← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အပိုင်း (၄၁၇)

အင်အားစုများ၏ အကာအကွယ်ကို ရရှိထားသော လူသားများအတွက်မူ အားကိုးရာတစ်ခု ရှိသဖြင့် အနည်းငယ် သက်သာသော်လည်း အများစုမှာမူ ကျင့်ကြံသူများ၏ မျက်စိထဲ၌ မြက်ပင်များကဲ့သို့သာ သတ်မှတ်ခြင်း ခံကြရပေသည်။ ထို့ကြောင့် လူတိုင်းသည် မိမိတို့၏ မွေးရာပါပါရမီများ နိုးထလာကာ နိယာမအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ကြ၏။ ထိုသို့ ဖြစ်လာမှသာ ဂိုဏ်းကြီးများ၏ ရွေးချယ်ခြင်းကို ခံရပြီး အဆင့်အတန်း တစ်ခုသို့ မြင့်တက်သွားနိုင်မည် ဖြစ်သည်။

သာမန်လူသားတစ်ဦးအတွက် ကျင့်ကြံသူတစ်ဦး ဖြစ်လာခြင်းသည် ငါးကြင်းတစ်ကောင် နဂါးတံခါးကို ဖြတ်ကျော်သကဲ့သို့ ကံကြမ္မာကို အစစ်အမှန် ပြောင်းလဲပစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။ အကျဉ်းချုပ်ရသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ဟန်ချက်ပျက်နေသော လောကကြီးတစ်ခုပင်။ သို့သော် အခြေခံအားဖြင့်မူ သာမန်လူသားများသည် ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အုတ်မြစ် ဖြစ်၏။ အချို့သော သားရဲများသည် မွေးဖွားလာစဉ်ကပင် စွမ်းအားများ ရှိကြသော်လည်း ကျင့်ကြံသူအများစု၏ မျိုးဆက်များသည် သာမန်လူသားဘဝမှသာ စတင်၍ ကျင့်ကြံကြရသည်။

ကံတရားသားတော်များနှင့် နတ်ဘုရားမများပင်လျှင် ထိုနည်းတူပင်။ ထိုသည်က အလွန်တရာ ဆန့်ကျင်ဘက်ဖြစ်နေသော အခြေအနေတစ်ခု ဖြစ်သည်။ တစ်ဖက်၌ သာမန်လူသားများ၏ အသက်ကို ခြေတော်တင် နင်းချေနေကြပြီး အခြားတစ်ဖက်၌မူ မိမိတို့ အင်အားစု၏ အခြေခံကျင့်ကြံသူ အရေအတွက်ကို ထိန်းသိမ်းရန်အတွက် လူသားများကို အုပ်ချုပ်ကြရသည်။ ထိုသဘောတရားကြောင့်ပင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် စိတ်နှလုံးကွန်ရက် ရှိနေသော်လည်း စီရင်စု၏ ပတ်ဝန်းကျင်ကို ပြန်လည် ပြုပြင်ရန် အစွမ်းကုန် ကြိုးပမ်းနေကြလေသည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့်သာ ကျင့်ကြံခြင်းမျိုးဆက်အခြေခံအုတ်မြစ် ပြတ်တောက်မသွားရန် အာမခံနိုင်ပေမည်။

ကျုံးရှန်သည် ထျန်းဂိုဏ်းစီရင်စု၏ ကောင်းကင်ထက်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေရင်း မြေပြင်ရှိ စီရင်စုပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းနေကြသည့် သူများကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဝိညာဉ်အလင်းတန်းပေါင်းများစွာ ဖြာထွက်သွားပြီး ခဏချင်းအတွင်းပင် သေမျိုး လူငယ်များစွာအဖြစ် ပြောင်းလဲသွားသည်။ ထက်ဝက်သည် ယောက်ျားလေးဖြစ်ကာ ကျန်တစ်ဝက်မှာ မိန်းကလေးများ ဖြစ်ကုန်ကြသည်။ ထိုသေမျိုးလူငယ်များ အားလုံး၌ မတူညီသော ဝိညာဉ်များ၊ ကံကြမ္မာများနှင့် ပါရမီထူးများ ရှိနေကြသည်။

