အခန်း ၉၁
Vol. 5 Ch. 91
အပိုင်း(၉၁) သွေးအေးရက်စက်သော အရူး
ထယ်ရှီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိသည်ကို မြင်လိုက်ရသောအခါ ချန်းရီ၏ ရင်ထဲတွင် ယခုလေးတင်မှ ပေါ်ပေါက်လာခဲ့သော အနည်းငယ်မျှသော နောင်တတရားလေးမှာ ချက်ချင်းပင် လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားတော့၏။
သူ့လိုလူမျိုးအတွက်တော့ ဤမျှလောက်သော နောင်တရခြင်းလေးကပင် အလွန်တရာ ရှားပါးလှသော စိတ်ခံစားမှု ပြသခြင်းမျိုး ဖြစ်သည်။
တိုက်တန် လမ်းစဉ်သည် တကယ်ကို အစွမ်းထက်လှပေသည်။
အသက်ငွေ့ငွေ့လေး ကျန်နေသေးသရွေ့ ပြန်လည် ရှင်သန်လာနိုင်စွမ်း ရှိသည်။
သူ သတိထားရပေတော့မည်။ နောင်တစ်ချိန် တိုက်တန် လမ်းစဉ်မှ ရန်သူများနှင့် ကြုံတွေ့လာခဲ့ပါက လုံးဝ သနားညှာတာနေမည် မဟုတ်ဘဲ အမြစ်ပြတ် ရှင်းလင်းပစ်ရပေမည်။
ရုတ်တရက် ချန်းရီ၏ စိတ်ထဲတွင် ထို မကောင်းဆိုးဝါး လမ်းစဉ်ကို သွားရောက် သတိရမိလိုက်၏။
ချူချယ် ကိုယ်တိုင် ထိုမျှလောက် အထင်ကြီး လေးစားရသော မကောင်းဆိုးဝါး လမ်းစဉ်သည်လည်း တကယ် သေဦးပါ့မလား။
သူ တွေးလေလေ ထိုသို့ ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်လာသည်။
ချန်းရီက မိုဟိုင်ရမ်နှင့် လျှိုယန်တို့၏ အလောင်းများကို အလျင်အမြန် ရှာဖွေလိုက်သည်။
ထိုလူနှစ်ယောက်၏ အလောင်းများမှာ လူရုပ်ပင် မပေါ်တော့ပေ။
ယခုလေးတင်ပင် ကုလားအုတ်ယာဉ်တန်းမှ ကျွန် များက ဤအလောင်းနှစ်လောင်းကို ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခဲ့ကြပြီး အချို့ဆိုလျှင် မိုဟိုင်ရမ်နှင့် လျှိုယန်တို့၏ ခန္ဓာကိုယ်မှ အသားများကို အစိမ်းလိုက် ဆွဲဖြဲကာ မျိုချခဲ့ကြသေး၏။
ထိုလူများက ဤခေါင်းဆောင်နှစ်ဦးအပေါ် မည်မျှလောက်အထိ နာကြည်းမုန်းတီးနေကြသည်ကို မြင်တွေ့နိုင်ပေသည်။
ချန်းရီက ထိုအလောင်းနှစ်လောင်းကို စိုက်ကြည့်လိုက်ပြီးနောက် မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်သည်။
မီးခိုးငွေ့များသည် လူငယ်လေး၏ အလောင်းအထက်သို့ လွင့်ပျံသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံကာ မီးခိုးခေါင်းတလား တစ်ခုအဖြစ် ပုံဖော်လိုက်၏။
သူ၏ ညာဘက်လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်နှင့် လူငယ်လေးကို ရစ်ပတ်ထားသော မီးခိုးငွေ့များထဲမှ မီးခိုးအပ် ထောင်သောင်းချီ၍ ပေါက်ကွဲထွက်လာကာ အလောင်းကို တစ်စစီ ဖြစ်သွားစေရန် ထပ်မံ ဖျက်ဆီးပစ်လိုက်သည်။
ဤမြင်ကွင်းကို ဘေးနားမှ မြင်တွေ့လိုက်ရသော အသက်ရှင်ကျန်ရစ်သူများအားလုံး၏ မျက်နှာများမှာ ကြောက်လန့်တကြား ဖြစ်သွားကြလေသည်။
