← Chapters

အခန်း ၉၇

Vol. 5 Ch. 97

အခန်း ၉၇

Vol. 5 Ch. 97

အပိုင်း(၉၇) အချစ်ရူး မီးခြစ်

"ခေါင်းဆောင်... အရင်က ဘာအလုပ်လုပ်ခဲ့တာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အများကြီး သိနေရတာလဲ"

ချန်းရီက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ရင်ထဲရှိ သိချင်စိတ်ကို မေးထုတ်လိုက်သည်။

လူတိုင်းက တစ်ရက်ကို နှစ်ဆယ့်လေးနာရီ၊ တစ်နာရီကို မိနစ်ခြောက်ဆယ် ရှိကြသည်ချည်းသာ ဖြစ်သည်။

သို့သော် ခေါင်းဆောင်ချူချယ်က သူ့ထက် ပို၍ သိနေခဲ့သည်။

သူက ကမ္ဘာပျက်ကပ်၏ အရာအားလုံးကို သိနေသူတစ်ဦးနှင့်ပင် တူနေတော့၏။

ချန်းရီ ဤသို့ မေးလိုက်သောအခါ ပန်းရောင်ဆံပင်နှင့် ကောင်မလေးအပြင် တင်းတုံကပါ သိချင်စိတ် ပြင်းပြနေသော မျက်နှာထားများ ဖြစ်သွားကြသည်။

"ဟုတ်တယ်... ခေါင်းဆောင်... ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိနေရတာလဲ... ဒါမှမဟုတ် ရှင်က ကမ္ဘာမပျက်ခင်က လမ်းစဉ် အစွမ်းပိုင်ရှင်တွေကို အထူးလေ့လာတဲ့ အဖွဲ့အစည်းတစ်ခုခုက အဖွဲ့ဝင်များလား"

"လျှောက်မတွေးကြပါနဲ့... မင်းတို့ သိသင့်တဲ့အချိန်ရောက်ရင် သိခွင့်ပေးမှာပါ... အခု သိသွားလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"

ချူချယ်က သူ့ရှေ့ရှိ လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများကို ကွယ်ထားလိုက်သည်။

သို့သော် လက်ဖက်ရည်ပန်းကန်ထဲတွင် စောစောကတည်းက ဘာမှမရှိတော့ကြောင်း တွေ့လိုက်ရ၏။

"ဟွန့်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက နှာခေါင်းရှုံ့လိုက်သည်။

ပြီးခဲ့သည့်အကြိမ် စကားပြောပြီးကတည်းက ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် အရက်မသောက်တော့သည်မှာ ကြာပြီဖြစ်ကာ လေ့ကျင့်ရေးအပေါ်တွင် ပုံမှန်ထက်လွန်ကဲသော စွဲလမ်းမှုမျိုး ရှိနေပုံရသည်။

ကောင်မလေး ထထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ ချန်းရီက မေးလိုက်သည်။ "ချန်းချန်း... နင် မကောင်းဆိုးဝါး လမ်းစဉ်ကို သတ်တုန်းက သုံးခဲ့တဲ့ ဓားပျံသိုင်းကို အရင်က ဘာလို့ မသုံးခဲ့တာလဲ"

ချန်းရီ၏ အမေးကို ကြားလိုက်ရသဖြင့် ကောင်မလေးမှာ ကြွနေသော တင်ပါးကို ပြန်ချထိုင်လိုက်ပြီး မေးစေ့ကို အနည်းငယ် မော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ဓားပျံသိုင်းက ခုမှ လေ့ကျင့်ထားတဲ့ အကွက်ကြီးလေ... ဘယ်လိုလဲ မိုက်တယ်မလား"

"ကျွန်မတို့ရဲ့ ဒီလမ်းစဉ်ကို ဓားနတ်ဘုရား လမ်းစဉ်လို့ ခေါ်တာက နာမည်လေး လှရုံသက်သက်လို့ ရှင် ထင်နေတာလား"

