← Chapters

အခန်း ၉၃

Vol. 5 Ch. 93

အခန်း ၉၃

Vol. 5 Ch. 93

အပိုင်း(၉၃) ခေါင်းမဲ့သဲမြွေကြီး

ဖြစ်နိုင်မည်ဆိုလျှင် ချူချယ်က ဤကဲ့သို့သော ကိစ္စမျိုးကို လုံးဝ မဖြစ်စေချင်ပေ။

ထူးဆန်းသောအရာများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်မှာ ပျော်စရာကောင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။

"အရှိန်တင်"

ချူချယ်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အဆင့်မြှင့်တင်ထားသော ကား၏အရှိန်မှာ ချက်ချင်းဆိုသလို မြင့်တက်သွားပြီး ကားနောက်ဘက်၌ သဲဖုန်လုံးကြီးများ လွင့်ထသွားလေသည်။

ချူချယ်၏ ကား အရှိန်တင်သွားသည်ကို မြင်လိုက်ရသောအခါ ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ကားထဲတွင် ဂိမ်းစက်ဖြင့်ဆော့ကစားနေရာမှ ရပ်တန့်သွား၏။

"အစ်မဝမ်းကွဲ... ခေါင်းဆောင်ချူရဲ့ကား အရှိန်တင်သွားပြီ"

ယာဉ်မောင်းခုံတွင် ထိုင်နေသော ကလေးမလေးက ခေါင်းပြူ၍ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လက်ထဲမှ ဂိမ်းစက်ကို ချထားလိုက်ပြီး ခေါင်းမော့ကာ ချူချယ်၏ ကားကို လှမ်းကြည့်လိုက်သလို အနောက်ဘက်သို့လည်း လှည့်ကြည့်လိုက်၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်မှောင်များ တွန့်ချိုးသွားသည်။

သူတို့တွင်သာ စကားပြောစက် ရှိနေမည်ဆိုလျှင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မေးမြန်းကြည့်နိုင်မည် ဖြစ်၍ ပိုကောင်းပေလိမ့်မည်။

ချူချယ်အပေါ် သူမ နားလည်ထားမှုများအရ သူသည် အကြောင်းပြချက်မရှိဘဲ အရှိန်တင်ရန် ရွေးချယ်မည့်သူမျိုး လုံးဝမဟုတ်ပေ။ သို့သော် ယခုလို လုပ်လိုက်ခြင်းကြောင့် အနောက်ဘက်မှ လူများအနေဖြင့် ယာဉ်တန်းကို မီအောင် လိုက်နိုင်ရန် အလွန်ခဲယဉ်းသွားပေလိမ့်မည်။

အထူးသဖြင့် ကုလားအုတ် ယာဉ်တန်းများပင် ဖြစ်သည်။

ထိုကုလားအုတ်များ၏ အမြန်နှုန်းမှာ ဘီးလေးဘီးတပ်ထားသော ကားများနှင့် ယှဉ်နိုင်စွမ်း မရှိချေ။

ခဏမျှ စဉ်းစားပြီးနောက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဆုံးဖြတ်လိုက်သည်။ "ငါတို့လည်း အမီလိုက်ကြမယ်"

ကုလားအုတ်ယာဉ်တန်းကိစ္စနှင့် ပတ်သက်၍မူ...

မည်သည့် ယာဉ်တန်းတွင်မဆို အိမ်မြှောင်၏ အမြီးလို စွန့်လွှတ်ခံရမည့်သူ ရှိစမြဲပင် ဖြစ်သည်။

"လောင်ဝူ... ရှီးရှီးနဲ့ ခေါင်းဆောင်တို့ အရှိန်တင်သွားကြပြီ"

ကျောင်းကားကို မောင်းနှင်နေသော ထိပ်ပြောင်လောင်လီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

ဘေးဘက်တွင် အသားတောင်ကြီးတစ်ခုအလား ထိုင်နေသော ထယ်ရှီးက ခေါင်းငုံ့ကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ၏ လည်ပင်းပေါ်ရှိ ဒဏ်ရာမှာ ကျက်သွားခဲ့ပြီဖြစ်ပြီး သေးငယ်သော အသားနုလေးတစ်ခုပင် ထွက်ပေါ်နေပြီ ဖြစ်သည်။

