← Chapters

အခန်း ၉၅

Vol. 5 Ch. 95

အခန်း ၉၅

Vol. 5 Ch. 95

အပိုင်း(၉၅) အလစ်သမား နှစ်ယောက်

ချန်းရီက ယာဉ်တန်းကို မှီသွားချိန်တွင် သွေးရောင်လမင်းကြီးက ကောင်းကင်ယံ၌ မြင့်မားစွာ သာလွန်နေပြီ ဖြစ်၏။

သွေးရောင်အလင်းတန်းများက သဲခုံများပေါ်တွင် လွှမ်းခြုံကျဆင်းနေသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင် ယာဉ်တန်း၏ အရွယ်အစားက ယခင်ကထက် များစွာ ပိုမို ကြီးမားနေသည်ကို မြင်တွေ့ရသည်။

တစ်ဖက်တွင် ကုလားအုတ် အကောင်ရေ ဆယ်ဂဏန်းခန့်က သဲခုံများပေါ်၌ နေရာအနှံ့ ဝပ်နေကြ၏။

အခြားတစ်ဖက်တွင်မူ ကားအချို့က တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နားထားကြသည်။

အလယ်တွင် မီးပုံကြီးတစ်ခု ရှိပြီး ခေါင်းဆောင်ချူ၊ ထယ်ရှီးနှင့် စွန်းချန်းချန်းတို့က ထိုမီးပုံကြီးရှေ့တွင် ဝိုင်းထိုင်နေကြသည်။

ဘေးပတ်လည်တွင် ပို၍သေးငယ်သော မီးပုံငယ်လေးများလည်း ရှိနေသေး၏။

မီးပုံတိုင်း၏ ရှေ့တွင် အသက်ရှင်ကျန်ရစ်သူ အချို့က ဝိုင်းရံထိုင်နေကြသည်။

မီးပုံများပေါ်တွင် တစ်စုံတစ်ခုကို ကင်နေကြ၏။

အဝေးမှပင် ထူးဆန်းသော အသားကင်နံ့တစ်ခုကို ရရှိနေသည်။

ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးက တဂျုန်းဂျုန်း မြည်ဟည်းကာ ပြန်လည်ရောက်ရှိလာချိန်တွင် လူအများအပြားက ခေါင်းလှည့်ကြည့်လာကြသည်။

ကားက တဖြည်းဖြည်း ရပ်တန့်သွား၏။

ချန်းရီက ကားပေါ်မှ ဆင်းလာသည်။ သူ၏ ဆံပင်မှစ၍ မျက်နှာနှင့် ကိုယ်ပေါ်ရှိ အဝတ်အစားများအထိ ဖုန်မှုန့်များ ဖုံးလွှမ်းနေသဖြင့် သူတစ်ကိုယ်လုံး ဖုန်လူသားတစ်ယောက်အလား ဖြစ်နေသည်။

ပုတ်ခတ်နေသေးသော မျက်လုံးတစ်စုံနှင့် ပါးစပ်ထဲမှ ဖြူဖွေးနေသော သွားများကသာ သူ့ကို လူတစ်ယောက်မှန်း သိသာစေတော့၏။

"ထွီ... ထွီ... ထွီ"

ချန်းရီ ကားပေါ်မှ ဆင်းဆင်းချင်း ပထမဆုံးလုပ်သည့် အလုပ်မှာ ပါးစပ်ထဲမှ သဲများကို မရပ်မနား ထွေးထုတ်ပစ်ခြင်းပင် ဖြစ်သည်။

ကားလေကာမှန် မရှိသည့် အခြေအနေမျိုးတွင်။

ချန်းရီက လမ်းတစ်လျှောက်လုံး သဲများကို စားလာခဲ့ရသည်ဟု ဆိုနိုင်၏။

ကိုယ်ပေါ်ကို အနည်းငယ် ပုတ်ခတ်လိုက်ရုံဖြင့် သဲမှုန့်များက အလုံးအရင်းနှင့် ထောင်းခနဲ ထွက်လာသည်။

