အခန်း ၁၀၀
Vol. 5 Ch. 100
အပိုင်း(၁၀၀) တိုးတက်လာခြင်း
"သွေးရောင်လမင်း အသက်ရှူကျင့်စဉ်... ဟုတ်လား"
ဤအမည်ကို မြင်လိုက်ရသောအခါ ချန်းရီ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်အနေဖြင့် သွေးရောင်လမင်းကြီးကို တိုက်ရိုက် မစိုက်ကြည့်ရခြင်းမှာ အခြေခံ အသက်ရှင်သန်ရေး ဗဟုသုတတစ်ခုပင် ဖြစ်၏။
ထူးဆန်းသောဖြစ်ရပ်များ စတင်ကျရောက်လာချိန်တွင် ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးကို သိချင်စိတ်ဖြင့် မော့ကြည့်မိသောကြောင့် ရူးသွပ်သေဆုံးသွားခဲ့ရသူပေါင်း မည်မျှပင် ရှိနေခဲ့ပြီနည်း။
သွေးရောင်လမင်းအောက်တွင် သေဆုံးခဲ့ရသူများ၏ အရေအတွက်က ထူးဆန်းသည့် အရာများကြောင့် သေဆုံးရသူများထက် မနည်းလှပေ။
ယခုတော့ ဤကျင့်စဉ်၏ အမည်ကို မြင်လိုက်ရရုံဖြင့် ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားစေသည်။
သို့သော်လည်း ချန်းရီက ဤအသက်ရှူကျင့်စဉ်ကို သေချာစွာ ဆက်လက် လေ့လာကြည့်လိုက်၏။
မကြာမီမှာပင် ဤအသက်ရှူကျင့်စဉ်က မည်သည့်အရာကို ဆိုလိုကြောင်း ချန်းရီ နားလည်သွားခဲ့သည်။
ဤအသက်ရှူကျင့်စဉ် ဆိုသည်မှာ သိုင်းဝတ္ထုများထဲက အတွင်းအား ကျင့်စဉ်များကဲ့သို့ အနိမ့်မှ အမြင့်သို့ အဆင့်များစွာ ခွဲခြားထားခြင်းမျိုး မဟုတ်ပေ။
ကျင့်စဉ်တစ်ခုလုံးတွင် အဆင့်တစ်ဆင့်တည်းသာ ရှိသည်။
ဤအသက်ရှူကျင့်စဉ်ထဲတွင် သွေးရောင်လမင်းကြီးကို ကောင်းသည် ဆိုးသည်ဟု တစ်ဖက်သတ် သတ်မှတ်ထားခြင်းမျိုး မရှိပေ။
ကျင့်စဉ်၏ ဖော်ပြချက်အရ သွေးရောင်လမင်းသည်လည်း စွမ်းအင်တစ်မျိုးပင် ဖြစ်ပြီး ထိုစွမ်းအင်သည် လူ့ခန္ဓာကိုယ်၏ သဘာဝလွန်အစွမ်းနှင့် အပြည့်အဝ ကိုက်ညီမှု မရှိခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဤစွမ်းအင်ကို အသက်ရှူခြင်းမှတစ်ဆင့် လူသားများနှင့် တူညီသော တုန်ခါမှုလှိုင်းတစ်ခု ရရှိလာစေရန် ပေါင်းစပ်ပေးရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ်က တဖြည်းဖြည်း စုပ်ယူနိုင်လာပြီး သဘာဝလွန်အစွမ်းကို လေ့ကျင့်နိုင်သည့် အကျိုးသက်ရောက်မှု ရရှိလာစေမည် ဖြစ်သည်။
သေချာသည်မှာ ဤအသက်ရှူခြင်း ဆိုသည်က နှာခေါင်းဖြင့် လေကို ရှူသွင်းရှူထုတ် လုပ်သည့် အသက်ရှူခြင်းမျိုး မဟုတ်ပေ။
ခန္ဓာကိုယ်အတွင်းရှိ သဘာဝလွန်အစွမ်း၏ ကြိမ်နှုန်းတစ်မျိုးသာ ဖြစ်သည်။
"သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" ၏ အဆိုအရ လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်း၏ ခန္ဓာကိုယ်ထဲရှိ သဘာဝလွန်အစွမ်းတိုင်းတွင် ကိုယ်ပိုင် ကြိမ်နှုန်းများ အသီးသီး ရှိကြသည်။
ဤအသက်ရှူခြင်း ဆိုသည်မှာ အစွမ်းပိုင်ရှင်တိုင်း၏ ကိုယ်ပိုင် ကြိမ်နှုန်းကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။
