီအဘိုးအို၏ ကစားစရာ အရုပ်လေးလည်း မဖြစ်ချင်ချေ။ ကုလားအုတ်ယာဉ်တန်းထဲမှ "ကျွန်" တစ်ယောက်လည်း မဖြစ်ချင်ချေ။
ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော ဤအခေါ်အဝေါ်သည် ကြားလိုက်ရုံဖြင့်ပင် တစ်ကိုယ်လုံးကို မသက်မသာ ဖြစ်သွားစေသည်။
ကျိုးရှောင်ရှောင်၏ မျက်နှာအမူအရာက အရှုပ်ထွေးဆုံး ဖြစ်နေသည်။
သူတို့ ညီအစ်မနှင့် ချန်းရီ၏ ပတ်သက်မှုက အစောဆုံးဖြစ်သလို အနက်ရှိုင်းဆုံးလည်း ဖြစ်သည်။
ယခင်က အစ်မဖြစ်သူ သေဆုံးမှုကြောင့် ချန်းရီအပေါ် အလွန်အမင်း နာကြည်းမုန်းတီးခဲ့သည်။
နောက်ပိုင်းတွင် တဖြည်းဖြည်း စိတ်အေးလာပြီး ချန်းရီ၏ နေရာတွင် ဝင်တွေးကြည့်သောအခါ သူမကိုယ်တိုင်လည်း ထိုအခြေအနေမျိုးတွင် မပတ်သက်သော သူစိမ်းတစ်ယောက်ကို သွားကယ်မည် မဟုတ်ကြောင်း နားလည်လာခဲ့သည်။
ချန်းရီ၏ အစွမ်းထက်မြက်မှုကြောင့် ကျိုးရှောင်ရှောင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရန် ဖိအားပေးခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် ယခုတော့...
ကုလားအုတ်ယာဉ်တန်း၏ "ကျွန်စနစ်" ကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက် ကျိုးရှောင်ရှောင်၏ ရင်ထဲမှ အထိတ်တလန့်ဖြစ်မှုနှင့် ကြောက်ရွံ့မှုများက တစ်နေ့ထက်တစ်နေ့ ပိုတိုးလာခဲ့သည်။
ယခုအခါတွင်တော့...
ချန်းရီ၏ အေးစက်စက် ရက်စက်မှုက ကျိုးရှောင်ရှောင်ကို ကြောက်လန့်တုန်လှုပ်သွားစေသည်။
ယာဉ်တန်းထဲမှ အခြား အသက်ရှင်ကျန်ရစ်သူများမှာ ဒေါသထွက်နေကြသော်လည်း ပါးစပ်မဟရဲကြပေ။
အလှလေးကို ကယ်တင်မည့် သူရဲကောင်းများအဖြစ် ဝင်ရောက်တားဆီးချင်သော်လည်း မည်သူကမျှ သတ္တိမရှိကြချေ။
ဟိုလူက ချန်းရီ ဖြစ်နေသည်ကိုး။
ယာဉ်တန်းထဲရှိ လမ်းစဉ်နှစ်ခုပိုင်ဆိုင်သော အစွမ်းပိုင်ရှင် ဖြစ်သည်။
လူတိုင်းက ဒေါသထွက်နေသော်လည်း နှုတ်မဟရဲကြပေ။
ထိုအချိန်တွင် ပိန်ပါးပါး လူတစ်ယောက် မတ်တတ်ထရပ်လိုက်ပြီး ချန်းရီဆီသို့ လျှောက်သွားလိုက်သည်။
ထိုသူကား ရိုးအသော တက္ကသိုလ်ကျောင်းသား ရှောင်ဖူ ပင်တည်း။
"မင်း ရူးနေပြီလား"
ဘေးမှ လူတစ်ယောက်က ရှောင်ဖူကို ဆွဲထားလိုက်သည်။
ရှောင်ဖူက အံကြိတ်ကာ "အစ်ကိုချန်း... သူ... ဒီလို လုပ်လို့ မရဘူး"
"သူက အစွမ်းပိုင်ရှင်ကွ... သူ လုပ်ချင်တာ လုပ်မှာပဲ... မင်းက ဘာကောင်မို့လို့ သူများကိစ္စကို ဝင်စွက်ရဲရတာလဲ"
"သူက... အစွမ်းပိုင်ရှင် ဖြစ်နေရင်တောင်... ကျွန်တော်..."
ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူများက ရှောင်ဖူ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသွားကြသည်။
အမြဲတမ်း ရိုးအပြီး အနည်းငယ် သူရဲဘောကြောင်တတ်သော ဤတက္ကသိုလ်ကျောင်းသားလေးမှာ ယခင်က လူတိုင်း၏ လှောင်ပြောင်စရာတစ်ခု ဖြစ်ခဲ့သည်။
ဒီနေ့တွင် သူက အမှန်တကယ် ရှေ့ထွက်ရဲလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
မလှမ်းမကမ်းရှိ စွန်းချန်းချန်းကသာ ခြေလှမ်းများကို အနည်းငယ် ရွှေ့လိုက်ပြီး ဦးထုပ်ပါသော ဝတ်ရုံခြုံထားသည့် လူငယ်လေး၏ အနောက်ဖက် မလှမ်းမကမ်းတွင် နေရာယူလိုက်သည်။
မလှမ်းမကမ်းရှိ သားရဲတိရစ္ဆာန်များကို ယဉ်ပါးအောင် ထိန်းချုပ်နိုင်ခြင်း လမ်းစဉ်ပိုင်ရှင်ဟု ယူဆရသော လူငယ်က ခွန်အားကြီးမားသည့် ဝံပုလွေဘုရင်ကြီးကို ပွတ်သပ်နေပြီး ဤဘက်ရှိ အခြေအနေကို လုံးဝ စိတ်ဝင်စားပုံ မပေါ်ပေ။
ဤဝံပုလွေဘုရင်ကြီးသည် ဝံပုလွေငါးကောင်ထဲတွင် အသန်မာဆုံးဖြစ်ပြီး အရွယ်အစားမှာ အခြားဝံပုလွေများထက် (၃၀%) ခန့် ပိုမို ကြီးမားလေသည်။
ဝံပုလွေ၏ လက်သည်းများကိုက လူကြီးတစ်ယောက်၏ လက်မောင်းလုံးခန့် တုတ်ခိုင်နေသည်။
အပေါ်မှ စီးနင်းမည်ဆိုလျှင်တောင် ပြဿနာ သိပ်ရှိမည် မထင်ပေ။
ဘေးနားရှိ "ကျွန်" များက ဤလူနှင့် ခပ်ဝေးဝေးတွင် နေကြသည်။
ဤလူက စကားတစ်ခွန်းမှ မပြောတတ်သော်လည်း မည်သူကမျှ သူ့ကို မစရဲကြချေ။ အဆိုးသွမ်းဆုံး မကောင်းဆိုးဝါး လမ်းစဉ် အစွမ်းပိုင်ရှင်ပင်လျှင် သာမန်အချိန်များ၌ သူ့ကို နောက်ပြောင်ရဲခြင်း မရှိပေ။
"ချန်းရီ... မင်း..."
ခေါင်းဆောင်ချူ၏ မျက်နှာက ပြာနှမ်းနေပြီး မျက်လုံးများက သတိပေးနေ၏။
ဒီတစ်ကြိမ်တွင်တော့ ခေါင်းဆောင်ချူ အမှန်တကယ် ဒေါသထွက်သွားလေပြီ။
"ရှောင်ချူ... မလောပါနဲ့... ရှောင်ချန်းက အရောင်းအဝယ် လုပ်ချင်တယ်ဆိုတာ သူ့လွတ်လပ်ခွင့်လေ... မင်းကလေ... အားလုံးကောင်းတယ်... နည်းနည်း ရှေးရိုးဆန်နေတာပဲ ရှိတာ"
"အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ... ငါတို့တွေက အစွမ်းပိုင်ရှင်တွေလေ... သာမန်လူတွေလိုပဲ ဆက်နေရဦးမလို့လား"
"အရင်တုန်းက ငါတို့က သာမန်ပြည်သူတွေမို့လို့ သူများ အနိုင်ကျင့်တာ ခံခဲ့ရတာ"
"အခု ငါတို့က အစွမ်းပိုင်ရှင်တွေ... အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်နေပြီ"
"ခေါင်းဆောင်ချူ... မင်းရဲ့ ဒီအမြင်တွေကို ပြင်သင့်နေပြီ"