သူ ထိုင်နေရုံသက်သက်ဖြင့်ပင် တစ်ပါးသူအပေါ် ကြီးမားလှသော ဖိအားများကို သက်ရောက်စေ၏။

တင်းတုံက ထယ်ရှီး၏ အနောက်ဘက်တွင် ထိုင်နေရင်း အနောက်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ "လမ်းပြသူက ဒီလိုလုပ်တယ်ဆိုတာ သေချာပေါက် အကြောင်းပြချက် တစ်ခုခု ရှိလို့ပဲ နေမှာ... ကျွန်မတို့ရော အမီလိုက်ကြမလား"

ဤအမျိုးသမီးသည် ရုပ်ရည်အားဖြင့် သာမန်မျှသာ ဖြစ်သော်လည်း သူမ၏ စိတ်နှလုံးထဲတွင်မူ တရားမျှတမှုအပေါ် ယုံကြည်ကိုင်စွဲထားမှု တစ်ရပ် ရှိနေဆဲပင်။

ထိုသို့သာ မဟုတ်ပါက သူမအနေဖြင့် မိုဟိုင်ရမ်တို့နှင့် ပူးပေါင်းနိုင်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် သူမသည် အခြေအနေကို ကောင်းစွာ နားလည်သူလည်း ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် ရှိပြီးဖြစ်သော်လည်း ထယ်ရှီး၏ သဘောထားကို တောင်းခံနေဆဲ ဖြစ်၏။

"အမီလိုက်မယ်"

ကားသုံးစီးစလုံး တစ်စီးပြီးတစ်စီး အရှိန်မြှင့်တင်သွားကြသည်။

ချန်းရီကလည်း ဟန်ဆောင်နေခြင်းမရှိဘဲ လီဗာကို အဆုံးထိ ဖိနင်းလိုက်သည်။

အင်ဂျင်စက်ဆီမှ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကားတစ်စီးလုံး ပြင်းထန်စွာ တုန်ခါသွားကာ ရှေ့မှ ကားသုံးစီးနောက်သို့ ချက်ချင်း အမီလိုက်သွားလေသည်။

သူတို့၏ အရှိန်မြှင့်တင်လိုက်မှုက အခြားသူများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။

ခဏချင်းမှာပင် ယာဉ်တန်းတစ်ခုလုံးသည် အလိုအလျောက် အရှိန်မြှင့်တင်လာကြတော့သည်။

ချူချယ်က ဘာကြောင့် ဤသို့လုပ်ရသနည်းဟု မည်သူကမျှ မေးမြန်းခြင်း မရှိကြပေ။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူတိုင်းသည် အရူးများ မဟုတ်ကြချေ။ ခေါင်းဆောင်၏ နောက်သို့ လိုက်မှသာ အသက်ရှင်နိုင်မည် ဆိုသည်ကို သူတို့ ကောင်းစွာ သိရှိထားကြသည်။

အဝေးမှ လှမ်းကြည့်လိုက်ပါက ယာဉ်တန်းကြီးသည် ဧရာမ သဲမုန်တိုင်းကြီး တစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိသည်။

လေကာမှန် မရှိသော ချန်းရီမှာမူ ယခုအချိန်တွင် အလွန်တရာ နေရခက်သော ဝေဒနာကို ခံစားနေရ၏။

ရှေ့ကားဘီးများမှ လွင့်စဉ်လာသော သဲများ အားလုံးသည် သူ၏ ကားထဲသို့ တစ်စက်မကျန် ဝင်ရောက်လာကြသည်။

သဲများက သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာပင် ဖုန်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ချန်းရီက စတီယာရင်ကို ကွေ့လိုက်ပြီး သူ၏ကားကို ရှေ့ကားများနှင့် ယှဉ်ကာ မောင်းနှင်လိုက်သည်။

ယခင်က သဲနွံများနှင့် မကြုံတွေ့စေရန်အတွက် အနောက်ကားများသည် ရှေ့ကား၏ ဘီးရာများအတိုင်း လိုက်လံ မောင်းနှင်ခဲ့ကြခြင်း ဖြစ်သည်။

ကားများကို ယှဉ်၍ မောင်းနှင်လိုက်ပြီးနောက် မျက်နှာဆီသို့ လွင့်စဉ်လာသော သဲများမှာ သိသိသာသာ လျော့ကျသွားပြီး ချန်းရီသည်လည်း ရှေ့ဘက် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်သွား၏။