"ဒီကလေးတွေကို သေချာစောင့်ရှောက်ပြီး ထျန်းဂိုဏ်းစီရင်စုရဲ့ လူသားမျိုးနွယ်ကို လက်ဆင့်ကမ်းပါ"

ကျုံးရှန်၏ စကားသံသည် မြေပြင်ပေါ်ရှိ ထျန်းဂိုဏ်းတပည့်တိုင်း၏ နားထဲသို့ ကျယ်လောင်စွာဝင်ရောက်သွားသည်။

အမှန်စင်စစ်တွင် ယခုအခါ ထျန်းဂိုဏ်းနတ်ဘုရားအင်ပါယာဟု ခေါ်ဆိုရမည် ဖြစ်၏။ သို့သော် ကျုံးရှန် အင်ပါယာ တည်ထောင်သည့် ကိစ္စကို ပြင်ပလောကသို့ အသိပေးခြင်း မရှိသေးဘဲ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အတွင်းပိုင်း၌သာ သိရှိကြသေးသည်။ ပြင်ပလောကအတွက်မူ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအဖြစ်သာ ရှိနေဆဲပင်။

ကျုံးရှန်အနေဖြင့် နန်းတက်ပွဲအခမ်းအနား ကျင်းပပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကြေညာပြီးမှသာ တရားဝင် တည်ထောင်ခြင်း ဖြစ်ပေလိမ့်မည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်"

တပည့်များအားလုံး ကျုံးရှန်၏ စကားကို ကြားလျှင် မြေပြင်ပေါ်သို့ ရိုသေစွာ ဒူးထောက်လိုက်ကာ ကျယ်လောင်သောအသံဖြင့် ဂါရဝပြုလိုက်ကြသည်။ ထိုအခါ ကျုံးရှန် ခေါင်းညိတ်လိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ထိုအခါမှ ထျန်းဂိုဏ်းတပည့်များသည်လည်း သေမျိုးလူငယ်များကို အလျင်အမြန် စတင်စုဆောင်းကြတော့သည်။ အစွမ်းထက်သည့် ကျင့်ကြံသူများသည် ဆန်းပြားလှသော ရုပ်သေးရုပ်များကိုပင် စေခိုင်းကြကာ သေမျိုးလူငယ်များကိုစောင့်ရှောက်စေပြီး သူတော်စင်အဆင့် စွမ်းအားရှင်များကမူ မြို့ပြများကို တည်ဆောက်ပေးပြီး ရုပ်ဝတ္ထုပစ္စည်းများကို ဖန်တီးကာ ထိုကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် အလွန်တရာ အစွမ်းထက်ကြသော်လည်း လောကကြီးကို ပြန်လည် အကျိုးပြုရန်မူ မသိရှိကြချေ။

နိယာမအဆင့် ၁၈ ရှိသည့် ကျင့်ကြံသူတစ်ဦးသည် မြို့ကြီးတစ်မြို့နှင့် လူဦးရေ သန်းချီကို ကာကွယ်ပေးနိုင်ပြီး ရေမြေတောတောင်များကို ထိန်းသိမ်းကာ ဒေသတစ်ခုလုံး ရာသီဥတု ကောင်းမွန်စေရန် လုပ်ဆောင်ပေးနိုင်စွမ်းရှိသည်။ သို့သော် ထိုသို့သော အသိတရားမျိုး ရှိသည့် ကျင့်ကြံသူမှာ အလွန် ရှားပါးလှ၏။ ကျင့်ကြံသူ အများစုသည် သာမန် သေမျိုးလူသားများကို တိရစ္ဆာန်များကဲ့သို့သာ သဘောထားပြီး ပစ်ပယ်ထားတတ်ကြသည်။