ရက်စက်ကြမ်းကြုတ်လှသော ဤအမျိုးသားကို ကြည့်ရင်း လူသတ်ရုံဖြင့် အားမရဘဲ အလောင်းကိုပါ ရက်ရက်စက်စက် နှိပ်စက်နေသေးသည် မဟုတ်ပါလော။
သူသည် သွေးအေးရက်စက်သော အရူးတစ်ယောက်သာ အစစ်အမှန် ဖြစ်ပေတော့သည်။
"အားးးးးးးး"
အလွန်တရာ အငြိုးအတေးကြီးမားလှသော စူးစူးဝါးဝါး အော်ဟစ်သံကြီး တစ်ခုက အလောင်းဆီမှ ထွက်ပေါ်လာ၏။
လုံးဝ မကျေနပ်နိုင်သော အငြိုးများ ပြည့်နှက်နေသည့် မည်းမှောင်သော မီးခိုးငွေ့တန်းလေး တစ်ခုက အလောင်းထဲမှ လွင့်စင်ထွက်ပေါ်လာပြီး မီးခိုးမည်းများဖြင့် ဖွဲ့စည်းထားသော ဦးခေါင်းခွံကြီး တစ်ခုက ချန်းရီကို အမုန်းတရားများဖြင့် စိုက်ကြည့်နေလေသည်။
သို့သော်လည်း ၎င်းမှာ နှစ်စက္ကန့်ခန့်သာ တောင့်ခံနိုင်လိုက်ပြီး လေထုထဲတွင် လွင့်ပါး ပျောက်ကွယ်သွားတော့၏။
ချန်းရီ၏ ရင်ထဲတွင်လည်း အနည်းငယ် ထိတ်လန့်သွားရသည်။ ချူချယ် ကိုယ်တိုင် ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်ရန် အသင့်တော်ဆုံးဟု တင်စားခေါ်ဝေါ်ခဲ့သော မကောင်းဆိုးဝါး လမ်းစဉ်က တကယ်ကို သာမန်မဟုတ်ပေ။
မိုဟိုင်ရမ် အဘိုးအို၏ အလောင်းကိုလည်း ချန်းရီက ထိုနည်းတူစွာပင် ကိုင်တွယ် ဖြေရှင်းလိုက်သည်။
သို့သော် မည်သည့် ထူးဆန်းသော အခြေအနေမျှ ဖြစ်ပေါ်မလာခဲ့ချေ။
ခေါင်းဖြတ်ခံလိုက်ရသော အဘိုးအိုသည် အသေအချာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လမ်းပြသူလမ်းစဉ် တွင် ထိုမျှလောက် ကြောက်မခန်းလိလိ အသက်ရှင်သန်နိုင်စွမ်းမျိုး မရှိပေ။
ယခုအချိန်တွင် ချန်းရီ၏ ဘေးပတ်လည် ၃၃ ပေ အကွာအဝေးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။
အားလုံးက ဤသွေးအေးရက်စက်သော အရူးနှင့် ဝေးရာသို့ ရှောင်ခွာသွားကြပြီ ဖြစ်သည်။
"ကဲ... ရပြီ... ရပြီ... အားလုံးပဲ... အခုချက်ချင်း ရိက္ခာပစ္စည်းတွေ အကုန်လုံးကို ကားပေါ် တင်ကြပါ"
"ကုလားအုတ်တွေ အကုန်လုံးကိုတော့ စီးဖို့အတွက် သုံးမယ်"
"နောက်ထပ် နာရီဝက်ကြာရင်... ကျွန်တော်တို့ ဒီနေရာကနေ ထွက်ခွာကြမယ်"
"မြန်မြန်လေး လှုပ်ရှားကြပါ"
ဦးလေးအားပေါင်၏ အသံက စခန်းအတွင်း၌ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကုလားအုတ်ယာဉ်တန်း၏ ရိက္ခာပစ္စည်းများ အားလုံးသည် ယခုအခါတွင် ကားယာဉ်တန်း၏ ရိက္ခာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ချန်းရီက လူသားစား ခေါင်းနှစ်လုံး နွားကြီး၏ အရိုးစုကို စောစောကတည်းက မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။ မီးခိုးငွေ့များဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ခုက ထိုနွားအရိုးစုကို ဦးစွာ လှမ်းယူလိုက်ပြီး သူ၏ ကမ္ဘာပျက်ပစ်ကပ်ကားပေါ်သို့ တင်လိုက်လေသည်။
