အခန်း ၉၀
Vol. 5 Ch. 90
အပိုင်း(၉၀) တိုက်တန် လမ်းစဉ်၏ လမ်းခွဲများ
ချန်းရီက ထယ်ရှီးကို မသေစေချင်ခဲ့ပေ။
အခြားသူများက သူ့ကို ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးတတ်သူဟု သတ်မှတ်ထားလျှင်တောင်မှ ဖြစ်သည်။
သို့သော် အနည်းဆုံးတော့ သူသည် ထယ်ရှီးကို အကြောင်းမဲ့သက်သက် သေတွင်းသို့ တွန်းပို့မည် မဟုတ်ချေ။
သို့သော်လည်း လောကဓမ္မတာက မမြဲပေ။
ချန်းရီ၌ အနာဂတ်ကို ကြိုမြင်နိုင်သော အစွမ်းမရှိသည့်အပြင် မျက်လုံးတစ်ဖက်တည်းသာ ရှိသူလည်း ဖြစ်၏။
ထိုလူက ထယ်ရှီးကို ရုတ်တရက် လုပ်ကြံလိမ့်မည်ဟု သူ ကြိုမသိခဲ့ပေ။
ထယ်ရှီး၏ အလောင်းက သဲခုံပေါ်တွင် ပက်လက်လန်နေပြီး လည်ပင်းနှင့် ခေါင်းကြားတွင် ထင်ရှားသော သွေးကြောင်းကြီး တစ်ခု ရှိနေသည်။
ဤလူသန်ကြီး၏ မျက်လုံးများက အေးချမ်းစွာ မှိတ်ထားလျက်ရှိပြီး အိပ်ပျော်နေသည့်အလား ပုံပေါက်နေ၏။
တစ်စုံတစ်ယောက်က သစ်သားပြားတစ်ချပ်ကို ရှာဖွေလာပြီး မှတ်သားသည့် မင်တံဖြင့် ရေးသားထားသည်။ "ဝူဟိုင်ဖုန်း၏ အုတ်ဂူ"
၎င်းမှာ ထယ်ရှီးအတွက် အုတ်ဂူမှတ်တိုင် ပြုလုပ်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ပေမည်။
တကယ်တော့ ထယ်ရှီး၏ နာမည်ရင်းမှာ ဝူဟိုင်ဖုန်း ဖြစ်သည်။
ယခင်က သူ့ကို လူသန်ကြီးဟု အမြဲ ခေါ်ဝေါ်ခဲ့ကြသော်လည်း ဤကောင်က လုံးဝ စိတ်မဆိုးခဲ့ဘဲ အူကြောင်ကြောင်ဖြင့်သာ ရယ်မောနေတတ်သည်။
ဤကောင်သည် သဘာဝလွန်လမ်းစဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များစွာကိုလည်း သူ့အား သင်ကြားပေးခဲ့ဖူး၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ နှပ်ချေးများ၊ မျက်ရည်များ ရွှဲနစ်နေအောင် ငိုကြွေးနေပြီး သူမ၏ လှပသော မျက်နှာလေးမှာ ယခုအခိုက်အတန့်တွင် အလွန် အရုပ်ဆိုးနေကာ မျက်နှာတစ်ခုလုံး မျက်ရည်၊ နှပ်ချေးများဖြင့် ပြည့်နှက်နေသည်။
အားပါးတရ ငိုကြွေးနေသော ပါးစပ်မှ သွားရည်များပင် တွဲကျနေ၏။
အသက်ရှင်ကျန်ရစ်သူ အများအပြားမှာလည်း ဝူဟိုင်ဖုန်း၏ အုတ်ဂူရှေ့တွင် မတ်တတ်ရပ်ကာ မျက်ရည်ကျနေကြသည်။
ချန်းရီသည် ပထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသည်။
ထယ်ရှီး သေဆုံးသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ယာဉ်တန်းထဲတွင် ထယ်ရှီးသည် လူတိုင်းနှင့် ဆက်ဆံရေး အလွန် ကောင်းမွန်သူ ဖြစ်သည်။
အစွမ်း စတင် နိုးကြားလာချိန်တွင်လည်း သူ့ကို အလွန် ဂရုစိုက်ပေးခဲ့သည်။
သဘာဝလွန် လမ်းစဉ်များနှင့် ပတ်သက်သော ဗဟုသုတများစွာကိုလည်း သူကပင် ပြောပြပေးခဲ့ခြင်း ဖြစ်သည်။
မက္ကန်းနစ် လမ်းစဉ်ဟု စတင် သတ်မှတ်ခံရချိန်တုန်းက ဆိုလျှင်...