ပစ်ကပ်ကား၏ အခြေအနေမှာလည်း သိပ်မထူးခြားလှပေ။

ကားတစ်စီးလုံး ဖုန်တက်နေသည်သာမက ဘယ်ညာ ကားတံခါး နှစ်ပေါက်လုံးလည်း ပျောက်ဆုံးနေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် ကျန်ရစ်နေသော တစ်ခုတည်းသော ကားတံခါးမှာလည်း လမ်းကြမ်းဒဏ်ကို မခံနိုင်တော့ဘဲ လမ်းတစ်ဝက်၌ ပြုတ်ကျကျန်ရစ်ခဲ့၏။

ထိုအချိန်က ချန်းရီသည် အသက်လု ထွက်ပြေးနေရသဖြင့် ကားတံခါးကို ပြန်ကောက်ရန် အချိန်မရှိခဲ့ပေ။

ထို့ကြောင့် ဤပစ်ကပ်ကားကြီးတွင် လေကာမှန်လည်း မရှိသလို ဘေးနှစ်ဖက်ရှိ ကားတံခါးများလည်း မရှိတော့ခြင်း ဖြစ်သည်။

ကား၏ ပုံပန်းသဏ္ဌာန်တစ်ခုလုံးက အလွန်တရာ ကြမ်းတမ်းခက်ထန်နေပုံ ပေါက်နေတော့သည်။

"ချန်းရီလား"

ခေါင်းဆောင်ချူက လက်နှိပ်ဓာတ်မီး တစ်လက်ကို ဖွင့်လိုက်ရာ မီးရောင်က လှမ်းထိုးလာ၏။

"ငါ မဟုတ်လို့ ဘယ်သူ ဖြစ်ရဦးမှာလဲ"

"မင်းတို့က သောက်ရမ်း သစ္စာရှိတာပဲ... ငါ့ကိုတောင် လှည့်မကြည့်ဘဲ ထွက်ပြေးကြတယ်... တကယ်လို့ ငါ ပြန်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ"

"ပြန်မလာနိုင်ရင်လည်း လူ့အဖွဲ့အစည်းအတွက် အဖျက်သမားတစ်ကောင် လျော့သွားတယ်လို့ သဘောထားလိုက်မှာပေါ့"

"မင်းကားက ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

"ပြန်လာနိုင်တာကိုပဲ ကျေးဇူးတင်လှပြီ"

ယခုအခါ အားလုံးက ရင်းနှီးနေကြပြီ ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင် ကျီစယ်တတ်နေကြပြီ ဖြစ်သည်။

ချန်းရီက ခေါင်းဆောင်ချူ၏ နောက်ပြောင်မှုကို လုံးဝ ဂရုမစိုက်ဘဲ မီးပုံရှေ့သို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

မူလက ချန်းရီသည် ယခင်က ကြားထားခဲ့ရသော သဘာဝလွန်ပစ္စည်း တစ်ခု ရရှိခဲ့သည်ဆိုခြင်းမှာ မည်သည့်အရာ ဖြစ်ကြောင်းကို မေးမြန်းချင်ခဲ့သည်။

သို့သော် ယခုလက်ရှိ အခြေအနေအရ ခဏစောင့်ပြီးမှသာ မေးရတော့မည် ဖြစ်သည်။

လေးယောက်အဖွဲ့ထဲတွင် သိသိသာသာပင် လူတစ်ယောက် ပိုလာခဲ့၏။

ထိုသူမှာ တင်းတုံ ဟုခေါ်သော အမျိုးသမီးပင် ဖြစ်သည်။

သူတို့နှစ်ဦးသည် ယခင်က ထိုမကောင်းဆိုးဝါး လမ်းစဉ် အစွမ်းပိုင်ရှင်ကို အတူတကွ ပူးပေါင်း လုပ်ကြံခဲ့ကြဖူးသဖြင့် မိတ်ဆွေဟောင်းများဟု ဆိုနိုင်ပေသည်။

