← Chapters

အခန်း ၈၉

Vol. 5 Ch. 89

အခန်း ၈၉

Vol. 5 Ch. 89

အပိုင်း(၈၉) မျက်လုံးတစ်ဖက်လပ်နဲ့ကောင်က တော်တော်ကို ကောက်ကျစ်လွန်းတယ်

ဖြစ်စဉ်တစ်ခုလုံးက မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသဖြင့် မည်သူကမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

လူလေးယောက်၏ အလောင်းများ မြေပြင်ပေါ်သို့ လဲကျသွားချိန်မှသာ အခင်းဖြစ်ပွားရာ နေရာရှိ အသက်ရှင်ကျန်ရစ်သူများက လမ်းစဉ် အစွမ်းပိုင်ရှင်များ သေဆုံးသွားကြောင်း နားလည်သဘောပေါက်သွားကြတော့သည်။

လူတစ်ယောက်စီ၏ မျက်နှာအမူအရာများက တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

အချို့က ဝမ်းသာအားရ ဖြစ်နေကြသော်လည်း အပြင်ဘက်သို့ ထုတ်ဖော် မပြသရဲကြချေ။

အချို့ကမူ အလွန်အမင်း ဝမ်းနည်းကြေကွဲကာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အရိပ်က မယုံနိုင်လောက်အောင် မြန်ဆန်စွာဖြင့် ထယ်ရှီး၏ အနီးသို့ ပြေးသွားကာ ကြီးမားလှသော ခေါင်းကြီးကို ပွေ့ချီပြီး ထယ်ရှီး၏ လည်ပင်းပေါ်သို့ ပြန်တပ်ရန် ကြိုးစားနေ၏။

သွေးများက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ တစ်ကိုယ်လုံးတွင် ပေကျံနေသည်။

သို့သော် သူမက အနည်းငယ်မျှပင် သတိထားမိပုံ မပေါ်ချေ။

လက်ကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထယ်ရှီး၏ ခေါင်းကြီးက အောက်သို့ ထပ်မံ ပြုတ်ကျသွားပြန်သည်။

ထို့ကြောင့် ကောင်မလေးက သူမ၏ လက်ဖြင့် ဆက်လက် ကိုင်တွယ်ထိန်းထားကာ ဤနည်းဖြင့် ထယ်ရှီးကို ပြန်လည် အသက်ဝင်လာစေရန် ကြိုးစားနေရှာသည်။

"လူသန်ကြီး... လူသန်ကြီး... နင်က တိုက်တန် လမ်းစဉ် မဟုတ်ဘူးလား"

"လူသန်ကြီးက ဘယ်လောက်ရိုက်ရိုက် မသေဘူးဆို"

"မြန်မြန်... မြန်မြန် ပြန်နိုးလာခဲ့စမ်းပါ"

"ငါဘာမှမဖြစ်ဘူးလို့ ပြောလေ"

"ထယ်ရှီး... လူသန်ကြီး"

မျက်ရည်ပေါက်ကြီးများက ကောင်မလေး၏ မျက်ဝန်းမှတစ်ဆင့် ထယ်ရှီး၏ မျက်နှာပေါ်သို့ တစ်ပေါက်ချင်း ကျဆင်းလာသည်။

ထယ်ရှီးနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့ သိကျွမ်းခဲ့သည့် အချိန်ကာလက ချန်းရီထက်ပင် ပို၍ ကြာမြင့်ခဲ့လေသည်။

ချန်းရီ အစွမ်း မနိုးထလာမီ အချိန်ကတည်းက ရိက္ခာများ ရှာဖွေရာတွင် သူတို့နှစ်ဦးက အမြဲတမ်း အတူတကွ ပူးပေါင်း လုပ်ဆောင်လေ့ရှိကြသည်။

တစ်ဦးကို တစ်ဦး အကြိမ်ပေါင်း မည်မျှပင် ကယ်တင်ခဲ့ဖူးမှန်း မသိနိုင်တော့ပေ။

ပန်းရောင်ဆံပင် ကောင်မလေး၏ အမြင်တွင် ထယ်ရှီးက သူမ၏ နောက်ကျောကို ယုံကြည်စိတ်ချစွာ အပ်နှံထားနိုင်သော အသင်းသားတစ်ဦး ဖြစ်သည်။