သို့သော် ထိုနွားအရိုးစုမှာ မျှော်လင့်မထားလောက်အောင် လေးလံနေမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ချန်းရီ တစ်ယောက် မျက်နှာကြီး နီရဲလာသည်အထိ အားစိုက်ရုန်းကန်လိုက်ရမှသာ ထိုအရာကို ရွှေ့ပြောင်းခြင်း ကိစ္စ အောင်မြင်သွားတော့သည်။
ကားကြီးမှာလည်း အလေးချိန်ကြောင့် ကျွီ... ကျွီ ဟု အသံမည်သွားလေသည်။
နွားအရိုးစု၏ အလေးချိန်မှာ မှန်းဆထားသည်ထက် အဆပေါင်းများစွာ ပိုမို လေးလံနေ၏။
သဲမုန်တိုင်းဒဏ်ကို ဖြတ်သန်းခဲ့ရပြီးနောက် ယခုအချိန်တွင် ကမ္ဘာပျက်ပစ်ကပ်ကားမှာ အလေးချိန်ကို မခံနိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေပြီ ဖြစ်သည်။
ထိုစဉ်က ဒီဇိုင်းဆွဲခဲ့ချိန်တွင် ကားကို သုံးလို့ရရုံမျှသာ ရည်ရွယ်ခဲ့ပြီး အဓိကအကျဆုံးမှာ သတ်ဖြတ်မှတ်များကို ချွေတာရန်သာ ဖြစ်ခဲ့သည်။
ဤကားကို သဘာဝဘေးအန္တရာယ်များကို ခုခံနိုင်ရန်အတွက် ပို၍ပင် မရည်ရွယ်ထားခဲ့ချေ။
အဆင့်မြှင့်တင်မှု ပြီးဆုံးပြီးသည်နှင့် သဲမုန်တိုင်းနှင့် ချက်ချင်း ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ချန်းရီက မြေပြင်ပေါ်တွင် ဝပ်လျက် ကားအောက်ပိုင်းနှင့် ကိုယ်ထည်ကို ကြည့်ရှုစစ်ဆေးလိုက်ရာ အချို့နေရာများတွင် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။
ကံကောင်းသည်မှာ အတင်းအကျပ် ဆက်လက် အသုံးပြု၍ ရနေသေးခြင်းပင် ဖြစ်သည်။
ချန်းရီက စနစ်ကို အကဲဖြတ်မှု တစ်ခု ပြုလုပ်ခိုင်းလိုက်သည်။ အကယ်၍ နောင်တွင် သေချာ ဂရုစိုက် ပြုပြင်ထိန်းသိမ်းကာ မောင်းနှင်သည့် အလေ့အထကို ဂရုပြုမည်ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက် အသုံးပြုနိုင်သေးကြောင်း သိရသည်။
စနစ်မှ ထုတ်ပေးသော ပစ္စည်းများမှာ အတော်လေး အကြမ်းခံနိုင်သည်ဟု ဝန်ခံရပေလိမ့်မည်။
သို့သော် ယခုအခါ ခေါင်းနှစ်လုံး နွားကြီး၏ အရိုးစုကို ရရှိထားပြီ ဖြစ်ရာ ဤကမ္ဘာပျက်ပစ်ကပ်ကားကို သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် အဆင့်မြှင့်တင်လိုသော စိတ်ဆန္ဒကို ဖိနှိပ်ထား၍ မရနိုင်တော့ချေ။
တွက်ချက်မှု ပြီးဆုံးရန်ကိုသာ စောင့်ဆိုင်းနေပြီး နောက်တစ်ဆင့်အနေဖြင့် ကမ္ဘာပျက်ပစ်ကပ်ကားကို အဆင့်မြှင့်တင်ကာ သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် ဖန်တီးရပေမည်။