ကောင်မလေးမှာ အလွန် ကျေနပ်ဂုဏ်ယူနေသည်။

ဘာကြောင့်မှန်း မသိသော်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ချန်းရီရှေ့တွင် ကြွားလုံးထုတ်ရသည်ကို သဘောကျနေသည်။

အထူးသဖြင့် ချန်းရီ၏ ပါးစပ်အဟောင်းသား ဖြစ်နေသော အမူအရာများကို ကြည့်ရသည်ကိုပင်။

ချန်းရီမှာလည်း တကယ်ပင် စိတ်ဓာတ်ကျသလို ခံစားနေရသည်။

လူလေးယောက်အဖွဲ့၊ မဟုတ်သေး၊ လူငါးယောက်အဖွဲ့ထဲတွင် သူက ယခုအခါ အားအနည်းဆုံး ဖြစ်နေပုံရသည်။

ထယ်ရှီးသည် ယခုအခါ လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ သူ တိုက်ခိုက်သည်ကို မမြင်ဖူးသော်လည်း တွေးကြည့်ရုံဖြင့်ပင် အလွန် သန်မာမည်ကို သိနိုင်သည်။

စွန်းချန်းချန်းကတော့ ပြောစရာပင် မလိုတော့ချေ။ ဤကောင်မလေးသည် ရက်အနည်းငယ်မျှ လေ့ကျင့်ရုံဖြင့် ဓားပျံသိုင်းကို သဘောပေါက် နားလည်သွားခဲ့သည်။

ချူချယ်ကတော့ အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က မကောင်းသော်လည်း သူသိထားသော လျှို့ဝှက်ချက်များက သူထင်ထားသည်ထက် ပိုများပြားနေမည်မှာ သေချာသည်။

မဟုတ်သေးဘူး၊ ချူချယ် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို လောလောဆယ် အတည်ပြု၍ မရနိုင်သေးပေ။

အသစ်ဝင်လာသော တင်းတုံကတော့ တစ်ချက်ကြည့်ရုံဖြင့်ပင် သွားရှုပ်ရန် မလွယ်ကူသော မိန်းမတစ်ဦးမှန်း သိနိုင်သည်။

ဤအထိ တွေးမိသောအခါ ချန်းရီသည် ခုနလေးတင်မှ တွက်ချက်မှု ပြီးစီးသွားသော သဘာဝလွန်အစွမ်း လေ့ကျင့်ရေး နည်းလမ်းအပေါ် ပို၍ပင် မျှော်လင့်ချက် ကြီးမားလာသည်။

ထို့အပြင် ပစ်ကပ်ကားကို သဘာဝလွန်ပစ္စည်း အဖြစ်သို့ အဆင့်မြှင့်တင်ရန်ကိုလည်း ပို၍ မျှော်လင့်လာမိသည်။

"နင် ပြောတာက အဲဒီ ဓားပျံသိုင်းကို ဒီရက်ပိုင်းမှ လေ့ကျင့်လို့ အောင်မြင်သွားတာလား"

ချူချယ်က စိတ်ဝင်စားသွားပြီး သူ၏ လေသံထဲတွင် အနည်းငယ် အံ့သြသွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။

"အင်းလေ... ရှင်တို့က ကျွန်မအကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့... ကျွန်မသာ တကယ် ဓားပျံသိုင်းကို တတ်ရင် အရင်က ဘာလို့ မသုံးဘဲ နေမှာလဲ"

"နင့်ရဲ့... ဒီ ပါရမီကတော့ တကယ့်ကို ကောင်းကင်ကိုတောင် အံတုနိုင်တယ်"

ချူချယ်က ချီးကျူးလိုက်ပြီး စိတ်ထဲတွင်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေး စားခဲ့သော မိစ္ဆာသစ်သီးအပေါ် စိတ်ဝင်စားသွားကာ နောက်မှ အခွင့်အရေးရလျှင် သေချာ မေးကြည့်ရန် တွေးထားလိုက်သည်။

"ကဲပါ... ရှင်တို့ ဆက်ပြောကြ... ကျွန်မတော့ သွားပြီး လေ့ကျင့်တော့မယ်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ပန်းရောင် မြင်းမြီးဆံပင်ကို ခါယမ်းလိုက်ပြီး ကြိုးစားအားထုတ်လိုစိတ် အပြည့်ရှိသော ကောင်မလေးတစ်ဦး၏ ပုံစံမျိုးကို ဖမ်းလိုက်သည်။

