← Chapters

အခန်း ၉၂

Vol. 5 Ch. 92

အခန်း ၉၂

Vol. 5 Ch. 92

အပိုင်း(၉၂) ဆရာချန်း... ဒီနေ့ကစပြီး ကျွန်တော်က ဆရာ့ရဲ့ ခွေးပါပဲ

ထိုသူ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်းက လက်ထဲရှိ အလုပ်များကို ရပ်တန့်လိုက်ကြ၏။

မတတ်နိုင်ပေ၊ ထိုသူက လူအုပ်ထဲတွင် အလွန် သိသာထင်ရှားလွန်းနေသည် မဟုတ်ပါလော။

ယောက်ျားစစ်စစ် ဖြစ်ပါလျက် မိန်းမချောလေးများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေလေသည်။

ညို့ဓာတ်ပြင်းလှသည့် နေရာတွင် ရှုလီနာထက် အနည်းငယ်မျှပင် မလျော့နည်းသလို၊ မျက်နှာပေါက်လှပမှုတွင်လည်း ကျိုးရှောင်ရှောင်နှင့် တန်းတူပင် ဖြစ်သည်။

ဤသူက ယောက်ျားတစ်ယောက်မှန်း ကြိုတင် မသိထားခဲ့ပါက မည်မျှ အံ့သြစရာ ကောင်းလိုက်မည်နည်း။

မည်သူကမျှ သူသည် မိန်းမတစ်ယောက် မဟုတ်ဆိုသည်ကို ယုံကြည်ကြမည် မဟုတ်ပေ။

ယခင်က အင်တာနက်ပေါ်တွင် ပရိသတ် သန်းချီ ရှိခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ထိုယောက်ျား၏ မျက်လုံးဝိုင်းကြီးများထဲတွင်မူ အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး ပေါက်ကွဲခါနီး မီးတောင်တစ်ခုနှင့်ပင် တူနေတော့၏။

သူ့ခန္ဓာကိုယ်နှင့် လက်တစ်လျှောက်တွင်လည်း သွေးများဖြင့် ရွှဲရွှဲစိုနေပြီး လက်ထဲတွင်မူ သွားများဖြင့် သီကုံးထားသော ဆွဲကြိုးတစ်ကုံးကို ဆွဲကိုင်ထားသည်။

အခြား လက်တစ်ဖက်တွင် ကိုင်ထားသည်မှာကား လူ့ခေါင်းခွံကြီး တစ်ခုပင် ဖြစ်နေလေသည်။

သူ့ကို မြင်လိုက်ရသော အသက်ရှင်ကျန်ရစ်သူတိုင်းက ကပ်ရောဂါဆိုးကြီးကို ရှောင်တိမ်းသည့်အလား ဖယ်ခွာသွားကြသည်။

သူ လျှောက်လာသည့် လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် ထိုသူသည် မိုဟိုင်ရမ်၏ အလောင်းရှိရာဆီသို့ သွားခဲ့ခြင်းဖြစ်ကြောင်း ချန်းရီက ခန့်မှန်းမိလိုက်သည်။

လက်ထဲတွင် ဆွဲကိုင်ထားသော သွားဆွဲကြိုးနှင့် ပတ်သက်၍ကား တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။

၎င်းသည် မိုဟိုင်ရမ် အဘိုးအို၏ သွားများသာ ဖြစ်နိုင်ပြီး၊ သွေးသားများ ပေကျံနေသေးသော ခေါင်းခွံကြီးသည်လည်း ထိုအဘိုးအို၏ ခေါင်းခွံသာ ဖြစ်လိမ့်မည်ဟု ချန်းရီ တွေးလိုက်မိသည်။

တကယ်ကို ရက်စက်လွန်းလှသည်။

အလွန် လှပလွန်းသော သူတစ်ယောက်က တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး သွားဆွဲကြိုးနှင့် ခေါင်းခွံကြီးကို ကိုင်ဆောင်ထားသည်။