အခြားသော ကားအချို့ကလည်း အရှိန်မြှင့်ကာ အမီလိုက်လာကြသည်။

သို့သော် ကားများ၏ အနောက်ဘက်တွင် ကျန်ရစ်ခဲ့သော ကုလားအုတ်များမှာမူ သနားစရာ ကောင်းလှသည်။

ကုလားအုတ်များ၏ ပုံမှန် အမြန်နှုန်းမှာ တစ်နာရီလျှင် ၆ မိုင်ခန့်သာ ရှိသည်။ ၎င်းတို့သည် အစွမ်းကုန် အရှိန်တင် ပြေးနိုင်သည် ဆိုစေကာမူ ထိုအမြန်နှုန်းဖြင့် ၃ မိနစ်မှ ၅ မိနစ်ခန့်သာ တောင့်ခံထားနိုင်ကြသည်။

ယခုမှ ကုလားအုတ်များစွာနှင့် အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားကို ရရှိထားခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင် ထိုအရာအားလုံးကို ထူးဆန်းသောအရာများအတွက် အစာအဖြစ် ကျွေးမွေးလိုက်ရနိုင်ခြေ ရှိနေသည်။

အသက်ရှင်ကျန်ရစ်သူများကို ဖယ်ထားလိုက်ဦး။

ဤကုလားအုတ်များသက်သက်ပင်လျှင် အလွန်ကောင်းမွန်သော အသားများ ဖြစ်ကြပေသည်။

ဤခေတ်ကြီးထဲတွင်၊ သဲကန္တာရထဲ၌ လတ်ဆတ်သော အသားကို စားသုံးနိုင်ရန်မှာ အလွန်တရာ ခဲယဉ်းလှသော ကိစ္စတစ်ရပ် ဖြစ်နေပေပြီ။

သို့သော် မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချန်းရီ သတိပြုမိသွားသည်။

ဤကုလားအုတ်များ၏ အမြန်နှုန်းမှာ ထင်ထားသလောက် မနှေးကွေးချေ။ သူ၏ ကားကို အမီမလိုက်နိုင်သော်လည်း ၎င်းတို့သည် ခြေလှမ်းကျဲကျဲဖြင့် အရှိန်တင် ပြေးလွှားနေကြသည်။

ပစ်ကပ်ကား၏ နောက်တွင် အလှမ်းကွာဝေးစွာဖြင့် လိုက်ပါလာကြ၏။

ချန်းရီက ကိစ္စ၏ အကြောင်းရင်းကို လျင်မြန်စွာ ခန့်မှန်းမိလိုက်သည်။

ယခင်က ကုလားအုတ် ယာဉ်တန်းထဲတွင် တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦး ပါဝင်ခဲ့သည်။

ဤလမ်းစဉ်၏ အစွမ်းပိုင်ရှင်သည် ကိုယ်ပိုင် တိုက်ခိုက်စွမ်းရည် အလွန် အားနည်းသော်လည်း သဘာဝလွန် သတ္တဝါများကို မွေးမြူပျိုးထောင်ရာတွင်မူ မွေးရာပါ စွမ်းရည် ပါရှိနေသည်။

အကယ်၍ သာမန် ကုလားအုတ်များသာ ဖြစ်နေခဲ့မည်ဆိုပါက မိုဟိုင်ရမ်တို့အဖွဲ့သည် လမ်းခုလတ်မှာပင် သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။

ဤကဲ့သို့သော စွမ်းရည်မျိုးသည်သာ ကမ္ဘာပျက်ကပ် မတိုင်မီက ဆိုပါလျှင် ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်သွားစေလောက်ပေသည်။

တကယ်ကိုပင်... လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်း၌ သူတို့ကိုယ်ပိုင် ယုံကြည်နိုင်ဖွယ်ရာ မရှိသော စွမ်းရည်များ အသီးသီး ရှိနေကြသည်။

ရိက္ခာပစ္စည်းများ တင်ဆောင်ထားခြင်းမရှိသော ကုလားအုတ်အချို့သည် အနောက်ဘက်ရှိ ကုလားအုတ်အုပ်စုထဲမှ လျင်မြန်စွာ ထွက်ပေါ်လာကြသည်။

[စနစ်၏ တွက်ချက်မှု ပြီးဆုံးပါပြီ...]

