← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အပိုင်း (၄၁၁)

ထိုအချိန်၌ ကျုံးရှန်ကို ဖိနှိပ်ထားသော ဗောဓိဓာတ်တော်ရွှေစေတီသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ ရွှေစေတီသည် ခေတ်အဆက်ဆက် မလှုပ်မယှက် တည်ရှိနေခဲ့ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ ကောင်းကင်နှင့်မြေကြီးအကြား တုန်လှုပ်ချောက်ချားဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့လျှင်ပင် အနည်းငယ်မျှ လှုပ်ယမ်းခြင်း မရှိခဲ့ဖူးချေ။ သို့သော် ယခုအခါတွင်မူ စတင်ခါလှုပ်ယမ်းလာသည်။ အစပိုင်း၌ ညင်သာစွာ လှုပ်ခတ်ရုံမျှသာ ဖြစ်သော်လည်း တဖြည်းဖြည်း ပိုမိုပြင်းထန်လာကာ တုန်းကျီပြည်နယ်တစ်ခုလုံးပါ လိုက်ပါတုန်ခါလာတော့သည်။

မြေပြင်တစ်ခုလုံး အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ လေဟာနယ်ပင် ဟန်ချက်ပျက်လာရာ ထိုဆိုးရွားလှသော လှုပ်ခတ်မှုကြောင့် သုန်ပုပြည်နယ် ၅၆ ခုရှိ လူအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ ရွှေစေတီ တုန်ခါခြင်းက မည်သည့်အဓိပ္ပာယ်ကို ဆောင်ကြဉ်းနေကြောင်း သူတို့ မသိရှိကြပေ။ ရှီကျား ဗုဒ္ဓအရှင်တစ်ဦးသည်သာ ရွှေစေတီကို လေးနက်တည်ကြည်သော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။ သူ၏ တည်ငြိမ်မှုသည် အပြင်ပန်း အသွင်အပြင်မျှသာ ဖြစ်ပြီး စိတ်ထဲတွင်မူ အတိုင်းမသိ ထိတ်လန့်နေ ပြီဖြစ်သည်။

ဗုဒ္ဓဂိုဏ်းကို တစ်ကိုယ်တော် ဝင်ရောက်စိန်ခေါ်ရန် ကြံရွယ်ထားသော ရဲတင်းလှသည့် လျှို့ဝှက်ဆန်းကြယ်သူသည် ဗောဓိဓာတ်တော်ရွှေစေတီကို အမှန်တကယ်ပင် လှုပ်ရမ်းနေခြင်း ဖြစ်သည်။ ထိုလှုပ်ရမ်းမှု စွမ်းအားသည် အလွန်တရာ ကြီးမားလှသဖြင့် ဗုဒ္ဓအရှင်တစ်သိန်း၏ ဓာတ်တော်များဖြင့် ပူးပေါင်းဖိနှိပ်ထားသော ရွှေစေတီပင် တောင့်ခံနိုင်ခြင်း မရှိတော့ချေ။သိထားရမည့်အချက်မှာ ဗောဓိဓာတ်တော်ရွှေစေတီအတွင်း၌ ပါဝင်သော စွမ်းအင်များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေကဲ့သို့ မဟာကမ္ဘာကြီးများထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်း မရှိခြင်းပင်။

ထို့ကြောင့် ရွှေစေတီကို လှုပ်ရမ်းနိုင်စွမ်းရှိခြင်းသည် ထိုလူအနေဖြင့် ဝမ်ရှန့်မဟာကမ္ဘာတစ်ခုလုံးကိုပါ လှုပ်ရမ်းနိုင်ကြောင်း ညွှန်းဆိုနေသည်။ မူလက ရှီကျား ဗုဒ္ဓအရှင်၏ အမြင်တွင် ဗောဓိဓာတ်တော်ရွှေစေတီသည် ဤကမ္ဘာလောကအတွင်း ပြိုင်ဘက်ကင်းလုနီးပါး တည်ရှိမှုတစ်ခု ဖြစ်သော်လည်း ယခုအခါ သူ၏ စိတ်ထဲရှိ ပြိုင်ဘက်ကင်းဆိုသော အသိသည် သိသာစွာ ချိုးဖျက်ခံလိုက်ရလေပြီ။ အကယ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သူသာ ရွှေစေတီ၏ ဖိနှိပ်မှုအောက်မှ အမှန်တကယ် ရုန်းထွက်လာနိုင်မည်ဆိုပါက သူ မည်သို့ လုပ်ဆောင်သင့်ကြောင်းကို စတင် စိုးရိမ်လာတော့သည်။

ထိုသို့သော ကိစ္စမျိုး အမှန်တကယ် ဖြစ်ပေါ်လာပါက ထိုသူ့ထံတွင် ဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်များကို လုံးဝ အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်သော စွမ်းရည် ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ ဗုဒ္ဓဂိုဏ်းအတွက် သေလမ်းတစ်လမ်းသာ ရှိပေတော့မည်။ သူ ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရသော ကြီးကျယ်ခမ်းနားလှသည့် အောင်မြင်မှုများအားလုံးသည်လည်း သဲထဲရေသွန် ဖြစ်သွားမည့်အပြင် ယုံကြည်သူ အများအပြား ဆုံးရှုံးသွားနိုင်သည်။ ယုံကြည်မှုများ ပျောက်ကွယ်သွားခြင်းသည် သူ၏ ကျင့်ကြံဆင့်ကို တိုးတက်စေသည့် အဓိက စွမ်းအင်အရင်းအမြစ် ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်၏။