ထိုကဲ့သို့ ကျောချမ်းဖွယ်ရာ လှပမှုက မြင်ရသူတိုင်းကို ကြက်သီးမွေးညင်း ထစေလေသည်။

"ရွှီနန်... နင် ဘာလုပ်ချင်လို့လဲ"

ရှုလီနာသည် ဘယ်နေရာမှန်းမသိ ရုတ်တရက် ထွက်လာကာ ချန်းရီ၏ အရှေ့မှ ကာကွယ်ရပ်တန့်လိုက်သည်။

ဒီလူ့နာမည်က ရွှီနန်ဆိုတာကိုး။

ယခင်က ရှုလီနာသည် လုပ်ငန်းကိစ္စကြောင့် ရွှီနန်နှင့် တစ်ခေါက် ဆက်ဆံဖူးခဲ့သဖြင့် အသိအကျွမ်းများဟု ဆိုနိုင်ပေသည်။

မနေ့ညက ရွှီနန်ကို မြင်လိုက်ရချိန်တွင်လည်း ရှုလီနာမှာ အလွန် အံ့အားသင့်သွားခဲ့ရ၏။

ရွှီနန်က ရှုလီနာကို အဖက်မလုပ်ဘဲ ချန်းရီဆီသို့သာ အကြည့်ပို့လိုက်ရာ အစောပိုင်းက ဒေါသမီးတောက်များသည် ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်မှုများဖြင့်သာ ပြည့်နှက်သွားတော့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဒေါသများ ပျောက်ကွယ်သွားပြီး ကျေးဇူးတင်ရှိမှုများ အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

ဤမျက်နှာပြောင်းလဲမှု အမြန်နှုန်းကတော့ တကယ့်ကို အံ့မခန်းပင်။

ဆွဲဆောင်မှုအပြည့်ရှိသော ရှုလီနာမှာ ရွှီနန်၏ မျက်လုံးထဲတွင် လေဟာနယ်တစ်ခုအလား အရာမသွင်းခံရပေ။

ယခုအချိန်တွင် ချန်းရီက သူ့ကို သေခိုင်းလျှင်ပင် သူက တုံ့ဆိုင်းနေမည် မဟုတ်သည့်အလား ဖြစ်နေ၏။

ချန်းရီသည် သူ၏ နတ်ဘုရားတစ်ပါး ဖြစ်နေသကဲ့သို့ပင်တည်း။

သို့သော် ထိုကျေးဇူးတင်မှုများကြားတွင် အလွန် နက်နဲ ရှုပ်ထွေးသော ခံစားချက်များလည်း ကိန်းအောင်းနေသေးသည်။

ဒုန်းခနဲ...

ရွှီနန်၏ ဒူးနှစ်ဖက် ခွေကျသွားပြီး သဲသောင်ပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်ကာ ချန်းရီကို ဒုန်း... ဒုန်း... ဒုန်း ဟူ၍ ဦးသုံးကြိမ် တိုက်လိုက်လေသည်။

လက်ထဲရှိ သွားဆွဲကြိုးနှင့် ခေါင်းခွံကြီးကိုလည်း ဘေးသို့ ပစ်ချလိုက်သည်။

"ဆရာချန်း... ဒီနေ့ကစပြီး ရွှီနန်က ဆရာ့ရဲ့ ခွေးပါပဲ... ဆရာ ဘာခိုင်းခိုင်း ကျွန်တော် အကုန် လုပ်ပါ့မယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးက ချန်းရီကို ထူးဆန်းသော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

ဤမျှ လှပလွန်းသော မိန်းမလျာလေးကို မိန်းမစစ်စစ် မဟုတ်လျှင်တောင်မှ လက်မခံနိုင်စရာ အကြောင်းမရှိဟု တွေးမိကြဟန်တူသည်။