အစက ခေါင်းဆောင်ချူကို အနည်းငယ် လေးစားသယောင် ရှိခဲ့သော်လည်း ယခုတော့ လှောင်ပြောင်သည့် လေသံပေါက်လာသည်။ ဒီအဘိုးကြီးက တကယ်ကို ဉာဏ်များပြီး ကောက်ကျစ်လွန်းသည်ဟု ဆိုရပေမည်။
"ဟားဟားဟား... ရှောင်ချန်း... မင်းကို ငါ သဘောကျတယ်"
မိုဟိုင်ရမ်က ခေါင်းဆောင်ချူ၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ၏ ကောက်ကျစ်သော မျက်လုံးများက ရှုလီနာ၏ ခန္ဓာကိုယ်ပေါ်တွင် စုန်ချည်ဆန်ချည် ကြည့်ရှုနေသည်။
ရှုလီနာသည် သူမ၏ ရုပ်ရည်သွင်ပြင်ကို အမြဲတမ်း ဂရုစိုက်တတ်သူ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်တောင်မှ ဒီမိန်းမက ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့အတွက် နေ့စဉ် အချိန်အများကြီး ပေးတတ်သေးသည်။ ထို့ကြောင့် ဤမိန်းမက အခြားမိန်းမများထက် ပို၍ ဆွဲဆောင်မှုရှိနေခြင်း ဖြစ်သည်။
အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးတစ်စုံကသာ ရှုလီနာကို စူးစိုက်ကြည့်နေ၏။
အင်တာနက်ပေါ်တွင် ဖော်လိုဝါ သန်းချီရှိသော နာမည်ကြီး မိန်းမလျာလေး ပင်တည်း။
"ဟီးဟီး... ရှောင်ချန်း... မင်းက လူသားစား ခေါင်းနှစ်လုံးနွားရဲ့ အရိုးကို လိုချင်တယ်ဆိုရင်လည်း မရတာတော့ မဟုတ်ဘူး... ဒါပေမဲ့ တစ်ယောက်တည်းနဲ့တော့ မလောက်ဘူး ထင်တယ်"
မိုဟိုင်ရမ်က ကျိုးရှောင်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအဘိုးကြီး၏ မျက်လုံးများနှင့် အကြည့်ခံလိုက်ရသောအခါ ကျိုးရှောင်ရှောင် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သို့သော် မိုဟိုင်ရမ်၏ မျက်လုံးထဲတွင်တော့ ဤမိန်းကလေးက ပို၍ပင် ဆွဲဆောင်မှုရှိပြီး လှပနေသယောင် ထင်ရသည်။
သို့ပေမဲ့... ဒီမိန်းကလေးရဲ့ မျက်လုံးတွေက ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ပြူးကျယ်နေရတာလဲ။
ကြောက်လန့်နေတာလား။ ဒါမှမဟုတ် သံသယဖြစ်နေတာလား။
စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်တောင် ပါနေသေးသလား။
မဟုတ်သေးဘူး။
မိုဟိုင်ရမ် ရင်ထဲ ထိတ်လန့်သွားပြီး ခေါင်းကို အမြန် ပြန်လှည့်ကြည့်လိုက်သည်။ တွေ့လိုက်ရသည်က ပြုံးဖြီးဖြီး မျက်နှာတစ်ခုနှင့် ထိုမျက်နှာပိုင်ရှင်၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ထင်းခုတ်ဓားမ တစ်လက်ပင် ဖြစ်သည်။
မိုဟိုင်ရမ်က သူကိုယ်တိုင် ဖြည်းဖြည်းချင်း အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး သူ့ကျောပြင်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရသည်။
ဒါက...