'ငါက ပိုင်ရွှီနယ်မြေထဲမှာ သွားပြီး လေလွင့်နေရတော့မှာလား'

ရှီကျား ဗုဒ္ဓအရှင်၏ စိတ်ထဲတွင် အလျင်အမြန် စဉ်းစားတွေးတောနေကာ စက္ကန့်တိုင်းတွင် အတွေးပေါင်း သောင်းခြောက်ထောင်ဖြင့် ဗျာများနေသည်။ သူ့အတွက် ပိုင်ရွှီထဲ၌ လေလွင့်ရခြင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၌ ယုံကြည်မှုစွမ်းအားများ၏ အကူအညီဖြင့် ငြိမ်းချမ်းစွာ ကျင့်ကြံရခြင်းနှင့် နှိုင်းယှဉ်ပါက အလွန်တရာ အန္တရာယ်ကြီးမားလှသည်။

ပိုင်ရွှီသည် မည်သည့် မဟာကမ္ဘာမှ ကျွမ်းကျင်သူများကိုမဆို ပြင်းထန်သော ကန့်သတ်ချက်များ ဖြစ်ပေါ်စေနိုင်ကာ စွမ်းရည်ကို အဆရာထောင်ချီ၍ ကျဆင်းသွားစေသည်။ ယင်းသည် အတိတ်တွင် ရွေ့ဝူတိတို့ ကြုံတွေ့ခဲ့ရသည့် ပြဿနာမျိုး ဖြစ်သည်။ သူတို့သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး အပြင်ဘက်ရှိ ပိုင်ရွှီနယ်မြေဟူသော လျှို့ဝှက်ဆန်းကြယ်သည့် ကုန်းမြေသို့ မှားယွင်းဝင်ရောက်သွားခဲ့ကြသဖြင့် ရွေ့ဝူတိ အပါအဝင် ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာသူတော်စင်အားလုံး ကျင့်ကြံခြင်းစွမ်းအင်များ ဆုံးရှုံးကာ သာမန်လူကဲ့သို့ ဖြစ်သွားခဲ့ကြရသည်။

သို့သော်လည်း ပိုင်ရွှီနယ်မြေအတွင်း၌ အဆင့်တက်လှမ်းနိုင်ခဲ့ပါက လက်တွေ့ကျင့်ကြံမှုအဆင့်သည်လည်း အဆတစ်ရာခန့် တိုးတက်လာမည် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ပိုင်ရွှီသည် ရှုပ်ထွေး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်သလို မဟာကမ္ဘာတစ်ခုနှင့် တစ်ခုကြားရှိ ကြားခံနယ်မြေတစ်ခု ဖြစ်သည်။ ထိုနယ်မြေသည် စကြာဝဠာတစ်ခုလုံး၌ ပြည့်နှက်နေသည့် တားမြစ်နယ်မြေပင် ဖြစ်သည်။ မဟာကမ္ဘာများ၏ အထက်တွင် စကြာဝဠာအမျိုးမျိုး ရှိနေတတ်သည်မဟုတ်ပါလော။

အကယ်၍ စကြဝဠာများဆီသို့ထွက်ပြေးနိုင်ပါက အနှီထူးခြားဆန်းကြယ်သည့် ကျင့်ကြံသူလက်မှလွတ်မြောက်နိုင်လေသည်။ ရှီကျား ဗုဒ္ဓဘုရင်သည် စိတ်ထဲ၌ အမျိုးမျိုး တွေးတောနေစဉ် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ မည်သို့ ထွက်ပြေးရမည်ကို တွေးမိသွားသည်။ ထိုအချိန်တွင် ဗောဓိဓာတ်တော်ရွှေစေတီတစ်ခုလုံး၏ လှုပ်ခတ်မှုသည် ပိုမို ပြင်းထန်လာကာ သုန်ပုပြည်နယ် ၅၆ ခုသည် အရှေ့ဘက်ကုန်းမြေတိုက်ကြီးမှ စတင်ခွဲထွက်သွားတော့သည်။

ပြည်နယ်တိုင်းသည် တစ်ခုချင်းစီ စတင်ကွဲထွက်သွားပြီး ဧရာမ ကျွန်းကြီးများအဖြစ်သို့ ပြောင်းလဲသွားကြကာ အရှေ့ပင််အတွင်းလျင်မြန်စွာ ပြန့်ကျဲသွားသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ သုန်ပုပြည်နယ် ၅၆ ခုသည် ထိုသို့ဖြင့် ရုတ်တရက် တစ်ကွဲတစ်ပြားစီ ဖြစ်သွားရလေပြီ။ ထိုဖြစ်စဉ်အတွင်း ကောင်းကင်နှင့် မြေကြီး၏ ပြင်းထန်သော အလှည့်အပြောင်းများကြောင့် ပြည်နယ်တစ်ခုချင်းစီရှိ သာမန်လူအမြောက်အမြား သေဆုံးသွားရသည်။ မူလက နှစ်သန်းပေါင်းရာချီ ကြာမြင့်မှသာ ဖြစ်ပေါ်နိုင်သည့် ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုများသည် မိနစ်အနည်းငယ်အတွင်း ဖြစ်ပေါ်သွားခြင်း ဖြစ်သည်။

"ဝုန်း... ဝုန်း..."