စနစ်၏ အသိပေးချက် တစ်ခုက မျက်လုံးရှေ့တွင် ပေါ်လာသည်။

၎င်းမှာ ယခင်က သဘာဝလွန် အစွမ်းများကို လေ့ကျင့်ရန် စနစ်အား တွက်ချက်ခိုင်းခြင်းပင် ဖြစ်သည်။

ချန်းရီ အသေးစိတ် ဝင်ရောက် ကြည့်ရှုရန် အချိန်မရလိုက်ပေ။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ချန်းရီသည် ကားတစ်စီးလုံး ဘယ်ယိမ်းညာယိမ်း ဖြစ်သွားသည်ကို ခံစားလိုက်ရ၏။

စနစ်၏ အသိပေးချက်ကို ကြည့်ရှုရန် အချိန်မမီလိုက်တော့ဘဲ ကားက ထိန်းချုပ်မှု ကင်းမဲ့သွားတော့သည်။

ချန်းရီက ဘရိတ်ကို အားကုန် ဖိနင်းလိုက်ရာ ကားသည် ညာဘက်သို့ ပြင်းထန်စွာ ယိမ်းထိုးသွားပြီး ဘေးဘက်ရှိ သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးလေးကို ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။

ထို လျှပ်စစ်သုံးဘီးလေးမှာလည်း ဝင်တိုက်ခံရမှုကြောင့် မှောက်ကျသွားပြီး ပြားကပ်သွားသည့် အခြေအနေသို့ပင် ရောက်ရှိသွားလေသည်။

ကားသည် သဲပြင်ပေါ်တွင် မှောက်ကျသွားပြီး ဘီးလေးဘီးစလုံးမှာ လေထဲတွင် လည်ပတ်နေ၏။

အမှန်တော့ ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ဝင်တိုက်မိသွားသဖြင့် ကားတစ်စီးလုံး ဟန်ချက်ပျက်ကာ ဘေးတိုက် မှောက်ကျသွားရခြင်း ဖြစ်သည်။

ချန်းရီ ကားခန်းထဲမှ တွားသွား ထွက်လာချိန်တွင် အလွန်တရာ အခြေအနေ ဆိုးရွားနေပြီး သူ၏ ဆံပင်နှင့် မျက်နှာပေါ်တွင် သဲများ အပြည့် ကပ်နေသည်။

ဘေးဘက်ရှိ လျှပ်စစ်သုံးဘီးလေးမှာလည်း ချန်းရီ၏ ပစ်ကပ်ကား ဝင်တိုက်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေချေပြီ။

"မင်း... မင်း"

အိုမင်းနေသော လူရိပ်တစ်ခုက လျှပ်စစ်သုံးဘီးလေး၏ ယာဉ်မောင်းခန်းထဲမှ တွားသွား ထွက်လာသည်။

ဤအဘိုးကြီးသည် ယခင်က ချန်းရီကို မြင်တိုင်း မျက်နှာတွင် အပြုံးများ အပြည့်ချိတ်ဆွဲထားကာ ဖားယားတတ်သည့် ပုံစံမျိုးပင် ရှိခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ဤအဘိုးကြီး၏ မျက်နှာသည် အလွန်တရာ အုံ့မှိုင်းနေပြီး အငြိုးအတေးများပင် အပြည့် ပါဝင်နေ၏။

ချန်းရီသည် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်နေသည် ဆိုခြင်းကိုပင် သူက ဂရုစိုက်ပုံ မရတော့ပေ။

သို့တည်းမဟုတ် ချန်းရီ၏ လမ်းစဉ် အစွမ်းပိုင်ရှင် ဆိုသော ဂုဏ်ပုဒ်ကို သူက အစကတည်းက ဂရုမစိုက်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခင်က လုပ်ပြခဲ့သမျှမှာ ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။

"ထွီ... ထွီ... ဟပ်ချိုး"

ယခုအချိန်တွင် ချန်းရီမှာ အဘိုးကြီး ဘာတွေတွေးနေသလဲ ဆိုသည်ကို ဂရုစိုက်နေရန် အချိန်မရှိတော့ပေ။ သူ၏ ပါးစပ်ထဲတွင် သဲများ အပြည့် ဖြစ်နေသည်။

ကုလားအုတ်များ တစ်ကောင်ပြီးတစ်ကောင် သူတို့နှစ်ဦး၏ ဘေးမှ ဖြတ်ပြေးသွားကြပြီး သဲဖုန်လုံးများ တလွင့်လွင့် ထနေစေသည်။

