အခန်း ၉၄
Vol. 5 Ch. 94
အပိုင်း(၉၄) မြွေခံတွင်းမှ လွတ်မြောက်ခြင်း
ချန်းရီက အဘိုးအို၏ သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးကို ဝင်တိုက်မိသည်ကို တောင်းပန်ခြင်း မပြုသည့်အပြင် လဲကျနေသော သူ၏ကားကိုပင် ပြန်ထူပေးရန် ခိုင်းစေခဲ့သေး၏။
ထို့ထက်မက ကားတွန်းရာတွင်ပင် ကူညီခိုင်းခဲ့သေးသည်။
ထိုမျှ "သဘောကောင်း" သော ချန်းရီက အန္တရာယ်နှင့် ကြုံတွေ့လာရချိန်တွင်မူ ထိုအဘိုးအိုကို မည်သည့်အားနာမှုမျှမရှိဘဲ လွှင့်ပစ်ခဲ့လေသည်။
ချန်းရီက ဤမျှ မျက်နှာပြောင်တိုက်ပြီး သွေးအေးရက်စက်လိမ့်မည်ဟု အဘိုးအိုမှာ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ပေ။
အလွှာလိုက် ဖြစ်နေသော ချွန်ထက်သည့် သွားအုပ်ကြီး၏ ဝါးမျိုခြင်းကို ခံရတော့မည်ကို မျက်ဝါးထင်ထင် ကြည့်နေခဲ့ရ၏။
အဘိုးအိုမှာ မကျေနပ်မှုများနှင့်အတူ ဒေါသထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်က အလျင်အမြန် ပြောင်းလဲသွားကာ ကျောကုန်းတွင် ကြီးမားသော အဖုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အဝတ်အစားများ ပြဲစုတ်သွားကာ ဖြူဖျော့နေသော ခေါင်းတစ်လုံး ထွက်ပေါ်လာလေသည်။
ချန်းရီက နောက်ကြည့်မှန်မှတစ်ဆင့် ထိုခေါင်းကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွား၏။
ဒါ ခါးကုန်းရုပ်သေးအဘိုးအိုပဲ။
ချန်ရှုရွာတွင် ကြုံတွေ့ခဲ့ရသော ထိုထူးဆန်းသည့်အရာက ယာဉ်တန်းထဲတွင် အမြဲတမ်း ပုန်းကွယ်နေခဲ့လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
ချန်ရှုရွာကတည်းက ဤအဘိုးအိုက ယာဉ်တန်းနောက်သို့ အမြဲတမ်း လိုက်ပါလာခဲ့ခြင်းများလား။
သို့တည်းမဟုတ် သူ့နောက်သို့ လိုက်လာခဲ့ခြင်းလား။
ဤအဘိုးအိုတွင် မည်သည့် ရည်ရွယ်ချက်များ ရှိနေသနည်း။
ယာဉ်တန်းနောက်သို့ လိုက်ပြီး သူ ဘာလုပ်ချင်နေတာလဲ။
ခါးကုန်းရုပ်သေးအဘိုးအို၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ပြင်းထန်သော အမည်းရောင် အငွေ့များ ပန်းထွက်လာပြီး ကျောကုန်းပေါ်ရှိ ခေါင်းထံမှလည်း ထိုနည်းတူပင် ဖြစ်သည်။
ထိုမြင်ကွင်းတစ်ခုလုံးက အလွန်တရာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။
ခါးကုန်းရုပ်သေးအဘိုးအိုနှင့် သဲမြွေတို့ကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ဟု ချန်းရီက ထင်မှတ်လိုက်ချိန်မှာပင်။
