ကယ်ဆယ်ရေး (၁)
Vol. 70 Ch. 1116
မှုံမှိုင်းနေသော ပင်မကွပ်ကဲခန်းအတွင်း၌ စောင့်ကြည့်ပြတင်းပေါက်၏ အက်ကြောင်းကြောင်းများတစ်လျှောက် အဝါရောင်သဲများ စိမ့်ဝင်နေပြီး ထိန်းချုပ်ခုံများပေါ်တွင် လှိုင်းတွန့်သဏ္ဌာန် သဲသောင်ခုံများသဖွယ် စုပုံနေတော့သည်။ သွေးနီရောင်ခြည်တန်းအချို့မှာ သဲမှုန်များအကြား တိုးဝင်လာပြီး လွင့်မျောနေသော ဖုန်မှုန့်များကို သွေးမြူများအလား နီမြန်းစေသည်။ အောက်ဘက်ကြမ်းပြင်ပေါ်တွင်မူ ခြောက်သွေ့နေသော အလောင်းတစ်လောင်းသည် ကွေးကွေးလေး လဲလျောင်းနေပြီး မီးခိုးဖျော့ရောင်အရေပြားမှာ အခြောက်လှန်းထားသော သားရေကဲ့သို့ အရိုးတွင် ကပ်နေကာ ညှိုးခြောက်နေသော လက်တစ်ဖက်မှာ အရေးပေါ်ဘရိတ်မောင်းတံ၏ အချိုင့်ထဲ၌ ချိတ်ဆွဲလျက်သားရှိနေဆဲပင်။
ယာဉ်ကိုယ်ထည်အပြင်ဘက်တွင် လေပြင်းများ အော်မြည်နေပြီး သဲမှုန်များက သတ္တုပြားကို လာရောက်ပွတ်တိုက်သံမှာ အဆက်မပြတ်ထွက်ပေါ်နေသည်။ တစ္ဆေသရဲဆန်သော အပြာရောင်အလင်းတစ်ချက်သည် သတင်းအချက်အလက်ဗဟိုချက်၏ စနစ်မြင်ကွင်းတွင် လင်းလက်နေပြီး ထိုနေရာတွင် စူးရှသော ထောင့်စွန်းများရှိသည့် ဒရုန်းတစ်စင်းမှာ ချိတ်ဆက်ပေါက်ကို ကပ်တွယ်ထားကာ ၎င်း၏ဝမ်းဗိုက်ရှိ အချက်ပြမီးမှာ ပုံမှန်စည်းချက်အတိုင်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ခပ်လှမ်းလှမ်းရှိ ခိုလှုံခန်းအတွင်း၌ လင်းရှန်သည် သူ၏မျက်မှန်ကို ချွတ်လိုက်ပြီး မျက်နှာမှာ လှုပ်ရှားမှုမရှိသော ရေပြင်ကဲ့သို့ တည်ကြည်လေးနက်နေသည်။ သူသည် ထောင့်တစ်နေရာတွင် နောက်မှီထိုင်ကာ ဒူးကို လက်ချောင်းများဖြင့် ခပ်ဖွဖွပုတ်နေမိသည်။
“ဆရာမချန်က ဂြိုဟ်ပတ်ရထားအဖွဲ့ကို ကူညီကယ်ဆယ်ဖို့ ကောင်းကင်အမိုးခုံးရထားကို ဦးဆောင်ပြီး မြောက်ဘက်ကို သွားပြီ။ နောဧကလည်း တောင်ဘက်က တက်လာမယ့် အာရုဏ်ဦးဗဟိုစင်တာနဲ့ ဆုံဖို့ ဟတ်ကိုမှာ ဆင်းသက်ခဲ့တယ်။ ဒါပေမဲ့ အခု ဟတ်ကိုက ကျဆုံးသွားပြီ။ နောဧလည်း ပိတ်မိနေပြီး အာရုဏ်ဦးဗဟိုစင်တာက တောင်အမေရိကရဲ့ သွေးနီရောင်ဇုန်ကို ဖြတ်ကျော်နိုင်ခဲ့လားဆိုတာတောင် မသိရသေးဘူး”
လင်းရှန်၏အကြည့်များ လှုပ်ရှားသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကီကီနဲ့ ဒါရိုက်တာတင်း...”