သို့သော် လူသားများသည် လောကဓံအပြောင်းအလဲများနှင့်ရင်ဆိုင်ရလျှင်ပင် အမြဲတစေ ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး အရှုံးမပေးတတ်ကြချေ။

ကျုံးရှန်သည် တွေးတောရင်းဖြင့် စိတ်ထဲ၌ ရဲတင်းလှသည့် အတွေးတစ်ခု ပေါ်ပေါက်လာသည်။

'ငါ စနစ်သစ်တစ်ခုကို တည်ထောင်ရမယ်.... စိတ်နှလုံးလောကရဲ့ စနစ်မျိုးပေါ့...'

'ပြီးရင် သာမန်လူသားတွေကြားထဲမှာ ပြန့်နှံ့သွားအောင် စိတ်နှလုံးကွန်ရက်ရဲ့ ရိုးရှင်းတဲ့ ပုံစံတစ်ခုကို ဖန်တီးပြီး အမြင့်ဆုံး စွမ်းအားကို နိယာမအဆင့် ၂၈အထိပဲ ကန့်သတ်ထားမယ်... ဒါဆိုရင် လူသားတွေအနေနဲ့ စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့သလို ရှင်သန်မှုအတွက်လည်း စိုးရိမ်စရာမရှိတော့တဲ့အတွက် သူတို့ရဲ့ စိတ်နှလုံးတွေက သန့်စင်လာလိမ့်မယ်'

'မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ပိုပြီးတော့ သန့်စင်လာတဲ့အခါ... စိတ်နှလုံးတွေလည်း ပိုသန့်စင်လာမယ်.. အဲ့ကျရင်စိတ်နှလုံးကွန်ရက်အတွက် အာဟာရ ပိုရလာလိမ့်မယ်'

'အဲ့ဒါတွေက...နောက်ဆုံးမှာ ငါ့ရဲ့ စိတ်နှလုံးကို အားကောင်းစေမယ့် အကောင်းဆုံး အာဟာရ ဖြစ်သွားမှာပဲ'

သို့သော် ထိုအစီအစဉ်ကို ချက်ချင်း အကောင်အထည် မဖော်နိုင်သေးချေ။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာရှိ စိတ်နှလုံးကွန်ရက် စမ်းသပ်မှု၏ ရလဒ်များ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းမည် ဖြစ်သည်။ သူသည် လျှောက်လှမ်းခြင်းနှင့် တွေးတောခြင်းကို နောက်ဆုံးတွင်ရပ်တန့်လိုက်ကာ ထျန်းဂိုဏ်းနတ်ဘုရားအင်ပါယာ၏ မြို့တော်ဆီသို့ဦးတည်လိုက်သည်။

ထိုအခါအသက်တစ်ရှိုက်အတွင်း အင်ပါယာမြို့တော်ဆီသို့ ပြန်လည် ရောက်ရှိလာသည်။ ထိုနေရာသည် ယခင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ တည်ရှိရာ နေရာ ဖြစ်၏။ မြို့တော်၏ ထောင့်တစ်နေရာ၌ အဖြူရောင် နံရံများနှင့် အမည်းရောင် အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားသည့် အလွန် လှပသော တိတ်ဆိတ်သည့် အိမ်ရာလေးတစ်ခု ရှိနေကာ ခြံဝင်းအတွင်း၌ ဝူထုံပင်အချို့ စိုက်ပျိုးထားသည်။ ယခုအချိန်၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သစ်ရွက်များ ကြွေကျနေသည်။

ခြံဝင်းအတွင်း၌ ဝတ်ရုံဖြူဝတ်ဆင်ထားသည့် ရုပ်ရည်ချောမောသော ရဟန်းလေးတစ်ပါးသည် ဝါးတံမြက်စည်းတစ်ခုကို ကိုင်ဆောင်ကာ မြေပြင်ကို သေချာစွာ လှည်းကျင်းနေ၏။ ဝူထုံရွက်များ ကြွေကျလာတိုင်း သူသည် အလျင်လိုခြင်းမရှိဘဲ ဖြည်းညှင်းစွာ လှည်းကျင်းနေသည်မှာ ကျင့်စဉ်တစ်ခုကို ထပ်ခါတလဲလဲ ကျင့်ကြံနေသကဲ့သို့ပင်။