သဲမြွေက ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ခါးကုန်းရုပ်သေးအဘိုးအိုကို တစ်လုပ်တည်းဖြင့် ဗိုက်ထဲသို့ မျိုချလိုက်ပြီးနောက် သဲခုံထဲသို့ ထိုးဆင်းသွားကာ သဲမှုန်များကို လွင့်စင်သွားစေသည်။
ဤသို့သော မျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင်။
ပစ်ကပ်ကားက အနည်းငယ် ရှေ့သို့ ရောက်သွားခဲ့ပြီး သဲမြွေ၏ တိုက်ခိုက်မှု အကွာအဝေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
ပစ်ကပ်ကား၏ အင်ဂျင်က ဟိန်းဟောက်နေဆဲဖြစ်ပြီး အချိန် တစ်မိနစ်၊ မဟုတ်သေး၊ အချိန် စက္ကန့်နှစ်ဆယ်သာ ရမည်ဆိုပါက ပစ်ကပ်ကားက သဲမြွေ၏ တိုက်ခိုက်မှု အကွာအဝေးမှ လွတ်မြောက်သွားနိုင်မည် ဖြစ်သည်။
နဖူးမှ ချွေးများက မျက်နှာပေါ်တွင် မြောင်းလေးတစ်ခုသဖွယ် စီးကျလာပြီး လည်ပင်းထဲသို့ ဝင်ရောက်သွား၏။
အင်ဂျင်သံက ဆက်လက် ဟိန်းဟောက်နေပြီး ချန်းရီက ကားကိုယ်ထည်၏ တုန်ခါမှုကိုပင် ခံစားနေရသည်။
ညာဘက်ခြေထောက်က လီဗာကို အသေနင်းထားပြီး အနည်းငယ်မျှပင် မလျှော့ရဲပေ။
စတီယာရင်ကလည်း တဆတ်ဆတ် တုန်ခါနေ၏။
ဤအချိန်တွင် စက္ကန့်တိုင်းက အသက်နှင့်တမျှ အရေးကြီးလှသည်။
အသက်ရှင်ကျန်ရစ်သူအဖြစ် ဟန်ဆောင်ထားသော ဤခါးကုန်းရုပ်သေးအဘိုးအိုကိုပင် မပြောနှင့်။
ဤအချိန်၌ ခေါင်းဆောင်ချူက ယာဉ်မောင်းဘေးခုံတွင် ထိုင်နေမည်ဆိုလျှင်ပင် ချန်းရီက သူ့ကို ကားပေါ်မှ တွန်းချရန် အနည်းငယ်မျှ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ခွေးမသား ခေါင်းဆောင်ချူ၊ ယာဉ်တန်းထဲတွင် ဤမျှထူးဆန်းသည့်အရာ ရှိနေသည်ကို သူက လုံးဝ မရိပ်မိဘူးလား။
ဒီလမ်းပြသူလမ်းစဉ်က တကယ်ရော အသုံးကျသေးရဲ့လား။
အကယ်၍သာ အသက်ရှင်လျက် ပြန်ရောက်သွားပါက ချန်းရီက ချူချယ်၏ ကော်လာကိုဆွဲကာ မည်သို့မည်ပုံ ခေါင်းဆောင် လုပ်နေသနည်းဟု မေးပစ်ရမည်။
သဲမြွေက သဲခုံထဲသို့ ဝင်ရောက်သွားပြီးနောက် ပြန်လည် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
သဲခုံမျက်နှာပြင်က တည်ငြိမ်နေပြီး ခုနက ဖြစ်ပျက်ခဲ့သမျှက တစ်ခါမှ မဖြစ်ခဲ့ဖူးသကဲ့သို့ ရှိနေ၏။
သို့သော် ချန်းရီက အနည်းငယ်မျှ စိတ်မချရဲဘဲ ခြေထောက်ရှိ လီဗာကိုသာ ပို၍ အသေနင်းထားလိုက်သည်။
ကားက ပေငါးဆယ်ခန့် ပြေးထွက်သွားပြီးနောက်မှသာ ချန်းရီက သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