ချန်းရီ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

ခွေးကောင်တွေ၊ မင်းတို့က ငါ့ကို ဘယ်လို အကြည့်တွေနဲ့ ကြည့်နေကြတာလဲ။

တခြားလူတွေ အထင်လွဲတာကို ထားလိုက်ပါဦး၊ စွန်းချန်းချန်း၊ နင်ကရော ငါ့ကို ဘာလို့ အဲဒီလို လာကြည့်နေရတာလဲ။

ဒီကောင်မလေးက ငါ့ရဲ့ စွမ်းဆောင်နိုင်ရည်ကို မေ့သွားပြီလား။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ရွှီနန်ဟုတ်လား... မင်းက ဘာသဘောလဲ"

ချန်းရီက ရွှီနန်ကို ထရန် မပြောသဖြင့် ရွှီနန်လည်း မတ်တတ်မရပ်ဘဲ ဒူးထောက်လျက်သာ စကားဆက်ပြောနေသည်။

"ဆရာက မိုဟိုင်ရမ် အဘိုးကြီးကို သတ်ပြီး ကျွန်တော့်အတွက် ကလဲ့စားချေပေးခဲ့တယ်"

"ဒီ သွားဆွဲကြိုးက မိုဟိုင်ရမ်ရဲ့ ပါးစပ်ထဲကနေ ကျွန်တော် ကိုယ်တိုင် ချိုးယူလာတာပါ... ဒီခေါင်းခွံကလည်း မိုဟိုင်ရမ်ရဲ့ ခေါင်းခွံပါပဲ"

ထိုပစ္စည်းနှစ်ခုအကြောင်း ပြောချိန်တွင် ရွှီနန်၏ မျက်လုံးများထဲ၌ ဒေါသမီးတောက်များ ထပ်မံ ထွက်ပေါ်လာပြီး မိုဟိုင်ရမ်အပေါ် အလွန်တရာ နက်ရှိုင်းသော အမုန်းတရားများ ရှိနေကြောင်း သိသာထင်ရှားလှ၏။

ချန်းရီက ဤမိန်းမလျာကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ စိတ်ထဲတွင်လည်း ဤမိန်းမလျာ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

မိုဟိုင်ရမ် သေဆုံးသွားပြီဖြစ်၍ တခြားသူများ၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့ကာ နောက်ခံအင်အား အသစ်တစ်ခုကို မှီခိုလိုခြင်း ဖြစ်ပေလိမ့်မည်။

ကျေးဇူးတင်၍ ကျေးဇူးဆပ်လိုခြင်းမျိုးလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။

"မင်းက... မနေ့ကနဲ့စာရင် အများကြီး ပြောင်းလဲသွားတာပဲ"

ချန်းရီက အေးစက်စွာဖြင့် ပြောလိုက်၏။

"ကျွန်တော် မိုဟိုင်ရမ်နောက်ကို လိုက်ခဲ့တာက ကျွန်တော့် ညီမလေးကို ရှာချင်လို့ပါ... မိုဟိုင်ရမ် ပြောတာတော့ ကျွန်တော့် ညီမလေးက တခြား ယာဉ်တန်းနဲ့ ထွက်သွားပြီဆိုလို့ သူ့ကို ရှာတွေ့ချင်ရုံ သက်သက်ပါ"

"မိုဟိုင်ရမ်က..."

ထိုနာမည်ကို ပြောလိုက်ချိန်တွင် ရွှီနန်၏ အကြည့်များမှာ အလွန်တရာ ရှုပ်ထွေးသွားပြီး အမုန်းတရား၊ မွန်းကျပ်မှု၊ စော်ကားခံရမှုနှင့် နာကြည်းမှုများ ပြည့်နှက်သွားလေသည်။

ဤကဲ့သို့သော ရှုပ်ထွေးလှသည့် ခံစားချက်ကို လူသားတို့၏ စကားလုံးများဖြင့် ဖော်ပြနိုင်ရန်ပင် ခက်ခဲလှပေသည်။