၎င်းတို့၏ အမြန်နှုန်းမှာ တွေးကြည့်ရန်ပင် ခက်ခဲသော အဆင့်ထိ ရောက်ရှိနေပြီး အနောက်ဘက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ရှိနေသကဲ့သို့ပင်။

ကုလားအုတ် တော်တော်များများ၏ ပါးစပ်ထဲမှ အမြှုပ်ဖြူများပင် ထွက်ကျနေကြသည်။

ပြင်းထန်သော အန္တရာယ် ခံစားချက်ကြီးက ရင်ထဲမှ ထွက်ပေါ်လာသည်။

ဤအန္တရာယ် ခံစားချက်မျိုးသည် အလွန် ရင်းနှီးနေပြီး ချန်းရီ ယခင်က အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ဖူးသည်။

ထူးဆန်းသောအရာ...

ခေါင်းမော့ကာ အဝေးဆီသို့ လှမ်းကြည့်လိုက်ရာ အလွန်တရာ ကြီးမားလှသော ခေါင်းမပါသည့်သဲမြွေကြီး တစ်ကောင် သဲကန္တာရထဲမှ ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။

နေရောင်ခြည်၏ အောက်တွင် သဲခုံများပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ အရိပ်ကြီးတစ်ခုကို ထင်ဟပ်စေ၏။

အဝေးမှ လှမ်းကြည့်လိုက်လျှင် ပေ ၁၀၀ ခန့် မြင့်မားမည်ဟု ခန့်မှန်းရသည်။

ထို့အပြင် ၎င်း၏ ခန္ဓာကိုယ် အများစုမှာ သဲခုံအောက်တွင် ရှိနေဆဲပင်။

ဤမျှ ဝေးကွာနေသည့်တိုင် ချန်းရီသည် ပြင်းထန်လှသော ဖိအားနှင့် အန္တရာယ် ခံစားချက်ကို ရရှိနေဆဲ ဖြစ်သည်။

ချန်းရီမှာ ကြည့်ရင်း အံ့သြမှင်သက်သွားရသည်။ ဤထူးဆန်းသောအရာသည် သူ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး ထူးဆန်းသောအရာ ဖြစ်သည်မှာ သေချာလှသည်။

နောက်တစ်စက္ကန့်တွင် ထိုအရာကြီးသည် ချန်းရီ၏ မျက်ဝန်းထဲ၌ လျင်မြန်စွာ ကြီးမားလာတော့သည်။

"အရမ်း မြန်တာပဲ"

ချန်းရီ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထောင်းခနဲ ထသွားရသည်။

"ပြေး"

ဤသည်မှာ ချန်းရီ၏ စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။

အကယ်၍ ခြေထောက်နှစ်ချောင်းကိုသာ အားကိုးမည်ဆိုလျှင် ၎င်းမှာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

ချန်းရီသည် ပစ်ကပ်ကားကို အနေအထား ပြန်မှန်အောင် ပြုလုပ်ရန် အလျင်အမြန် လှည့်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် စနစ်က စစ်ဆေးပေးလိုက်ရာ ပစ်ကပ်ကားမှာ ပုံမှန်အတိုင်း မောင်းနှင်နိုင်သေးကြောင်း သိလိုက်ရ၏။

"ကျေးဇူးပါစနစ်ရေ"

ဒီလို အခြေအနေမျိုး ရောက်နေတာတောင် ကားက မောင်းလို့ ရနေသေးတယ်ပေါ့...

နှမြောစရာ ကောင်းသည်မှာ ယခုအချိန်တွင် ပစ်ကပ်ကားပေါ်၌ ရိက္ခာပစ္စည်းများ အပြည့် တင်ဆောင်ထားသဖြင့် ကားကို အနေအထား အမြန်ပြန်မှန်အောင် ပြုလုပ်ရန်မှာ အလွန် ခက်ခဲနေခြင်း ဖြစ်သည်။

"တောက်... ခင်ဗျားက ဒီတိုင်း ရပ်ကြည့်နေတော့မှာလား... မသေချင်ရင် လာကူလေဗျာ"

ချန်းရီက သူ့ကို အငြိုးတကြီး စိုက်ကြည့်နေသော အဘိုးကြီးကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

အဘိုးကြီးမှာ ချန်းရီ၏ အော်ဟစ်လိုက်မှုကြောင့် အကြည့်များ ပို၍ အငြိုးကြီးလာပြီး သတ်ဖြတ်ချင်သည့် အရိပ်အယောင်များကိုပင် ဖုံးကွယ်မထားနိုင်တော့ချေ။