ချန်းရီသည် ထယ်ရှီးထံမှ စကားများကို မကြာခဏ လှည့်ပတ် မေးမြန်းလေ့ရှိသည်။
ဤကောင်က သိသိသာသာကို ရိပ်မိသော်လည်း သူ သိထားသမျှ အရာအားလုံးကို ချန်းရီအား ပြောပြခဲ့သည်။
တိုက်တန် လမ်းစဉ်၏ လျှို့ဝှက်ချက်များကိုပင် သူက ဘာတစ်ခုမှ မချန်လှပ်ထားဘဲ အကုန်အစင် ပြောပြခဲ့၏။
အကယ်၍သာ ထယ်ရှီး မသေဆုံးခဲ့လျှင် ချန်းရီသည် သူ့ကို ညီအစ်ကိုအရင်းအချာတစ်ယောက်လို သဘောထားမိမည် ဖြစ်သည်။
ချန်းရီကဲ့သို့ သတိအမြဲရှိပြီး သံသယကြီးမားသူ တစ်ယောက်အတွက် ဤကဲ့သို့ သဘောထားခြင်းမှာ အလွန် ရှားပါးလှပေသည်။
"ရှောင်ချယ်... အချိန်မစောတော့ဘူး"
ဦးလေးအားပေါင်က ဘေးမှနေ၍ သတိပေးလိုက်သည်။
ယခုအချိန်သည် နံနက် ဆယ်နာရီ ရှိနေပြီ ဖြစ်၏။
ချူချယ်က ဦးလေးအားပေါင်၏ စကားကို ပြန်မဖြေဘဲ ဘေးနားရှိ ချန်းရီကိုသာ လှည့်ကြည့်လိုက်သည်။
"မင်း ဒီလောက်တောင် မစဉ်းစားမဆင်ခြင်ဘဲ မလုပ်သင့်ဘူး... အနည်းဆုံးတော့ ငါ့ကို တစ်ခွန်းလောက် ကြိုပြောသင့်တယ်"
ချူချယ်၏ စကားထဲတွင် အပြစ်တင်လိုသော အရိပ်အယောင် မပါရှိဘဲ အလွန် တည်ငြိမ်နေ၏။
ချန်းရီက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "မင်း သဘောတူမှာ မဟုတ်ဘူး"
"ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်ဆိုရင်တောင် ငါကတော့ ခုလို ထပ်လုပ်မှာပဲ"
"ငါ ထယ်ရှီးကို ကြိုတင် အသိပေးပြီး ပုန်းနေခိုင်းဖို့တော့ လုပ်ရမှာပေါ့"
ချူချယ်သည်လည်း တိတ်ဆိတ်သွားသည်။
ချန်းရီ၏ ဆိုလိုရင်းကို သူ သေချာပေါက် နားလည်ပေသည်။
အကယ်၍ သူသာ ချန်းရီ၏ အစီအစဉ်ကို တကယ် သိခဲ့မည်ဆိုပါက လုံးဝ သဘောတူမည် မဟုတ်ဘဲ သူတို့နှစ်ဦးကြားတွင် ပြဿနာပင် တက်သွားနိုင်သေးသည်။
ချူချယ်သည် သဘာဝအားဖြင့် ပျော့ညံ့သူ တစ်ယောက် မဟုတ်ပေ။
ယခင်က ယာဉ်တန်းထဲရှိ ခြေလျင် လျှောက်ရသော အသက်ရှင်ကျန်ရစ်သူ အများအပြားကို အိမ်မြှောင် အမြီးဖြတ်သကဲ့သို့ အသုံးချခဲ့သည်ကိုလည်း သူ သိထားသော်လည်း ဝင်ရောက် တားဆီးခြင်း မပြုခဲ့ပေ။
သူ၏ အမြင်တွင် ထိုသူများမှာ မူလကတည်းက အသက်ရှင်နိုင်မည့် နည်းလမ်း မရှိသူများသာ ဖြစ်သည်။
သူတို့၏ တည်ရှိမှုသည် အခြားသူများအတွက် ပိုမို အသက်ရှင်သန်နိုင်မည့် အခွင့်အရေးကို ဖန်တီးပေးရန်သာ ဖြစ်၏။