"ဒကာကြီးကျုံး... မတွေ့ရတာ ကြာပြီ... အခုမှ ရောက်လာတာလား"

ကျုံးရှန်သည် လေထဲ၌ ရပ်တန့်လိုက်စဉ် ကိုရင်လေးသည် ရုတ်တရက် ခေါင်းမော့ကြည့်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။

ထိုအခါ ကျုံးရှန် ခြံဝင်းအတွင်းသို့ တိုက်ရိုက် ဆင်းသက်လိုက်ကာ လက်ဖက်ရည်ဝိုင်းတစ်ခု ကိုဖန်တီးလိုက်သည်။ စားပွဲပေါ်၌ သေးငယ်သည့် ရေနွေးအိုးလေးတစ်ခု ဆူပွက်နေသည်။

"အကြမ်းရည်သောက်ပါဦး"

ကျုံးရှန်သည် အကြမ်းရည်ကို စတင်ငှဲ့ပေးလိုက်သည်။

"ငါ ဝမ်ဖော်ဂိုဏ်းကို ဖျက်ဆီးပြီး ရှီကျားဗုဒ္ဓအရှင်ကို သတ်ပစ်လိုက်ပြီ...ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ ဗုဒ္ဓအမွေအနှစ်တွေ ပြန်ပြီး ဆုတ်ယုတ်သွားတဲ့အတွက် ဆရာတော် ငါ့ကို အပြစ်တင်လား"

ကျုံးရှန် တည်ငြိမ်စွာဖြင့်မေးလိုက်သည်။

ဖာဟိုင်သည်လည်း တံမြက်စည်းကို ချကာကျုံးရှန်ဘေး၌ တင်ပျဉ်ခွေထိုင်လိုက်သည်။သူ၏ ကျင့်ကြံမှုအဆင့်အရ အကြမ်းရည်၏ အပူဒဏ်ကို ဂရုစိုက်ရန် မလိုသော်လည်း အလေ့အထအရ ခွက်ကို မြှောက်ကာ အသာအယာ မှုတ်လိုက်ပြီးနောက်မှ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

"အပြစ်မတင်ပါဘူး... ကိုယ်တော်က ဗုဒ္ဓကျင့်ကြံတစ်ဦး ဖြစ်ပေမယ့် ဒီကလူတွေနဲ့ လမ်းစဉ်ချင်း မတူဘူး...ကိုယ်တော့်မှာ ကိုယ်ပိုင် သက်ဝင်ယုံကြည်မှု ရှိတယ်"

ဖာဟိုင်က တည်ငြိမ်စွာ ခေါင်းရမ်းလိုက်သည်။

"ဆရာတော် သွားတော့မလို့လား"

ကျုံးရှန် ခေါင်းညိတ်လိုက်ကာ အကြမ်းရည်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။ ထိုစကားကြားသောအခါ ဖာဟိုင်တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဟုတ်တယ်... ပင်မခန္ဓာကိုယ်က ပြဿနာတချို့နဲ့ တွေ့နေရတယ်...ဟင်းလင်းပြင်နတ်မိစ္ဆာတွေထဲမှာ အစွမ်းထက်တဲ့ စွမ်းအားရှင်တချို့ ရှိနေလို့ သူတစ်ယောက်တည်း တားဆီးဖို့ မလွယ်‌တော့ဘူး"

"နှစ်ငါးရာ ကတိကဝတ်က တစ်ရက်မှ လျော့လို့မဖြစ်ဘူးလေ... ဒါကြောင့် ကိုယ်တော် သူ့ကို သွားကူရမယ်"