ဗောဓိဓာတ်တော်ရွှေစေတီသည် ဖြည်းညင်းစွာ စတင် မြင့်တက်လာလျှင် ကြီးမားလှသော ဖိနှိပ်မှုစွမ်းအင်များသည် တုန်းကျီပြည်နယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ ထိုအခါ တုန်းကျီပြည်နယ်တစ်ခုလုံးသည် ချက်ချင်းပင် အမှုန့်အဖြစ် ပြိုကွဲသွားကာ ကောင်းကင်နှင့် မြေကြီးကြားမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ရွှေစေတီမှ ထွက်ပေါ်လာသော စွမ်းအင်သည် အလွန်တရာ ကြီးမားလွန်းလှသဖြင့် သာမန်ပြည်နယ်တစ်ခုမျှသာဖြစ်သည့် တုန်းကျီပြည်နယ်အနေဖြင့် ခံနိုင်ရည် လုံးဝ မရှိခြင်း ပင်။ ရိုက်ခတ်မှု လှိုင်းဂယက်လေး အနည်းငယ်နှင့်ပင် ပြည်နယ်များကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။

အဓိက ဖိနှိပ်မှုစွမ်းအားကို ခံစားနေရသော ကျုံးရှန်အနေဖြင့် မည်မျှကြီးမားသည့် ဖိအားကို ရင်ဆိုင်နေရမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှပေသည်။

"ကျစ်... ဒီလျှို့ဝှက်ဆန်းကြယ်သူက ထျန်းယွမ်အဆင့် ကျွမ်းကျင်သူတစ်ယောက်များလား"

"မဖြစ်နိုင်ဘူး... ထျန်းယွမ်အဆင့် ကျွမ်းကျင်သူဆိုရင်တောင် ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖိနှိပ်မှုကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

"ထျန်းကျဲအဆင့်က ကျွမ်းကျင်သူများ ဖြစ်နေမလား"

"ဗုဒ္ဓေါ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာ ဘယ်အချိန်တုန်းက ဒီလိုအဆင့်ရှိတဲ့ ကျွမ်းကျင်သူ ပေါ်လာရတာပါလိမ့်"

ရှီကျား ဗုဒ္ဓအရှင်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခုအခါတွင် ဗောဓိဓာတ်တော်ရွှေစေတီကို ဂရုစိုက်နေရန် အချိန်မရှိတော့သဖြင့် သူသည် လက်ဝှေ့ယမ်းကာ ပိအန်းရွှေတောင်နှင့် ဝမ်ဖော်ဂိုဏ်း၏ သူတော်စင်ကမ္ဘာဖြစ်သည့် ဝမ်ဖော်ကမ္ဘာကို သိမ်းယူလိုက်သည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာ့အတားအဆီးနံရံများဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ သူသည် ဗောဓိဓာတ်တော်ရွှေစေတီကို စွန့်ပစ်လိုက်ကာ အသက်ရှင်သန်ခွင့် တစ်လမ်းရရန်အတွက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေရှိ ဗုဒ္ဓဂိုဏ်း၏ ကျန်ရှိသော အမွေအနှစ်များကိုပင် ငဲ့ကွက်မနေတော့ချေ။

"ကျွီ..."

ကျုံးရှန်သည် လက်နှစ်ဖက်ကို အားပြုကာ ဗောဓိဓာတ်တော်ရွှေစေတီတစ်ခုလုံးကို ဖြည်းညင်းစွာ မတင်လိုက်သည်။

ထိုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးမှ ကျယ်လောင်သော မြည်ဟီးသံများ ထွက်ပေါ်လာကာ မဟာကမ္ဘာတစ်ခုလုံး၏ အလယ်အလတ်ကမ္ဘာများ၊ ကမ္ဘာငယ်များ၊ မြေမှုန်ကမ္ဘာများနှင့် လျှို့ဝှက်နယ်မြေများအထိ နေရာလပ်မကျန် ရိုက်ခတ်သွားသည်။ ထိုနေရာများရှိ ကျွမ်းကျင်သူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။ မြည်သံများ၏ ဇစ်မြစ်သည် ကျုံးရှန်နှင့် ဗောဓိဓာတ်တော်ရွှေစေတီတို့အကြား စွမ်းအင်ယှဉ်ပြိုင်နေကြခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗောဓိဓာတ်တော်ရွှေစေတီသည် အမှန်တကယ်ပင် ထူးခြားလှကာ ကျုံးရှန်ပင်လျှင် အနည်းငယ် ပင်ပန်းသည်ဟု ခံစားနေရသည်။ သူတို့ အချင်းချင်း အားပြိုင်နေကြသည့် ပေါင်းစည်းစွမ်းအင်များသည် ထျန်းယွမ်အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ သို့ဖြင့် နောက်ဆုံးတွင် ကျုံးရှန် အသာစီးရသွားကာ သူ၏ စိတ်နှလုံးစွမ်းအင်များဖြင့် ဗောဓိဓာတ်တော်ရွှေစေတီတစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။ သူကိုယ်တိုင်လည်း ဗောဓိဓာတ်တော်ရွှေစေတီကို ဖြည်းညင်းစွာ မတင်လိုက်ပြီး ကြီးမားလှသော ဖိနှိပ်မှုစွမ်းအင်များသည် သူ့ကို လုံးဝ ဟန့်တားနိုင်စွမ်း မရှိတော့သည့်အလား ထင်မှတ်ရပေသည်။

"အဟက်..."