လိုအပ်သော သေဆုံးမှုများဟု ဆို၍ ရနိုင်သည်။
မသေဆုံးခဲ့လျှင်တောင်မှ ချူချယ်သည် လူအများကြီးကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်ဟု သူ့ကိုယ်သူ မယုံကြည်ပေ။
သူက လမ်းစဉ် အဆင့် (၁) အစွမ်းပိုင်ရှင်သာ ဖြစ်သည်။
အပြည့်အဝ အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်မည်ဆိုပါက ချူချယ်သည်လည်း ချန်းရီ၏ လုပ်ရပ်ကို မှားယွင်းသည်ဟု မထင်မြင်ချေ။
ရိက္ခာပစ္စည်းများ မရှိပါက လူတိုင်း သေကြရမည်သာ ဖြစ်သည်။
အဆုံးအစမဲ့သော သဲကန္တာရကြီးထဲမှ မည်သည့်အချိန်တွင် ထွက်ခွာနိုင်မည်ကိုလည်း မသိရသေးပေ။
ထို့အပြင် မိုဟိုင်ရမ်နှင့် ထိုလူငယ်လေးတို့မှာလည်း လူကောင်းတွေ မဟုတ်ကြပေ။
သူတို့ ဖန်တီးထားသော ကျေးကျွန်စနစ်ကို ကြည့်ရုံဖြင့် သိနိုင်သည်။
"မင်း... အရမ်း ရက်စက်လွန်းတယ်"
"ငါတို့ထဲမှာ မင်းတစ်ယောက်ပဲ နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်မယ့်သူ ဖြစ်နိုင်လောက်တယ်"
"တစ်နေ့နေ့ ငါ သေသွားခဲ့ရင် နှစ်တိုင်း ငါ့အတွက် လက်ဖက်ခြောက်လေး နည်းနည်းလောက် မီးရှို့ပေးဖို့ မမေ့နဲ့ဦး"
ချန်းရီက တိတ်ဆိတ်စွာဖြင့် ဘာမှ မပြောပေ။
ချူချယ်က လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ထယ်ရှီး၏ အလောင်းရှေ့တွင် လောင်းချလိုက်ရာ အညိုရောင် လက်ဖက်ရွက် အနည်းငယ်မှာ သဲခုံပေါ်သို့ ကျသွား၏။
သာမန်အချိန်များတွင် ရွှေကဲ့သို့ တန်ဖိုးကြီးမားသော ပူအာလက်ဖက်ရည်မှာ ဤကဲ့သို့ပင် နှမြောစရာကောင်းအောင် အလဟဿ ဖြစ်သွားခဲ့သည်။
သို့သော် ချူချယ်ကတော့ အနည်းငယ်မျှပင် နှမြောခြင်း မရှိပေ။
ချန်းရီသည် စကားမပြောဘဲ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ နှစ်ဖွာခန့် သောက်ပြီးနောက် ဘာအရသာမှ မရှိဟု ခံစားရသဖြင့် သောက်လက်စ ဆေးလိပ်တိုကို မြေပြင်ပေါ်သို့ ပစ်ချကာ ခြေထောက်ဖြင့် နင်းခြေ ငြိမ်းသတ်လိုက်၏။
ထို့နောက် အချိန်ရေတွက်စနစ်ကို ကြည့်လိုက်သည်။
နောက်ထပ် နှစ်နာရီ ကြာလျှင် ကျင့်စဉ် တွက်ချက်မှု အဆုံးသတ်တော့မည် ဖြစ်သည်။
အချိန်က မစောတော့ပေ။
သဲကန္တာရ၏ အပူချိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်သည်။
"ငါတို့..."
