အခန်း ၉၉
Vol. 5 Ch. 99
အပိုင်း(၉၉) ရေအရင်းအမြစ် ရှာဖွေရေး
သဘာဝလွန်ပစ္စည်းများကို စတင်ခွဲဝေတော့မည်ဟု ကြားလိုက်ရသောအခါ အားလုံး၏ စိတ်ဝင်စားမှုက ချက်ချင်း မြင့်တက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများကတော့ တစ်ယောက်ပြီးတစ်ယောက် အားကျနေသော မျက်နှာအမူအရာများကို ဖော်ပြနေကြ၏။
ချန်းရီကလည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
ယခုအချိန်တွင် သူ အလိုချင်ဆုံးအရာမှာ လူသားစား ခေါင်းနှစ်လုံးနွားကြီး၏ အရိုးပင်ဖြစ်ပြီး သူ၏ ပစ်ကပ်ကားကို သဘာဝလွန်ပစ္စည်းတစ်ခုအဖြစ် အဆင့်မြှင့်တင် ပြုပြင်ရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေသည်။
ဤအရာကို အစကတည်းက သူ လိုချင်နေခဲ့ခြင်း ဖြစ်၏။
ယခုတော့ သူ၏လက်ထဲသို့ အမှန်တကယ် ရောက်ရှိလာတော့မည်ဟု ထင်မှတ်မထားခဲ့ပေ။
စောစောကပင် သတ်ဖြတ်မှတ်များကို သူ တစ်ချက် စစ်ဆေးကြည့်ခဲ့သည်။
မိုဟိုင်ရမ်နှင့် နတ်ဆိုးလမ်းစဉ်မှ လူငယ်ကို သတ်ဖြတ်ခဲ့ရာ သတ်ဖြတ်မှတ် နှစ်သောင်း အလကားနေရင်း တိုးလာခဲ့သည်။
ယခင်က ရှိထားသော သတ်ဖြတ်မှတ်များနှင့် ပေါင်းလိုက်လျှင် သဘာဝလွန်ပစ္စည်း တစ်ခုကို အဆင့်မြှင့်တင်ရန် လုံလောက်သင့်ပေသည်။
လမ်းစဉ် အစွမ်းပိုင်ရှင် နှစ်ဦးကို သတ်ဖြတ်ပြီးနောက် စနစ်မှ ပေးအပ်လာသော သတ်ဖြတ်မှတ်များကို မြင်လိုက်ရချိန်တွင် ချန်းရီသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး သူ၏ စိတ်ထဲတွင် ခဏတာမျှ ရှုပ်ထွေးဝေခွဲမရ ဖြစ်သွားခဲ့သည်။
သူက စိတ်ထဲမှ ကယောင်ကတမ်း အတွေးများကို ဖိနှိပ်ထားလိုက်ပြီး မျက်စိရှေ့ရှိ ကိစ္စရပ်များအပေါ်သို့သာ အာရုံစိုက်လိုက်သည်။
နွားရိုးကို ရရှိပြီး ပစ်ကပ်ကားထဲသို့ ပေါင်းထည့်လိုက်နိုင်ပါက ထိုအချိန်ရောက်လျှင် သူ့ထံ၌ သဘာဝလွန်ပစ္စည်း နှစ်ခု ရှိလာပေလိမ့်မည်။
တိုက်ခိုက်ရေးစွမ်းအားများ သိသိသာသာ တိုးတက်လာမည့်အကြောင်းကို မပြောနှင့်ဦး။
သဘာဝလွန်ပစ္စည်း ပစ်ကပ်ကားတစ်စီး ရှိလာပါက နောင်တွင် သူ၏ အသက်ရှင်သန်ရေးအတွက် ကြီးမားသော အာမခံချက်တစ်ခု ရရှိသွားမည် ဖြစ်သည်။
လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံနှင့် ပတ်သက်၍မူ...