ချန်းရီက တဖြည်းဖြည်း တွေးတောစဉ်းစားခန်း ဝင်သွားသည်။
ထိုသို့ဆိုလျှင်လည်း အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ဆိုရပေမည်။
သူသည် ရွက်ဖျင်တဲထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ကိုယ်ပိုင် သဘာဝလွန်အစွမ်း ကြိမ်နှုန်းကို ဖြည်းညင်းစွာ ရှာဖွေကြည့်ရန် ကြိုးစားလိုက်သည်။
မကြာမီမှာပင် ချန်းရီသည် ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော ကြိမ်နှုန်းလေးတစ်ခုကို ခံစားမိသွားသည်။
ထိုကြိမ်နှုန်းလေးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး ခန္ဓာကိုယ် အနှံ့အပြားတွင် ပုန်းကွယ်နေသည်။
နာရီဝက်ခန့် ကြာပြီးနောက်။
ချန်းရီသည် ရွက်ဖျင်တဲအပြင်ဘက်တွင် ထိုင်လျက် ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးကို ပထမဆုံးအကြိမ်အဖြစ် မော့ကြည့်လိုက်၏။
ထူးဆန်းသော စိတ်လှုပ်ရှား ဂနာမငြိမ်မှု တစ်ခုက ရင်တွင်းမှ တရိပ်ရိပ် တက်လာသည်။
နားထဲတွင်လည်း သဲ့သဲ့လေး ကြားရသလိုလို မကြားရသလိုလို ကစဉ့်ကလျား ပြောဆိုသံများ ထွက်ပေါ်လာသည်။
သေချာ အာရုံစိုက်ပြီး နားထောင်ကြည့်သောအခါ မည်သို့မျှ မကြားရပြန်ပေ။
ထိုဆူညံသံများကို လုံးဝ လျစ်လျူရှုထားရန် ကြိုးစားလိုက်ချိန်တွင်လည်း ထိုအသံများက တစ်ဖန် ပြန်လည် ဆူညံလာကာ စိတ်ရှုပ်ထွေးဖွယ် ကောင်းလာပြန်၏။
သူ လုပ်ဆောင်ရန် စောင့်ဆိုင်းနေသော အလွန် အရေးကြီးသည့် ကိစ္စတစ်ခု ရှိနေသကဲ့သို့ပင်။ ထိုကိစ္စမှာ အလွန် အရေးပေါ်ဖြစ်ပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ချက်ချင်း သွားရောက် လုပ်ဆောင်ရမည့်အလား ခံစားရစေသည်။
ကြည့်ရသည်မှာ ဤအရာကပင် လူအများအပြား သွေးရောင်လမင်းကို ကြည့်ပြီးနောက် ရူးသွပ်သွားရသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
ချန်းရီက ရင်တွင်းမှ ဂနာမငြိမ်ဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်ထားရင်း စက္ကန့်များကို ခက်ခဲစွာ ရေတွက်နေလိုက်သည်။
သုံးစက္ကန့် ပြည့်သွားသည်နှင့် ချန်းရီသည် မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သဘာဝလွန် အသက်ရှူခြင်းကို ခံစားလိုက်သည်။
တစ်ဖန် ထူးဆန်းသော်လည်း စိတ်အေးချမ်းမှု ပေးစွမ်းနိုင်သော ကြိမ်နှုန်းလေး ဖြစ်ပေါ်လာသည်။ ကြိမ်နှုန်း၏ အကျုံ့အဆန့်ကြားတွင် သွေးရောင်လမင်းကြောင့် ဖြစ်ပေါ်လာသော ဂနာမငြိမ်မှုများကို တဖြည်းဖြည်း လွှမ်းမိုးသွားလေသည်။
ခန္ဓာကိုယ်တွင်းရှိ ဂနာမငြိမ်ဖြစ်မှုများကို သတိပြုမိလိုက်ချိန်မှာပင် အလွန် ထူးဆန်းသော စွမ်းအင်အချို့ ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဆောင်းဦးရာသီတွင် နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသကဲ့သို့ပင်။
ဂနာမငြိမ်ဖြစ်နေသော စွမ်းအင်များက သဘာဝလွန် ကြိမ်နှုန်း၏ လွှမ်းမိုးမှုကို တဖြည်းဖြည်း ခံလိုက်ရသည်။