ချန်းရီ၏ စကားပင် မဆုံးသေးချေ။
ချူချယ်က စကားဖြတ်ပြောလိုက်သည်။ "ခဏလေး စောင့်ဦး"
"ဘာဖြစ်လို့လဲ"
ချန်းရီက နားမလည်စွာဖြင့် ကြည့်လိုက်၏။
ချူချယ်က ထယ်ရှီး၏ အလောင်းကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ "တိုက်တန် လမ်းစဉ်မှာ လမ်းခွဲ ဘယ်နှစ်ခု ရှိလဲဆိုတာ မင်း သိလား"
ချန်းရီက ချူချယ်၏ စကားကို နားမလည်ပေ။
"ငါ သိထားသလောက်ဆိုရင် တိုက်တန် လမ်းစဉ် အဆင့် (၁) ကို သွေးသားတပည့်လို့ ခေါ်ကြတယ်... ဒါပေမဲ့ အဆင့် (၂) ကို ရောက်သွားရင်တော့ တိုက်တန် လမ်းစဉ်မှာ လမ်းခွဲ နှစ်ခု ရှိလာတယ်"
"တစ်ခုက ခေါင်းနှစ်လုံး လူ့ဘီလူးကြီးလို့ ခေါ်ပြီး နောက်တစ်ခုက စက္ခုဦးခေါင်းလို့ ခေါ်တယ်"
"စက္ခုဦးခေါင်း လမ်းစဉ်က နဖူးမှာ တတိယမျက်လုံး တစ်လုံး ပေါက်လာတတ်ပြီး အဲဒီမျက်လုံးက ထူးဆန်းတဲ့ အသုံးဝင်မှုတွေ ရှိတယ်"
"ဒီလမ်းခွဲကို ရွေးချယ်တဲ့ တိုက်တန် အစွမ်းပိုင်ရှင်တွေက လမ်းစဉ် အဆင့်လုံလောက်ပြီဆိုရင် သူတို့ သေသွားတဲ့အခါ ကျန်ခဲ့တဲ့ တတိယမျက်လုံးကို သဘာဝလွန်ပစ္စည်း အနေနဲ့တောင် တိုက်ရိုက် အသုံးပြုလို့ ရတယ်ဆိုတဲ့ စာရွက်စာတမ်း တစ်ခုကို ငါ ဖတ်ဖူးတယ်"
ချန်းရီမှာ နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒီလိုမျိုးတောင် ရှိသေးတာလား။
နှပ်ချေးများ၊ မျက်ရည်များ ရွှဲနစ်နေအောင် ငိုကြွေးနေသော ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင်လျှင် ငိုရမည်ကို မေ့သွားပြီး ချူချယ်၏ စကားကို အာရုံစိုက် နားထောင်နေတော့သည်။
"ခေါင်းနှစ်လုံး လူ့ဘီလူးကြီးကတော့..."