တန်ဖိုးအရ တွက်ကြည့်လျှင် ထို လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံက နွားရိုးထက် ပို၍ ကောင်းမွန်သည်မှာ သိသာထင်ရှားလှသည်။
သို့သော် နွားရိုးက လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံထက် ပို၍ သင့်လျော်နေသည်မှာ ထင်ရှားသည်။
ထို လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံကို ပစ်ကပ်ကားပေါ်တွင် မည်သို့ အသုံးပြုရမည်ကို လတ်တလောတွင် သူ စဉ်းစား၍ မရသေးပေ။
ပစ်ကပ်ကားအတွက် သားရေစစ်စစ် ထိုင်ခုံများ တပ်ဆင်ရမည်များလား။
တကယ်တော့လည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။
သို့သော် ယခုအချိန်တွင်မူ အရာအားလုံးထက် အသက်ရှင်သန်ရေးကိုသာ ပထမဦးစားပေးရမည် ဖြစ်သည်။
"အားလုံးပဲ... ပထမဆုံးအနေနဲ့ကတော့ ဒီနွားရိုးပဲ... ဒီသဘာဝလွန်ပစ္စည်းရဲ့ အရည်အသွေးကို ငါ မသိပေမဲ့ ညံ့တော့ မညံ့လောက်ဘူးလို့ ထင်တယ်"
"ဒီနွားရိုးကို အားလုံး အချိုးကျ ရပိုင်ခွင့်ရှိတယ်... ဘယ်သူက ဒီသဘာဝလွန်ပစ္စည်းကို လိုချင်သလဲ... လိုချင်တဲ့သူက ကျန်တဲ့ လေးယောက်ကို ပြန်ပြီး လျော်ကြေးပေးရမယ်"
ပထမဆုံး စတင်ခွဲဝေမည့်အရာမှာ လူသားစား ခေါင်းနှစ်လုံးနွား၏ နွားရိုးဖြစ်နေလိမ့်မည်ဟု ချန်းရီ ထင်မှတ်မထားခဲ့ပေ။
ချန်းရီသည် သဘာဝကျစွာပင် တုံဆိုင်းနေခြင်းမရှိဘဲ သူ၏ စိတ်ဝင်စားမှုကို ဖော်ပြလိုက်သည်။
ထယ်ရှီးက ပခုံးတွန့်လိုက်ပြီး...
"ဒါကို ငါ စိတ်မဝင်စားဘူး... အကယ်လို့ ချန်းရီက ငါ့ကို ကုလားအုတ် တစ်ကောင်... မဟုတ်ဘူး... နှစ်ကောင် ပေးနိုင်ရင် ဒီနွားရိုးကို မင်းအတွက် ငါ လက်ရှောင်ပေးမယ်"
"ထယ်ရှီး... မင်း ဒါက မများလွန်းဘူးလားကွ"
ချန်းရီက စိတ်ထဲမှ သဘောတူထားပြီး ဖြစ်သော်လည်း ဤမျှလွယ်လွယ်ကူကူဖြင့် အလျော့ပေးရန်တော့ မဖြစ်နိုင်ပေ။
သဘာဝလွန်ပစ္စည်း ဖြစ်နေသော်ငြားလည်း ယခုအချိန်တွင် လူတိုင်း အလိုအပ်ဆုံးမှာ အစားအစာပင် ဖြစ်သည်။ အစားအစာကသာ အခိုင်မာဆုံးသော အမှန်တရား ဖြစ်ပြီး အခြေခံ ငွေကြေးလည်း ဖြစ်နေ၏။
ခွဲဝေမှု စည်းမျဉ်းများအရ ထိုကုလားအုတ်များထဲမှ ချန်းရီအတွက်လည်း မနည်းမနော ရရှိနိုင်မည် ဖြစ်သည်။
ချန်းရီက ထယ်ရှီးနှင့် ဈေးဆစ်ခဲ့ရာ နောက်ဆုံးတွင် ကုလားအုတ် တစ်ကောင်ခွဲ ပေးရန် သဘောတူညီမှု ရရှိသွားခဲ့သည်။
တင်းတုံကမူ ဘေးနားမှနေ၍ နားမလည်နိုင် ဖြစ်နေ၏။
အကျိုးအကြောင်းအရ ကြည့်လျှင် သဘာဝလွန်ပစ္စည်းများမှာ ကမ္ဘာပျက်ကပ် မတိုင်မီက အမှန်တကယ်ပင် တန်ဖိုးကြီးမားခဲ့သည်။