ချန်းရီ၏ ခန္ဓာကိုယ်တွင်းရှိ သဘာဝလွန်အစွမ်းများ အနည်းငယ် တိုးပွားလာသည်ကို အံ့သြဝမ်းသာဖွယ်ရာ တွေ့ရှိလိုက်ရ၏။
ကြိမ်နှုန်း၏ လွှမ်းမိုးမှုနှင့်အတူ ချန်းရီက ခန္ဓာကိုယ်တွင်းမှ သဘာဝလွန်အစွမ်းများ တိုးပွားလာခြင်းကို အမှန်တကယ် ခံစားလိုက်ရသည်။
တစ်နာရီခန့် လေ့ကျင့်လိုက်ရုံမျှဖြင့်။
ယခင်ရက်များစွာက ရိုးရှင်းသောနည်းလမ်းဖြင့် လေ့ကျင့်ခဲ့သည့် စုစုပေါင်းပမာဏနှင့် ညီမျှနေကြောင်း ချန်းရီ ခံစားလိုက်ရသည်။
ဒီ... ဒီအသက်ရှူကျင့်စဉ်က အလွန်တရာ အံ့မခန်း ဖြစ်လွန်းနေသည် မဟုတ်ပါလော။
နှစ်နာရီ ကြာပြီးနောက်။
ယနေ့အတွက် သူ၏ လေ့ကျင့်မှုမှာ ပြည့်ဝသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ချိန်တွင်မှ ချန်းရီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ပင်ပန်းနွမ်းနယ်နေသော်လည်း ချန်းရီ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရသော ဝမ်းသာပျော်ရွှင်မှုများ ရှိနေဆဲပင်။
သူ၏ သဘာဝလွန်လမ်းစဉ်က နောက်ဆုံးတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအသက်ရှူကျင့်စဉ် ရှိနေသရွေ့ မကြာမီအချိန်အတွင်း သူသည် လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်နေသည်။
သဘာဝလွန်လမ်းစဉ် မီးခိုးတမန်တော်၏ လမ်းစဉ် အဆင့် (၂) က မည်သို့သော ပုံစံမျိုး ဖြစ်လာမည်ကို သူ တကယ်ကို မျှော်လင့်မိသည်။
ဝမ်းသာပျော်ရွှင်မှုကတော့ အထွတ်အထိပ်သို့ ရောက်နေသည်မှာ သေချာသည်။
ပင်ပန်းနွမ်းနယ်မှုမှာလည်း သဘာဝအတိုင်းပင်။
မျက်ခွံနှစ်ဖက်က အလွန်လေးလံနေပြီး ဖွင့်၍ပင် မရတော့ချေ။
တစ်နေကုန် ပြင်းထန်သော ကာယလုပ်အားများကို လုပ်ဆောင်ထားရသကဲ့သို့ပင်။
သို့သော် ဤအချိန်တွင် အနားယူ၍ မရသေးပေ။ လုပ်စရာ ကိစ္စများ ကျန်ရှိနေသေးသည်။
ချန်းရီက စိတ်ကို အတင်းအကျပ် လန်းဆန်းစေလိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ စနစ်ကို ခေါ်ယူလိုက်၏။
"စနစ်... နွားအရိုးကို ပေါင်းစပ်ပြီး အဆင့်မြှင့်မယ်"
[လူသားစား ခေါင်းနှစ်လုံး နွားကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်မည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်]
[ဤအစီအစဉ်အတိုင်း အဆင့်မြှင့်တင် တည်ဆောက်မည်ဆိုပါက ပစ်ကပ်ကားသည် ထူးဆန်းသော သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် အဆင့်မြှင့်တင် ပြောင်းလဲသွားမည် ဖြစ်ပါသည်]
[သတ်ဖြတ်မှတ် (၂၀၀၀၀) လိုအပ်ပါသည်]
[အချိန် (၉၆) နာရီ လိုအပ်ပါသည်]
[အဆင့်မြှင့်တင်ရန် သေချာပါသလား]
ချန်းရီက နောက်ဆုံးကျန်ရှိနေသော စွမ်းအင်များကို အားယူကာ စနစ်မှ ပေးထားသော အဆင့်မြှင့်တင်ရေး အစီအစဉ်ကို တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ ပြဿနာမရှိကြောင်း သေချာပြီးနောက် အတည်ပြုရန်ကို တိုက်ရိုက် နှိပ်လိုက်၏။