ချန်းရီက သူမကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။

တင်းတုံကလည်း ယဉ်ကျေးစွာဖြင့် တုံ့ပြန် နှုတ်ဆက်လာ၏။

"အနံ့မွှေးလိုက်တာ... မင်းတို့ ကုလားအုတ်တစ်ကောင်ကို သတ်လိုက်ကြတာလား"

ဆံပင်ပန်းရောင်နှင့် ကောင်မလေးက နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်... ကျွန်မ ကုလားအုတ်သား တစ်ခါမှ မစားဖူးဘူး... စားလို့ကောင်းမလား မသိဘူးနော်"

ကောင်မလေးမှာ သွားရည်ကျနေသည့်ပုံ ပေါက်နေပြီး စကားပြောနေစဉ်မှာပင် တံတွေးများကို မရပ်မနား မျိုချနေ၏။

တကယ်တော့ ထိုကောင်မလေးသာ သွားရည်ကျနေခြင်း မဟုတ်ဘဲ လူအများအပြားမှာလည်း အလားတူပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်ပိုင်း စားရသော အသားအများစုမှာ အသားကျပ်တိုက် သို့မဟုတ် အသားခြောက်များသာ ဖြစ်ပြီး လတ်ဆတ်သော အသားစိမ်းများကို စားရရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထယ်ရှီးက မီးပုံပေါ်ရှိ အသားများကို စိုက်ကြည့်နေပြီး ချန်းရီ လာသည်ကို မြင်သောအခါ နှုတ်ဆက်ရုံသာ နှုတ်ဆက်လိုက်ပြီးနောက် အသားများကိုသာ ပြန်လည် စိုက်ကြည့်နေပြန်၏။

ဤကာလအတွင်း ဤလူသန်ကြီးတစ်ယောက် အသားငတ်ပြီး ငိုချင်လာလောက်အောင် ဖြစ်နေသည်မှာ သိသာထင်ရှားလှသည်။

တိုက်တန် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ စားနိုင်စွမ်းမှာ မူလကတည်းက သာမန်လူများထက် များစွာ ပိုကြီးမားသည်။

အသားအပေါ် တပ်မက်မှုမှာလည်း သာမန်လူများထက် ပိုမို ပြင်းပြလှ၏။

ဤကာလအတွင်း အသားမစားရသဖြင့် အခံရအခက်ဆုံးသူမှာ ထယ်ရှီးပင် ဖြစ်ပေလိမ့်မည်။

"မစားလို့လည်း မရဘူးလေ... ဒီကုလားအုတ်တွေက သိပ်မကြာခင် အကုန်သေကြတော့မှာ"

ခေါင်းဆောင်ချူက နှမြောတသဖြစ်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။

ချူချယ်၏ အမြင်တွင် ဤကုလားအုတ်များသည် အလွန်ကောင်းမွန်သော သွားလာရေး ယာဉ်ရထားများပင် ဖြစ်သည်။

တစ်ဖက်မှ ကြည့်လျှင် ဘီးလေးဘီးတပ် ကားများထက်ပင် ပို၍ အသုံးဝင်သေး၏။

သေချာသည်မှာ ချူချယ်ကို ကားနှင့် ကုလားအုတ် လဲခိုင်းမည်ဆိုပါက သူ လုံးဝ သဘောတူမည် မဟုတ်ပေ။

သို့သော် ဤမျှများပြားသော ကုလားအုတ်များကို ဤအတိုင်း စားပစ်လိုက်ရမည်ကိုလည်း သူ နှမြောနေမိသည်။

ချန်းရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"တိရစ္ဆာန်အစာ မရှိလို့လား"

"အရင်က ကုလားအုတ် အုပ်ထဲက ကုလားအုတ်တွေအားလုံးကို ကျန်းလိန်က တာဝန်ယူထားတာ... သူက တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင်လေ"

"ကျန်းလိန်က ရက်အနည်းငယ် ကြာတိုင်း ဒီကုလားအုတ်တွေကို သူတို့ရဲ့ လျှို့ဝှက်ဖော်စပ်ထားတဲ့ ဆေးလုံးတွေ ကျွေးလေ့ရှိတယ်"