ပြတင်းပေါက်အပြင်ဘက်ရှိ နီရဲနေသော ကမ္ဘာကြီးမှာ လင်းရှန်၏ရင်ဘတ်ကို ဖိနှိပ်ထားသကဲ့သို့ ခံစားရစေသည်။ သူသည် အဝါရောင်သဲများနှင့် ပျက်စီးနေသော အကြွင်းအကျန်များကြားတွင် နိုးထလာခဲ့ခြင်းဖြစ်သည်။ ကီကီနှင့် ဒါရိုက်တာတင်းတို့သာ သူနှင့်အတူရှိနေလျှင် ယခုစစ်ပွဲအတွင်း ထိုနှစ်ဦးစလုံး အန္တရာယ်နှင့် ကြုံသွားရပြီဟူသော ကောက်ချက်တစ်ခုတည်းကိုသာ သူချနိုင်တော့မည်။
လင်းရှန်သည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဆိုးဆုံးအခြေအနေကို တိုက်ရိုက်မတွေးမိစေရန် မိမိကိုယ်မိမိထိန်းချုပ်လိုက်သည်။ လက်ရှိတွင် သူ့ထံ၌ မြေပုံနှင့် အချက်အလက်အချို့ ရှိနေပြီဖြစ်ရာ ဤနေရာမှ မည်သို့ထွက်ခွာရမည်ကို အရင်ဆုံး စဉ်းစားရမည်ဖြစ်သည်။ အကြောင်းမှာ ထိုသတင်းစကားမှာ ၅၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်၍ နောက်ဆုံးရသတင်းအချက်အလက်များကို သူ အရေးတကြီးလိုအပ်နေသည်။
သူသည် စိတ်ထဲမှ မတည်မငြိမ်မှုများကို ဖိနှိပ်ကာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။ လက်ချောင်းများဖြင့် လေထုကို ပုတ်ခတ်လိုက်ရာ အနက်ရောင်နာနိုတိုက်ပွဲဝတ်စုံသည် သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
“အရင်ဆုံး ဒီကနေထွက်ပြီး မြို့ပတ်လမ်းကြောင်းကို ရှာရမယ်။ ပြီးမှ အနန္တရထားကို အပြင်ထုတ်မယ်”
အနန္တရထားတွင် ပြည့်စုံသော အတွင်းပိုင်းလူနေမှုအဆောက်အအုံများရှိသည့်အပြင် အားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ကာကွယ်ရေးချပ်ကာများလည်း တပ်ဆင်ထားသည်။ ထိုအရာက လင်းရှန်အတွက် လုံခြုံမှုအရှိဆုံးအရင်းအမြစ်ပင်၊၊ သူသည် အနန္တရထားကို စတင်တည်ဆောက်ခဲ့စဉ်က သံမဏိခံတပ်ကဲ့သို့ ကျဉ်းမြောင်းသော နံပါတ် ၁ တွဲဖြင့် မရေမတွက်နိုင်သော အန္တရာယ်များကို ကျော်ဖြတ်ခဲ့ရပုံကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
ဝူး~
ကုန်စည်ပို့ဆောင်ရေးဒရုန်းအချို့သည် လင်းရှန် ထုတ်လုပ်ထားသော ကုန်သေတ္တာများကို မတင်လိုက်ကြသည်။ ရှေ့ဘက်တွင်မူ Dragon Girl မီကာသည် သူမ၏လက်မောင်းမှ စွမ်းအင်မြင့်ဖြတ်တောက်ရေး အလင်းတန်းကို ပစ်လွှတ်ကာ နံရံကို တိကျသပ်ရပ်စွာ ဖြတ်တောက်လိုက်သည်။ ထို့နောက် နံရံတစ်ခုလုံးသည် အောက်ဘက်ရှိ သဲကျင်းထဲသို့ တည့်တည့်လျှောကျသွားပြီး ဖုန်မှုန့်တိမ်တိုက်များကို လွင့်ပျံစေခဲ့သည်။