နွားအရိုးစုကို လက်ဖြင့် လှမ်းကိုင်ကြည့်လိုက်ရာ လက်ပေါ်တွင် ခံစားလိုက်ရသည့် အတွေ့အထိမှာ အရိုးနှင့် လုံးဝ မတူညီပေ။
ဆန့်ကျင်ဘက်အားဖြင့် သတ္တုဖြင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုနှင့် ပိုတူနေလေသည်။
အေးစက်ပြီး ကြက်သီးထဖွယ် ကောင်းလှကာ ထူးဆန်းသော ခံစားချက် တစ်မျိုးကိုပင် ရရှိစေသည်။ ဤအရိုးစုကြီးထဲတွင် နားလည်ရန် ခက်ခဲလှသော စွမ်းအင်များ ကိန်းအောင်းနေသကဲ့သို့ ခံစားရ၏။
အကယ်၍ ဤနွားအရိုးစုကို အသုံးပြုပြီး ကမ္ဘာပျက်ပစ်ကပ်ကားကို အဆင့်မြှင့်တင်လိုက်မည် ဆိုပါက သေချာပေါက် သူ့အတွက် အံ့အားသင့်စရာကောင်းသော ရလဒ်တစ်ခု ပေါ်ထွက်လာမည်ဟု တွေးမိသည်။
အသက်ရှင်ကျန်ရစ်သူ အားလုံး လှုပ်ရှားလာကြသည်။
ယခင်က ကုလားအုတ်ယာဉ်တန်းမှ ကျွန် များပင်လျှင် ယခုအခါ ယာဉ်တန်း၏ အဖွဲ့ဝင်သစ်များ ဖြစ်လာကြပြီ ဖြစ်သည်။
ဤအချိန်တွင် ဦးလေးအားပေါင်မှာလည်း အလုပ်များလွန်း၍ ခေါင်းမီးတောက်နေလေပြီ။
ယာဉ်တန်းကို အသစ်ရောက်ရှိလာသော ဤအသက်ရှင်ကျန်ရစ်သူများသည် ယာဉ်တန်း၏ စည်းမျဉ်းများကို စောစောကတည်းက နားလည်သဘောပေါက်ထားကြသဖြင့် လူတိုင်းမှာ အလွန် စိတ်လှုပ်ရှားနေကြပြီး လှုပ်ရှားမှုများလည်း အလွန် လျင်မြန်ကြသည်။
အချို့သော အသက်ရှင်ကျန်ရစ်သူများမှာ ကျောင်းကား၏ စည်းမျဉ်းများကို နားလည်သွားပြီးနောက် ထယ်ရှီး၏ အဖွဲ့ထဲသို့ မဆိုင်းမတွပင် ဝင်ရောက်သွားကြ၏။
အချို့ကမူ ကိုယ်ပိုင် သီးခြား လှုပ်ရှားလိုကြသည်။
ထိုကဲ့သို့သော လူများအတွက် ဦးလေးအားပေါင်က လူတစ်ယောက်စီတိုင်းကို ကုလားအုတ် တစ်ကောင်စီ တိုက်ရိုက် ခွဲဝေပေးလိုက်ပြီး ယာဉ်တန်းတွင် ပါဝင်စေသည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ ထွက်ခွာမသွားလိုကြချေ။
ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာသည်မှာ ဤမျှလောက် ကြာမြင့်နေပြီဖြစ်ရာ အပြင်ဘက် တောတောင်များထဲတွင် မည်သည့်အရာများနှင့် ကြုံတွေ့ရမည်ကို အရူးပင်လျှင် သိနိုင်ပေသည်။
သေချာသည်မှာ ဦးလေးအားပေါင်က ထိုလူများကို အခြေခံ ရိက္ခာပစ္စည်း အချို့ကိုလည်း ခွဲဝေပေးခဲ့သည်။
ကျန်ရှိနေသော ရိက္ခာပစ္စည်းများ အားလုံးကိုမူ ဘုံပိုင်အဖြစ် သိမ်းဆည်းလိုက်၏။
လုံခြုံစိတ်ချရသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိသည့် အချိန်ရောက်မှသာ ပြန်လည် ထုတ်ယူ၍ ခွဲဝေပေးမည် ဖြစ်သည်။
သေချာသည်မှာ ထိုသို့ ခွဲဝေပေးမည့် ကိစ္စကို သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် အနည်းငယ်ကသာ လုပ်ဆောင်ခွင့် ရှိသည်။