"ခဏနေဦး... ဒီတစ်ခေါက် ကုလားအုတ်ယာဉ်တန်းကို ရှင်းလိုက်တာ... အားလုံး ရိက္ခာပစ္စည်းတွေ ခွဲကြမယ်လေ"

"ထယ်ရှီး... မဟုတ်ဘူး... ခွန်ရှီး... ဆက်မစားနဲ့တော့... ပစ္စည်းတွေ လာခွဲဦး"

ထိုအခါမှသာ ချန်းရီက ထယ်ရှီးသည် ယခုထက်တိုင် စားနေဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်။ စောစောက သူတို့ စကားပြောနေချိန်တွင် ဤလူက တစ်ချက်လေးပင် ရပ်မသွားခဲ့ချေ။

သူ ထိုင်နေသည့် နေရာတွင် အရိုးများက တောင်လိုပုံနေပြီ ဖြစ်သည်။

သူ့အတွက် အသားကင်ပေးနေသော အသက်ရှင်ကျန်ရစ်သူ နှစ်ဦးမှာလည်း နောက်တစ်ဖွဲ့ ပြောင်းသွားပြန်ပြီ။

ချူချယ်က သူ့ကို လှမ်းခေါ်သည်ကို ကြားသောအခါ ဤလူက အားမလိုအားမရ ဖြစ်နေပုံဖြင့် နှေးကွေးစွာ မတ်တတ်ထရပ်လိုက်သည်။

ဒီတစ်ခေါက် ဓားပြအချင်းချင်း တိုက်ခိုက်ပြီး ကုလားအုတ်ယာဉ်တန်းကို သိမ်းပိုက်လိုက်ရာမှ ရရှိလာသော ပစ္စည်းများက အမှန်တကယ်ပင် အများပြားဆုံး အကြိမ် ဖြစ်ပေလိမ့်မည်။

ကားတိုင်းပေါ်တွင် ပစ္စည်းများ အပြည့်အကျပ် တင်ဆောင်ထားသည်။

ချန်းရီ၏ ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားလေးဆိုလျှင် ပစ္စည်းများ၏ ဖိအားကြောင့် ယိုင်နဲ့နဲ့ပင် ဖြစ်နေချေပြီ။

ဦးလေးအားပေါင်က အသက်ရှင်ကျန်ရစ်သူ အချို့ကို ညွှန်ကြားကာ ပစ္စည်းများကို တစ်ဦးစီ၏ ကားပေါ်မှ အောက်သို့ ချစေသည်။ မီးပုံနှင့် လက်နှိပ်ဓာတ်မီးတို့၏ အလင်းရောင်ဖြင့် သဲခုံပေါ်တွင် ပစ္စည်းများကို ကြီးမားသော အပုံကြီးတစ်ခုအဖြစ် ဖြန့်ခင်းထားလိုက်သည်။

ကျိုးရှောင်ရှောင်သည်လည်း သူတို့၏ လှုပ်ရှားမှုများကြောင့် အာရုံစိုက်သွားမိပြီး ဤလူများ ထပ်မံ၍ ပစ္စည်းခွဲဝေတော့မည်ကို သိလိုက်သည်။

ယာဉ်တန်းထဲသို့ ဝင်ရောက်ပြီးကတည်းက ဤကဲ့သို့သော အခြေအနေမျိုးကို သူမ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

အမဖြစ်သူ မရှိတော့ပြီးနောက်ပိုင်း ယခင်က လူနှစ်ယောက်စာ ပစ္စည်းများအားလုံး ယခုအခါ သူမတစ်ယောက်တည်းအတွက် ဖြစ်သွားခဲ့သည်။