လင်းရှန် အောက်သို့ ခုန်ဆင်းလိုက်ရာ ဒရုန်းပန်ကာက သူ၏အရှိန်ကို လျှော့ချပေးသဖြင့် ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည်။ ထို့နောက် သိပ်သည်းလှသော ဒရုန်းအသေးစားလေးများစွာသည် ပျံသန်းထွက်ပေါ်လာပြီး စောင့်ကြည့်ကင်းအဖွဲ့အဖြစ် သူ့ပတ်လည်မီတာသုံးရာအကွာအဝေးကို အချိန်နှင့်တပြေးညီ ဘေးအန္တရာယ်များရှိမရှိ စောင့်ကြည့်ပေးနေကြသည်။
သွေးနီရောင်ဇုန်အတွင်း မြင်ကွင်းမှာ အလွန်ပင် မှုန်ဝါးနေပြီး ကောင်းကင်ယံ၌ လှိုင်းထနေသော သွေးနီရောင်မြူခိုးများသည် သက်ရှိတစ်ခုကဲ့သို့ ခံစားရစေသည်။ အချို့အချိန်များတွင် မြူခိုးများ ကျဲပါးသွားသဖြင့် ခပ်လှမ်းလှမ်းအထိမြင်ရသော်လည်း အချို့အချိန်များတွင်မူ မီတာအနည်းငယ်သာ မြင်ရလောက်အောင် ထူထပ်သွားတတ်သည်။ ဖိနှိပ်ချုပ်ချယ်မှုဒဏ်ကြောင့် စိတ်ဝိညာဉ်ကို ခြောက်လှန့်နေသကဲ့သို့ပင်၊၊
လင်းရှန်သည် မြေပုံကို ဖွင့်လိုက်ပြီး ခပ်လှမ်းလှမ်းတွင် မထင်မရှားမြင်တွေ့နေရသော အနက်ရောင်ကမ်းရိုးတန်းကို အကြမ်းဖျင်းကိုးကားကာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး အဝါရောင်သဲကန္တာရထဲ၌ တစ်ကိုယ်တည်း သတိကြီးစွာဖြင့် စတင်လှုပ်ရှားခဲ့သည်။
…
ဟတ်ကိုတောင်ဘက်ကမ်းခြေ - အဝါရောင်သဲပြင်သည် မိုင်ပေါင်းထောင်ချီ ကျယ်ပြောလှသည်။ သဲသောင်ခုံများပေါ်တွင် ထူးဆန်းသော သွေးနီရောင်ဝဲဂယက်များမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ခပ်လှမ်းလှမ်းတွင်မူ မော်တော်ဆိုင်ကယ်ပျံလေးစီးသည် အနိမ်ပိုင်းမှ လေပြင်းကို ဖြတ်သန်းမောင်းနှင်နေကြပြီး စီးနင်းသူအားလုံးသည် အထူးပြုလုပ်ထားသော ညလမ်းလျှောက်သူလေကာအပေါ်ဝတ်ရုံများကို ဆင်မြန်းထားကာ အတွင်း၌ သတ္တုလိုင်းများပါရှိသည့် ကိုယ်လုံးပြည့်စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သို့သော်ငြားလည်း ဤသဲပင်လယ်အတွင်း ထိုအဆင့်မြင့်နည်းပညာသုံး ဝတ်စုံများသည် စစ်ပွဲကြောင့် ပျက်စီးရာအမှတ်အသားများ ထင်ကျန်နေခဲ့ပြီဖြစ်သည်။
၎င်းတို့နှင့်အတူ အခြားလူတစ်ယောက်သည်လည်း မည်သည့်ယာဉ်ကိုမျှ အသုံးမပြုဘဲ ရှေ့သို့ အရှိန်ပြင်းစွာ ပျံသန်းသွားနေပြီး သူမ၏ပျံသန်းမှုကြောင့် ဖြစ်ပေါ်လာသော လေပွေလှိုင်းများက မြေပြင်မှ သဲမုန်တိုင်းကို ထကြွစေသည်။
“ဂျစ်...”