"ခင်ဗျားမှာ ဘာအစီအစဉ်များ ရှိလဲ"
ချူချယ်က သူ၏ ရှေ့တွင် ရပ်နေသော ရုပ်ရည် သာမန်သာရှိသည့် အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။
သူ့ရှေ့ရှိ ဤအမျိုးသမီးမှာ သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်က သိသာထင်ရှားလှပေသည်။ ခေါင်းဆောင်ချူအတွက်မူ လမ်းစဉ် အစွမ်းပိုင်ရှင် အသစ်တစ်ဦး ယာဉ်တန်းထဲ ဝင်ရောက်လာခြင်းက ဆုတောင်းပြည့်သကဲ့သို့ပင် ဖြစ်သည်။
အမျိုးသမီးက လက်ကို ဆန့်ထုတ်လိုက်ပြီး "တစ်ခေါက်လောက် ပြန်ပြီး မိတ်ဆက်ပါရစေ... တင်းတုံ... လက်ဝှေ့သမား လမ်းစဉ် အဆင့် (၁) သံမဏိလက်သီး ပါ"
"လက်ရှိ အခြေအနေမျိုးမှာ ကျွန်မလည်း ထွက်သွားလို့ မရတော့ဘူးလေ... ဒါကြောင့် ယာဉ်တန်းထဲကို ဝင်ချင်ပါတယ်"
ခေါင်းဆောင်ချူ၏ နှုတ်ခမ်းထောင့်များက မနေနိုင်ဘဲ ကွေးတက်သွားလေသည်။ "ပြဿနာမရှိပါဘူး... လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"
အဖြေကို စောစောကတည်းက ကြိုသိနေခဲ့သော်လည်း ချူချယ်မှာ အလွန် ဝမ်းသာပျော်ရွှင်နေဆဲပင် ဖြစ်သည်။
"ပုံမှန်အားဖြင့်တော့ ယာဉ်တန်းရဲ့ ကိစ္စတွေကို ကျွန်မ ဝင်မပါချင်ပါဘူး... ဒါကြောင့် ထယ်ရှီးရဲ့ ကျောင်းကားထဲကိုပဲ တိုက်ရိုက် ဝင်လိုက်ပါတော့မယ်"
ဤစကား၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ သူမသည် ယခင်က ကုလားအုတ်ယာဉ်တန်းတွင် ရှိခဲ့စဉ်က ရာထူးကို အသုံးချပြီး အသစ်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများနှင့် လျှို့ဝှက် ပတ်သက်မှုမျိုး ပြုလုပ်မည်မဟုတ်ဘဲ သာမန် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့်သာ နေထိုင်လိုကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
ချူချယ်အနေဖြင့်လည်း သဘောမတူစရာ အကြောင်းအရင်း မရှိပေ။
တင်းတုံက အနည်းငယ် စုတ်ပြဲနေသော မြေပုံတစ်ချပ်ကို ထုတ်ယူကာ ချူချယ်ထံသို့ လှမ်းပေးလိုက်သည်။
ချူချယ် အနည်းငယ် ကြောင်သွားသော်လည်း ချက်ချင်းပင် လက်လှမ်း၍ ယူလိုက်၏။
၎င်းမှာ လက်ဆွဲမြေပုံ တစ်ချပ် ဖြစ်ပြီး မြေပုံတစ်ခုလုံးတွင် မျဉ်းကြောင်း အနည်းငယ်သာ ပါရှိကာ အလွန် ရိုးရှင်းလှသည်။
မြေပုံ၏ အလယ်ဗဟိုတွင် စက်ဝိုင်းငယ်လေး တစ်ခုကို ရေးဆွဲထားလေသည်။
"ဒါက မိုဟိုင်ရမ်ရဲ့ ပစ္စည်းပါ... ကျွန်မတို့ ကုလားအုတ်ယာဉ်တန်းက အရင်တုန်းက ရေအရင်းအမြစ်ကို အမြဲတမ်း လိုက်ရှာနေခဲ့တာလေ"
"အလယ်က စက်ဝိုင်းလေးက ရေအရင်းအမြစ်ပဲ... ဒီနေရာကို ရှာတွေ့ရင် ရေအရင်းအမြစ်ကို သေချာပေါက် တွေ့နိုင်လိမ့်မယ်"
......