သို့သော် ကျိုးရှောင်ရှောင်ကမူ ပျော်ရွှင်မှုကို မခံစားရပေ။

ယခုလို ပစ္စည်းများစွာကို မြင်တွေ့ရချိန်တွင် ကျိုးရှောင်ရှောင်၏ ရင်ထဲ၌ လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်လာရန် မျှော်လင့်ချက်က တစ်စပို၍ ပြင်းပြလာခဲ့သည်။

ရှုလီနာသည်လည်း လူအုပ်ထဲတွင် ရှိနေပြီး သူမ၏ လှပသော မျက်လုံးများက နားလည်ရခက်သော အလင်းရောင်များ တောက်ပနေသည်။ ထိုမျက်လုံးများက ခဏတာ ချန်းရီ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားလိုက်၊ ခဏနေလျှင် ဤပစ္စည်းပုံကြီးပေါ်သို့ ရောက်သွားလိုက် ဖြစ်နေ၏။

ဒီလောက် အများကြီး ကြုံတွေ့ဖြတ်သန်းပြီးနောက် ရှုလီနာသည် အမှန်တရားတစ်ခုကို နားလည်သွားခဲ့သည်။ ဆက်လက် အသက်ရှင်သန်လိုပါက သူမကိုယ်တိုင် လမ်းစဉ် အစွမ်းပိုင်ရှင်အဖြစ် နိုးကြားလာရန်သာ ရှိတော့သည်။

သို့တည်းမဟုတ် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ဦးဦးထံ ခိုလှုံရမည်။

ရှုလီနာသည် သူမကိုယ်တိုင် နိုးကြားလာရန် အလွန် ခက်ခဲကြောင်း ကောင်းစွာ သိထားသဖြင့် ချန်းရီဟူသော လမ်းကြောင်းကို ရွေးချယ်လိုခြင်း ဖြစ်သည်။

သို့သော် ဤရက်ပိုင်းအတွင်း ထိတွေ့ဆက်ဆံမှုများအရ ချန်းရီသည် မည်မျှ ကိုင်တွယ်ရ ခက်ခဲကြောင်း သူမ သိလာခဲ့သည်။ သူမ မြင်ဖူးသမျှ လူငယ်များထက် အများကြီး ပို၍ ပြဿနာများလှသည်။

ဤလူသည် အပြင်ပန်းကြည့်လျှင် ပျော်ပျော်ပါးပါး နေတတ်ကာ အခြားသူများနှင့် နောက်ပြောင်တတ်သော်လည်း အတွင်းစိတ်ကမူ အလွန်တရာ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

သို့သော် ရှုလီနာက အရှုံးမပေးသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သေးသည်။

ဒီလိုလူမျိုး ဖြစ်လေလေ သူ့ကို အောင်နိုင်ပြီးနောက် ရရှိမည့် အကျိုးအမြတ်က ပိုကြီးမားလေလေပင်။

အရင်က လူတိုင်းက အဲဒီ လူကြီးမင်းက သူမကို မျက်စိကျသွားသဖြင့် သူမအတွက် တစ်ဟုန်ထိုး အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်ဟုသာ ထင်ခဲ့ကြသည်။

သို့သော် အမှန်တကယ်တော့ ထိုအချိန်က သူမကိုယ်တိုင်က အရင် စတင် လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း မည်သူကမျှ မသိခဲ့ကြပေ။

ဤလျှို့ဝှက်ချက်ကို သူမကိုယ်တိုင်မှလွဲ၍ မည်သူမျှ မသိကြချေ။

ပစ္စည်းများက သဲခုံပေါ်တွင် တောင်ကုန်းငယ်လေး တစ်ခုအလား ဖြန့်ခင်းထားသည်။

ထိုအထဲတွင် အာရုံအစွဲဆောင်ဆုံးမှာ ပလတ်စတစ်စ တစ်ခုပေါ်တွင် တင်ထားသော ပစ္စည်းများ ဖြစ်သည်။

အလွန် မျက်မှန်းတန်းမိနေသော အပုံလေးမှာ ချန်းရီ စောစောကတည်းက မျက်စိကျထားသော နွားအရိုးများ ဖြစ်သည်။

ချူချယ်က ဤနွားအရိုးကို ကိုင်ကာ ဘယ်ပြန်ညာပြန် ကြည့်နေသော်လည်း ဘာထူးခြားမှုမှ ရှာမတွေ့ပေ။