သူ၏ လျှပ်စစ်သုံးဘီးလေး ချန်းရီ၏ ဝင်တိုက်မှုကြောင့် ပျက်စီးသွားပြီးနောက်တွင် အဘိုးကြီးသည် လုံးဝ ဟန်ဆောင်မနေတော့ပေ။

သို့သော် မလှမ်းမကမ်းရှိ ကြောက်မက်ဖွယ် သဲမြွေကြီးကို လှမ်းကြည့်လိုက်ပြီးနောက် အဘိုးကြီး၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားပြီး ချန်းရီကို လာရောက် ကူညီပေးရတော့သည်။

သဲပြင်ပေါ်တွင် ဘေးတိုက် မှောက်ကျနေပြီး ပစ္စည်းများ အပြည့် တင်ဆောင်ထားသော ပစ်ကပ်ကားတစ်စီးကို အနေအထား ပြန်မှန်အောင် ပြုလုပ်ရန်မှာ အလွန် ခက်ခဲလှသည်။

သို့သော် ချန်းရီနှင့် ဤထူးဆန်းသော အဘိုးကြီး နှစ်ဦးစလုံးမှာ သာမန်လူများ မဟုတ်ကြပေ။

အခြေအနေက အရေးပေါ် ဖြစ်နေသဖြင့် နှစ်ယောက်စလုံး ကိုယ့်စွမ်းအားများကို ဖုံးကွယ်မထားကြတော့ဘဲ အားကုန် သုံးလိုက်ရာ ပစ်ကပ်ကားမှာ တကယ်ပင် အနေအထား ပြန်မှန်သွားခဲ့သည်။

ချန်းရီက တစ်ချက် ခုန်ပျံလိုက်ပြီး ကားပေါ်သို့ အလျင်အမြန် တက်ကာ ယာဉ်မောင်းခန်းထဲသို့ ဝင်ရောက်သွားသည်။

စက်နှိုးပြီး ဂီယာထိုးလိုက်သည်။

အင်ဂျင်ဆီမှ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။

ချန်းရီ စနစ်ကို နောက်ထပ် တစ်ကြိမ် ထပ်မံ ကျေးဇူးတင်လိုက်မိသည်။

ဆေးလိပ်တစ်လိပ်မှာ မည်သည့်အချိန်ကတည်းက ပါးစပ်ထဲ ရောက်နေမှန်း မသိရဘဲ ကားခန်းထဲတွင် ဆေးလိပ်ငွေ့များ ပျံ့နှံ့နေသည်။

"ခင်ဗျား ဘာကြောင်ကြည့်နေတာလဲ... တက်လေ"

ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း အဘိုးကြီးကို အကျယ်ကြီး အော်ပြောလိုက်သည်။

အဘိုးကြီးမှာ ခဏမျှ ကြောင်သွားပြီး ချန်းရီက သူ့ကိုပါ ခေါ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံ ရသည်။ သတ်ဖြတ်ချင်စိတ်များ အနည်းငယ် လျော့ပါးသွားပြီး သူလည်း ယာဉ်မောင်းခန်းထဲသို့ ဝင်ရောက်လာ၏။

အခြေအနေ အရေးပေါ်နေသဖြင့် လေတွေ ဝင်ထွက်နေသော ဤယာဉ်မောင်းခန်းထဲတွင် ပြန့်ကျဲမသွားသော ဆေးလိပ်ငွေ့များ ရှိနေသည်ကို အဘိုးကြီး သတိမထားမိလိုက်ပေ။

သဲမြွေကြီးသည် အလျင်အမြန် နီးကပ်လာနေပြီး ၎င်း၏ အမြန်နှုန်းမှာ လန့်ဖြန့်ဖွယ် ကောင်းလှသည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ထိုသဲမြွေကြီးသည် မျက်ဝန်းထဲ၌ သိသိသာသာ ကြီးမားလာခဲ့သည်။

သဲထဲမှ ထိုးထွက်လာတိုင်း သူတို့နှစ်ဦးဆီသို့ ရူးသွပ်စွာ ချဉ်းကပ်လာနေ၏။

ထိုသဲမြွေကြီးသည် ချန်းရီနှင့် အဘိုးကြီးကို သတိထားမိသွားသည်မှာ ထင်ရှားလှပြီး လမ်းကြောင်းပြောင်းကာ သူတို့နှစ်ဦးဆီသို့ တည့်တည့်မတ်မတ် တိုးဝင်လာလေသည်။