"ဦးလေးအားပေါင်... ဦးလေးအားပေါင်... ကျေးဇူးပြုပြီး... ကျွန်မ မှားသွားပါတယ်... နောက်နောင် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး"
ဦးလေးအားပေါင်က သူ၏ လက်ထဲရှိ အလုပ်များကို ယာဉ်တန်းလက်ထောက် ရှောင်ဝမ်ထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို ရွှီကျောင်းကျောင်းအား ဖမ်းချုပ်ခိုင်းကာ သဲခုံနောက်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။
မိုဟိုင်ရမ်နှင့် လျှိုယန်တို့ အသတ်ခံရပြီးနောက် ရွှီကျောင်းကျောင်းမှာ အလွန်တရာ ထိတ်လန့် တုန်လှုပ်နေခဲ့၏။
ဤအမျိုးသမီးက သူမကိုယ်သူမ လူအုပ်ထဲတွင် ပုန်းကွယ်နေစေပြီး သိပ်မပေါ်လွင်စေရန် မျှော်လင့်နေခဲ့သည်။
ဤတစ်ကြိမ်ကိုသာ လွတ်မြောက်သွားမည် ဆိုပါက နောင်တွင် သေချာပေါက် ရိုးရိုးသားသား နေထိုင်ပါတော့မည်ဟု ရွှီကျောင်းကျောင်းက ကျိန်တွယ်ထားခဲ့သည်။
နှမြောစရာ ကောင်းသည်မှာ ဤတစ်ကြိမ် သူမ၏ သစ္စာဖောက်မှုက ခေါင်းဆောင်ချူကို အလွန် ဒေါသထွက်သွားစေခဲ့ခြင်း ဖြစ်သည်။
အမြဲတမ်း လူသတ်ရန် ဝန်လေးတတ်သော ခေါင်းဆောင်ချူသည်ပင်လျှင် ဤတစ်ကြိမ်တွင်မူ သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာခဲ့၏။
ထိုသို့မဟုတ်ပါက နောင်တစ်ချိန် ယာဉ်တန်းထဲတွင် သစ္စာဖောက်များ ပို၍ များပြားလာပေလိမ့်မည်။
ရွှီကျောင်းကျောင်းကို လာရောက် ဖမ်းဆီးချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမအတွက် ဝင်ရောက် တောင်းပန်ပေးခြင်း မရှိခဲ့ချေ။ အားလုံးက ရွံရှာစက်ဆုပ်နေသော မျက်နှာအမူအရာများဖြင့်သာ ကြည့်နေခဲ့ကြသည်။
ခပ်အအ တက္ကသိုလ်ကျောင်းသားလေး ရှောင်ဖူ၏ မျက်နှာပေါ်တွင်သာ မကြည့်ရက်သော အရိပ်အယောင် အနည်းငယ် ပေါ်လွင်နေခဲ့သည်။
"ရှောင်ဖူ... မင်းက စိတ်သဘောထား ပြည့်ဝတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မင်း တွေးကြည့်ဖူးလား... တကယ်လို့ ချန်းရီနဲ့ ချူချယ်တို့သာ သေသွားခဲ့မယ်ဆိုရင် မင်းတို့တွေ အခုချိန်ဆို ကျွန်တွေ ဖြစ်နေလောက်ပြီ"
ထိုစကားကြောင့် သဘောထား ပြည့်ဝလှသော ရှောင်ဖူ တစ်ယောက် တိတ်ဆိတ်သွားခဲ့ရလေသည်။
ရွှီကျောင်းကျောင်း မည်သို့ပင် ရုန်းကန်နေပါစေ အသက်ရှင်ကျန်ရစ်သူ နှစ်ဦး၏ လက်ထဲမှ ရုန်းထွက်နိုင်ရန် နည်းလမ်း မရှိခဲ့ပေ။
အသက်ရှင်ကျန်ရစ်သူများ၏ အမြင်အာရုံမှ ကွယ်ပျောက်စေရန် အမျိုးသမီးကို သဲခုံနောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။
ရွှီကျောင်းကျောင်းမှာ ဤတစ်ကြိမ်တွင် သူမသည် ခေါင်းဆောင်ချူကို တကယ်ကို ဒေါသထွက်အောင် လုပ်မိသွားပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။