ထို့နောက် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။
ချန်းရီ အိပ်ပျော်သွားပြီး မကြာမီမှာပင်။
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော လူရိပ်တစ်ခုက စခန်းဆီသို့ ယိုင်နဲ့နဲ့ဖြင့် ပြန်လည် ရောက်ရှိလာသည်။
သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် ထိုပန်းရောင် ဆံပင်ရှည်ကြီးက ထူးခြားစွာ ပို၍ နီရဲနေသကဲ့သို့ ထင်ရသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင် ဖြစ်သည်။
သဲခုံ၏ အခြားတစ်ဖက်တွင် ကောင်မလေးက ခန္ဓာကိုယ်တွင်းရှိ နောက်ဆုံးကျန်သော အားအင်များကို ကုန်စင်အောင် သုံးစွဲပြီးမှ ယခုလေးတင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ကားတံခါး ပွင့်သွားပြီး အမွေးပွ အနွေးထည်အထူကြီးကို ဝတ်ဆင်ထားသော သေးသွယ်သည့် အရိပ်ကလေးတစ်ခု ကားထဲမှ ထွက်ပေါ်လာသည်။
"အမဝမ်းကွဲ... ဒီနေ့လည်း အရမ်း နောက်ကျပြန်ပြီနော်"
ရှောင်ယွီက မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
"စကားများမနေနဲ့... ငါ အရမ်း ပင်ပန်းနေပြီ... အိပ်တော့မယ်... လာမနှောင့်ယှက်နဲ့"
ကောင်မလေးက ပြောပြီးသည်နှင့် ကားထဲသို့ ခေါင်းစိုက်ဝင်သွားကာ တိုက်ရိုက်ပင် အိပ်မောကျသွားတော့သည်။
ရှောင်ယွီက ဒေါသတကြီးဖြင့် အမဝမ်းကွဲကို ကားထဲသို့ နေရာချပေးလိုက်သည်။
မလှမ်းမကမ်းရှိ အဝါရောင် ကျောင်းကားထဲတွင်မူ အသက်ရှင်ကျန်ရစ်သူ အများစုမှာ မိမိတို့၏ ထိုင်ခုံများပေါ်တွင် မှေးစက်နေကြသည်။
ခွန်ရှီးက ကားနောက်ဘက်ရှိ ကုတင်ကြီးပေါ်တွင် အိပ်ပျော်နေပြီး သူ၏ ခေါင်းတစ်ခုက ကြိုးစားပမ်းစား ထွက်ပေါ်လာကာ တဖြည်းဖြည်းဖြင့် အူကြောင်ကြောင် မျက်နှာပေါက်ရှိသော ခေါင်းတစ်ခုအဖြစ် ပြောင်းလဲလာသည်။
"အားးး"
ထိုအချိန်မှာပင် အလွန် စူးရှဆိုးရွားသော အော်ဟစ်သံကြီးတစ်ခုက စခန်းတစ်ခုလုံးတွင် ဟိန်းထွက်သွားလေသည်။
အိပ်ပျော်သွားသည်မှာ နာရီဝက်ပင် မပြည့်သေးသော ချန်းရီမှာ လန့်နိုးသွားပြီး ဆတ်ခနဲ ထထိုင်လိုက်မိသည်။
ထိုအခါမှသာ သူသည် သဲခုံပေါ်တွင် အိပ်ပျော်နေခဲ့ခြင်း ဖြစ်ကြောင်းကို သတိပြုမိလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အအေးဓာတ်များ လွှမ်းခြုံနေပြီ ဖြစ်သည်။
စခန်းထဲတွင်လည်း လှုပ်ရှားမှုများ စတင် ထွက်ပေါ်လာသည်။
ချန်းရီက ခုနကမှ ဝေစုရထားသော ပစ္စည်းများထဲမှ လက်နှိပ်ဓာတ်မီး တစ်လက်ကို စမ်းသပ် ယူဆောင်လိုက်၏။
ကံကောင်းသည်မှာ လက်နှိပ်ဓာတ်မီးထဲတွင် ဘက်ထရီအနည်းငယ် ကျန်ရှိနေသေးခြင်းပင် ဖြစ်သည်။
"ချန်းရီ... ဘာဖြစ်တာလဲ"
ခေါင်းဆောင်ချူက အင်္ကျီကို လွှမ်းခြုံကာ လက်နှိပ်ဓာတ်မီး ထိုးလျက် ထွက်လာသည်။ သူ၏ အနောက်တွင် လူနှစ်ယောက် ပါလာပြီး တစ်ယောက်က ဦးလေးအားပေါင် ဖြစ်ကာ အခြားတစ်ယောက်က ယာဉ်တန်းလက်ထောက် ရှောင်ဝမ် ဖြစ်သည်။