ညီမဖြစ်သူအတွက် ဤမျှလောက် အရှက်ရဖွယ်ရာများကို သည်းခံနိုင်ခဲ့သည်။

ရွှီနန်သည် အတော်လေး သည်းခံနိုင်စွမ်းရှိသူဟု ဆိုရပေမည်။

မနေ့က မြင်တွေ့ခဲ့ရချိန်တွင် ရွှီနန်၌ အရှက်ကွဲခံကာ သည်းခံနေရသည့် အရိပ်အယောင် လုံးဝ မတွေ့ရဘဲ ပျော်မွေ့နေသည့်ပုံပင် ပေါ်နေသေးသည် မဟုတ်ပါလော။

သို့သော် ယခုအခါတွင်မူ ကလဲ့စားချေလိုက်နိုင်သည့် ပုံစံမျိုး ဖြစ်နေ၏။

လူတိုင်းက သူ့ကို စိတ်ရောဂါသည်ဟု ပြောကြသော်လည်း ဤသူက သူ့ထက်ပင် ပိုဆိုးနေမလားဟု ချန်းရီ တွေးလိုက်မိသည်။

"ငါ မိုဟိုင်ရမ်ကို သတ်လိုက်တော့ မင်းညီမကို ရှာမတွေ့နိုင်တော့ဘူးလေ... မင်း ငါ့ကို မမုန်းဘူးလား"

"မုန်းခဲ့ပါတယ်... ဒါပေမဲ့ အခုတော့ ကျေးဇူးတင်နေပါပြီ"

"ဘာလို့လဲ"

"မိုဟိုင်ရမ်က ကျွန်တော့်ကို လိမ်ထားမှန်း အခုမှ သိရလို့ပါ... သူက ကျွန်တော့် ညီမလေး သတင်းကို လုံးဝ မသိခဲ့ပါဘူး... အားလုံးက ကျွန်တော့်ကို လိမ်ထားတာပါ"

အခုမှ သိရတာ ဟုတ်လား။

မိုဟိုင်ရမ် သေဆုံးသွားပြီးနောက် ရွှီနန်က သူ၏ ပစ္စည်းများထဲမှ တစ်ခုခုကို ရှာတွေ့သွားခဲ့ပုံရသည်။

မည်သည့်အရာ ဖြစ်နေပါစေ ချန်းရီကတော့ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပေ။

ဤမျှ လေးနက်သော ကိစ္စရပ်မျိုးတွင် ချန်းရီက ဝင်မပါချင်တော့ချေ။

ချန်းရီက လက်ကာပြလိုက်၏။

"မင်း ထလိုက်တော့... ငါ့အတွက် ခွေး မလိုဘူး"

ချန်းရီက ဘာမှပင် ထပ်မစဉ်းစားတော့ဘဲ ငြင်းဆန်လိုက်သည်။

အချို့သော အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးထဲတွင် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့... ယာဉ်တန်းက အခုပဲ ထွက်တော့မှာ... သွားတော့"

ချန်းရီက ယင်ကောင် တစ်ကောင်ကို နှင်ထုတ်သကဲ့သို့ လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းပြလိုက်သည်။

ရွှီနန်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသော်လည်း မတ်တတ်ရပ်ကာ ဘေးရှိ ကုလားအုတ်တစ်ကောင်ထံသို့ လျှောက်သွားပြီး ခုန်တက်လိုက်သည်။ ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် သူက စကားတစ်ခွန်းမျှ မဟခဲ့ပေ။

"ထွက်မယ်ဟေ့"

ဦးလေးအားပေါင်၏ အသံက အသံချဲ့စက်ထဲမှ ထွက်ပေါ်လာသည်။

ယာဉ်တန်းကြီးက တဖြည်းဖြည်း စတင် ရွေ့လျားသွားလေသည်။

ယာဉ်တန်း၏ အနောက်တွင်ကား ကုလားအုတ် အုပ်ကြီးက ရှည်လျားစွာ လိုက်ပါလာ၏။

ယခင် ယာဉ်တန်းနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် ယာဉ်တန်းသည် ပိုမို ကြီးမားခိုင်မာလာကြောင်း သိသာထင်ရှားသည်။