သို့သော် ကုန်ကြမ်းဆိုသည်မှာ ကုန်ကြမ်းမျှသာ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားအဖြစ် ချက်ချင်း ပုံဖော်နိုင်စွမ်း မရှိပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တင်းတုံ၏ နားနားသို့ကပ်ကာ တတွတ်တွတ်ဖြင့် တစ်ခုခုကို ရှင်းပြလိုက်ပြီးနောက် ချန်းရီကို လက်ညှိုးထိုးပြလိုက်သည်။
တင်းတုံက ကြားလိုက်ရပြီးနောက် မျက်လုံးများ အရောင်လက်သွားခဲ့၏။
ချန်းရီက သူတို့နှစ်ဦး၏ တတွတ်တွတ် ပြောဆိုနေမှုများကို ဂရုမစိုက်တော့ဘဲ ခေါင်းဆောင်ချူဆီသို့ ပစ်မှတ်ကို ပြောင်းလိုက်သည်။
"ခေါင်းဆောင်... ခေါင်းဆောင် လိုချင်တာက အချစ်ရူး မီးခြစ် မဟုတ်လား... ခေါင်းဆောင်ရဲ့ ဝေစုကို ငါ့ကို ပေးလိုက်... မီးခြစ်အတွက် ငါခေါင်းဆောင်နဲ့ ပြိုင်မလုတော့ဘူး"
ချူချယ်၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး နဖူးမှ သွေးကြောများပင် ထောင်ထလာခဲ့သည်။
"ချန်းရီ... မင်းက မများလွန်းဘူးလားကွ"
ဤစကားကို စောစောကမှ ချန်းရီက ထယ်ရှီးကို ပြောခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ချူချယ်က ချန်းရီအား ပြန်လည် ပြောဆိုနေခြင်း ဖြစ်သည်။
"ခေါင်းဆောင်... ငါတို့ မျှမျှတတ အရောင်းအဝယ် လုပ်ကြတာလေ... ဒါက သဘာဝလွန်ပစ္စည်းနော်... လက်ထဲရောက်တာနဲ့ ချက်ချင်း သုံးလို့ရတာ... ခေါင်းဆောင်က အမြတ်ကြီးစားရသွားပြီလို့တောင် သတ်မှတ်လို့ရတယ်"
"ပေါက်ကရတွေ... ငါက မင်းအတွက် ဈေးနည်းနည်း လျှော့တွက်ပေးနိုင်တယ်ဆိုရင်တောင် မင်းက ဒီလောက်ကြီး နှိပ်စက်လို့ မရဘူးလေ"
"မဟုတ်သေးဘူး... မင်းက ပုံမှန်ဆို အမြဲတမ်း ပြုံးဖြီးဖြီး လုပ်နေတတ်ပေမဲ့ ဒီလောက်အထိ ကောက်ကျစ်လိမ့်မယ်လို့ မထင်ထားဘူး"
ချူချယ်သည် ချန်းရီ၏ အမူအရာကြောင့် အနည်းငယ် စိတ်မကြည်မသာ ဖြစ်သွားခဲ့သည်။
ချန်းရီက ပြုံးဖြီးဖြီးဖြင့်ပင် ချူချယ်နှင့် ဈေးဆစ်နေခဲ့၏။
နောက်ဆုံးတွင် ချန်းရီသည် ဆန်နှင့် ဂျုံမှုန့် ပြည်အနည်းငယ်အပြင် ကုလားအုတ်သား တစ်စိတ်တစ်ပိုင်းကိုပါ အရောင်းအဝယ်အဖြစ် ပေးချေလိုက်ရပြီး ခေါင်းဆောင်ချူ၏ ဝေစုကို ရယူနိုင်ခဲ့သည်။
ထိုသို့ပေးလိုက်ရခြင်းက ချန်းရီကို အလွန် နှမြောတသ ဖြစ်စေခဲ့သည်မှာ အသေအချာပင်။
သို့သော် ကံကောင်းသည်မှာ လက်မခံနိုင်စရာတော့ မဟုတ်ပေ။
ချန်းရီ၏ အဖွဲ့ထဲတွင် သူ တစ်ယောက်တည်းသာ ရှိသဖြင့် အစားအစာ စားသုံးမှုနှုန်းကို တွက်ကြည့်မည်ဆိုပါက သဘာဝကျစွာပင် အခြားသူများထက် အများကြီး ပိုနည်းနေသည်။