ထယ်ရှီးကလည်း ထိုနည်းတူပင် ဖြစ်သည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် မည်သူမဆို သေခြင်းတရားကို ရှောင်လွှဲ၍ မရနိုင်ကြောင်းကို ကောင်မလေးက ကောင်းစွာ သိရှိနားလည်ထားသည်။

သို့သော် ဤမျှ ရုတ်တရက် ဖြစ်ပျက်သွားလိမ့်မည်ဟုတော့ သူမ ထင်မှတ်မထားခဲ့မိချေ။

သူတို့နှစ်ဦးကြားတွင် မည်သည့် ချစ်သူရည်းစား သံယောဇဉ်မျှ မရှိဘဲ မောင်နှမအရင်းများကဲ့သို့သော မေတ္တာတရားသာ ရှိလေသည်။

"ထယ်ရှီး... နိုးလာခဲ့ပါ... ပြန်နိုးလာခဲ့ပါ"

ကောင်မလေးက လက်ကို လွှတ်လိုက်ရာ ထယ်ရှီး၏ ခေါင်းကြီးက ဘောလုံးတစ်လုံးအလား အောက်သို့ လိမ့်ကျသွားတော့သည်။

ကောင်မလေးသည် ဒေါသတကြီးဖြင့် ထယ်ရှီး၏ ရင်ဘတ်ကို ထုရိုက်နေရင်း စိတ်ခံစားမှုများ ထိန်းချုပ်မရတော့ဘဲ မျက်ရည်များ တားမနိုင်ဆီးမရ ကျဆင်းလာခဲ့သည်။

ယခုအချိန်တွင် ကောင်မလေးသည် ထိုနေ့မနက်ခင်းက သူမ၏ မိသားစုဝင်များ သစ်ပင်ကြီး၏ မျိုချခြင်းခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေရ၏။

ထိုစဉ်က သူမ ဘာတစ်ခုမျှ မလုပ်ပေးနိုင်ခဲ့ပေ။

အပြစ်ရှိသကဲ့သို့ ခံစားရမှုများက ဒီရေအလား သူမ၏ ရင်ထဲတွင် လွှမ်းမိုးလာခဲ့သည်။

ချူချယ်က နေရာတွင်ပင် အချိန်အတော်ကြာ ကြောင်အမ်းအမ်း ရပ်နေမိပြီးနောက် မိုဟိုင်ရမ်၏ အလောင်းဆီမှ အကြည့်များကို လွှဲဖယ်ကာ ထယ်ရှီး၏ အလောင်းဆီသို့ တဖြည်းဖြည်း ရွှေ့ကြည့်လိုက်သည်။

ထယ်ရှီး၏ အလောင်းကို မြင်လိုက်ရချိန်တွင် ချူချယ်၏ စိတ်ခွန်အားများအားလုံး တစ်မုဟုတ်ချင်း ပြိုလဲကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ချူချယ်က ခြေဗလာဖြင့် တုန်ယင်နေသော ခြေလှမ်းများဖြင့် ထယ်ရှီးဆီသို့ လျှောက်သွားသည်။

သူ၏ ဝမ်းနည်းကြေကွဲမှုများက ယခုအချိန်တွင် မျက်နှာပေါ်၌ အထင်းသား ပေါ်လွင်နေ၏။

ကျောင်းကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများထဲမှ အများအပြားမှာလည်း အသံထွက်ကာ ရှိုက်ငိုနေကြပြီ ဖြစ်သည်။

ဤလူများသည် ထယ်ရှီး၏ စောင့်ရှောက်မှုကို အနည်းနှင့်အများ ဆိုသလို ခံစားခဲ့ရသူများ ဖြစ်ကြသည်။

ထယ်ရှီးသာ မရှိခဲ့လျှင် ဤလူများထဲမှ အများစုမှာ အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။

ယာဉ်တန်းတစ်ခုလုံးတွင် ထယ်ရှီးက သာမန် အသက်ရှင်ကျန်ရစ်သူများအပေါ် အကောင်းဆုံး ဆက်ဆံတတ်သည့် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။

ချန်းရီက ရက်စက်ကြမ်းကြုတ်သဖြင့် အသက်ရှင်ကျန်ရစ်သူ အများစုက သူ့ကို ကြောက်ရွံ့ကြသည်။

ချူချယ်ကမူ လောကနှင့် ကင်းကွာသကဲ့သို့ နေတတ်ပြီး သူ၏ ကြင်နာမှုက လူတိုင်းအတွက် မဟုတ်ချေ။