ထို့ပြင် ကားတိုင်းပေါ်တွင်လည်း ရိက္ခာပစ္စည်းများ အပြည့်အမောက် တင်ဆောင်ထားကြသည်။

ခေါင်းဆောင်ချူ၏ ကားခေါင်မိုးပေါ်ရှိ ပစ္စည်းတင်စင်ပေါ်တွင် ပစ္စည်းများက ခြောက်ပေနီးပါးခန့် မြင့်တက်နေလေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ လမ်းကြမ်းမောင်းကားသည်လည်း အလွန် ခက်ခဲစွာဖြင့် စတင် မောင်းနှင်နေရ၏။

သူမ၏ အဆင့်မြှင့်တင်ထားသော ကားပေါ်ရှိ ပစ္စည်းတင်စင်တွင်လည်း ပစ္စည်းများ ပြည့်ကျပ်နေပြီး တစ်ခါတစ်ရံ အလေးချိန် မမျှတသဖြင့် ကားမှောက်လုနီးပါးပင် ဖြစ်သွားခဲ့သေးသည်။

ထယ်ရှီးက ဘေးနားတွင် အတိအကျ ရှိနေသဖြင့် လက်တစ်ဖက်တည်းဖြင့်ပင် ထိန်းကိုင်ပေးလိုက်သည်။

ဤကောင်ကြီးသည် တိုက်တန် လမ်းစဉ် (၂) ဖြစ်သော ခေါင်းနှစ်လုံး လူဘီလူး အဖြစ်သို့ အဆင့်တက်သွားပြီးနောက် အရပ်က ရှစ်လက်မခန့် ပိုရှည်လာပုံရပြီး ယခုအခါ သူ၏ အရပ်အမောင်းမှာ ခုနစ်ပေခန့် ရှိနေပြီ ဖြစ်သည်။

အရပ် မနိမ့်သော ချန်းရီပင်လျှင် ဤကောင်ကြီးကို မော့ကြည့်နေရလေသည်။

ချန်းရီ ကိုယ်တိုင်နှင့် ပတ်သက်၍ကား ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးမှာ ယိမ်းထိုးနေပြီး စက်နှိုးရာတွင်လည်း သိပ်မလွယ်ကူလှပေ။

အရှေ့ဘက်ရှိ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှသည်။

ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဒီဇိုင်းမှာ အစကတည်းက ဤမျှလောက် များပြားသော ရိက္ခာများကို တင်ဆောင်ရန် စဉ်းစားထားခဲ့ခြင်း မရှိပေ။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားမှာ အလေးချိန် လွန်ကဲနေပြီ ဖြစ်သည်။

ထယ်ရှီး၏ ကျောင်းကားကြီးကမူ ပို၍ပင် အံ့မခန်း ဖြစ်နေသေး၏။

ကားခေါင်မိုးပေါ်တွင် ရိက္ခာပစ္စည်းများ ပြည့်ကျပ်နေပြီး ကားခေါင်မိုးထက် ခြောက်ပေခန့် မြင့်တက်နေလေသည်။

အဝေးကနေ ကြည့်လိုက်လျှင်ပင် ဤဆွဲဆောင်မှုရှိသော ကျောင်းကားကြီးကို လှမ်းမြင်နိုင်၏။

ကားထဲတွင်လည်း အသက်ရှင်ကျန်ရစ်သူ အများအပြား တိုးလာခဲ့သည်။

ယခင်က ကားထဲတွင် လူတစ်ဝက်ခန့်သာ ပါရှိသော်လည်း ယခုအခါတွင်မူ အသက်ရှင်ကျန်ရစ်သူများဖြင့် ပြည့်ကျပ်နေပြီး ထိုင်ခုံလွတ်တစ်ခုမျှ မရှိတော့ချေ။