တိကျစွာ ပြောရလျှင် ယခုဖာဟိုင်သည် ကိုယ်ပွားခန္ဓာတစ်ခုသာ ဖြစ်သည်။

သို့သော် အနှီရုံယီကိုယ်ပွားသည် အလွန်အစွမ်းထက်ပြီး နှစ်သုံးဆယ်အတွင်းလျင်မြန်စွာတိုးတက်လာခဲ့ရာ ဗုဒ္ဓအရှင်အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ဖြစ်လာလေပြီ။ ယခုအခါ ကျုံးရှန်ပြန်လာပြီဖြစ်သဖြင့် သူသည်လည်း မိမိ၏ ပင်မခန္ဓာကို ယ်ကိုကူညီဖို့ ပြင်ဆင်နေသည်။ ထိုသို့ ကိုယ်ကျိုးငဲ့စွန့်စားလိုသည့် စိတ်ခံစားချက်သည် ကျုံးရှန် လေ့လာရန်လိုအပ်နေသော စိတ်ပိုင်းဆိုင်ရာတစ်ခု ဖြစ်သည်။ သို့သော် ကျုံးရှန်သည် စိတ်နှလုံးကွန်ရက်ကိစ္စကို‌ ပြောဆိုခြင်းမရှိချေ။

သူသည် ဖာဟိုင်ကို အစစ်အမှန် သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဖြစ်၏။အဘယ်ကြောင့်ဆိုသော် သူမရှိသည့် အချိန်များ၌ ဖာဟိုင်သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို များစွာ ထောက်ပံ့ပေးခဲ့ကာ ဂိုဏ်းကို ကာကွယ်ရန်အတွက် အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ အကြိမ်ကြိမ် ကူညီခဲ့သည်။ သူသည် မိမိ၏ ကတိကို တည်ကြည်စွာ စောင့်ထိန်းခဲ့ပြီး သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သဖြင့် ကျုံးရှန်အနေဖြင့်လည်း သူ့ကို

စိတ်ပျက်စေမည် မဟုတ်ချေ။

"ငါ ကူညီပေးဖို့ လိုမလား"

ကျုံးရှန် တိုးညှင်းစွာ မေးလိုက်သည်။

"ဒကာကြီးကို ကတိပေးထားတဲ့အတိုင်း နယ်ပယ်နှစ်ခုကြားက လမ်းကြောင်းကို စောင့်ရှောက်ပြီး ဟင်းလင်းပြင်နတ်မိစ္ဆာတွေကို နှစ်ငါးရာ တားဆီးပေးမယ်ဆိုရင် နှစ်ငါးရာပဲ ဖြစ်ရမယ်"

"ဒီနှစ်ငါးရာက ကိုယ်တော့်အလုပ်... အဲ့ဒီနောက်ပိုင်း နှစ်ငါးရာကျမှ ဒကာကြီးရဲ့ အလုပ် ဖြစ်လိမ့်မယ်"

ကျုံးရှန်၏စကားကိုကြားလျှင် ဖာဟိုင် ပြုံး၍ ခေါင်းရမ်းလိုက်ကာ ထပ်မံ၍ မတိုက်တွန်းတော့ချေ။

ဖာဟိုင်၏ ပင်မခန္ဓာသည် ကမ္ဘာကူးပြောင်းသူတစ်ဦး ဖြစ်ကြောင်းလည်း သိရှိထား သောကြောင့်ပင်။ ထို့အပြင် ဖာဟိုင်သည် စကြဝဠာနယ်မြေအသီးသီးကို ဖြတ်သန်းကာ ကောင်းကင်ဘုံများစွာသို့ ကူးပြောင်းနိုင်သည့် စွမ်းအား ရှိသူ ဖြစ်၏။ သူ၏ စွမ်းအားသည် အပေါ်ယံ မြင်တွေ့ရသည်ထက် များစွာ ပိုမို နက်နဲလှပေသည်။ ဖာဟိုင်သည် အပေါ်ယံ၌ ဗုဒ္ဓအရှင်အဆင့်ဟု သာထင်ရသော်လည်း လက်တွေ့၌ ထျန်းယွမ်အဆင့်ရှိ စွမ်းအားရှင်များကိုပင် ဖိနှိပ်နိုင်စွမ်း ရှိသဖြင့် ရုံယီကိုယ်ပွား၏ ကူညီမှုပါ ရှိပါက မည်သည့် ပြဿနာမှ ရှိလိမ့်မည် မဟုတ်တော့ချေ။