ပန်းရောင်ဆံပင် ကောင်မလေးကမူ လမ်းစဉ် အစွမ်းပိုင်ရှင်များမှလွဲ၍ မည်သူနှင့်မျှ စကားပြောဆိုလေ့ မရှိပေ။ လူချစ်လူခင်ပေါများသော ရှုလီနာနှင့် ကျိုးရှောင်ရှောင်တို့ပင် ချွင်းချက် မဟုတ်ခဲ့ချေ။

ထိုသူများကိုပင် ကောင်မလေးက ဂရုတစိုက် ဆက်ဆံလေ့ မရှိပေ။

ထယ်ရှီး တစ်ယောက်တည်းကသာ မည်သူ့ကို မြင်မြင် အပြစ်ကင်းစင်စွာဖြင့် ရယ်မောပြတတ်သူ ဖြစ်သည်။

သူ၏ မျက်စိထဲတွင် လမ်းစဉ် အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကြား မည်သည့် ခွဲခြားမှုမျှ မရှိခဲ့ချေ။

ထယ်ရှီး သေဆုံးသွားခြင်းက အသက်ရှင်ကျန်ရစ်သူ အများစုအတွက်မူ ကောင်းကင်ပြိုကျပြီး မြေကြီးကွဲအက်သွားသကဲ့သို့ ဖြစ်စေသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

ယခုအချိန်တွင် အသိစိတ်ကို ထိန်းထားနိုင်သူ တစ်ယောက် ရှိသေးသည်ဆိုလျှင် ထိုသူမှာ ချန်းရီသာ ဖြစ်ပေလိမ့်မည်။

ချန်းရီနှင့် ထယ်ရှီးတို့၏ ဆက်ဆံရေးမှာ မဆိုးလှသော်လည်း ချူချယ်၊ ပန်းရောင်ဆံပင် ကောင်မလေးတို့နှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားလှသည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် မိမိအပါအဝင် မည်သူမဆို အချိန်မရွေး သေဆုံးသွားနိုင်ကြောင်းကို ချန်းရီက ကောင်းစွာ သိရှိထားသည်။

ထယ်ရှီး၏ သေဆုံးမှုက မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ချန်းရီကိုမူ အသိစိတ် လွတ်သွားစေသည်အထိ မဖြစ်စေခဲ့ပေ။

ယခုအချိန်တွင် ချန်းရီက မလှမ်းမကမ်းရှိ ဦးထုပ်ပါသော ဝတ်ရုံရှည်ကို ခြုံလွှမ်းထားသည့် အလောင်းဆီသို့ စူးစိုက်စွာ ကြည့်နေ၏။

မကောင်းဆိုးဝါး လမ်းစဉ်သည် တိုက်တန် လမ်းစဉ်ထက် မညံ့ဘဲ အသက်ရှင်သန်နိုင်စွမ်း အလွန် မြင့်မားကြောင်း ချူချယ် ပြောခဲ့ဖူးသည်ကို သူ သတိရသွားသည်။

ထို့ကြောင့် ဤသူ မသေသေးမည်ကို ချန်းရီ အလွန် သံသယ ဝင်နေမိသည်။

ခုနကမှ ထွက်ပြေးသွားသော ဝံပုလွေအုပ်ကို ထိန်းချုပ်နိုင်သည့် အစွမ်းပိုင်ရှင်သည်ပင်လျှင် သေချင်ယောင် ဆောင်နေခဲ့ခြင်းဖြစ်မည်ဟု ချန်းရီ သံသယရှိခဲ့သည်။

သေချာသည်ကတော့ ပထမဦးဆုံး ရှင်းလင်းရမည်မှာ ဤမကောင်းဆိုးဝါး လမ်းစဉ် အဆင့် (၂) ပင် ဖြစ်သည်။

ချန်းရီက ခါးမှ ထင်းခုတ်ဓားမကို ဆွဲထုတ်လိုက်ပြီး ဝတ်ရုံနက်နှင့် လူငယ်အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

ဤသူက မကောင်းဆိုးဝါး လမ်းစဉ် အဆင့် (၂) ဖြစ်သဖြင့် ရင်ဆိုင်ရန် အခက်ခဲဆုံး ဖြစ်ကာ အသက်ရှင်သန်နိုင်မည့် နည်းလမ်းများစွာလည်း ရှိပေသည်။