ထိုစဉ် မော်တော်ဆိုင်ကယ်ပျံတစ်စီးမှ ဦးဆောင်သူက ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် စကားပြောလာသည်။
“ငါတို့မှာ အချိန်နှစ်နာရီပဲ ရှိတယ်။ ဧရိယာ ၃၄ က နောဧနဲ့ နီးတယ်၊၊ ကောင်းကင်သားရဲထိန်းမရောက်ခင် ငါတို့ ပြန်ဆုတ်ရမယ်။ အမဲလိုက်သတ္တဝါတွေနဲ့ တိုးရင် အရင်ဆုံးရှောင်ပြီး အခွင့်အရေးကိုစောင့်… ဘာပဲဖြစ်ဖြစ် သွေးနီရောင်ဒီရေကိုတော့ သွားမလှုံ့ဆော်မိစေနဲ့”
“နောဧနဲ့ ပိုနီးလေလေ အဲဒီအရာရဲ့ လှုပ်ရှားမှုပုံစံက ပြောင်းလဲနိုင်လေပဲ၊၊ ပြီးတော့ အမဲလိုက်သတ္တဝါတွေလည်း ပိုများလာမှာ သေချာတယ်” အခြားအမျိုးသမီးတစ်ဦး၏ အသံက ဆက်သွယ်ရေးလိုင်းမှ ထွက်ပေါ်လာသည်။
ဝူး~
နောက်ဘက်မှ လေးလံသော ဆိုင်ကယ်ကြီးသည် အရှိန်မြှင့်ကာ အကွာအဝေးကို ကျဉ်းမြောင်းလိုက်သည်။ ၎င်းပေါ်ရှိ ထွားကျိုင်းသော လူတစ်ယောက်ကလည်း ဝင်ပြောသည်။
“အကယ်၍ နှစ်ကောင်ထက်မပိုရင် ငါတို့ သူတို့ကို ရှင်းပစ်လိုက်ရုံပဲ။ ငါတို့ လက်နက်အသစ်ကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲလေ”
“မဖြစ်ဘူး” ခေါင်းဆောင်က ချက်ချင်း ငြင်းပယ်လိုက်သည်။
“ငါတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အဲဒီလူကို ရှာဖို့ပဲ။ ဟတ်ကိုစစ်မြေပြင်က သွေးနီရောင်အဆိပ်မြူတွေက အရမ်းပြင်းထန်တယ်။ ကောင်းကင်သားရဲထိန်းအပြင် ပင်လယ်နဲ့ ကမ်းခြေသဲအောက်မှာ ပုန်းအောင်းနေတဲ့ S-Class အဆင့် အနည်းဆုံးနှစ်ကောင်ရှိသေးတယ်။ အကယ်၍ သူတို့ကိုသွားနိုးမိရင် ငါတို့ ခိုလှုံနေရာကိုတောင် ပြန်နိုင်မှာ မဟုတ်ဘူး”
“မှန်တယ်” ကြီးမားသော စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ထားပြီး အထူးယန္တရားလက်မောင်းတပ်ဆင်ထားသည့် အခြားလူတစ်ယောက်က ဝင်ပြောသည်။
“အရမ်းစိတ်မလောစမ်းပါနဲ့ အားလွန်။ ငါတို့က ကင်းထောက်အဖွဲ့ပဲ၊ ပင်မတပ်ဖွဲ့ မဟုတ်ဘူး။ ခေါင်းသုံးစမ်းပါ”