ကျုံးရှန်သည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို နောက်ဆုံးတစ်ကြိမ် အားစိုက်လိုက်သောအခါ ဗောဓိဓာတ်တော်ရွှေစေတီ၏ ဖိနှိပ်မှုစွမ်းအင်များအားလုံး ချေဖျက်ပစ်ခြင်း ခံလိုက်ရသည်။

ထို့နောက် သူသည် ရွှေစေတီကို ပင့်မ၍ ကောင်းကင်သို့ ပျံတက်သွားလျှင် ရွှေရောင်ဗုဒ္ဓရောင်ခြည်များ တစ်ဖန် တောက်ပလာကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးမှပင် ကောင်းစွာ မြင်တွေ့နိုင်သွားသည်။ ကျုံးရှန်၏ စိတ်နှလုံးစွမ်းအင်သည် ဗောဓိဓာတ်တော်ရွှေစေတီတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားလိုက်ပြီး သူ၏စွမ်းအင်များဖြင့်ရွှေစေတီ၏တွန်းကန်အားလှိုင်းများကို စတင်တိုက်စားချေဖျက်တော့သည်။ သူသည် ရွှေစေတီအတွင်းရှိ ဗုဒ္ဓအရှင်တစ်သိန်း၏ ဓာတ်တော်များကို ဖိနှိပ်ကာ မိမိ၏ စိတ်နှလုံးကွန်ရက်ထဲသို့ မျိုချလိုက်သည်။ မကြာမီပင် ဗောဓိဓာတ်တော်ရွှေစေတီတစ်ခုလုံး၏ မူလဇာစ်မြစ်သည်လည်း ကျုံးရှန်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

ထိုအခါ ရွှေစေတီသည် ပျက်စီးမည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် စွမ်းအင်များ ထပ်မံထုတ်လွှတ်ရဲခြင်း မရှိတော့ဘဲ လျင်မြန်စွာ လည်ပတ်သွားကာ လက်ဝါးအရွယ်အစားရှိ ရတနာစေတီလေးအဖြစ်သို့ ပြောင်းလဲသွားသည်။ စွမ်းအင်များကို လုံးဝရုပ်သိမ်းလိုက်မှသာ ကျုံးရှန်၏ စိတ်နှလုံးကွန်ရက်မှ မျိုချမခံရစေရန် သေချာစေနိုင်မည်ဟု ယင်းက တွေးတောလိုက်ခြင်း ဖြစ်၏။ ကျုံးရှန် ကျေနပ်စွာဖြင့် လှောင်ပြောင်ရယ်မောလိုက်မိသည်။ နောက်ဆုံး အနိုင်ရရှိသူသည် သူပင် ဖြစ်သည်။

ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းကာ ဗောဓိဓာတ်တော်ရွှေစေတီကို သိမ်းဆည်းလိုက်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း အသုံးပြုရန် ချန်ထားလိုက်သည်။ အဆင်သင့်ဖြစ်လျှင် ဖာဟိုင်အား စူးစမ်းလေ့လာနိုင်ရန် ပေးအပ်နိုင်ကာ တစ်စုံတစ်ခုသော ထူးခြားချက်ကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ကျုံးရှန်သည် အတွေးများစွာ ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်သည် မူလနေရာတွင် ရပ်တန့်မနေဘဲ ရှီကျား ဗုဒ္ဓအရှင် ထွက်ပြေးသွားသော လမ်းကြောင်းအတိုင်း လိုက်လံဖမ်းဆီးနေပြီဖြစ်သည်။ တစ်ဖက်လူသည် မည်သို့သော နည်းလမ်းများကို အသုံးပြုထားစေကာမူ ကျုံးရှန်၏ ခြေလှမ်းများသည် ခိုင်မာပြတ်သားစွာဖြင့် လိုက်ပါသွားသည်။ သူ၏ ခြေလှမ်းတိုင်းသည် ဆန္ဒအလျောက် အကွာအဝေးများစွာကို ဖြတ်ကျော်သွားနိုင်စွမ်းရှိသဖြင့် ဆယ်လှမ်းခန့် လျှောက်လှမ်းပြီးနောက်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အတားအဆီးနံရံဘေးသို့ ရောက်ရှိလာတော့သည်။ ထိုနေရာရှိ အတားအဆီးနံရံတွင် ဖျက်ဆီးခံထားရသည့် အမှတ်အသားများ ရှိနေကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေသည့် ဖြစ်စဉ်ကို မြင်တွေ့နေရသည်။

အပိုင်း (၄၁၂)

ထိုသည်က ရှီကျား ဗုဒ္ဓအရှင်ဤနေရာမှ ထွက်သွားသည်မှာ မကြာသေးကြောင်း ဖော်ပြနေသည်။

"ဗြိ..."