ချူချယ်နှင့် စွန်းချန်းချန်း တို့နှစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးရုံတင်မကဘဲ သူတို့ထံတွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် မှီခိုသူ တစ်ယောက်နှစ်ယောက်စီ အသီးသီး ရှိနေကြသေးသည်။
ထယ်ရှီးနှင့် တင်းတုံတို့အတွက်ဆိုလျှင် သူတို့ စိုးရိမ်ပူပန်ပေးရမည့် သူများက ပို၍ပင် များပြားနေသေး၏။
စွန်းချန်းချန်း၏ အလှည့်သို့ ရောက်လာသောအခါ...
ဤကောင်မလေးက ပြုံးရွှင်စွာဖြင့် ချန်းရီအနေဖြင့် ပစ္စည်းများယူလာပြီး လဲလှယ်ရန် မလိုကြောင်းနှင့် နောက်ပိုင်းတွင် ချန်းရီက သူမအတွက် သဘာဝလွန်ပစ္စည်း တစ်ခုကို ဖန်တီးပေးရန်သာ လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
ဤတောင်းဆိုမှုကိုတော့ ချန်းရီက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
သဘာဝလွန်ပစ္စည်းများကို ဖန်တီးရန်အတွက် သတ်ဖြတ်မှတ်များကို အသုံးပြုရမည် ဖြစ်သည်။
သူ့မှာ ရှိသော သတ်ဖြတ်မှတ်များပင် မလုံလောက်သေးရာ သူမအတွက် မည်သို့လုပ် ဖန်တီးပေးနိုင်မည်နည်း။
ဤသို့ဖြင့် ချန်းရီမှာ ကြီးမားလှသော အဖိုးအခကို ပေးဆပ်လိုက်ရလေသည်။
တင်းတုံနှင့် ပတ်သက်၍မူ...
ဤနွားရိုး၏ ဝေစုတွင် သူမအတွက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။
ချန်းရီက အလားတူပင် ကုလားအုတ်သား တစ်ကောင်ခွဲစာကို ပေးချေလိုက်ရသည်။
ကုလားအုတ်များကို သတ်ဖြတ်ပြီးသည်နှင့် သူပိုင်ဆိုင်သော ကုလားအုတ်များထဲမှ သုံးကောင်စာကို လွှဲပြောင်းပေးရတော့မည် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ချန်းရီ၏ ရိက္ခာပစ္စည်းများမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။
ဆက်လက်၍ လူမျက်နှာကင်းမြီးကောက်၏ မျက်နှာအရေခွံ အလှည့်သို့ ရောက်လာ၏။
ဤအရာကို နောက်ဆုံးတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ရရှိသွားခဲ့ပြီး ချန်းရီကိုလည်း ရိက္ခာပစ္စည်း အချို့ လျော်ကြေးအဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။
ဤအရာမှာ မူလက ချန်းရီ မျက်စိကျထားခဲ့သော ကုန်ကြမ်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ၏ ရိက္ခာပစ္စည်းများမှာ အခြားသူများထံမှ လဲလှယ်ယူရန်အတွက် မလုံလောက်တော့သဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးအတွက်သာ အခွင့်အရေး ရသွားခဲ့တော့သည်။