ချန်းရီ၏ စိတ်ထဲတွင် သဲမြွေက အဘယ်ကြောင့် လိုက်မလာသေးသနည်းဟု သံသယ ဝင်နေချိန်မှာပင်။
"ဝုန်းးးးးးးးး"
အနောက်ဘက်ရှိ သဲခုံထံမှ သဲမှုန်များ ကောင်းကင်ယံအပြည့် ပေါက်ကွဲထွက်လာပြီး သဲခုံထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
သဲမှုန်များက အမြင့်ပေသုံးရာခန့်အထိ လွင့်စင်သွား၏။
ထို့နောက် ပြန်လည်ကျဆင်းလာကာ ကားခေါင်မိုးပေါ်သို့ မိုးရွာချသကဲ့သို့ ဖျောက်ဖျောက်မြည်အောင် ကျလာလေသည်။
ချန်းရီက နောက်ကြည့်မှန်ကို စိုက်ကြည့်နေမိရာ သဲမြွေက သဲခုံထဲတွင် လူးလှိမ့်နေပြီး သဲမြွေခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုက ကြီးမားစွာ ဖောင်းကြွနေသည်ကို တွေ့လိုက်ရသည်။
မြွေခေါင်းပေါ်ရှိ ပြည့်နှက်နေသော မျက်လုံးများက ပြူးကျယ်နေ၏။
"ဝေါင်းးးးးးး"
ထိုနက်ရှိုင်းပြီး ထိုးဖောက်နိုင်စွမ်းရှိသော အသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။
မျက်စိဖြင့် မြင်တွေ့နိုင်သော အသံလှိုင်းများက သဲခုံပေါ်တွင် ပေါက်ကွဲသွား၏။
အသံလှိုင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သဲမှုန်များ လွင့်ပျံသွားလေသည်။
အသံလှိုင်းက ပစ်ကပ်ကားကို ဖြတ်ကျော်သွားချိန်တွင် ချန်းရီက ကားထံမှ ထွက်ပေါ်လာသော ကျွီကျွီမြည်သံများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
အသံလှိုင်းက ချန်းရီ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။
ချန်းရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ကျောကုန်းကို တူကြီးတစ်လက်ဖြင့် အားကုန် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက အံကြိတ်ထားပြီး ထိုသို့ဖြစ်နေလျှင်ပင် အနည်းငယ်မျှ မလျှော့ရဲပေ။
ဤသဲမြွေက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"ခွမ်း... ခွမ်း"
ကားနောက်ကြည့်မှန် နှစ်ခုစလုံးက အသံလှိုင်းကြောင့် တိုက်ရိုက် ကွဲကြေသွားခဲ့သည်။
ယခုအခါ ဤပစ်ကပ်ကားတွင် နောက်ကြည့်မှန်ပင် မရှိတော့ပေ။
ချန်းရီက ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားရပြီး ခေါင်းထဲတွင်လည်း မူးဝေနောက်ကျိနေ၏။
သို့သော် ခြေထောက်ရှိ လီဗာကိုမူ အနည်းငယ်မျှ မလျှော့ထားခဲ့ပေ။
ပစ်ကပ်ကား၏ ကိုယ်ထည်က ယိမ်းယိုင်နေသော်လည်း ဆက်လက်၍ အရှိန်ပြင်းပြင်းဖြင့် ပြေးနေဆဲ ဖြစ်သည်။
အနောက်ဘက်မှ ထိုနက်ရှိုင်းသော ဟိန်းဟောက်သံကြီးက ဆက်လက် ထွက်ပေါ်လာသည်။