"အဲဒီဆေးလုံးတွေကို စားထားရင် ဒီကုလားအုတ်တွေက ရက်အတော်ကြာ အစာမစားဘဲ နေနိုင်ရုံသာမကဘူး ရေသောက်စရာတောင် မလိုတော့ဘူး"

"အခု ကျန်းလိန်က ထွက်ပြေးသွားပြီ... အဲဒီ လျှို့ဝှက်ဖော်စပ်ထားတဲ့ ဆေးလုံးတွေ အကုန်လုံးက သူ့ဆီမှာပဲ ပါသွားတာ"

"ဒီကုလားအုတ်တွေအတွက် လုံလောက်တဲ့ အစာကိုသာ မရှာနိုင်ခဲ့ရင် သိပ်မကြာခင်မှာပဲ... "

စကားပြောလိုက်သူမှာ တင်းတုံ ဖြစ်ပြီး သူမ၏ လေသံထဲတွင် ဝမ်းနည်းမှု အချို့ ပါဝင်နေသည်။

သိသာထင်ရှားစွာပင် သူမကလည်း ဤကုလားအုတ်များကို မသေစေချင်ပေ။

ဤလမ်းတစ်လျှောက်လုံး ဤကုလားအုတ်များနှင့်အတူ အဖော်ပြုလာခဲ့ရသဖြင့် အနည်းနှင့်အများ သံယောဇဉ် ရှိနေကြပြီ ဖြစ်သည်။

မလှမ်းမကမ်းတွင် ကုလားအုတ် အချို့ကို အသက်ရှင်ကျန်ရစ်သူများက သတ်ဖြတ်ကာ အသားခုတ်ထစ် နေကြပြီ ဖြစ်သည်။

တင်းတုံ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်းရီကလည်း စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသွား၏။

တကယ်ပင် လမ်းစဉ် အစွမ်းပိုင်ရှင် တိုင်းတွင် ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ အသီးသီး ရှိနေကြသည်။

ယခင်က ဤကုလားအုတ်များကို ဤကဲ့သို့ ကျန်းမာသန်စွမ်းနေအောင် မွေးမြူထားနိုင်ခြင်းကပင် အလွန် တော်နေပြီ ဖြစ်သည်။

ယခုတော့ အစာအဖြစ် အစားထိုးနိုင်သော ဆေးလုံးများပင် ရှိနေသေး၏။

တိရစ္ဆာန်မွေးမြူရေး လမ်းစဉ်တွင် တိုက်ခိုက်ရေးစွမ်းရည် မလုံလောက်သော်လည်း ဤတိရစ္ဆာန်များကို မည်သို့ မွေးမြူရမည် ဆိုသည့် ကိစ္စတွင်မူ မည်သူကမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ဤစွမ်းရည်လေးများကို အားကိုးရုံဖြင့်ပင် ငွေတွေ အများကြီး ရှာနိုင်လောက်သည်။

တိရစ္ဆာန်မွေးမြူရေး လမ်းစဉ်ကို လုံလောက်သော အချိန်နှင့် ထောက်ပံ့ရေး ပစ္စည်းများသာ ပေးနိုင်မည် ဆိုပါက။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အခြား လမ်းစဉ်များကိုပင် အနိုင်ယူနိုင်လောက်သည်အထိ ဖြစ်လာနိုင်မည်မှာ မလွဲဧကန်ပင်။

ယခင်က ဝံပုလွေများကိုသာ ကြည့်လိုက်ပါ။ အကောင်တိုင်းက နွားပေါက်လေးများအလား ဆူဖြိုးသန်မာနေကြသည် မဟုတ်ပါလော။

ဤကုလားအုတ်များ၏ ကျောပေါ်တွင် အဘယ်ကြောင့် မြက်ခြောက်များ အများကြီး မပါလာသနည်းဟု ယခင်က ချန်းရီ အံ့သြနေခဲ့သေးသည်။

အကြောင်းရင်းမှာ ထို တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင် ကြောင့်ပင် ဖြစ်နေတော့၏။