ကျုံးရှန် လက်လှမ်း၍ ဆွဲဖမ်းလိုက်လျှင် အဝတ်စုတ် ဆုတ်ဖြဲခံရသည့်အလား အသံများ ထွက်ပေါ်လာကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အတားအဆီးနံရံတွင် အပေါက်တစ်ခု ဖြစ်သွားသည်။

အတားအဆီးနံရံအပြင်ဘက်ရှိ ပိုင်ရွှီနယ်မြေသည် အဆုံးအစမရှိ ကျယ်ပြောလှ၏။ ကျုံးရှန်သည် တုန့်ဆိုင်းခြင်းမရှိဘဲ ယင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလိုက်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ထွက်ခွာပြီး ပိုင်ရွှီအတွင်းသို့ ဝင်ရောက်သွားသည်နှင့် မမြင်ရသော ဖိနှိပ်မှုစွမ်းအားတစ်ခု သူ၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ ရှေ့၌ လိပ်တစ်ကောင်၏ အမြန်နှုန်းဖြင့် ပျံသန်းနေသည့် ရှီကျား ဗုဒ္ဓအရှင်ကို တွေ့မြင်လိုက်ရသည်။

အဘယ်ကြောင့် လိပ်တစ်ကောင်၏ အမြန်နှုန်းဟု ဆိုရသနည်း။

အဘယ်ကြောင့်ဆိုသော် ယခုအခါ ရှီကျား ဗုဒ္ဓအရှင်၏ အမြန်နှုန်းသည် အဆတစ်ထောင်ခန့် ဖိနှိပ်ခံထားရသောကြောင့် ဖြစ်သည်။

ထာဝရအရှင်အဆင့် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ရှိနေစဉ်က အတွေးတစ်ချက်ဖြင့် တိုက်ကြီး၏ တစ်ဝက်ကျော်ကို ဖြတ်ကျော်နိုင်သော်လည်း ပိုင်ရွှီအတွင်း၌မူ နေရာလွတ်နိယာမများကို အသုံးပြု၍ လျင်မြန်စွာ သွားလာနိုင်ခြင်း လုံးဝ မရှိတော့ဘဲ ပျံသန်းသည့် နည်းလမ်းဖြင့်သာ ခရီးဆက်နေရသည်။ ထိုပျံသန်းနှုန်းသည် နိယာမအဆင့် ၂၈ ရှိ ကျင့်ကြံသူတစ်ဦးနှင့်သာ ညီမျှ၏။ ထိုအမြန်နှုန်းဖြင့် ပိုင်ရွှီအတွင်း ပျံသန်းပါက နှစ်သန်း ရှစ်ဆယ်၊ တစ်ရာခန့် မကြာဘဲ အခြားမဟာကမ္ဘာများကို ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။

ထို့ကြောင့်ပင် လွတ်မြောက်ခြင်းအဆင့် ကျွမ်းကျင်သူများသည် မဟာကမ္ဘာမှ ထွက်ခွာခြင်းကို စိန်ခေါ်မှုတစ်ခုအဖြစ် သတ်မှတ်ထားရခြင်း ဖြစ်သည်။ ယင်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နေကာ ပိုင်ရွှီနယ်မြေအတွင်း၌ လုံးဝ လုံခြုံမှု ရှိမနေသောကြောင့်လည်း ဖြစ်၏။ ပိုင်ရွှီသည် ထျန်းကျဲအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရွှီသားရဲများ ပေါက်ဖွားရာနေရာဖြစ်ကာ ထိုသားရဲများသည် အသိဉာဏ်မရှိဘဲ ပင်ကိုယ်ဗီဇအရသာ လှုပ်ရှားကြပြီး မဟာကမ္ဘာမှ ကျွမ်းကျင်သူများကို အလွယ်တကူ မျိုချနိုင်သည်။ ရွှီသားရဲများအတွက် မဟာကမ္ဘာမှ ထွက်လာသော ကျွမ်းကျင်သူများသည် အာဟာရပြည့်ဝသည့် အားဆေးများ ဖြစ်သည်။

ထို့အပြင် အရာအားလုံးကို တိုက်ခတ်ဖျက်ဆီးနိုင်သည့် ပိုင်ရွှီမုန်တိုင်းများလည်း ရှိသေးပြီး ထျန်းကျဲအဆင့်အောက် ကျွမ်းကျင်သူများအတွက် အလွန်အန္တရာယ် ရှိပေသည်။

ထို့ကြောင့်ပင် ကျွမ်းကျင်သူများကြား၌ ဆိုရိုးစကားတစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူ ဖြစ်လာခြင်းသည် မွေးကင်းစကလေးငယ်ကို ကိုယ်စားပြုကာ ထာဝရအရှင်အဆင့်သည် စတင်လမ်းလျှောက်သူ ဖြစ်ပြီး ထျန်းယွမ်အဆင့် ကျွမ်းကျင်သူပင်လျှင် သုံးနှစ်အရွယ် ကလေးငယ်သာ ဖြစ်နေသေးသည်ဟူ၍ ဖြစ်သည်။ ထျန်းကျဲအဆင့် ကျွမ်းကျင်သူဖြစ်လာမှသာ လူပျိုပေါက်အရွယ်ဟု သတ်မှတ်နိုင်ပြီး ပိုင်ရွှီအတွင်း စူးစမ်းလေ့လာခွင့် အနည်းငယ် ရရှိလာပေမည်။ သို့ဖြစ်၍ကျွမ်းကျင်သူ အများအပြားသည် ကောင်းကင်အရှင်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသော်လည်း မဟာကမ္ဘာများမှ မထွက်ခွာလိုကြချေ။