"ထယ်ရှီးဆီမှာ စရိုက် နှစ်မျိုး ရှိတာကို မင်း မှတ်မိသေးလား... တစ်ခုက ငါတို့ သိထားတဲ့ ထယ်ရှီး... နောက်တစ်ခုက တိုက်ခိုက်တဲ့အချိန်က ထယ်ရှီးလေ"
ချန်းရီက ဘယ်လိုလုပ် မမှတ်မိဘဲ နေမည်နည်း။
ထယ်ရှီး၏ ကိုယ်ရည်ကိုယ်သွေး နှစ်ခွ ဖြစ်နေမှုက သူ့အတွက် အလွန် မှတ်မိနေစေသည်။
တိုက်ပွဲဖြစ်တိုင်း ဤကောင်၏ ခန္ဓာကိုယ်ထဲသို့ အခြားလူတစ်ယောက် ဝင်ပူးသွားလေသလားဟု ချန်းရီ သံသယဝင်ခဲ့ရသည်ချည်းပင်။
ချူချယ်၏ အကြည့်များက ရှေ့မှ ဧရာမ ခန္ဓာကိုယ်ကြီးကို စူးစိုက်ကြည့်နေပြီး မျက်ဝန်းများထဲတွင် အရောင်များ တလက်လက် တောက်ပနေကာ အလွန် ဉာဏ်ပညာ ကြီးမားသည့် ပုံပေါက်နေ၏။
တကယ်တော့ ချူချယ်၏ စိတ်ထဲတွင် အပြင်ပန်းမှ ပြသနေသကဲ့သို့ ဉာဏ်ပညာ ကြီးမားနေခြင်းမျိုး လုံးဝ မရှိပေ။
ယခင်က ထယ်ရှီး ခေါင်းဖြတ်ခံရသည်ကို မြင်လိုက်ရချိန်တွင် ချူချယ်သည်လည်း အလွန် ထိတ်လန့်သွားခဲ့ပြီး ထယ်ရှီး သေချာပေါက် သေသွားပြီဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
စိတ်ပြန်လည် တည်ငြိမ်သွားမှသာ ယခင်က ဖတ်ဖူးခဲ့သော စာရွက်စာတမ်း တစ်ခုကို ပြန်သတိရသွားပြီး ထိုအထဲတွင် တိုက်တန် လမ်းစဉ်၏ ထူးခြားမှုများကို ဖော်ပြထားခြင်း ဖြစ်သည်။
အမှန်တော့ တိုက်တန် လမ်းစဉ် တစ်ခုတည်းသာ မဟုတ်ဘဲ လမ်းစဉ်တိုင်းက သူ့နည်းသူ့ဟန်ဖြင့် ထူးခြားကြသည်ချည်းသာ ဖြစ်သည်။
"ရှင် ပြောချင်တာက... ပြောချင်တာက... ထယ်ရှီးက... ပြန်ရှင်လာမယ်ဆိုတဲ့ သဘောလား"
သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး နှပ်ချေးများ၊ မျက်ရည်များ ပေကျံနေသော ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခေါင်းကို ရုတ်တရက် မော့ကြည့်လာသည်။
ပတ်ဝန်းကျင်မှ ထယ်ရှီးနှင့် ခင်မင်ရင်းနှီးသူများကလည်း ခေါင်းမော့လာကြပြီး စူးရဲသော အကြည့်များဖြင့် ကြည့်လာကြသည်။
ချူချယ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အရင်က ထယ်ရှီးဆီမှာ ဒုတိယမြောက် စရိုက် ပေါ်လာကတည်းက ခေါင်းနှစ်လုံး လူ့ဘီလူးကြီးဆိုတဲ့ လမ်းခွဲကို သွားဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ်"
"တစ်နည်းပြောရရင်..."
"ထယ်ရှီးက ပြန်ရှင်လာမှာ မဟုတ်ဘူး... သူက လုံးဝကို မသေသေးတာ"
"ခေါင်းဖြတ်ခံရတာတောင် မသေသေးဘူး ဟုတ်လား"
ဘေးနားမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှာ နားထောင်ရင်း စိတ်ဝင်စားလွန်းသဖြင့် မသိမသာ ဝင်ပြောလိုက်မိသည်။
ပြောပြီးသည်နှင့် သူ အမှားပြောမိသွားကြောင်း သတိထားမိလိုက်ပုံရကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာ၏။
ချူချယ်က အပြစ်မတင်သည့်အပြင် ပြန်လည် ရှင်းပြလိုက်သည်။ "သဘာဝလွန် လမ်းစဉ်ဆိုတာက သာမန်ကို ကျော်လွန်နေတာ ကြာပြီလေ... ဘယ်လမ်းစဉ်မှာမဆို သူ့ကိုယ်ပိုင် အံ့မခန်းနိုင်စရာ အချက်တွေ ရှိကြတာပဲ"
ဤစကားကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက်...