အရင်ဆုံး သူ သေ၊ မသေ စစ်ဆေးကြည့်ရမည်။

မသေသေးပါက နောက်တစ်ချက် ထပ်ခုတ်မည်။

"သူ သေသွားပါပြီ... အဲဒီ ဓားချက်အောက်မှာ ဘယ်သူမှ အသက်မရှင်နိုင်ပါဘူး"

အက်ကွဲကွဲ အသံတစ်သံ။

စကားပြောလိုက်သူမှာ ရုပ်ရည် သာမန်သာရှိသော အမျိုးသမီး တစ်ဦး ဖြစ်သည်။

ထိုအချိန်တွင် ဝတ်ရုံဦးထုပ်အောက်ရှိ ခန္ဓာကိုယ်၏ ရင်ဘတ်တွင် သွေးပေါက်ကြီး တစ်ခု ရှိနေသော်လည်း သွေးထွက်ခြင်း မရှိတော့ပေ။

ဒဏ်ရာ တစ်ဝိုက်တွင် အမည်းရောင် အငွေ့များ ရစ်ပတ်နေပြီး မရေမတွက်နိုင်သော အသားနုများက ရူးသွပ်စွာ ပေါက်ပွားကာ ယှက်နွယ်နေကြသည်။

မသေသေးသော်လည်း ထိုဓားချက်ကြောင့် သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

အကယ်၍ သူ့ကို မိနစ်အနည်းငယ်ခန့် အချိန်ပေးလိုက်ပါက သူ ပြန်လည် ကောင်းမွန်လာနိုင်ပြီး ဤနေရာရှိ လူအားလုံးကိုပင် သတ်ပစ်နိုင်စွမ်း ရှိပေသည်။

နားထဲသို့ ဝင်ရောက်လာသော ငိုကြွေးသံများကြောင့် လျှိုယန်၏ ရင်ထဲရှိ အမုန်းတရားများက ရူးသွပ်စွာ ကြီးထွားလာနေသည်။

မိနစ်အနည်းငယ်သာ အချိန်ရပါက ယခုအချိန်အထိ စုဆောင်းထားသော အမှောင်စွမ်းအင်များကို အသုံးပြုပြီး ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်လည် သက်သာလာနိုင်ကြောင်းကို လျှိုယန်က အလွန် ယုံကြည်မှု ရှိနေ၏။

ထိုအချိန်ရောက်လျှင် အားလုံး သေကြရမည်။

ရုတ်တရက် လျှိုယန်၏ နားထဲတွင် ခြေသံများကို ကြားလိုက်ရသည်။

မည်သူဖြစ်မည်ကို လျှိုယန် ခန့်မှန်းမိလိုက်သည်။

ထိုမျက်လုံးတစ်ဖက်ကန်းနေသော ကောင်ပင် ဖြစ်ရမည်။

ဒီကောင်က တော်တော် အကွက်မြင်တာပဲ... ငါ သေ၊ မသေ လာကြည့်တာများလား။

လျှိုယန်က အသက်ရှူနှုန်းကို နှေးပစ်လိုက်ပြီး ချန်းရီ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုဖြင့် အဆုံးသတ်ရန် စောင့်ဆိုင်းနေလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ခြေသံက ရပ်တန့်သွားခဲ့သည်။

လျှိုယန်က တွေဝေသွားစဉ်မှာပင်...

ရုတ်တရက် သူ၏ နောက်ကျောမှ ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး ကျောချမ်းသွားလေသည်။

သွားပြီ... ဒီကောင်က... တော်တော် ကောက်ကျစ်တာပဲ။

လျှိုယန် တစ်ခုခု လုပ်ရန် ကြံရွယ်လိုက်ချိန်တွင် အချိန်နှောင်းသွားခဲ့လေပြီ။

သူ၏ ခေါင်းက ထင်းခုတ်ဓားမ တစ်လက်၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ခေါင်းတစ်လုံးက လေထဲသို့ လွင့်စဉ်သွား၏။

လျှိုယန်က သူ၏ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကိုပါ ထိုထင်းခုတ်ဓားမက ခုတ်ဖြတ်သွားသည်ကိုပင် တွေ့လိုက်ရသေးသည်။

ထိုကောက်ကျစ်သော ကောင်က... သူ့အနီးမှ ပေလေးဆယ်ကျော်ခန့် အကွာတွင် ရှိနေပြီး ထိုဓားမကို မိုးမခကိုင်း တစ်ခုဖြင့်သာ ထိန်းချုပ်နေခဲ့ခြင်း ဖြစ်သည်။