ဟိန်းဟောက်သံ တစ်ချက်ထွက်ပေါ်လာတိုင်း မျက်စိဖြင့် မြင်နိုင်သော အသံလှိုင်းကွင်းတစ်ခုကို ဖြစ်ပေါ်စေပြီး သဲမှုန်များကို လွင့်ပျံစေ၏။
နောက်ကြည့်မှန် မရှိလျှင်ပင် ချန်းရီက အနောက်ဘက်တွင် ဖြစ်ပျက်နေသောအရာများကို မျက်စိထဲ၌ မြင်ယောင်နိုင်စွမ်း ရှိနေသည်။
အသံလှိုင်းကွင်းများက တစ်ခုပြီးတစ်ခု ဝင်ရောက်တိုက်ခိုက်လာရာ ကားကိုယ်ထည်ပေါ်တွင် ကျန်ရစ်နေသည့် ဆေးအနည်းငယ်ပင်လျှင် အသံလှိုင်းများကြောင့် ကွာကျသွားပြီး သတ္တု၏ မူလအရောင် ထွက်ပေါ်လာလေသည်။
နေရာအတော်များများတွင် ချိုင့်ခွက်များ ဖြစ်ပေါ်လာ၏။
ချန်းရီက သူ၏ ကိုယ်တွင်းအင်္ဂါများ တုန်ခါနေသည်ကိုပင် ခံစားနေရသည်။
နီရဲသော သွေးများက ပါးစပ်ထောင့်မှ စီးကျလာ၏။
မျက်နှာအမူအရာကလည်း သိပ်မကောင်းလှပေ။
အသံလှိုင်း၏ ရိုက်ခတ်မှုက သိသိသာသာ အားနည်းသွားပြီး သူ့ကို လုံးဝ အန္တရာယ် မပေးနိုင်တော့သည်ကို သေချာပေါက် ခံစားလိုက်ရသည့်အချိန် ရောက်မှသာ။
ချန်းရီက ကားထဲမှ ခေါင်းပြူထွက်ကာ အနောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ဤသို့လုပ်ခြင်းက သေလမ်းရှာခြင်း မဟုတ်ပေ။
ထိုသဲမြွေ သေ၊ မသေကို သိရှိလိုခြင်းသာ ဖြစ်ပြီး နောင်တစ်ချိန်တွင် ပြန်လည်ဆုံတွေ့ပါက အနည်းဆုံးတော့ အချက်အလက် အချို့ကို ကြိုတင် သိရှိထားနိုင်ရန် ဖြစ်သည်။
ဤအချိန်တွင် ပစ်ကပ်ကားက ပွက်ပွက်ဆူနေသော သဲပင်လယ်ကြီးနှင့် အနည်းဆုံး ပေသုံးရာကျော်ခန့် ကွာဝေးနေပြီ ဖြစ်သည်။
သဲမြွေက သဲပင်လယ်ကြီးထဲတွင် လူးလှိမ့်နေသည်ကို တစ်ခါတစ်ရံ မြင်တွေ့နေရ၏။
ထိုခါးကုန်းရုပ်သေးအဘိုးအိုက သဲမြွေ၏ ဗိုက်ထဲသို့ မျိုချခံလိုက်ရသည်မှာ သိသာထင်ရှားလှသည်။
သဲမြွေကို ဤမျှအထိ ဒုက္ခပေးနိုင်သည်ကို ကြည့်လျှင် ခါးကုန်းရုပ်သေးအဘိုးအိုကလည်း သာမန်မဟုတ်သည်မှာ သေချာနေသည်။
အင်ဂျင်က ဆက်လက်၍ ဆူညံစွာ ဟိန်းဟောက်နေ၏။
ပစ်ကပ်ကား၏ အရှိန်က တစ်ခါမှ မလျော့ကျသွားခဲ့ပေ။
လေကာမှန် မရှိတော့သဖြင့် လွင့်ပျံလာသော သဲများက ချန်းရီ၏ မျက်နှာကို ရိုက်ခတ်နေရာ အနည်းငယ် နာကျင်နေသည်။
သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်တွင် အရှေ့ဘက်ရှိ သဲခုံပေါ်မှ ကုလားအုတ်တစ်ကောင် ပြေးလာနေသည်ကို ချန်းရီက မြင်လိုက်ရ၏။
ကုလားအုတ်၏ ကျောပေါ်တွင် ဆံပင်ရှည်များ လွင့်ဝဲနေသော အရိပ်တစ်ခု ရှိနေသည်။
ဒါ ရွှီနန်ဆိုတဲ့ ကောင်ပဲ။
...