ထယ်ရှီး၏ အလောင်းက ရုတ်တရက် လှုပ်ရှားလာတော့သည်။
ရင်ဘတ်နေရာ၌ အဖုအထစ်ကြီး တစ်ခု ထွက်ပေါ်လာ၏။
တစ်စုံတစ်ရာက ရင်ဘတ်ထဲမှနေ၍ အပြင်သို့ ဖောက်ထွက်လာချင်နေသည့်အလား ပုံပေါက်နေသည်။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ မြင်ကွင်းကြောင့် မျက်နှာများ ဖြူရော်သွားကြပြီး ထယ်ရှီးအပေါ် ခင်မင်မှု ရှိသူများပင်လျှင် ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။
ချန်းရီတို့ လူစုကသာ အံ့သြချီးကျူးဖွယ် အကြည့်များဖြင့် စူးစူးရဲရဲ ကြည့်နေကြသည်။
ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းကတော့ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထယ်ရှီး၏ ရင်ခေါင်းထဲမှ ခေါင်းတစ်လုံးက ရုန်းကန်ကာ အပြင်သို့ ထွက်လာရန် ကြိုးစားနေ၏။
သို့သော် ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော လက်များ ရှိနေသည့်အလား ထိုခေါင်းကို အတင်း ဖမ်းဆုပ်ထားပြီး ရုန်းထွက်ခွင့် မပေးပေ။
ရုန်းကန်နေပုံကို ကြည့်ရုံဖြင့် သိနိုင်သည်။
ဤအရာသည် တိုက်ပွဲဝင်ချိန်က ထယ်ရှီးနှင့် အတိအကျကို တူညီနေပေသည်။
ထိုခေါင်း၏ နေရာသည်လည်း ယခင် ခေါင်းရှိခဲ့သော နေရာမဟုတ်ဘဲ ထိုခေါင်း၏ ဘေးတွင် ဖြစ်သည်။
ချူချယ် ပြောခဲ့သည်နှင့် တစ်ထပ်တည်းပင်။
ဤသည်မှာ... ခေါင်းနှစ်လုံး လူ့ဘီလူးကြီး၏ လမ်းခွဲပင် ဖြစ်သည်။
"ဂါးးးး"
ထိုခေါင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ကိုယ်လုံးမှ အားအင်များကို ပေါက်ကွဲထွက်စေရာ ပတ်ဝန်းကျင်ရှိ လူအချို့မှာ ပေအနည်းငယ်ခန့် နောက်သို့ လွင့်စဉ်သွားကြသည်။
ထိုဟိန်းဟောက်သံကြောင့်ပင် အသစ်ထွက်ပေါ်လာသော ခေါင်းသည် မမြင်ရသော ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ခဲ့ပြီး အောင်မြင်စွာ ထွက်ပေါ်လာတော့သည်။
ဤမြင်ကွင်းကြောင့် လူအချို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ဒါကတော့ လွန်လွန်းနေပြီ...
"ချန်းရီလေး... ကောင်မလေး... ချူချယ်... မင်းတို့ သုံးယောက်က ဘာတွေ ကြောင်ရပ်နေကြတာလဲ... ငါ့ကို မြန်မြန် လာထူကြလေ"
"ငါ သေတော့မလို့ ဖြစ်သွားတာကို မင်းတို့ မသိဘူးလား"
ကြမ်းတမ်းရိုင်းစိုင်းသော အသံကြီး ဖြစ်၏။
ဒါက... ယခင် ထယ်ရှီးနှင့်တော့ လုံးဝ တူညီခြင်း မရှိပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူမ၏ ရှေ့ရှိ ဤသူကို သူမ မသိသည်တော့ မဟုတ်ပေ။ ယခင် တိုက်ပွဲဖြစ်စဉ်များ၌ အကြိမ်ကြိမ် တွေ့ဖူးခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း...