သဲသောင်ပြင်သည် နူးညံ့နေသဖြင့် ကားစတင် မောင်းနှင်ရန်မှာ အလွန် ခက်ခဲလှသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြား ကားပေါ်မှ ဆင်းလာကြပြီး သဲကျင်းထဲမှ ကားကို တွန်းထုတ်ရန် ကြိုးစားကြသည်။

မျက်နှာများ နီမြန်းလာသည်အထိ အားစိုက်တွန်းကြသော်လည်း မရခဲ့ပေ။

ထယ်ရှီးက ဝင်မပါဘဲ မနေနိုင်တော့သဖြင့် လက်တစ်ဖက်တည်း ပင့်တင်လိုက်ရုံဖြင့် ကားကြီးကို သဲကျင်းထဲမှ တွန်းထုတ်ပေးလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချန်းရီ၏ မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။

ဒီကောင်ကြီးကတော့ လွန်လွန်းနေပြီ။

ဒီလူကောင်ကြီးက ထပ်ပြီး စွမ်းအားတွေ ကြီးလာပြန်ပြီပဲ။

ယခင်က ထယ်ရှီး သဲထဲတွင် ကားတွန်းသည်ကို မမြင်ဖူးခဲ့ခြင်းတော့ မဟုတ်သော်လည်း ယခုတစ်ကြိမ်လောက်တော့ မလွယ်ကူခဲ့ပေ။

အနောက်ဘက်ရှိ ကုလားအုတ်အုပ်ကြီးထံမှ ချူချူချိချိ အသံများ ထွက်ပေါ်လာ၏။

ချန်းရီသည် လေကာမှန်နှင့် ပြတင်းပေါက်မှန်များ မရှိတော့သော ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးကို မောင်းနှင်ရင်း သဲကန္တာရထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

သဲကန္တာရ၏ ပူပြင်းသော လေပူကြီးက အရှေ့လေကာမှန်ပေါက်မှတစ်ဆင့် သူ့မျက်နှာကို တိုက်ရိုက် လာရိုက်ခတ်နေသဖြင့် ချန်းရီမှာ ရူးချင်စိတ်ပင် ပေါက်လာတော့၏။

တောက်၊ ဒါကတော့ တကယ့်ကို ရူးချင်စရာပင်တည်း။

စနစ်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ တွက်ချက်မှု ပြီးဆုံးရန် တစ်နာရီပင် မလိုတော့ချေ။

အတော်လေး မြန်တာပဲ။

ချန်းရီသည် ထိုသက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးကို ထပ်မံ မြင်တွေ့လိုက်ရပြန်သည်။

သို့သော် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် ချန်းရီက ဆက်မကြည့်တော့ပေ။

ဒီအဘိုးကြီးမှာ ပြဿနာရှိနေမှန်း သိသိကြီးနဲ့ သွားစပ်စုတာက သေလမ်းရှာတာ မဟုတ်ဘူးလား။

သို့သော် အသစ် ဝင်ရောက်လာသော တင်းတုံ ဆိုသည့် အမျိုးသမီးကို အခွင့်အရေးရလျှင် ဤအဘိုးကြီးက ဘယ်လိုလူလဲဆိုတာကို စမ်းသပ်ခိုင်းကြည့်ရမည်။

ထိပ်ဆုံးမှကားထဲတွင် ခေါင်းဆောင်ချူ၏ မျက်နှာက အလွန် တည်ကြည်နေသည်။

ယနေ့တွင်လည်း ထွက်ခွာချိန်ကို ထပ်မံ နောက်ဆုတ်ခဲ့ရပြန်သည်။

သူ၏ အာရုံခံစားမှုထဲတွင် ယာဉ်တန်း၏ အနောက်မှ ထူးဆန်းသောအရာ တစ်ကောင် လိုက်ပါလာပြီ ဖြစ်ကြောင်း သိရှိနေလေသည်။

အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အမီလိုက်နိုင်တော့မည် ဖြစ်သည်။

ဆက်ရန်...

All Chapters