နှမြောစရာကောင်းသည်မှာ ထိုလူ ထွက်ပြေးသွားခဲ့ခြင်းပင်။ လမ်းပြသူ မပါဘဲ ထွက်ပြေးသွားသဖြင့် ယခုဆိုလျှင် ထူးဆန်းသည့်အရာများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလောက်ပြီ ဖြစ်သည်။

ထိုသူလည်းမရှိ၊ မြက်ခြောက်များလည်း မရှိတော့သဖြင့် ဤကုလားအုတ်များမှာ ရက်အနည်းငယ်သာ အသက်ရှင်နိုင်တော့မည် ဖြစ်သည်။

သာမန်အခြေအနေမျိုးတွင် အရင်းအမြစ် ရှားပါးသော ဒေသများ၌ ကုလားအုတ်တစ်ကောင်သည် တစ်နေ့လျှင် မြက်ခြောက် ၉ ပေါင်မှ ၁၈ ပေါင်ခန့်နှင့် ရေ ၂ ဂါလန်မှ ၃ ဂါလန်ခန့် လိုအပ်သည်။

တခါတရံတွင်မူ မြက်ခြောက်များနှင့် သစ်ကိုင်းခြောက် အချို့ကို တွေ့ရတတ်သည်။

ယာဉ်တန်းက လမ်းတစ်လျှောက် တွေ့ရှိရသော သစ်ကိုင်းခြောက်များကိုလည်း စုဆောင်းလာခဲ့ကြ၏။

သို့မဟုတ်ပါက ဤမီးပုံကို ဖိုနိုင်မည် မဟုတ်ပေ။

သို့သော် ဤမြက်ခြောက်များက ဤကုလားအုတ် အကောင်ရေ ဆယ်ဂဏန်းခန့်အတွက် အစာအဖြစ် ကျွေးရန် လုံးဝ မလုံလောက်နိုင်ပေ။

ရေ ၂ ဂါလန်မှ ၃ ဂါလန်ခန့် ဆိုသည်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ယခုအချိန်တွင် ရေဆိုသည်မှာ ရွှေနှင့် တူနေပြီ ဖြစ်သည်။

ခေါင်းဆောင်ချူ အနေဖြင့် ကုလားအုတ် ဆယ်ဂဏန်းခန့်ကို တိုက်ရန် ရေအမြောက်အမြားကို လုံးဝ ထုတ်ပေးနိုင်မည် မဟုတ်ပေ။

ဤသဲကန္တာရထဲမှ ထွက်ခွာနိုင်မှသာ ရေရနိုင်မည် ဖြစ်၏။

ထို့ကြောင့် ကုလားအုတ်အချို့ကို သတ်ဖြတ်ကာ အရန်ရိက္ခာအဖြစ် ထားရှိရန်မှာ မဖြစ်မနေ လိုအပ်လာသည်။

ဤကိစ္စအတွက် ချန်းရီ ပူပန်နေစရာ မလိုပေ။

ယာဉ်တန်းထဲတွင် အသားခြောက် ပြုလုပ်တတ်သူများ ရှိသလို ဤအလုပ်ကို စေတနာ့ဝန်ထမ်း လုပ်လိုသူများလည်း အများအပြား ရှိနေသည်။

သဲကန္တာရထဲတွင် အရင်းအမြစ် ဤမျှ ရှားပါးနေလျက်နှင့် အသားခြောက်ကို မည်သို့ ပြုလုပ်မည်နည်းဟု အချို့က မေးလာကောင်း မေးလာနိုင်သည်။

နည်းလမ်းကတော့ အမြဲတမ်း ရှိနေစမြဲပင်။ အလွန်ဆုံးဖြစ်လျှင် စားရတာ အနည်းငယ် အရသာပေါ့ပျက်ပျက် ဖြစ်သွားရုံသာ ရှိမည်။

မစားရသည်ထက်တော့ အများကြီး ပိုကောင်းသေးသည် မဟုတ်ပါလော။

မကြာမီမှာပင် ကုလားအုတ်သားများ ကျက်သွားတော့သည်။

အတော်အသင့် ကောင်းမွန်စွာ ကင်ထားသော ကုလားအုတ်သား တစ်ပွဲကို ချန်းရီ၏ ရှေ့သို့ လာချပေးလိုက်၏။