အရိုးနှစ်ခုကို ယူကာ အချင်းချင်း ခေါက်ကြည့်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံမျိုးပင် ထွက်ပေါ်လာသည်။

ဘေးနားတွင်တော့ သတ္တု မီးခြစ် တစ်လုံး ရှိနေသည်။

မီးခြစ် ဟုတ်လား။

ဆေးလိပ်သောက်တတ်သူ တစ်ယောက်အနေဖြင့် မီးခြစ်ကို ဂရုမစိုက်ဘဲ နေရန် မဖြစ်နိုင်ပေ။

သူ အသုံးပြုနေသော မီးခြစ်များမှာ အရင်က ရှင်းဟွာမြို့နှင့် ချန်ရှုရွာတို့မှ စုဆောင်းထားခဲ့သော တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ဤပစ္စည်းမျိုးက မရှားပါးလှပေ။ သာမန် ကုန်စုံဆိုင်လေး တစ်ဆိုင် သို့မဟုတ် စူပါမားကတ် အသေးစားလေး တစ်ခုကို ရှာကြည့်ရုံဖြင့် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရနိုင်ပေသည်။

ချန်းရီက မီးခြစ်ကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။

မီးခြစ်ကို ကိုင်လိုက်သည်နှင့် အေးစက်သွားပြီး အလွန် ထူးခြားသော ခံစားချက်တစ်ခု ရလာသည်။

ချန်းရီ၏ ခေါင်းထဲတွင် သတင်းအချက်အလက် တစ်ကြောင်း ပေါ်လာ၏။

[အချစ်ရူး မီးခြစ် - နံပါတ်စဉ် ၀၅၁၇၂]

[အသုံးပြုရန် - မီးကို ထိန်းချုပ်ခြင်း]

[ဘေးထွက်ဆိုးကျိုး - နေ့စဉ် ဤသတ္တုမီးခြစ်ကို "ငါ နင့်ကို ချစ်တယ်" ဟု အကြိမ်တစ်ရာ ပြောရမည်။ မဟုတ်ပါက မီးခြစ် အလုပ်မလုပ်ဘဲ တန်ပြန်နိုင်သည်]

ဒါက... သဘာဝလွန်ပစ္စည်း လား။

မိတ်ဆက်ပြသချက်က ရိုးရှင်းရှင်းလင်းလှပြီး အသုံးပြုရန် ဆိုသည်ကလည်း စကားလုံး အနည်းငယ်သာ ပါရှိသည်။

ချန်းရီကလည်း ဤ မီးကို ထိန်းချုပ်ခြင်း ဆိုသည်မှာ အမှန်တကယ် ဘာကို ဆိုလိုမှန်း နားမလည်ပေ။

ဘေးထွက်ဆိုးကျိုးကတော့ အနည်းငယ် ရူးကြောင်ကြောင် နိုင်လှသည်။ ဘယ်သာမန်လူကများ မီးခြစ်တစ်လုံးကို နေ့တိုင်း "ငါ နင့်ကို ချစ်တယ်" လို့ အကြိမ်တစ်ရာ ပြောနေပါ့မလဲ။

ချန်းရီသည် မီးခြစ်၏ အောက်ခြေတွင် စာတန်းငယ်လေး တစ်ကြောင်းကို တွေ့လိုက်သေးသည်။ "နင့်အတွက်ဆိုရင် ငါ့ရဲ့ အရာအားလုံးကို ပေးဆပ်နိုင်တယ်... ငါ့ရဲ့ အသက်ပဲဖြစ်ဖြစ်ပေါ့"

ရူးသွပ်နေသော ခံစားချက်တစ်ခုက မျက်နှာဆီသို့ ဖြတ်သန်းတိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက ဟို သဘာဝလွန်ပစ္စည်း လား... ညီမ ကြည့်ကြည့်မယ်"

လက်ထဲမှ ပေါ့ပါးသွားပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သတ္တုမီးခြစ်ကို လုယူသွားပြီ ဖြစ်သည်။