လူမျက်နှာကင်းမြီးကောက်၏ အခွံနှင့် ပတ်သက်၍မူ မည်သူကမျှ စိတ်ဝင်စားမှု မရှိကြသဖြင့် ချူချယ်ကသာ သိမ်းဆည်းထားလိုက်ရသည်။
နောင်တစ်ချိန် အခြားသော အဖွဲ့များနှင့် တွေ့ဆုံသည့်အခါမှသာ လဲလှယ်ရန်အတွက် ပြန်လည် ထုတ်ယူနိုင်တော့မည် ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ထို အချစ်ရူး မီးခြစ် ပင် ဖြစ်သည်။
၎င်းက အရေးအကြီးဆုံးသော အရာဟုလည်း ဆိုနိုင်သည်။
ချန်းရီကလည်း ထိုအရာကို အလွန် လိုချင်နေခဲ့သည်။
ဤအရာက သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်ပြီး အခြား ကုန်ကြမ်းများနှင့် မတူပေ။ ကုန်ကြမ်းများမှာ လက်ထဲရောက်လာလျှင်ပင် ဖန်တီးပြုပြင်ရန် လိုအပ်သေး၏။
သဘာဝလွန်ပစ္စည်းများကမူ လက်ထဲရောက်သည်နှင့် တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်း တိုးမြှင့်ပေးနိုင်သည်။
သို့သော် သူ့ထံတွင် လက်ရှိ ရှိနေသော ရိက္ခာပစ္စည်းများဖြင့်ဆိုလျှင် လုံးဝ မလုံလောက်နိုင်ကြောင်း ချန်းရီ သိနေခဲ့သည်။
နောက်ဆုံးတွင်တော့ သူ လက်လွှတ်လိုက်ရုံသာ ရှိတော့သည်။
ခေါင်းဆောင်ချူကတော့ ဤသဘာဝလွန်ပစ္စည်းကို ရရှိသွားခဲ့သည်။
အလားတူပင် သူသည်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်လိုက်ရသည်။
ချန်းရီ ယခင်က အကြွေးတင်နေခဲ့သော ဓာတ်ဆီများကို လျှော်ပစ်ပေးရုံသာမကဘဲ ချန်းရီကို နောက်ထပ် ဓာတ်ဆီ ရှစ်ဂါလန်ခန့် ပါဝင်သော ပုံးတစ်ပုံးနှင့် အခြားသော ရိက္ခာပစ္စည်း အချို့ကိုပါ ပေးအပ်ခဲ့ရသည်။
သွေးထွက်လွန်သွားသည်အထိ အရှုံးပေါ်သွားခဲ့သည်ဟု ဆိုရမည်။
ချန်းရီပင်လျှင် သံသယ ဝင်လာခဲ့သည်။
ခေါင်းဆောင်ချူမှာ ပစ္စည်းများ သိမ်းဆည်းနိုင်သော မှော်အိတ်လေးများများ ရှိနေသလား... သူက ဘာလို့ ဒီလောက်များတဲ့ ဓာတ်ဆီတွေ ရှိနေရတာလဲ။
ဤအကြောင်းပြချက်နှင့် ပတ်သက်၍ ချူချယ်က နှုတ်ပိတ်နေခဲ့သည်။
ဤခေါင်းဆောင်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတတ်သည်။
ထယ်ရှီးနှင့် တင်းတုံ တို့နှစ်ဦးကတော့ ကြီးမားသော အမြတ်အစွန်းများ ရရှိသွားခဲ့ကြ၏။
သူတို့နှစ်ဦး၏ ရှေ့မှောက်တွင် ရိက္ခာပစ္စည်းများက တစ်ပုံတစ်ပင်ကြီး ထပ်မံ တိုးပွားလာခဲ့သည်။
သူတို့နှစ်ဦး၏ အနောက်တွင် လိုက်ပါလာသော အခြား အသက်ရှင်ကျန်ရစ်သူများမှာလည်း ပါးစပ်များ ပြဲမတတ် ပြုံးပျော်နေကြတော့သည်။
ထယ်ရှီး၏ တိုက်တန် လမ်းစဉ်က မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ အားကိုးယုံကြည်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူတို့၏ လမ်းစဉ် အဆင့် (၁) ကို သွေးသားတပည့် ဟု ခေါ်ဆိုမည် မဟုတ်ပေ။