ရွှီနန်က ယာဉ်တန်းနှင့်အတူ ထွက်ပြေးစဉ်ကတည်းက အနောက်ဘက်မှ ထူးဆန်းသည့်အရာတစ်ခု လိုက်လာနိုင်ကြောင်း ရိပ်မိနေခဲ့သည်။
ရွှေ့ပြောင်းနေထိုင်ရသော ဘဝများတွင် ဤကဲ့သို့သော အခြေအနေမျိုးက အလွန် ပုံမှန်သာ ဖြစ်နေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့်အရာများနှင့် ရင်ဆိုင်ရချိန်တွင် လူသားများ၏ သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင်များပင်လျှင် အသက်ဘေးမှ လွတ်မြောက်နိုင်ရုံသာ တတ်နိုင်ကြသည်။
ကုလားအုတ်၏ အရှိန်က ဘီးလေးဘီးပါသော ကားလောက် မြန်မည်မဟုတ်သည်မှာ သေချာလှသည်။
ထို့ကြောင့် ချန်းရီ၏ကား မှောက်သွားချိန်တွင် အနောက်ဘက်ရှိ ရွှီနန်က ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရ၏။
ထိုကောင်လေးက ကုလားအုတ်စီးကာ ချန်းရီ၏ကားက ဘေးရှိ သက်ကြီးသုံးလျှပ်စစ်သုံးဘီးလေးကို ဝင်တိုက်သွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရလေသည်။
ရွှီနန်၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချန်းရီအပေါ် သစ္စာစောင့်သိကာ သူ၏ ခွေးတစ်ကောင်အဖြစ် နေထိုင်လိုကြောင်း ခုနကမှ ဖော်ပြခဲ့ရုံသာ ရှိသေးသည်။
အဆုံးတွင်တော့ တစ်ဖက်လူက သေသွားခဲ့ပြီလား။
ရွှီနန်က ကုလားအုတ်ကျောပေါ်တွင် စီးနင်းကာ ကုလားအုတ်၏ လှုပ်ရှားမှုနှင့်အတူ ခန္ဓာကိုယ်က နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
မည်မျှကြာအောင် ပြေးလာခဲ့မိသည်ကိုပင် မသိတော့ပေ။
ရွှီနန်က လှည့်ကြည့်လိုက်ချိန်တွင် အဝေးရှိ သဲခုံပေါ်၌ အစက်လေးနှစ်စက်ကိုသာ မြင်တွေ့နေရသည်။
ကြောက်မက်ဖွယ် ဖိအားများ ပါဝင်နေသော သဲမြွေလည်း ရှိနေ၏။
ရွှီနန်၏ မျက်လုံးများက ထိတ်လန့်နေသည်နှင့် တစ်ချိန်တည်းမှာပင် ချန်းရီ သေသွားမည်ကိုလည်း စတင် စိုးရိမ်လာခဲ့သည်။
ရွှီနန်နှင့် ချန်းရီတို့၏ ဆက်ဆံရေးက ထိုမျှအထိ နက်ရှိုင်းနေခြင်းကြောင့်တော့ မဟုတ်ပေ။
ပထမအချက်အနေဖြင့် ချန်းရီက မိုဟိုင်ရမ်ကို သတ်ဖြတ်လိုက်ခြင်းမှာ သူ၏ အရှက်ကွဲမှုကို ဆေးကြောပေးလိုက်ပြီး သူ့အတွက် လက်စားချေပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒုတိယအချက်အနေဖြင့် ရွှီနန်က ချန်းရီနှင့် နီးစပ်လိုပြီး ချန်းရီ၏ အကာအကွယ်ကို ရယူလိုကာ သဘာဝလွန်လမ်းစဉ်ကို အားကိုး၍ သူ၏ ညီမဖြစ်သူကို ရှာဖွေလိုခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ရွှီနန်သည် ပရိသတ် သန်းချီရှိသူဖြစ်ပြီး သူ့ကို အားကိုး၍ စားသောက်နေရသူများမှာလည်း မနည်းလှပေ။
သို့သော် ယခုကဲ့သို့ ကမ္ဘာပျက်ကပ် အပြီးတွင်မူ မည်သည့် သန်းချီသော ပရိသတ်မှ သဘာဝလွန် လမ်းစဉ်လောက် အသုံးမဝင်တော့ပေ။
ရွှီနန်က အံကြိတ်ကာ စိတ်ကို တင်းလိုက်ပြီး လောင်းကြေးထပ်လိုက်လေသည်။
ထို့ကြောင့်ပင် လူအားလုံး၏ အံ့သြနေသော အကြည့်များကြားတွင် ရွှီနန်က ကုလားအုတ်ကို လှည့်ကာ အနောက်ဘက်သို့ တရှိန်ထိုး ပြေးသွားခဲ့ခြင်း ဖြစ်သည်။
...