အမျိုးသမီးက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ဦးလေးအားပေါင်ကို မရပ်မနား ဦးညွှတ်ကာ "ဦးလေးအားပေါင်... ဦးလေးအားပေါင်... ကျွန်မ မှားသွားပါတယ်... ကျွန်မ တကယ်ကို မှားသွားပါတယ်"
"ကျွန်မ နောက်နောင် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး"
"နောက်ဆို ယာဉ်တန်းမှာ ကျွန်မ သေချာပေါက် ရိုးရိုးသားသားပဲ နေပါ့မယ်... ဘာပဲလုပ်ခိုင်းလုပ်ခိုင်း အကုန် လုပ်ပါ့မယ်"
"ဦးလေးအားပေါင်... ကျွန်မ မသေချင်သေးဘူး"
"ဦးလေးအားပေါင်... ကျေးဇူးပြုပြီး တောင်းပန်ပါတယ်"
"ကျွန်မကိုသာ လွှတ်ပေးမယ်ဆိုရင်... ဘာပဲဖြစ်ဖြစ် အကုန် လုပ်ပေးပါ့မယ်"
ဦးလေးအားပေါင်က မျက်နှာထား တင်းတင်းဖြင့် အဝေးရှိ သဲခုံများကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သနားစိတ် အနည်းငယ် ပေါ်လွင်သွားခဲ့သည်။
ဤကဲ့သို့သော ကိစ္စမျိုးကို ဦးလေးအားပေါင်အနေဖြင့် ပထမဆုံးအကြိမ် လုပ်ဆောင်ရခြင်း ဖြစ်သည်။
အစပိုင်းတွင်မူ ဦးလေးအားပေါင်က လူတစ်ယောက်ကို သတ်ရုံမျှသာဟု တွေးထားခဲ့သည်။
ချန်းရီသည်ပင်လျှင် အခြားသူများ၏ ခေါင်းကို လုံးဝ သနားညှာတာမှု မရှိဘဲ ခုတ်ဖြတ်နိုင်ခဲ့သေးသည် မဟုတ်ပါလော။
သူကိုယ်တိုင်လည်း လူတစ်ယောက်ကို သတ်ရုံမျှသာဖြစ်ရာ မရဲစရာ အကြောင်း ဘာရှိမည်နည်း။
သို့သော် အမှန်တကယ် လူသတ်ရမည့် အချိန်ရောက်လာသောအခါ ဦးလေးအားပေါင်မှာ မရဲတော့သလို သတ်ဖြတ်ရန်လည်း မရက်စက်နိုင်တော့ချေ။
သူ ခေါ်ဆောင်လာခဲ့သော အမျိုးသားနှစ်ဦးသည်ပင်လျှင် အပြင်ပန်း၌ ရုပ်ကြမ်းကြီးများဟု ထင်ရသော်လည်း အမှန်တကယ်တွင် လူမသတ်ဖူးကြပေ။
ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာချိန်တွင် ဤလူများအားလုံးမှာ ထွက်ပြေးလွတ်မြောက်ရန်သာ အာရုံစိုက်နေခဲ့ကြသည်။
သူတို့က လူသတ်ရန် အချိန် ဘယ်မှာ ရှိနိုင်ပါမည်နည်း။
ဦးလေးအားပေါင်က အံကြိတ်လိုက်ပြီး သူ၏ ဘေးရှိ အမျိုးသားနှစ်ဦးကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။
အမျိုးသားနှစ်ဦးမှာ အနည်းငယ် တုံ့ဆိုင်းသွားကြသော်လည်း ထိုအထဲမှ တစ်ယောက်က အံကြိတ်ကာ သူ၏ လက်ထဲရှိ ဂွကို မြှောက်လိုက်လေသည်။
ဤဂွမှာ ကားပြင်ရာတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အလွန် လေးလံလှသည်။
စူးစူးဝါးဝါး အော်ဟစ်သံကြီး တစ်ချက် ထွက်ပေါ်လာ၏။
ရွှီကျောင်းကျောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ထွက်ပြေးရန်အတွက် အသည်းအသန် ရုန်းကန်နေလေသည်။
နှစ်ချက်...