သူ၏ အာရုံထဲတွင် အဆုံးအစမရှိသော အမှောင်ထုကြီးက ဝင်ရောက်လာခဲ့သည်။

အဆုံးအစမရှိသော အလားအလာများကို ပိုင်ဆိုင်ထားသည့် ဤမကောင်းဆိုးဝါး လမ်းစဉ် အဆင့် (၂) သည် ဤနေရာတွင်ပင် အသက်ချုပ်ငြိမ်းသွားခဲ့ရလေတော့သည်။

ထိုအချိန်မှာပင် ပန်းရောင်ဆံပင် ကောင်မလေး၏ ဓားချက်ကြောင့် ဝံပုလွေဘုရင်၏ ကျောပေါ်မှ လိမ့်ကျသွားသော လူငယ်က သဲပြင်ပေါ်မှနေ၍ ဝံပုလွေဘုရင်၏ ကျောပေါ်သို့ ချက်ချင်း ခုန်တက်ကာ လှည့်ပြေးသွားလေသည်။

ထိုသူ မြေပြင်ပေါ်သို့ လဲကျသွားစဉ်က အနောက်ဘက်တွင် ဖြစ်ပျက်နေသည်များကို မျက်လုံးတစ်ဝက် ဖွင့်ကာ မြင်နိုင်မည့် ထောင့်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။

သူက ထိုမျက်လုံးတစ်ဖက်နှင့်ကောင်၏ ကောက်ကျစ်မှုကို သူ အထင်းသား မြင်တွေ့လိုက်ရသည်။

ထိုမျက်လုံးတစ်ဖက်ကောင်က လျှိုယန်နှင့် ပေလေးဆယ်ကျော်ခန့် အကွာမှနေ၍ ဆက်မသွားတော့ဘဲ ထင်းခုတ်ဓားမကို လွှဲကာ လျှိုယန်ကို တိုက်ရိုက် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

လျှိုယန်က စိတ်ပျက်စရာကောင်းသော်လည်း သူ၏ မကောင်းဆိုးဝါး လမ်းစဉ် အဆင့် (၂) စွမ်းအားကိုမူ အထင်သေး၍ မရပေ။ သူကိုယ်တိုင်ပင်လျှင် လျှိုယန်ကို ပြဿနာ မရှာရဲချေ။

သို့သော် ရလဒ်အနေဖြင့် ဤမျှ အလွယ်တကူ သေဆုံးသွားခဲ့ရသည်။

ဒီမျက်လုံးတစ်ဖက်လပ်နဲ့ကောင်က တော်တော်ကို ကောက်ကျစ်လွန်းတယ်။

သေစမ်း... မပြေးရင် ဒီကောင်ရဲ့လက်ထဲမှာ သေရလိမ့်မယ်။

ထိုသူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ချန်းရီက ဘာပြောရမှန်းပင် မသိတော့ချေ။

သတ်ဖြတ်မှတ်များ နှမြောစရာ ကောင်းသွားခြင်းသာ ရှိတော့သည်။

စောစောက မိုဟိုင်ရမ်ကို သတ်ဖြတ်ခဲ့စဉ်ကရော နောက်ပိုင်း ဤမကောင်းဆိုးဝါး လမ်းစဉ်ကို သတ်ဖြတ်ခဲ့စဉ်ကပါ စနစ်က မနည်းလှသော သတ်ဖြတ်မှတ်များကို ပေးအပ်ခဲ့သည်။

……

မနေ့ညက ချန်းရီ ပထမဆုံး သွားရောက် ရှာဖွေခဲ့သူမှာ ထိုရုပ်ရည်သာမန် အမျိုးသမီးပင် ဖြစ်သည်။

ချန်းရီ၏ လေ့လာစောင့်ကြည့်မှုအရ ဤအမျိုးသမီးက ဤယာဉ်တန်းနှင့် လုံးဝကို သဟဇာတ မဖြစ်လှပေ။

မိုအဘိုးအိုက သူ့မယားငယ်လေးကို သန်းချီသော ပရိသတ်များ ရှိသည့် အင်တာနက် နာမည်ကြီး တစ်ဦးအဖြစ် မိတ်ဆက်ပေးနေချိန်တွင်...