အပိုင်း (၄၁၈)

ထို့နောက်ကျုံးရှန်သည် ဗောဓိဓာတ်တော်ရွှေစေတီတော်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။ သေးငယ်သည့် စေတီတော်လေးသည် စားပွဲပေါ်တွင် တောက်ပစွာ လင်းလက်သွား၏။ ရွှေစေတီသည် မည်သည့် ဗုဒ္ဓစကြာဝဠာမှ ရောက်ရှိလာသည်ကို မသိရသော်လည်း လွတ်မြောက်ခြင်းအဆင့်ဓာတ်တော်ပေါင်း တစ်သိန်းခန့် ပါဝင်နေသည်။ ထိုသည်က အလွန်မြင့်မားသော အဆင့်ရှိသည့် ဗုဒ္ဓအရှင်ပေါင်း တစ်သိန်းခန့် ရှိနေခြင်းကို ကိုယ်စားပြု၏။

ထို့ကြောင့် ဗောဓိဓာတ်တော်ရွှေစေတီတော်၏မူလဇစ်မြစ်တည်ရှိရာ နေရာသည် မည်မျှအထိ ကြီးမားလှသော လောကကြီး ဖြစ်သည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။ အဆင့်မြင့် စွမ်းအားရှင်များ နေရာအနှံ့ ရှိနေသည့် ဗုဒ္ဓစကြာဝဠာမှသာ ထိုသို့သော ရတနာမျိုးကို ဖန်တီးနိုင်ခြင်း ဖြစ် သောကြောင့်ပင်။ ဖာဟိုင်သည် ထိုစေတီတော်၏ အနက်ရှိုင်းဆုံး စွမ်းအားကို တစ်ချက်ကြည့်ရုံဖြင့် သတိထားမိလိုက်သည်။ သူ၏အမြင်၌ ထိုစေတီတော်တွင် ကြီးမားသည့် အခွင့်အလမ်းများ ပါဝင်နေကာ ဓာတ်တော်တစ်သိန်းလုံး၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဆိုပါက စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်ပြီး ထူးဆန်းလှသော စွမ်းရည်များကို ရရှိစေနိုင်၏။

ထျန်းယွမ်အဆင့်သာမက ထျန်းကျဲအဆင့်ရှိ စွမ်းအားရှင်များပင်လျှင် သတိထားရမည့် အရာ ဖြစ်သည်။

"ဒီစေတီက.. အမြင့်မြတ်ဆုံး ဗုဒ္ဓလောကတစ်ခုကနေ လာတာ သေချာတယ်"

ဖာဟိုင်သည် ဗောဓိဓာတ်တော်ရွှေစေတီတော်အပေါ် ကြီးမားသည့် စိတ်ဝင်စားမှုကို ပြသလာသည်။

ထိုသည်ကလည်း မဆန်းပါချေ။ ယင်းသည် စစ်မှန်သော ဗုဒ္ဓ ရတနာတစ်ပါး ဖြစ်ပြီး အဆင့်အတန်းအရ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထက်ပင် နိမ့်ကျခြင်းမရှိသောကြောင့်ဖြစ်သည်။ မည်သည့် ဗုဒ္ဓစကြာဝဠာ၏ အဖိုးတန် ရတနာမဆို ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူအားလုံး စိတ်ဝင်စားကြမည်ဖြစ်သဖြင့် ဖာဟိုင်သည်လည်း ထိုနည်းတူဖြစ်သည်။