တော်တော် ရက်စက်တဲ့ ကောင်လေးပဲ။ ငါ့ကိုတောင် သူက လက်ပါရဲတယ်ပေါ့။
ငါ ဘာလို့ နည်းနည်းလေးတောင် သတိမထားမိလိုက်ရတာလဲ။
ချန်းရီ စတင်တိုက်ခိုက်လိုက်သည့် ခဏလေးအတွင်းမှာပင်။
မလှမ်းမကမ်းရှိ သာမန်ရုပ်ရည်သာရှိသော အမျိုးသမီးက မျက်ခုံးများ တွန့်ချိုးသွားပြီး သူမ၏ တစ်ကိုယ်လုံးမှ အန္တရာယ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာကာ မာနကြီးသော ကြောင်ပေါက်လေးတစ်ကောင်မှ ကြမ်းတမ်းသော ကျားသစ်မကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အမျိုးသမီးက လက်နှစ်ဖက်ကို ဆုပ်ထားပြီး သူမရှေ့ရှိ ဝတ်ရုံခြုံ လူငယ်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်မှ ထွက်ပေါ်လာသော လေပြင်းများကြောင့် ခြေအောက်ရှိ သဲခုံများပင် လွင့်စင်သွားပြီး ဝတ်ရုံခြုံ လူငယ်၏ ဦးထုပ်ကိုလည်း လန်ထွက်သွားစေကာ အံ့သြထိတ်လန့်နေသော်လည်း အထင်သေးမှုများ ပါဝင်နေသော မျက်နှာကို ပေါ်လွင်သွားစေသည်။
လူငယ်၏ ကိုယ်ပေါ်ရှိ ဝတ်ရုံခြုံက အသက်ဝင်လာသကဲ့သို့ ပင်လယ်ပြင်မှ လှိုင်းတံပိုးများအလား အထပ်ထပ် ဖြစ်ပေါ်လာကာ အမျိုးသမီး၏ လက်သီးချက်ကို ကာကွယ်လိုက်ပြီး ထိုလက်သီးချက်၏ အားကို ဖြန့်ကျက်ဖျက်ဆီးပစ်လိုက်သည်။
"ဝုန်း"
လူငယ်၏ ကိုယ်လုံးက နောက်သို့ အပြင်းအထန် လွင့်စင်သွားပြီး မျက်နှာက နီရဲသွားသည်။ ပါးစပ်မှ သွေးတစ်ပွက် အန်ကျလာသော်လည်း သူက ရယ်မောလိုက်သည်။
"တင်းတုံ... ခင်ဗျား..."
"ရွှပ်"
လူငယ် စကားပြောလို့ပင် မဆုံးလိုက်ပေ။
အေးစက်သော အရာတစ်ခု ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ခေါင်းငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်တွင် ဓားသွားတစ်စ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
လူငယ်သည် ထိုဓားသွားကို မယုံနိုင်စွာ ကြည့်နေပြီး မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်မှုနှင့် ဘာလုပ်ရမှန်းမသိသော အမူအရာများ ပေါ်လွင်နေ၏။
ခန္ဓာကိုယ်ထဲမှ အင်အားများက ဖြည်းဖြည်းချင်း ယိုစိမ့်ထွက်သွားနေပြီး တစ်ချိန်တည်းမှာပင် အမှောင်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ လှုပ်ရှားနေသည်။
၎င်းက ခန္ဓာကိုယ်၏ ဒဏ်ရာများကို ပြန်လည်ကုသရန် ရည်ရွယ်ထားပုံရသည်။
လူငယ်က ခက်ခဲစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လက်ဖြင့် ဓားသိုင်းမန္တန်ကို ပုံဖော်နေသည်ကို မြင်လိုက်ရသည်။
"ခင်ဗျား... ဘယ်လိုလုပ်ပြီး ဓားပျံသိုင်းကို တတ်နေတာလဲ"
ဤစကားလုံး အနည်းငယ်ကိုပင် အလွန် ခက်ခဲစွာ ပြောလိုက်ရသည်။
"အခုလေးတင် သင်ထားတာ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဆံပင်ကို ခါယမ်းလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"အား"
ကြမ်းတမ်းသော စူးစူးဝါးဝါး အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခေါင်းလှည့်ကြည့်လိုက်သောအခါ ရက်စက်သော ဝံပုလွေ အကောင်အနည်းငယ်က ထယ်ရှီးဆီသို့ ခုန်အုပ်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအထဲမှ အကြီးဆုံးအကောင်က ထယ်ရှီး၏ လည်ပင်းကို ကိုက်ထားချေပြီ။ ထယ်ရှီး၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။
ထယ်ရှီး၏ လည်ပင်းမှာ တစ်ဝက်ခန့် ပြတ်ထွက်သွားခဲ့ပြီ။
ဝံပုလွေကြီးက ပါးစပ်ထဲမှ အသားကို မျိုချလိုက်ပြီး ၎င်း၏ တစ်ကိုယ်လုံးတွင် ထယ်ရှီး၏ သွေးများ ပေကျံနေသည်။
အရှေ့ရှိ သဲခုံများပင်လျှင် သွေးများဖြင့် နီရဲသွားတော့သည်။
နောက်ထပ် ဝံပုလွေဆိုး တစ်ကောင်ကလည်း ထယ်ရှီး၏ ဂုတ်ကို ကိုက်ထားပြန်သည်။
အကယ်၍ အင်အားပြည့်ဝနေသော ထယ်ရှီးသာဆိုလျှင် ဤဝံပုလွေများကို ရင်ဆိုင်ရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။ သို့သော် ယခုအချိန်ရှိ ထယ်ရှီးမှာ အားအနည်းဆုံး အချိန်သို့ ရောက်ရှိနေသည်။
ထယ်ရှီးက ကိုယ်ပေါ်မှ ဝံပုလွေများကို ခါချရန် ကြိုးစားသော်လည်း လက်နှစ်ဖက်စလုံးကိုလည်း ဝံပုလွေများက တင်းကျပ်စွာ ကိုက်ထားကြသည်။
ဤဝံပုလွေများသည်လည်း သာမန် ဝံပုလွေများ မဟုတ်ဘဲ ကျန်းလိန် ဟုခေါ်သော အစွမ်းပိုင်ရှင်က ဂရုတစိုက် မွေးမြူလေ့ကျင့်ထားခြင်း ဖြစ်ကာ အရွယ်အစားမှာ သာမန် ဝံပုလွေများထက် အများကြီး ပိုကြီးမားသည်။
ထယ်ရှီးက ရူးသွပ်စွာ ရုန်းကန်နေဆဲ ဖြစ်သည်။ နောက်ထပ် စက္ကန့်သုံးဆယ်ခန့်သာ ဆက်တောင့်ခံနိုင်မည်ဆိုလျှင်... မဟုတ်ဘူး... နောက်ထပ် စက္ကန့်အနည်းငယ်လောက်သာ တောင့်ခံနိုင်မည်ဆိုလျှင်...