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ တုံ့ဆိုင်းနေမှုကို သူက မြင်သွားပုံရသည်။
ထိုခေါင်းက ဟားတိုက် ရယ်မောလိုက်သည်။ "ငါ့နာမည်က ခွန်ရှီး... ထယ်ရှီးဆိုတဲ့ ကောင်က မသေသေးပါဘူး... ဒါပေမဲ့ သူ ပြန်ထွက်လာဖို့ကတော့ ရက်အနည်းငယ် ကြာဦးမယ်"
"ဘယ်လိုလဲ ချန်းရီလေး... တိုက်တန် လမ်းစဉ်က မမိုက်ဘူးလား... ခေါင်းဖြတ်ခံရတာတောင် မသေဘူးကွ"
"မင်းတို့ မှတ်ထားကြ... တိုက်တန် လမ်းစဉ်ဆိုတာ အသက်တစ်ချက် ရှူနိုင်သေးသရွေ့ လုံးဝ မသေဘူး"
"ခုနက မင်း မျက်နှာမှာ အပြစ်မကင်းသလို ခံစားနေရတဲ့ ပုံပဲ"
"ကျွတ်... ကျွတ်... ကျွတ်... မင်းလို ရက်စက်ကြမ်းကြုတ်တဲ့ ကောင်မျိုးကတောင် အပြစ်မကင်းသလို ခံစားရတတ်သေးတယ်လို့ ငါ တကယ် မထင်ထားဘူး"
တကယ်တော့ ဤကောင်က ယခင် ထယ်ရှီးလောက် ချစ်စရာ မကောင်းပေ။
ပြောမပြတတ်အောင်ကို မောက်မာလွန်းလှသည်။
နောက်ဆိုလျှင် ဤကောင် မကြာခဏ ထွက်မလာဖို့သာ မျှော်လင့်ရတော့မည်။
ကံကောင်းသည်မှာ အစစ်အမှန် ထယ်ရှီး ပြန်ထွက်လာရန် ရက်အနည်းငယ် လိုသေးခြင်းပင်။
ချန်းရီ၏ မျက်နှာမှာ မည်းမှောင်သွား၏။
သောက်ကျိုးနည်း...
မနည်း တည်ဆောက်ထားရသော ပုံစံလေးကတော့ ပျက်သွားခဲ့ပြီ။
"မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားစမ်း... အချိန်မစောတော့ဘူး... ကားပေါ် မြန်မြန်တက်"
နောက်ထပ် တစ်နာရီနှင့် မိနစ်လေးဆယ်ငါးမိနစ် ကြာလျှင် တွက်ချက်မှုက ပြီးဆုံးတော့မည် ဖြစ်သည်။
ဤတစ်ကြိမ်တွင် တစ်ယောက်မှ သေဆုံးခဲ့ခြင်း မရှိပေ။
ထို့အပြင် ရိက္ခာပစ္စည်းများစွာလည်း ရရှိခဲ့သည်။
အမြဲတမ်း မျှော်လင့်တောင့်တနေခဲ့သော နွားရိုးကိုလည်း ရရှိခဲ့၏။
ထို့အပြင် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်ကိုပါ ရလိုက်သေးသည်။
တရားမျှတသော ယာဉ်တန်းသည်လည်း အခြေအနေ ကောင်းမွန်လာခဲ့ပြီဟု ဆိုရမည်။
(နောက်အပိုင်းတွေကစပြီး ချူချယ်၊ ထယ်ရှီး၊ နာနာ တို့နဲ့ ချန်းရီနဲ့ စကားပြောရင် မင်းနဲ့ငါ ပဲ သုံးသွားပါမယ်။ အစပိုင်းက ချန်းရီက ခေါင်းဆောင်ချူနဲ့မရင်းနီးသေးလို့ ခင်ဗျားနဲ့ ကျွန်တော်လို့ သုံးထားပါတယ်။ အခုတော့ ရင်းနီးလာပြီမို့ အသုံးအနှုန်းကို ပြောင်းလိုက်ပါတော့မယ်။ ပြီးတော့ ချူချယ်နဲ့ချန်းရီကလည်း အသက်ချင်းက အဲ့လောက်မကွာပါဘူး ချူချယ်ကတောင် ငယ်နေနိုင်သေးတယ်။ အငယ်ဆုံးကတော့ နာနာပေါ့၊ သူက ၂၀ တောင် မပြည့်သေးဘူး ဆယ်ကျော်သက်ပဲရှိသေးတယ်)
ဆက်ရန်...