သွေးများက သဲခုံတစ်ခုလုံးကို ရဲရဲနီသွားစေသည်။
နောက်ထပ် အမျိုးသားတစ်ဦးကလည်း အံကြိတ်ကာ ဝင်ရောက် ရိုက်နှက်တော့၏။
အမျိုးသမီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းကာ လုံးဝ မလှုပ်မယှက် ဖြစ်သွားသည်အထိပင်။
ဦးလေးအားပေါင်က ရင်ထဲရှိ စိတ်ခံစားချက်များကို အတင်းဖိနှိပ်ထားလိုက်ပြီး လက်ကို ဝှေ့ယမ်းပြကာ ထိုလူနှစ်ဦးကို ခေါ်ဆောင်လျက် ယာဉ်တန်းဆီသို့ ပြန်လည် ထွက်ခွာသွားလေသည်။
......
ယခုအချိန်တွင် ယာဉ်တန်း၏ ရိက္ခာပစ္စည်းများကို ခွဲဝေမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချန်းရီ၏ ကမ္ဘာပျက်ပစ်ကပ်ကား အနောက်ခန်းထဲတွင် ပစ္စည်းများ အတော်လေး ပြည့်ကျပ်နေခဲ့ပြီ ဖြစ်သည်။
အနောက်ခန်းထဲရှိ ရိက္ခာပစ္စည်းများကို ကြိုးနှစ်ချောင်းဖြင့် ခိုင်ခံ့စွာ ချည်နှောင်ထားလိုက်သေး၏။
ယာဉ်မောင်းခန်း၏ ဘေးခုံနှင့် နောက်ခုံများတွင်ပင် ရိက္ခာပစ္စည်းများဖြင့် ပြည့်ကျပ်နေလေသည်။
ကုလားအုတ်ယာဉ်တန်း၏ ရိက္ခာပစ္စည်းများမှာ ချန်းရီ တွေးထင်ထားသည်ထက် များစွာ ပိုမို များပြားနေခဲ့သည်။
ကြီးမားလှသော အမြတ်အစွန်းကြီးဟု ပြောလျှင်ပင် လွန်မည် မထင်ပေ။
ချူချယ် ပြောစကားအရ သဘာဝလွန်ပစ္စည်း တစ်ခုလည်း ပါသေးသည်ဟု ဆိုသည်။
သို့သော် အချိန် မလောက်ငှသောကြောင့် သင့်တော်မည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသည့် အချိန်ရောက်မှသာ သေချာစွာ လေ့လာရတော့မည် ဖြစ်သည်။
ဦးလေးအားပေါင်က ရွှီကျောင်းကျောင်းကို ခေါ်ဆောင်သွားချိန်တွင် ချန်းရီလည်း မြင်တွေ့ခဲ့ရသော်လည်း တစ်ချက်မျှသာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးက သူ အာရုံလွှဲရန် မတန်ပေ။
အဘယ်ကြောင့်ဆိုသော် သဘာဝလွန် အစွမ်းကို လေ့ကျင့်သည့် နည်းလမ်းမှာ မကြာမီ တွက်ချက်မှု ပြီးဆုံးတော့မည် ဖြစ်သောကြောင့်ပင်။
ဒါကမှ ချန်းရီ အလေးထားဆုံးသော အရာ ဖြစ်ပေသည်။
သို့သော် ထိုအချိန်မှာပင် ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှပသော လူငယ်တစ်ဦးက ချန်းရီရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာခဲ့သည်။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ပရိသတ် သန်းချီရှိသော ထိုနာမည်ကြီး အင်တာနက်ဆယ်လီပင် ဖြစ်တော့သည်။
ဆက်ရန်...