လက်ဝှေ့သမားဖြစ်သူ တင်းတုံနှင့် ပတ်သက်၍မူ သူမကလည်း ခန္ဓာကိုယ် ခွန်အားကိုသာ အခြေခံထားခြင်း ဖြစ်သည်။
ထို့ကြောင့် သဘာဝလွန်ပစ္စည်းများနှင့် ကုန်ကြမ်းများအပေါ်တွင် သူတို့၏ လိုအင်ဆန္ဒမှာ သိပ်မကြီးမားလှပေ။
ထိုအချက်ကပင် သူတို့နှစ်ဦးကို ဤမျှ များပြားလှသော အကျိုးအမြတ်များ ရရှိသွားစေခြင်း ဖြစ်သည်။
"ကဲ... ရိက္ခာပစ္စည်းတွေလည်း ခွဲဝေလို့ ပြီးသွားပြီ... ဒီနေ့အတွက် နောက်ဆုံး ကိစ္စလေး တစ်ခု ကျန်သေးတယ်... အဲဒါ ပြောပြီးတာနဲ့ အားလုံး အနားယူလို့ရပြီ"
"ခေါင်းဆောင်... ကိစ္စကျန်သေးတာလား... ကျွန်မ မနေလို့မရဘူးလား... ဒီနေ့ ကျွန်မ ဓားသိုင်းတောင် မလေ့ကျင့်ရသေးဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ညတိုင်း လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ ဓားပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေတတ်ပြီး တချို့ညများ၌ သန်းခေါင်ယံ အချိန်တွင် ချန်းရီ နိုးလာသည့်အခါ ထိုကောင်မလေး၏ ပင်ပန်းနွမ်းနယ်နေသော ကျောပြင်လေးကိုပင် မြင်တွေ့ရတတ်သည်။
ချူချယ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ဂရုမစိုက်ဘဲ ရင်ခွင်ထဲမှ တွန့်ကြေနေသော စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။
ချူချယ်၏ သတိထားနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ကိစ္စက ရိုးရှင်းမည်မဟုတ်ကြောင်း ထင်ရှားနေသည်။
နေရာတွင် အသစ်ရောက်လာသော တင်းတုံ တစ်ယောက်သာလျှင် ထိုအရာက ဘာလဲဆိုတာကို သိနေခဲ့၏။
"ခေါင်းဆောင်... ဒါကရော ဘာကြီးလဲ"
"တင်းတုံ... ဒါက မင်း ငါ့ကို ပေးထားတာဆိုတော့ မင်းပဲ ရှင်းပြလိုက်ပါ"
တင်းတုံကလည်း အားနာမနေတော့ဘဲ သူမ သိထားသော သတင်းအချက်အလက်များကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။
လူအများမှာ နားထောင်ရင်း တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်မိသွားကြပြီး အားလုံး၏ မျက်လုံးများထဲတွင် ဝမ်းသာအယ်လဲ ဖြစ်နေမှုများကို မြင်တွေ့လိုက်ရသည်။
အကယ်၍ ဤမြေပုံက ရေအရင်းအမြစ် ရှိရာနေရာ အစစ်အမှန်သာ ဖြစ်ခဲ့လျှင် ၎င်း၏ အဓိပ္ပာယ်က သဘာဝလွန်ပစ္စည်းများကို ခွဲဝေရရှိခြင်းထက်ပင် ပို၍ ကြီးမားနေလိမ့်မည်။
ယနေ့တွင် သောက်သုံးရေ အမြောက်အမြားကို ရရှိခဲ့သည် ဆိုသော်ငြားလည်း...