"ငါလည်း အခုလေးတင် နိုးတာ"
"ဟို... ရွှီနန်... ရွှီနန်တို့ဘက်မှာ ပြဿနာတက်နေတာ"
တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်သည်။
ချန်းရီနှင့် ခေါင်းဆောင်ချူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆက်တိုက် ထွက်ပေါ်နေဆဲဖြစ်သော အော်ဟစ်သံများဆီသို့ လျှောက်သွားလိုက်ကြ၏။
ချန်းရီက လမ်းလျှောက်ရင်း သမ်းဝေနေသည်။
ထိုအချိန်တွင် ရွှီနန်၏ ရွက်ဖျင်တဲရှေ့၌ လူအုပ်ကြီး စုရုံးနေကြပြီ ဖြစ်ပြီး သွေးညှီနံ့များပင် လွင့်ပျံ့လာသည်။
ချန်းရီ၏ စိတ်အာရုံများ ချက်ချင်း လန်းဆန်းသွားပြီး လက်က ခါးရှိ ထင်းခုတ်ဓားမဆီသို့ ရောက်သွားလေသည်။
"ခေါင်းဆောင်... ဦးလေးအားပေါင်... ဆရာချန်း ရောက်လာပြီ"
စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများက သူတို့သုံးယောက်အတွက် လမ်းကို အမြန် ဖယ်ပေးလိုက်ကြသည်။
ချန်းရီသည် မျက်မှောက်ရှိ မြင်ကွင်းကို ချက်ချင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူကိုယ်တိုင်ပင် အသက်ရှူမှားသွားရလောက်အောင် ဖြစ်သွား၏။
ရွှီနန်သည် ရက်စက်သော ဝံပုလွေတစ်ကောင်အလား ပါးစပ်ထောင့်တစ်ဝိုက်တွင် သွေးများ ပေကျံနေပြီး တစ်စုံတစ်ခုကို ဝါးမြိုနေသကဲ့သို့ ရှိနေသည်။
မျက်လုံးများကလည်း ရဲရဲနီနေပြီး မျက်နှာပေါ်ရှိ အမူအရာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ ရူးသွပ်နေပုံရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကလည်း အနည်းငယ် တုန်ယင်နေ၏။
ထိုရှည်လျားသော ဆံပင်များက ဖရိုဖရဲ ကျဆင်းနေပြီး ကြည့်ရသည်မှာ လှပသော်လည်း သနားစရာကောင်းကာ ထူးဆန်းကျောချမ်းဖွယ် ဖြစ်နေသည်။
ဘေးနားတွင်မူ... အရပ်မြင့်မြင့် လူသန်ကြီးတစ်ယောက်က လည်ပင်းကို အုပ်ကာ တက်နေပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ ထောင်ထနေသည်။
ချန်းရီ၏ ရှုထောင့်မှ ကြည့်လျှင် ထိုလူသန်ကြီး၏ လည်ပင်းမှာ တစ်စစီ စုတ်ပြတ်နေပြီး အသားတစ်တစ်ပင် လျော့သွားသကဲ့သို့ မြင်ရသည်။
လည်ပင်းမှ သွေးများက ရင်ဘတ်တစ်ဝိုက်ရှိ အင်္ကျီတစ်လွှားလုံးကို စိုရွှဲနေစေပြီး အင်္ကျီတစ်ခုလုံး သွေးရောင် လွှမ်းနေသည်။ သူ၏ မျက်လုံးများကမူ ထိုအလွန်လှပသော လူငယ်ကို ကြောက်လန့်တကြား ကြည့်နေ၏။
ဤလူကတော့ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ချန်းရီသည် ဤလူသန်ကြီးကို အနည်းငယ် ရင်းနှီးသလို ရှိသည်။
ဤလူသန်ကြီးသည် ကုလားအုတ် ယာဉ်တန်းမှ ဖြစ်ပုံရပြီး အရပ်အမောင်း မြင့်မားလွန်းသဖြင့် ချန်းရီ၏ သတိပြုမိခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ရွှီနန်နှင့် ဤလူသန်ကြီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ နှစ်ဆထက်ပင် ပိုမို ကွာခြားနေသေးသည်။