ချန်းရီ၏ ပစ်ကပ်ကားက ပို၍ စုတ်ပြတ်နေသည်ကို ရွှီနန်က မြင်လိုက်ရ၏။
ထိုပစ်ကပ်ကားက သဲမှုန်များကို လွင့်ပျံစေကာ ရွှီနန်ဆီသို့ အလျင်အမြန် ချဉ်းကပ်လာသည်။
"ဆရာချန်း... ဆရာ..."
ရွှီနန် စကားပြောခွင့် မရလိုက်ခင်မှာပင် ချန်းရီ၏ ပစ်ကပ်ကားက ရွှီနန်၏ ဘေးမှ ဖြတ်ကျော်သွားပြီး အရှေ့ဘက်ရှိ ယာဉ်တန်းဆီသို့ တိုက်ရိုက် လိုက်သွားခဲ့သည်။
ရွှီနန်က ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အံကြိတ်ကာ ကုလားအုတ်ကို တစ်ဖန် ပြန်လှည့်၍ နောက်မှ လိုက်သွားလေသည်။
ကားထဲရှိ ချန်းရီကမူ အနည်းငယ် စိတ်လှုပ်ရှားနေ၏။
လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ကို ရင်ဘတ်ထဲသို့ နှိုက်ကာ ဆေးလိပ်တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်သည်။
ခုနက သဲမြွေ၏ ခံတွင်းထဲမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုအချိန်က သူသာ အနည်းငယ် တုံ့ဆိုင်းနေခဲ့မည်ဆိုလျှင် (သို့မဟုတ်) စက္ကန့်အနည်းငယ် နောက်ကျသွားခဲ့မည်ဆိုလျှင် ယခုအချိန်၌ သဲမြွေ၏ ဗိုက်ထဲသို့ ရောက်သွားမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်နေပေလိမ့်မည်။
သေမင်းနှင့် ပခုံးချင်းယှဉ်သွားရသည့် ဤကဲ့သို့သော စိတ်လှုပ်ရှားမှုကြောင့် ချန်းရီ၏ သွေးများ အလွန်အမင်း ပူလာပြီး ဆေးလိပ်မီးညှိနေသော လက်များမှာ ယခုအချိန်အထိ အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။
ဤတစ်ကြိမ် သူခိုးချင်း ပြန်လုသည့် ကိစ္စတွင် ကုလားအုတ်ယာဉ်တန်းကို သိမ်းပိုက်လိုက်နိုင်သဖြင့် ပစ္စည်းမည်မျှ ရရှိခဲ့သည်ကိုပင် ဆိုဖွယ်ရာ မရှိတော့ပေ။
သူ ရရှိခဲ့သော သတ်ဖြတ်မှတ်များနှင့် ခုနကမှ တွက်ချက်ပြီးစီးသွားသော သဘာဝလွန် လေ့ကျင့်ရေး ကျင့်စဉ်တို့ကပင် ကြီးမားသော အကျိုးအမြတ်ကြီးတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဆက်ရန်...