သူတို့အားလုံးသည် အခွင့်အရေးကို စောင့်ဆိုင်းနေကြကာ ထျန်းကျဲအဆင့်နှင့် ထိုထက် မြင့်သော အထက်အဆင့်များသို့ ရောက်ရှိမှသာ မဟာကမ္ဘာများကို လှည့်လည်သွားလာကြလေ့ရှိသည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော မဟာကမ္ဘာများမှာမူ တစ်ခုမျှ ကောင်းမွန်သော နေရာများ မဟုတ်ပေ။ အမွှာကမ္ဘာဖြစ်သည့် ငရဲမဟာကမ္ဘာကြီးကို ထည့်မတွက်လျှင်ပင် ဘေးဘက်ရှိ ဟင်းလင်းပြင် နတ်မိစ္ဆာကမ္ဘာသည်လည်း ကြောက်မက်ဖွယ်ကောင်းသော မဟာကမ္ဘာတစ်ခု ဖြစ်သည်။ ထို့အပြင် ကြောက်မက်ဖွယ် စစ်မှန်သော မိစ္ဆာကမ္ဘာလည်း ရှိနေသေးသည်။ သို့သော် စစ်မှန်သော မိစ္ဆာကမ္ဘာ၏ တည်နေရာသည် ပုံသေမရှိဘဲ လွင့်မျောနေသော မိုးပျံပူဖောင်းသကဲ့သို့ ဖြစ်ကာ တစ်ခါတစ်ရံမှသာ ထွက်ပေါ်လာတတ်သည်။

အလုံခြုံဆုံး နည်းလမ်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် နေထိုင်ခြင်းသာ ဖြစ်သည်။ ရှီကျား ဗုဒ္ဓအရှင်သည် ကျုံးရှန်ကို ရှောင်တိမ်းရန်အတွက် ဗောဓိဓာတ်တော်ရွှေစေတီကို စွန့်လွှတ်ကာ ပိုင်ရွှီအတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ ထိုသည်က သူ၏ စိတ်ထဲတွင် ကျုံးရှန်၏ ခြိမ်းခြောက်နိုင်စွမ်းသည် ပိုင်ရွှီနယ်မြေထက် ပို၍ ကြီးမားနေကြောင်းကို ညွှန်းဆိုနေခြင်းဖြစ်သည်။

ကျုံးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်ကာ ပိုင်ရွှီအတွင်းသို့ ဝင်ရောက်လာသည့်တိုင် ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် ပိုင်ရွှီအတွင်း ပျံသန်းနေသော ရှီကျား ဗုဒ္ဓအရှင်၏ ကျောပြင်ကို စူးစိုက်ကြည့်နေ၏။ ထို့နောက်တွင် သူ၏ ကိုယ်ခန္ဓာ လှုပ်ရှားသွားပြီး ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ရှီကျား ဗုဒ္ဓအရှင်ထက် အဆတစ်ရာ သာလွန်သော အမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ ဆယ်စက္ကန့်ကျော်မျှ ကြာမြင့်ပြီးနောက်တွင် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ယှက်ကာ ရှီကျား ဗုဒ္ဓအရှင်၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ခွေးကတုံး... မင်း ထွက်ပြေးလို့ လွတ်မယ် ထင်နေတာလား"

ကျုံးရှန်၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော လှောင်ပြုံးတစ်ခု ရှိနေပြီး ထိုသည်က ရှီကျား ဗုဒ္ဓအရှင်အား စော်ကားနေသည်ဟု ခံစားရစေသည်။

ယခု သူ့၌ ယုံကြည်သူများ မရှိတော့သဖြင့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန် မလိုအပ်တော့ဘဲ ပွင့်ပွင့်လင်းလင်း အသက်ချမ်းသာပေးရန် တောင်းဆိုနိုင်ပြီဖြစ်သည်။ သို့ဖြင့် ရှီကျား ဗုဒ္ဓအရှင်သည် ငိုရသည်ထက် ပိုဆိုးသော အပြုံးတစ်ခုပြုံးလိုက်ကာ စတင်စကားဆိုလိုက်သည်။

"ဒီ... ဒီကသခင်ကြီး..."

"ကျုပ်တို့ အရင်ကလည်း ရန်ငြိုးမရှိသလို အခုလည်း ရန်ငြိုးမရှိပါဘူး... ကျုပ်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကနေ ထွက်လာပြီး ပိုင်ရွှီထဲမှာ ရောက်နေပြီပဲ... ဘာဖြစ်လို့များ ကျုပ်အသက်ကို နှုတ်ယူချင်နေရတာလဲ"

ထာဝရအရှင်အဆင့်ရှိသော ရှီကျား ဗုဒ္ဓအရှင်သည် ကြည်ညိုလေးစားဖွယ် အမူအရာမရှိတော့ဘဲ စကားအဆုံးတွင် ချက်ချင်း ဒူးထောက်ချကာ အသနားခံမေးမြန်းလိုက်သည်။

သို့သော် ကျုံးရှန်သည် သူ၏ရှေ့မှ ကတုံးကို မည်သို့မှ တုံ့ပြန်ခြင်း မရှိဘဲ ပြန်လည်ဖြေကြားရန်ပင် ပျင်းရိနေဟန် ရှိသည်။ ကျုံးရှန်၏ စိတ်သည် အလွန် ပြတ်သားလှပြီး ယနေ့ ရှီကျား ဗုဒ္ဓအရှင်ကို မဖြစ်မနေ သတ်ဖြတ်မည် ဖြစ်၏။

"အရာအားလုံးက မင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအပေါ် အကြံအစည်တွေ ရှိနေခဲ့လို့ပဲ..."