အကယ်၍ ထပ်မံ ဖြည့်တင်းနိုင်ခြင်း မရှိပါက အလွန်ဆုံး အချိန်ကာလ တစ်ခုအထိသာ ဆက်လက် တောင့်ခံထားနိုင်မည် ဖြစ်သည်။
မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် ဘယ်အချိန်ကျမှ အပြင်သို့ ရောက်နိုင်မည်ကို မည်သူကမျှ မသိကြပေ။
ရေအရင်းအမြစ်ကို ရှာတွေ့နိုင်မှသာလျှင် အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက် ရှိတော့မည် ဖြစ်သည်။
"ဆက်ပြီးတော့ ငါတို့ရဲ့ တာဝန်က သောက်ရေတွေ မကုန်သွားခင် ရေအရင်းအမြစ်ကို ရှာတွေ့ဖို့ပဲ... မဟုတ်ရင် ငါတို့ တစ်ယောက်မှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ဤသည်မှာ ယနေ့ည အစည်းအဝေးတွင် ချူချယ်၏ နောက်ဆုံး ပြောကြားလိုက်သော စကားပင် ဖြစ်သည်။
ထို့အပြင် အားလုံး နားထောင်ပြီးနောက် စိတ်အားအထက်သန်ဆုံး ဖြစ်စေခဲ့သော စကားတစ်ခွန်းလည်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများကလည်း ရေအရင်းအမြစ် ကိစ္စကို သိရှိသွားကြပြီး ဝမ်းသာအားရ အော်ဟစ်သံများ အသီးသီး ထွက်ပေါ်လာခဲ့ကြသည်။
၎င်းက နေ့ရက်ပေါင်းများစွာ အတွင်း ယာဉ်တန်းတစ်ခုလုံးအတွက် တစ်ခုတည်းသော သတင်းကောင်းဟုပင် ဆိုနိုင်သည်။
ဤသို့ဖြင့် ယနေ့ည အစည်းအဝေးမှာ ပြီးဆုံးသွားခဲ့ပြီဟု သတ်မှတ်နိုင်သည်။
ချန်းရီသည် မစောင့်ဆိုင်းနိုင်တော့ဘဲ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို သူ၏ ရိက္ခာပစ္စည်းများ ကားပေါ်တင်ရန် ကူညီခိုင်းလိုက်သည်။
ဤတစ်ကြိမ် ရရှိလိုက်သော ရိက္ခာပစ္စည်းများမှာ မနည်းလှပေ။ ပစ်ကပ်ကား၏ နောက်ခန်းကိုပင် အိကျသွားစေပြီး ညဘက် အိပ်စက်ရမည့် နေရာလေးကိုပါ တိုက်ရိုက် ကျဉ်းကြပ်သွားစေခဲ့သည်။
ကံကောင်းသည်မှာ ဤတစ်ကြိမ်တွင် ချန်းရီသည် တဲတစ်လုံးကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။
အမည်ကို မခေါ်တတ်သော်လည်း အရည်အသွေးကတော့ မဆိုးလှဟု ထင်ရသည်။
အသက်ရှင်ကျန်ရစ်သူ နှစ်ဦးအား ပေါင်မုန့်လေး တစ်လုံးစီ ပစ်ပေးလိုက်ရာ ထိုနှစ်ဦးမှာ ကျေးဇူးအထပ်ထပ် တင်လျက် ထွက်ခွာသွားကြလေသည်။
ချန်းရီက တဲကို ဆောက်ပြီးသည်နှင့် မစောင့်ဆိုင်းနိုင်တော့ဘဲ အထဲသို့ အမြန် ဝင်သွားခဲ့သည်။
တဲ၏ ကောင်းမွန်မှုကိုပင် ခံစားချိန် မရလိုက်ဘဲ ချန်းရီက စနစ်၏ မျက်နှာပြင်ကို ခေါ်ထုတ်လိုက်သည်။
ယနေ့ည ထမင်းစားနေချိန် တစ်လျှောက်လုံး ဤကိစ္စကိုသာ သူ စိတ်ထဲ စွဲမှတ်ထားခဲ့ခြင်း ဖြစ်သည်။
လူများနေပြီး သံသယ မျက်လုံးများစွာကို ဆွဲဆောင်မိမည်ကိုသာ မစိုးရိမ်ရပါက ချန်းရီသည် စနစ်၏ တွက်ချက်မှု ရလဒ်ကို အစောကြီးကတည်းက ကြည့်ရှုနေလောက်ပြီ ဖြစ်သည်။
ဆက်ရန်...