"ဒီစေတီကို ကိုယ်တော့်ကို ခဏလောက် ငှားပါဦး... ဒီဓာတ်တော်တွေထဲမှာ စွမ်းအားရှင်တွေရဲ့ ကိုယ်ပိုင်ဗုဒ္ဓတရား အသိအမြင်တွေ ပါဝင်နေတယ်"

"ကိုယ်တော်..အဲ့ဒီထဲကနေ နယ်ပယ်အသစ်တစ်ခုကို နားလည်နိုင်ကောင်း နားလည်နိုင်လိမ့်မယ်"

"ဆရာတော့်ကို ပေးတာပါ"

"ဒီစေတီရဲ့ ကူညီမှုနဲ့ဆိုရင် ဆရာတော့်ရဲ့အစွမ်း ပိုပြီးတော့ အဆင့်မြင့်လာမှာ ဖြစ်သလို... လိုချင်တဲ့ လွတ်လပ်မှုကိုလည်း ရှာဖွေနိုင်လာလိမ့်မယ်"

ကျုံးရှန်သည် ညင်သာစွာ ပြုံးလိုက်ပြီး စေတီတော်ကို ဖာဟိုင်ရှေ့သို့ တွန်းပေးလိုက်၏။

သူသည် ဖာဟိုင်၏ သူငယ်ချင်းဖြစ်မှုကို နောက်ဆုံး၌ ပြန်လည် ပေးဆပ်နိုင်ခဲ့လေပြီ။ ကျုံးရှန်သည် ဖာဟိုင်အား စိတ်နှလုံးမျိုးစေ့ ပေးသနားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၌ မိမိတို့ လျှောက်လှမ်းရမည့် လမ်းစဉ်ကိုယ်စီ ရှိကြသောကြောင့် ဖြစ်သည်။ ဖာဟိုင်အတွက်မူ စိတ်နှလုံးမျိုးစေ့သည် အခွင့်အရေးတစ်ခု မဟုတ်ဘဲ ချည်နှောင်မှုတစ်ခုသာ ဖြစ်လာပေလိမ့်မည်။ ဖာဟိုင်၌ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အိပ်မက်များ ရှိနေသဖြင့် သူငယ်ချင်းတစ်ဦးအနေဖြင့် ကျုံးရှန်သည် သူ့ကို မည်သည့်အခါမှ အတင်းအကြပ် လုပ်ဆောင်မည် မဟုတ်ချေ။

သို့မှသာ အနာဂတ်တစ်ချိန်တွင် ဖာဟိုင်တစ်ယောက် ဗုဒ္ဓတရားလမ်းစဉ် အမြင့်ဆုံးသို့ ရောက်ရှိမည့် လမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ ဖာဟိုင်သည် ထိုစကားကို ကြားသောအခါ အားနာမနေတော့ဘဲ ဗောဓိဓာတ်တော်ရွှေစေတီတော်ကို သိမ်းဆည်းလိုက်ကာ မျက်လုံး မှိတ်၍ စတင် ကျင့်ကြံတော့သည်။ ဖာဟိုင်သည် သူ၏နတ်ဘုရားအာရုံဖြင့် ဗောဓိဓာတ်တော်ရွှေစေတီတော်အတွင်းသို့ စူးစမ်းလိုက်၏။ ထိုအခါမရေမတွက်နိုင်သည့် ဗုဒ္ဓအရှင်တို့၏ ဗုဒ္ဓတရားတော် ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။

ဗုဒ္ဓအရှင် ဓာတ်တော် တစ်သိန်းဆိုသည်မှာ ဗုဒ္ဓအရှင်တစ်သိန်း၏ ဝိညာဉ်များနှင့် ညီမျှပြီး တစ်သိန်းသော ဗုဒ္ဓအရှင်များ တစ်ပြိုင်နက်တည်း တရားဟောကြား ရွတ်ဖတ်နေခြင်းကိုဆိုလိုသည်။