ရွှီနန်သည် ဤလူသန်ကြီး၏ အရှေ့တွင် ကြက်ပေါက်စလေး တစ်ကောင်အလား ဖြစ်နေသည်။
"ရွှီနန်... ရွှီနန်က ကိုဟူကို သတ်လိုက်ပြီ"
"ရွှီနန်က ကိုဟူကို သတ်လိုက်ပြီဟေ့... ဘုရားရေ"
"ကိုဟူရဲ့ လည်ပင်း ကိုက်ဖြတ်ခံလိုက်ရပြီ"
ပတ်ဝန်းကျင် တစ်ခုလုံးတွင် အသက်ရှူမှားသွားကြသည့် အသံများသာ ထွက်ပေါ်လာသည်။
လူတိုင်းက ရွှီနန်ကို ကြည့်သော မျက်လုံးများ ပြောင်းလဲသွားကြပြီး ကြောက်ရွံ့မှု၊ ထိတ်လန့်မှုများ ဖြစ်ပေါ်လာကြသည်။
အခင်းဖြစ်ပွားရာ နေရာ၏ အခြေအနေကို ကြည့်ရုံဖြင့် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။
ရွှီနန်၏ အကြည့်နှင့် ဆုံမိသူတိုင်း မျက်လွှာချကာ အကြည့်လွှဲသွားကြပြီး ဤရူးသွပ်နေသူကို သွားရောက် မပတ်သက်ရဲကြတော့ပေ။
ခေါင်းဆောင်ချူနှင့် ချန်းရီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် နှစ်ယောက်သား သမ်းဝေကာ အိပ်ရန် ပြန်လှည့်သွားကြသည်။
နောက်ဆက်တွဲ ကိစ္စရပ်များကို ဦးလေးအားပေါင် အနေဖြင့် ကောင်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
နောက်တစ်နေ့တွင် ချန်းရီက ရွှီနန်ကို ထပ်မံ မြင်တွေ့လိုက်ရချိန်၌ သူ လန့်ဖျပ်သွားခဲ့ရသည်။
ယခင်က ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ အလွန်လှပပြီး ယောကျ်ားလိုလို၊ မိန်းမလျာလိုလို ဖြစ်နေသော ရွှီနန်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခု ချန်းရီ၏ အရှေ့တွင် ပေါ်လာသူမှာ ဆံပင်များ ဖရိုဖရဲဖြစ်ကာ မီးလောင်ထားသကဲ့သို့ ဖြစ်နေသူ တစ်ယောက်သာ ဖြစ်သည်။
မူလက ချောမောလှပသော မျက်နှာပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာ ခုနစ်ချက်၊ ရှစ်ချက်ခန့် ရှိနေပြီး ဒဏ်ရာများက အပြင်သို့ လန်ထွက်နေကာ အတွင်းမှ အနီရောင် အသားများကိုပင် မြင်တွေ့နေရသည်။
ဤလူက...
မိမိကိုယ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်လိုက်ခြင်းပင်။
ယခင်က ရွှီနန်မှာ အလွန်တရာ လှပလွန်းလှသည်။
သို့သော် ယခု ရွှီနန်ကိုမူ တစ်ချက်ကြည့်ရုံဖြင့် နောက်တစ်ကြိမ် ထပ်မကြည့်ချင်တော့လောက်အောင် ဖြစ်သွားချေပြီတည်း။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့... ချန်းရီတို့ရေအရင်းအမြစ်လိုက်ရှာရင်း ဘာတွေ ကြုံရမလဲ၊ သဘာဝနိယာမတွေကို ဆန့်ကျင်နေတဲ့ ဘယ်လိုအဖြစ်အပျက်တွေ ပေါ်လာမလဲ၊ ကုလားအုပ်တန်းရဲ့ခေါင်းဆောင်မိုပြောသွားတဲ့ ဧရာမဆင်ကြီးပေါ်မှာ မြို့ကြီးတည်ပြီးနေတဲ့သူတွေကရော ဘာတွေလဲ၊ ချန်းရီရဲ့ကားကရော သဘာဝလွန်ပစ္စည်းဖြစ်သွားမလား၊ ဘယ်လိုအစွမ်းတွေ ရသွားမလဲ၊ သူ့ရဲ့မီးခိုးအစွမ်းကရော နောက်တစ်ဆင့်ကိုတက်သွားမလား စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။