အသားကင်နံ့က မွှေးကြိုင်နေပြီး ချန်းရီ နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်သောအခါ ပါးစပ်ထဲတွင် တံတွေးများ အရူးအမူး ထွက်လာကာ အနည်းငယ်သာ ထိန်းချုပ်မှု လွတ်သွားပါက အပြင်သို့ စီးကျလာမည့် အနေအထားသို့ ရောက်ရှိနေသည်။

သို့သော် ချန်းရီက တူကို လုံးဝ မကိုင်သေးပေ။

သူက ဘေးဘက်သို့သာ လှမ်းကြည့်လိုက်သည်။

ဤကုလားအုတ်များသည် သာမန် ကုလားအုတ်များ မဟုတ်ဘဲ တိရစ္ဆာန်မွေးမြူရေး လမ်းစဉ် အစွမ်းပိုင်ရှင်ကိုယ်တိုင် မွေးမြူထားသော ကုလားအုတ်များ ဖြစ်နေသည်။

ထို့အပြင် သူအသုံးပြုခဲ့သော ဆေးလုံးများတွင်လည်း သားရဲထိန်းချုပ်ရေး၏ သဘာဝလွန်စွမ်းရည်များ ပါဝင်နေမည်မှာ သေချာလှသည်။

ဤကုလားအုတ်သားကို စားပြီးနောက် ဘာတွေ ဆက်ဖြစ်လာမည်ကို ဘုရားသာ သိပေလိမ့်မည်။

ချန်းရီက အခြားတစ်ဖက်သို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ခေါင်းဆောင်ချူနှင့် အကြည့်ချင်း ဆုံသွားတော့သည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တစ်ဖက်လူ၏ စိတ်ထဲမှ အတွေးများကို ချက်ချင်း နားလည်သွားကြသည်။

ချန်းရီက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။

"တကယ်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ"

ခေါင်းဆောင်ချူကလည်း ပြန်တွေးလိုက်၏။

"မြေခွေးကောင်... တကယ်ကို ပါးနပ်တာပဲ"

ဤလူနှစ်ယောက်က စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေကြသော်လည်း အခြားလူများကမူ ဘာကိုမှ ဂရုမစိုက်ကြပေ။

ထယ်ရှီး၏ အပြုအမူက အလွန်ဆုံးပင်။ သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဟကာ ရှေ့ရှိ အသားတုံးကြီးကို အငမ်းမရ စတင် ကိုက်ဖြတ် စားသောက်နေတော့သည်။

"ချန်းရီ... ခေါင်းဆောင်... ရှင်တို့က ဘာလို့ မစားကြတာလဲ... အရမ်း မွှေးတာပဲ"

စွန်းချန်းချန်းက ပါးစပ်ထဲတွင် အသားများ ပြည့်နှက်နေလျက်နှင့် ပလုံးပထွေး မေးလိုက်သည်။

ချန်းရီက ဟားဟား ရယ်မောလိုက်သည်။

"မင်းတို့အရင် စားကြပါ"

စားပြီးလို့ အဆိပ်မရှိတာ သေချာမှပဲ ငါ ဆက်စားတော့မယ် ဟု သူက စိတ်ထဲမှ ကြိတ်တွေးလိုက်၏။

သေချာသည်မှာ ဤစကားကို အပြင်သို့ ထုတ်မပြောခဲ့ခြင်းပင်။

မျက်နှာချင်းဆိုင်ရှိ ခေါင်းဆောင်ချူကလည်း သူ ဗိုက်မဆာသေးသယောင် ဟန်ဆောင်ပန်ဆောင် လုပ်နေသည်။

တကယ်ပင် ဤအလစ်သမား နှစ်ယောက်၏ စိတ်ကူးများက တစ်ပုံစံတည်း ထပ်တူကျနေတော့၏။

ဆက်ရန်...

All Chapters