ချန်းရီ ကားကို မောင်းထွက်ရန် ပြင်လိုက်ချိန်တွင် အင်ဂျင်က ဟိန်းဟောက်နေသော်လည်း ကားက ရှေ့သို့ ရွေ့မသွားတော့ပေ။

သဲကန္တာရထဲတွင် ကားမောင်းလာသည်မှာ ကြာပြီဖြစ်ရာ ဤသည်မှာ ချိုင့်ဝှမ်းတစ်ခုထဲ ကျွံသွားခြင်း ဖြစ်နိုင်ကြောင်း ချန်းရီ ချက်ချင်း သတိပြုမိလိုက်သည်။

သဲကန္တာရထဲတွင် ချိုင့်ထဲကျွံခြင်းမှာ အလွန် အဖြစ်များသော ကိစ္စရပ်ပင် ဖြစ်သည်။

ချန်းရီက ကားပေါ်သို့ ယခုမှ တက်လာသော အဘိုးကြီးကို ကြည့်လိုက်သည်။ "ခင်ဗျား... မြန်မြန် ဆင်းတွန်းပေး"

အဘိုးကြီးက ဒေါသထွက်သွား၏။ "ငါက ဆင်းတွန်းရမယ်... မင်းတွန်းပါလား"

ချန်းရီက ပြန်ပြောလိုက်သည်။ "ကျုပ် ဆင်းတွန်းရင် ဘယ်သူက ကားမောင်းမှာလဲ... မြန်မြန်လုပ်... ဟိုကောင်ကြီး လာနေပြီ"

အဘိုးကြီးက နောက်ကြည့်မှန်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပင် ခုနက ချန်းရီအပေါ် ထားရှိခဲ့သော ကျေးဇူးတင်စိတ်များမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ယခုအချိန်သည် အပိုစကားများ ပြောနေရမည့် အချိန်မဟုတ်ကြောင်း သိသဖြင့် အဘိုးကြီးက အလျင်အမြန် ကားပေါ်မှ ဆင်းလိုက်သည်။

ချန်းရီအနေဖြင့် ထိုအဘိုးကြီး ဘယ်လို လုပ်လိုက်သည်ကို မမြင်လိုက်ရဘဲ အဘိုးကြီး ကားပေါ်မှ ဆင်းသွားပြီးနောက် မကြာမီမှာပင် ကားသည် စတင် ရွေ့လျားလာသည်ကိုသာ ခံစားလိုက်ရ၏။

"အဘိုးကြီး... တက်... မြန်မြန်"

ကား ပြန်လည် ရွေ့လျားနိုင်သွားပြီးနောက် ချန်းရီက အဘိုးကြီးကို အကျယ်ကြီး အော်ခေါ်လိုက်သည်။

အဘိုးကြီး၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ကြောင်သွားပြန်သည်။ ဒီလူငယ်က အနည်းငယ် ရွံစရာကောင်းသော်လည်း ငါ့အပေါ် ကောင်းရှာသေးတာပဲ၊ ငါ့ကို စောင့်ရကောင်းမှန်း သိသားပဲ။

အဘိုးကြီး၏ အမြန်နှုန်းမှာ အလွန် အံ့မခန်း မြန်ဆန်လှပြီး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကားထဲသို့ ဝင်ရောက်လာသည်။

သို့သော် အဘိုးကြီးဘက်ရှိ ကားတံခါးမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။ ခုနက ကားတိုက်မှုကြောင့် ကားတံခါး ပျက်စီးသွားခဲ့ပြီး ယခုလို အတင်းဝင်ရောက်လိုက်ချိန်တွင် ကားတံခါးမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေတော့သည်။

သွားပါပြီ... ဤပစ်ကပ်ကားလေးမှာ ပို၍ပင် စုတ်ပြတ်သတ်သွားချေပြီ။

အဘိုးကြီး ကားပေါ် ရောက်လာသည်။

ချန်းရီက လီဗာကို အဆုံးထိ ဖိနင်းချလိုက်၏။

ပစ်ကပ်ကားမှာ နောက်တစ်ကြိမ် အရှိန်မြှင့်တင်သွားသည်။

ဂီယာ (၁) မှ ဂီယာ (၂) သို့...