သူ သေရမည် မဟုတ်တော့ပေ။
တိုက်တန် လမ်းစဉ်၏ အစွမ်းပိုင်ရှင်များသည် အားအနည်းဆုံး အချိန်တွင်ပင် ထိုမျှလောက် အလွယ်တကူ အသတ်ခံရမည် မဟုတ်ပေ။
လည်ပင်း တစ်ဝက်ခန့် အကိုက်ခံရလျှင်တောင် အချိန်အနည်းငယ်သာ ရမည်ဆိုပါက သူ အသက်ရှင်နိုင်သေးသည်။
အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ထယ်ရှီး၏ ခေါင်းကြီးမှာ သွေးများနှင့်အတူ လွင့်စင်သွားတော့သည်။
ထိုသူကား စကားတစ်ခွန်းမှ မပြောတတ်သော တိရိစ္ဆာန်ထိန်းချုပ်သူ အစွမ်းပိုင်ရှင် ပင်တည်း။
ထယ်ရှီး၏ ခေါင်းကြီး မြေပြင်ပေါ်သို့ မကျသေးပေ။
ကျန်းလိန် ဟုခေါ်သော အစွမ်းပိုင်ရှင်က ဝံပုလွေဘုရင်၏ ကျောပေါ်တွင် စီးနင်းကာ သဲကန္တာရဆီသို့ တရှိန်ထိုး ပြေးထွက်သွားလေသည်။
"ထယ်ရှီး"
စွန်းချန်းချန်း၏ မျက်လုံးများက ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေပြီး ပန်းရောင်ဆံပင်ရှည်များက လေမတိုက်ဘဲ လွင့်ဝဲနေကာ လက်ထဲရှိ ဓားရှည်က သူမအနားသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာပြီး ချယ်ရီသီးလေးလို နှုတ်ခမ်းများက တစ်စုံတစ်ခုကို ရေရွတ်နေသည်။
"သွားစမ်း"
ဓားရှည်ကြီးက သက်တံ့ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေဘုရင်၏ ကျောပေါ်ရှိ အရိပ်ဆီသို့ တိုက်ရိုက် ထိုးစိုက်သွားသည်။
ထိုအရိပ်က ဝံပုလွေ၏ ကျောပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက် ခန္ဓာကိုယ်ကြီးက ဝံပုလွေ၏ ကျောပေါ်မှ ပျော့ခွေကာ ပြုတ်ကျလာတော့သည်။
ဤဖြစ်စဉ် တစ်ခုလုံးမှာ ဆယ်စက္ကန့်ပင် မကြာလိုက်ပေ။ ထို့ထက်ပင် ပို၍ မြန်ဆန်ကောင်း မြန်ဆန်နိုင်သေးသည်။
အစွမ်းပိုင်ရှင် လေးယောက်မှာတော့ မရဏနိုင်ငံသို့ ရောက်ရှိသွားခဲ့လေပြီ။
ဤအရာအားလုံးကို စတင်ဖန်တီးသူ... သို့တည်းမဟုတ် နောက်ကွယ်မှ ကြိုးကိုင်သူကတော့ ချန်းရီပင် ဖြစ်ပေသည်။
ဆက်ရန်...