"အခုတော့ မင်း ငြိမ်းငြိမ်းချမ်းချမ်း သေလို့ရပြီ"

ကျုံးရှန် အေးစက်သောမျက်လုံးများဖြင့်စိုက်ကြည့်နေကာ ရက်စက်စွာ ဆိုလိုက်သည်။ သူသည် ရှီကျား ဗုဒ္ဓအရှင်၏ အသက်ချမ်းသာပေးရန် တောင်းဆိုလိုစိတ်ကို အကြွင်းမဲ့ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှီကျား ဗုဒ္ဓအရှင်၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားကာ ကြောက်ရွံ့ခြင်းမှ ပြတ်သားခြင်းသို့၊ ထို့နောက် ရက်စက်ကြမ်းကြုတ်ခြင်းသို့ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ ကိုယ်ခန္ဓာသည် တစ်ချက် တုန်ခါသွားပြီး ခမ်းနားထည်ဝါသော ဗုဒ္ဓအငွေ့အသက်များသည် မှောင်မိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်း အငွေ့အသက်များအဖြစ်သို့ ပြောင်းလဲသွားကာ ငရဲမိစ္ဆာခေါင်းဆောင်တစ်ဦးဖြစ်သွားသည်။

အတွေးတစ်ချက်ဖြင့် ဗုဒ္ဓဖြစ်နိုင်ခြင်း။ အတွေးတစ်ချက်ဖြင့် မိစ္ဆာ ဖြစ်နိုင်ခြင်း။

ဗုဒ္ဓနှင့် မိစ္ဆာကြားရှိ နယ်နိမိတ်သည် အမှန်တကယ်ပင် တစ်ဒင်္ဂအတွေးတစ်ချက်၌သာ တည်ရှိနေခြင်းဖြစ်ကာ စိတ်နှလုံး ပြောင်းလဲမှုပုံစံတစ်ခုပင် ဖြစ်သည်။ ငရဲမိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားသော ရှီကျား ဗုဒ္ဓအရှင်၏ အမူအရာသည် အေးစက်နေကာ သူသည် လက်ဦးမှုရယူရန် ဆုံးဖြတ်လိုက်ပြီး အစွမ်းကုန် အသုံးပြု၍ ကျုံးရှန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်ပညာရပ်... မဟာဝေရောစန လက်ဝါးတော်..."

ထိုပညာရပ်ကို ကျုံးရှန်လည်း ငရဲကမ္ဘာအတွင်း၌ အသုံးပြုခဲ့ဖူးသည်။ သို့သော် ကျုံးရှန်၏ စွမ်းရည်သည် ရှီကျား ဗုဒ္ဓအရှင်ကဲ့သို့ အလွန်အမင်းအစွမ်းထက်ခြင်း မရှိခဲ့ချေ။ ရှီကျား ဗုဒ္ဓအရှင်၏ လက်ဝါးရိုက်ချက်သည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်သည်ဟု ဆိုနိုင်သည်။

မဟာဝေရောစန လက်ဝါးနည်းစနစ်သည် ဗုဒ္ဓဂိုဏ်း၏ ထိပ်တန်းပညာရပ်တစ်ခု ဖြစ်ကာ ယခု ထာဝရအဆင့်ရှိ ရှီကျား ဗုဒ္ဓအရှင်ကိုယ်တိုင် အသုံးပြုလာသောကြောင့် အစွမ်းအာနိသင်သည် ပို၍ပင် ထူးခြားလှ၏။ သူသည် ပိုင်ရွှီ၏ ဖိနှိပ်မှုအောက်တွင် ရှိနေသော်လည်း ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သေးခြင်း ဖြစ်သည်။ ရှီကျား ဗုဒ္ဓအရှင်၏ လက်ဝါးသည် ရွှေရောင်များ တောက်ပနေပြီး မျက်တောင်တစ်ခတ်အတွင်း ကျုံးရှန်၏ ရှေ့သို့ ရောက်ရှိလာကာ သူ၏ ငယ်ထိပ်ဆီသို့ ပေါ့ပါးစွာ ရိုက်ချလိုက်သည်။ အကယ်၍ ထိုလက်ဝါးရိုက်ချက်ကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ အသုံးပြုခဲ့ပါက တစ်ချက်တည်းဖြင့် ပြည်နယ် ဒါဇင်ပေါင်းများစွာကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

ကျုံးရှန်သည် ရှောင်တိမ်းခြင်းပင် မရှိဘဲ သူ၏ ခေါင်းကို ထိုလက်ဝါးဆီသို့ တိုးပေးလိုက်သည်။ ထိုသည်ကို မြင်သောအခါ ရှီကျား ဗုဒ္ဓအရှင်၏ မျက်လုံးများ ကျဉ်းသွားပြီး အထင်သေးလှောင်ပြောင်လိုက်သည်။