သူမလည်း ခေါင်းထဲမှ သတင်းအချက်အလက်များကို လက်ခံရရှိနေပုံရသည်။

သဘာဝလွန်ပစ္စည်းများတွင် ထူးခြားချက် တစ်ခုရှိသည်။ ပိုင်ရှင်မရှိသေးသည့် အချိန်တွင် အစွမ်းပိုင်ရှင်များက ထိတွေ့မိသည်နှင့် ထိုပစ္စည်း၏ အခြေခံ သတင်းအချက်အလက်များကို လက်ခံရရှိမည် ဖြစ်သည်။

အကယ်၍ တစ်ဖက်လူက သာမန်လူသာ ဖြစ်နေမည်ဆိုပါက သဘာဝလွန်ပစ္စည်းသည်လည်း အလွန် ရိုးရှင်းသော သာမန်ပစ္စည်း တစ်ခုသာ ဖြစ်နေမည်။

သဘာဝလွန်ပစ္စည်းက ပိုင်ရှင်ကို အသိအမှတ်ပြုပြီးနောက်တွင် အခြား အစွမ်းပိုင်ရှင်များက လာရောက်ထိတွေ့လျှင် သတင်းအချက်အလက်များ လက်ခံရရှိတော့မည် မဟုတ်ပေ။

ချူချယ် ပြောဖူးသည်မှာ သဘာဝလွန်ပစ္စည်းများသည် အိမ်တွင် မွေးထားသော ခွေးလေးကြောင်လေးများနှင့် တူပြီး သွေးစက်ချ၍ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခြင်းကဲ့သို့သော လုပ်ငန်းစဉ်မျိုး မလိုအပ်ပေ။

အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံပြီး နားလည်မှုယူမှသာလျှင် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုသည့် အကျိုးသက်ရောက်မှုကို ရရှိနိုင်မည် ဖြစ်သည်။

အိမ်မွေးတိရစ္ဆာန် မွေးမြူရသည်နှင့် အတူတူပင်။

ဥပမာအားဖြင့် အစောင့်ခွေးများသည် ပိုင်ရှင် တိုက်ခိုက်ခံရချိန်တွင် ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကို ပြသလေ့ရှိသည်။

ရွှေရောင်မွေးရှိသော ခွေးမျိုး (Golden Retriever) ကတော့ ဘယ်သူ ခေါ်ခေါ် လိုက်သွားတတ်သည်။

ဟတ်စကီးခွေးမျိုး ဆိုလျှင်တော့ ကြိုးလွှတ်လိုက်သည်နှင့် ပျောက်သွားတော့သည်သာ။

တစ်ခုစီတိုင်းတွင် ကိုယ်ပိုင် အကျင့်စရိုက်များ ရှိကြသည်။

ချန်းရီ၏ လက်ရှိ သဘာဝလွန်ပစ္စည်းမှာ မရဏသွေး ထင်းခုတ်ဓားမ တစ်လက်သာ ရှိပြီး ဤဓားမသည် သူကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုအချိန်က ချန်းရီသည် ထင်းခုတ်ဓားမကို ရရှိသောအခါ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်ကို လုံးဝ မခံစားခဲ့ရပေ။

"ဆရာချန်း... အမစွန်း... ဒီပစ္စည်းကို ဘယ်လိုသုံးရမလဲ ဆိုတာ ကျွန်တော် သိတယ်"

ဘေးနားမှ အေးစက်သော်လည်း အနည်းငယ် မျက်နှာလိုမျက်နှာရ လုပ်ချင်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့နှစ်ဦး လှည့်ကြည့်လိုက်ရာ ရွှီနန် ဖြစ်နေသည်ကို အတိအကျ တွေ့လိုက်ရသည်။

ရွှီနန်၏ တစ်ကိုယ်လုံးတွင် ဖုန်များ ပေကျံနေပြီး ယခုလေးတင်မှ ပြန်ရောက်လာပုံရကာ မျက်နှာပေါ်ရှိ အမူအရာကလည်း အလွန် နွမ်းနယ်နေသည်။

ဆက်ရန်...

All Chapters