ဤအမျိုးသမီးက စိတ်မရှည်သော မျက်နှာထားဖြင့် ချက်ချင်း ထထွက်သွားခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ မိုအဘိုးအို၏ မျက်နှာကို အနည်းငယ်မျှပင် မထောက်ထားခဲ့ချေ။

လူငယ်က အခြား "ကျွန်" များကို နှိပ်စက်ညှဉ်းပန်းနေချိန်တွင် မည်သူကမျှ သွားရောက် တားဆီးခြင်း မရှိခဲ့ကြပေ။

ဤအမျိုးသမီး အနီးအနားသို့ ရောက်လာချိန်မှသာ ထိုလူငယ်က နှိပ်စက်မှုများကို ရပ်တန့်သွားခဲ့သည်။

ထို "ကျွန်" များက ဤအမျိုးသမီးကို ထိုမျှလောက် ကြောက်ရွံ့ပုံမပေါ်ဘဲ အချို့၏ မျက်လုံးများထဲတွင် ကြင်နာသော အရိပ်အယောင်များပင် ရှိနေခဲ့သည်။

ဤအရာအားလုံးကို ချန်းရီက မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။

ချန်းရီက ထိုအမျိုးသမီးကို ရှာတွေ့ချိန်တွင် သူ၏ အစီအစဉ်ကို အကြမ်းဖျင်း ပြောပြခဲ့ရာ အမျိုးသမီးက ဘာမျှပင် မစဉ်းစားဘဲ ချက်ချင်း သဘောတူလိုက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

သူမ၏ ပွင့်လင်းလွယ်ကူမှုက ချန်းရီကိုပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

ချန်းရီ ဒုတိယမြောက် သွားရောက် ရှာဖွေခဲ့သူမှာ ပန်းရောင်ဆံပင် ကောင်မလေးဖြစ်ပြီး သူ၏ အစီအစဉ်ကို ပြောပြခဲ့သည်။

သူ စတင် လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် ပန်းရောင်ဆံပင် ကောင်မလေးကို ထိုအမျိုးသမီးနှင့် ပူးပေါင်းကာ လူငယ်ကို အတူတကွ တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ချူချယ်၏ ရှင်းပြချက်များကြောင့် မကောင်းဆိုးဝါး လမ်းစဉ်အကြောင်းကို နားလည်ထားသော ချန်းရီက ထိုလူငယ်ကို ပန်းရောင်ဆံပင် ကောင်မလေးထက်ပင် ပိုမို သာလွန်သော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ချန်းရီက မာနထောင်လွှားနေသော လူငယ်ကို ရင်ဆိုင်ရန် လူနှစ်ယောက်ကို စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

လမ်းပြသူ လမ်းစဉ်မှ အဘိုးအို မိုဟိုင်ရမ်နှင့် ပတ်သက်၍ကမူ...

လမ်းပြသူ လမ်းစဉ်တွင် ထူးခြားသော သတ်ဖြတ်နိုင်စွမ်း မရှိဘဲ သူတို့၏ အားသာချက်မှာ ထူးဆန်းသော အရာများကို အာရုံခံနိုင်စွမ်းသာ ဖြစ်သည်။

လမ်းစဉ် အဆင့် (၁) လမ်းပြသူအနေဖြင့် အခြားသူများက သူ့အပေါ် မကောင်းကြံနေခြင်းကိုမူ အာရုံခံနိုင်စွမ်း မရှိသေးပေ။

မိမိအနီးအနားတွင် ရှိနေသော လမ်းပြသူ လမ်းစဉ် တစ်ယောက်ကို သတ်ဖြတ်ရန်မှာ တကယ်တမ်းတွင် မခက်ခဲလှချေ။

ထယ်ရှီးနှင့် ပတ်သက်၍ကတော့...

လတ်တလောတွင် ဒဏ်ရာရရှိထားသဖြင့် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

ထို့အပြင် ဤကောင်က ခေါင်းမာတတ်သူ ဖြစ်သဖြင့် ချူချယ်က မတိုက်ခိုက်ရန် ပြောထားပါက သူက သေချာပေါက် ချူချယ်၏ စကားကို နားထောင်ပေလိမ့်မည်။

ဒဏ်ရာ မရထားလျှင်ပင် ချန်းရီအနေဖြင့် ထယ်ရှီးကို နားချနိုင်မည်ဟု မသေချာခဲ့ပေ။

သို့သော် ထယ်ရှီး တစ်ယောက် ဤမျှ အလွယ်တကူ သေဆုံးသွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိခြင်းသာ ဖြစ်သည်။

ဆက်ရန်...

All Chapters