"ဟမ့်... သေချင်နေတာပဲ"

သူ၏ရှေ့မှ ပုဂ္ဂိုလ်သည် ထျန်းယွမ်အဆင့် ကျွမ်းကျင်သူဖြစ်လျှင်ပင် ထိုလက်ဝါးကို အတင်းအဓမ္မ ခုခံပါက ဒဏ်ရာရရှိမည် ဖြစ်သည်။ သို့သော် ကျုံးရှန်သည် အနည်းငယ်မျှ ဂရုမစိုက်သည့်အပြင် ခေါင်းကိုပင် ထပ်တိုးပေးလိုက်ခြင်းဖြစ်သဖြင့် မိမိ သေလမ်းရှာနေခြင်းနှင့် မခြားနားတော့ချေ။

"ဘုန်း..."

ရှီကျား ဗုဒ္ဓအရှင်၏ လက်ဝါးသည် ကျုံးရှန်၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။ မည်သည့် စူးရှသော အလင်းရောင်မျှ ထွက်ပေါ်လာခြင်း မရှိသကဲ့သို့ မည်သည့် ထူးခြားသော အာနိသင်မျှလည်း မရှိခဲ့ချေ။ ကျုံးရှန်သည် အနည်းငယ်မျှပင် မလှုပ်မယှက် ရှိနေပြီး သူ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေသေးသည်။

ထိုအဖြစ်ကိုမြင်လျှင် ရှီကျား ဗုဒ္ဓအရှင်သည် အစပိုင်းတွင် ထိတ်လန့်သွားပြီး နောက်ပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားရသည်။

"မင်းက ဘာရယ်နေတာလဲ"

သူ၏ မျက်နှာအမူအရာ တောင့်တင်းသွားကာ မှင်သက်စွာဖြင့် မေးလိုက်သည်။

ကျုံးရှန်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မင်း သေသွားပြီလေ"

အေးစက်တည်ငြိမ်လှသော စကားသံကို ကြားလိုက်ရချိန်တွင် ရှီကျား ဗုဒ္ဓအရှင်မှာ ဆွံ့အမှင်သက်သွားပြီး အတော်ကြာအောင် စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပေ။

ထိုအချိန်၌ပင် ကျုံးရှန်၏ ငယ်ထိပ်ဆီသို့ ရိုက်ချလိုက်သော သူ၏ လက်မောင်းသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းသတိထားမိလိုက်သည်။ အမှန်တကယ်တွင်မူ ထိုလက်ဝါးရိုက်ချက်အား ထုတ်ဖော်လိုက်ပြီးနောက် ကျုံးရှန်၏ ဦးခေါင်းနှင့်ပင် မထိတွေ့ရသေးမီ သူ၏ လက်မှာ လေထဲ၌ပင် လုံးဝ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ အသက်ဇီဝစွမ်းအင်များသည်လည်း ပြတ်တောက်သွားပြီ ဖြစ်သည်။

ယခုအချိန်အထိ သူ ဆက်လက်တည်ရှိနေနိုင်ခြင်းမှာ စိတ်ဝိညာဉ်အကြွင်းအကျန်ကြောင့်သာ ဖြစ်သည်။

"ငါ... ငါသေသွားပြီလား..."

ရှီကျားဗုဒ္ဓအရှင်သည် ပြန်လည်မေးမြန်းလိုက်၏။ သူ၏ ကိုယ်ပေါ်၌ ဗုဒ္ဓအငွေ့အသက်များ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ သေခြင်းတရားကို လက်မခံနိုင်သော သာမန်လူတစ်ဦးနှင့်ပင် တူ‌ညီ‌နေသည်။

ကျုံးရှန်က ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် ထပ်လောင်းပြောဆိုလိုက်သည်။

"ဟုတ်တယ်... မင်း သေသွားပြီ"

သေလူတစ်ယောက်အပေါ်တွင်မူ သူသည် အတော်အတန် သဘောထားကြီးသူဖြစ်သည်။

ထိုစကားကြားလျှင် ရှီကျား ဗုဒ္ဓအရှင်သည် ခေါင်းညိတ်လိုက်ကာ မည်သည့် အသက်ဓာတ်မျှ မပါဝင်သော အပြုံးတစ်ခုဖြင့် ရယ်မောလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ စိတ်စွဲလမ်းမှုများ ပြိုလဲသွားပြီး ရှီကျား ဗုဒ္ဓအရှင်၏တည်ရှိမှု လုံးဝ ကွယ်ပျောက်သွားတော့သည်။ မည်သည့် အငွေ့အသက်အကြွင်းအကျန်မျှပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။ သူသည် ကျုံးရှန်၏ ကြီးမားလှသော စိတ်နှလုံးစွမ်းအင်များကြောင့် တစ်ခဏချင်းအတွင်း တိုက်ရိုက် ချေဖျက်ခံလိုက်ရခြင်း ဖြစ်၏။

အကယ်၍ သူ၏ စိတ်စွဲလမ်းမှုသာ ပြင်းထန်မနေခဲ့ပါက စကားပြောဆိုခွင့်ပင် ရရှိခဲ့လိမ့်မည် မဟုတ်ပါချေ။

All Chapters