ဂီယာ (၂) မှနေ၍ ဂီယာ (၅) သို့ တိုက်ရိုက် ကျော်ချလိုက်သည်။

ချန်းရီ၏ ရူးသွပ်သော မောင်းနှင်မှုအောက်တွင် ပစ်ကပ်ကားသည် ယခင်က မရှိဖူးသော စွမ်းအင်များကို ပေါက်ကွဲထွက်လာစေသည်။

အမြန်နှုန်းမှာ နောက်တစ်ကြိမ် အဆုံးစွန်ထိ ရောက်ရှိသွား၏။

သို့သော် အနောက်ဘက်ရှိ သဲမြွေကြီးသည် ပစ်ကပ်ကား၏ အနောက်သို့ အသေအလဲ ကပ်လိုက်လာပြီး နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာနေသည်။

အစွမ်းကုန် ပေါက်ကွဲမောင်းနှင်နေသော ပစ်ကပ်ကား ဖြစ်သည့်တိုင် အနောက်ဘက်ရှိ ခေါင်းမဲ့သဲမြွေကြီးကို ခါချနိုင်ခြင်း မရှိသေးပေ။

"မူးးးးးးးးးးးးး"

နွားအော်သံနှင့် ဆင်တူသော်လည်း နွားအသံထက် များစွာ ပိုမို ဩရှလေးလံသော အသံကြီးတစ်သံက နားထဲသို့ ဝင်ရောက်လာပြီး ပတ်ဝန်းကျင် လေထုထဲတွင်ပင် ပဲ့တင်ထပ်သွားစေ၏။

ချန်းရီ နောက်ကြည့်မှန်ကို တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများ ထွက်လာတော့သည်။

ဧရာမ အရိပ်ကြီးက ပစ်ကပ်ကား တစ်စီးလုံးကို ဖုံးလွှမ်းသွားသည်။

ခေါင်းမဲ့သဲမြွေကြီးက ၎င်း၏ ပါးစပ်ကို ဟထားပြီး ပါးစပ်ထဲတွင် ချွန်ထက်သော သွားများက ပြည့်နှက်နေ၏။

သေးငယ်သော မျက်လုံးများက ခေါင်းမဲ့သဲမြွေကြီး၏ ခေါင်းပိုင်း တစ်ခုလုံးတွင် ပြည့်နှက်နေပြီး မြင်ရသူအဖို့ ခေါင်းနပန်းကြီးသွားကာ အပေါက်ငယ်များ စုဝေးနေခြင်းကို ကြောက်ရွံ့သော ရောဂါပင် ထလာစေနိုင်သည်။

နောက်တစ်စက္ကန့်တွင် သူနှင့် ဤကားလေးပါ သဲမြွေကြီး၏ ဗိုက်ထဲမှ အစာ ဖြစ်သွားနိုင်ပေသည်။

ထိုအချိန်မှာပင် ဆေးလိပ်ငွေ့များဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က ကြောက်လန့်နေသော အဘိုးကြီးကို ဆွဲဖမ်းလိုက်ပြီး ယာဉ်မောင်းခန်းထဲမှ ဆွဲထုတ်ကာ ခေါင်းမဲ့သဲမြွေကြီးဆီသို့ ပစ်ပေါက်လိုက်လေသည်။

အဘိုးကြီး သတိဝင်လာချိန်တွင် သူသည် သဲမြွေကြီး၏ ချွန်ထက်သော သွားများ အပြည့်ရှိသည့် ပါးစပ်ကြီးနှင့် ၃ ပေပင် မကွာတော့ကြောင်း တွေ့လိုက်ရသည်။

အဘိုးကြီး သဘောပေါက်သွားသည်။ ယခင်က ဤကောင်သည် အဆုံးစွန်ထိ မဆိုးသွမ်းသေးဘဲ သူလို အဘိုးကြီးကိုတောင် ဂရုစိုက်တတ်သေးသည်ဟု ထင်ခဲ့မိသည်။

ရလဒ်အနေဖြင့် သူ့ကို အိမ်မြှောင်၏ အမြီးဖြတ်ပြေးသော အမြီးနေရာတွင် အစားထိုးခံလိုက်ရခြင်း ဖြစ်နေသည်။

"ချန်းရီ... ခွေးမသား"

ဆက်ရန်...

All Chapters