“ရှစ်... ငါက အမှောင်စွမ်းအင်လက်နက်အသစ်ကို သိချင်ရုံသက်သက်ပါပဲ” အားလွန်ဟု ခေါ်သော လူက ပြန်ပြောလိုက်သည်။
ခေါင်းဆောင်က ဘေးဘက်တွင် ပျံသန်းနေသော လူကို လှည့်ကြည့်ကာ ပြောသည်။
“ကီကီ၊ မင်း မနေ့က ဆူညံသံတွေ အများကြီး လုပ်ခဲ့တယ်။ မင်း လူကယ်ချင်လို့ စိတ်စောနေတာကို ငါနားလည်ပါတယ်၊၊ ဒါပေမဲ့ မင်း မုန်တိုင်းတိမ်တိုက်တွေကို အဲဒီလိုမျိုးထပ်ပြီး ဆွဲမခွဲသင့်တော့ဘူး။ ကောင်းကင်ကို ဖြတ်ကျော်သွားတဲ့ အဲဒီမွန်းစတားကြီးက ဘာလဲဆိုတာ ငါတို့အားလုံးသိချင်ကြပေမဲ့ ငါတို့မှာ အသက်တစ်ချောင်းပဲ ရှိတယ်။ သတိထားတာ အကောင်းဆုံးပဲ”
“အိုကေ”
တိုးညှင်းသော အသံတစ်သံက ဆက်သွယ်ရေးလိုင်းမှ ပြန်လည်ထွက်ပေါ်လာပြီး အနည်းငယ်စိတ်ပျက်နေပုံရသည်။ မြေပြင်အထက်တွင် ပျံသန်းနေသူမှာ ကီကီပင် ဖြစ်သည်။ သူမ၏ စွမ်းအားဝတ်စုံမျက်နှာပြင်မှတစ်ဆင့် သူမ၏အကြည့်များသည် လမ်းညွှန်အမှတ်အသားပေါ်တွင် တည်ရှိနေပြီး စိုးရိမ်ပူပန်မှုများဖြင့် အာရုံစိုက်နေမိသည်။
ဧရိယာ ၃၄ သည် ဟတ်ကိုစစ်မြေပြင်မှ ခွဲထုတ်ထားသော နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းသည် ယခင်က တတိယတိုက်ကြီးချိတ်ဆက်အဖွဲ့၏ ၂၇ ခုမြောက် တပ်ရင်းအခြေစိုက်စခန်းဖြစ်ခဲ့ဖူးပြီး သင်္ဘော ၁၁စင်းထက်မနည်း ပျက်ကျခဲ့ကာ ပျက်စီးနေသောအကြွင်းအကျန်များ နေရာအနှံ့ပြန့်ကျဲနေခဲ့သည်။
“လွတ်နေတယ်... အထဲမှာ ဘာမှမရှိဘူး”
“သံလိုက်သော့ခတ်မှု ပြီးပြီ။ ဦးတည်ချက်ဆယ်နာရီ၊ အနက် ခုနစ်မီတာ”
ကပ္ပတိန် ရေမွန်၏ သံချပ်ကာလက်အိတ်မှ အပြာနုရောင်လျှပ်စီးကြောင်းများ ဖျတ်ခနဲထွက်ပေါ်လာပြီး သဲသောင်ခုံပေါ်သို့ သံလိုက်လှိုင်းဖြင့် ရိုက်ခတ်လိုက်ရာ သဲအောက်တွင် ပုံပျက်ပန်းပျက် ဖြစ်နေသော စစ်သင်္ဘောကိုယ်ထည်၏ အရိပ်အယောင်ပေါ်လာသည်။
“တတိယ ထောက်ပံ့ပို့ဆောင်ရေးယာဉ်တန်းရဲ့ တပ်ရင်း ၂၇ Albatross အဆင့် ပို့ဆောင်ရေးသင်္ဘောပဲ”