ဗုဒ္ဓအရှင်တစ်သိန်း၏ ဗုဒ္ဓတရား အနှစ်သာရများကို တစ်ပြိုင်နက်တည်း ဟောကြားခြင်း။

ထိုအချက်က ဗုဒ္ဓ၏ နက်နဲသည့် အမွေအနှစ်များသည် စကြဝဠာအနှံ့အပြားတွင် ကောင်းကင်ရှိ ကြယ်များပမာ များပြားလှ ကြောင်းဖော်ပြနေသည်။

"ဖူး"

ရုတ်တရက် ဖာဟိုင်တစ်ယောက် ဉာဏ်အလင်းပွင့်ရာမှ နိုးထလာပြီး မျက်နှာဖြူရော်သွားကာ သွေးများ အန်ချလိုက်သည်။ သတင်းအချက်အလက်များက အလွန်တရာ ရှုပ်ထွေးလှသဖြင့် ဖာဟိုင် မခံနိုင်ဖြစ်သွားရခြင်းပင်။ ရုံယီကိုယ်ပွားသည် မူလခန္ဓာကိုယ်ကဲ့သို့ မြောက်မြားစွာသောကမ္ဘာ့နယ်မြေအသီးသီး၌ အကြိမ်ကြိမ် ဝင်စားရခြင်းမျိုး မရှိချေ။ သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ တွေ့ကြုံရသည်များကို အားကိုး၍ ကြီးပြင်းလာရခြင်း ဖြစ်ပြီး လွတ်မြောက်ခြင်းအဆင့်ရှိ ဗုဒ္ဓဘုရင်တစ်ပါးမျှသာ ဖြစ်သည်။

"ဒီစေတီက ဗုဒ္ဓစကြဝဠာတစ်ခုကနေ လာတာ"

"ဗြဟ္မာစကြဝဠာပေါ့"

"အဲ့စကြဝဠာမှာ ဗုဒ္ဓက...အဓိကပဲ ဗုဒ္ဓက...စကြဝဠာတစ်ခုလုံးရဲ့ အမွေအနှစ်တွေအားလုံးနီးပါးကို နေရာယူထားတယ်"

ဖာဟိုင်သည် နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ကာ ရရှိထားသည့် သတင်းအချက်အလက်များကို ကျုံးရှန်အား ပြောပြလိုက်သည်။

ထိုသတင်းကိုကြားလျှင် ကျုံးရှန် ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်နဲ့မြေကြီးရဲ့ ကျယ်ပြောမှုက.. ငါတို့ တွေးထင်ထားတာထက် အများကြီး ပိုကျယ်ပြန့်တယ်"

"မဟာကမ္ဘာဆိုတာလည်း.. သမုဒ္ဒရာထဲက ရေတစ်စက်ပါပဲ"

"စကြဝဠာကမှ အခု ငါတို့ ရှာဖွေရမယ့် သမုဒ္ဒရာအစစ်ပဲ"

ဖာဟိုင်သည် ထိုစကားများကို ကြားသည့်အခါ ကျုံးရှန်၏ အတွေးအချို့ကို ရိပ်မိသွားသည်။

"ဒကာကြီးကျုံးက..ဘယ်ကိုသွားချင်လို့လဲ"

ကျုံးရှန် ထိုမေးခွန်းကို ကြားသည့်အခါ ခေတ္တမျှစဉ်းစားလိုက်သည်။

ယခု ကမ္ဘာမြေစကြဝဠာသည် နည်းပညာယဉ်ကျေးမှုအဖြစ် လုံးဝ ပြောင်းလဲသွားလေပြီ။ ထို့ကြောင့် စကြဝဠာ၏ အချိန်ရေစီးကြောင်းကို နောက်ပြန်ဆုတ်လိုလျှင် အနည်းဆုံး ကောင်းကင်တာအိုအဆင့်အထက် စွမ်းရည်ရှိမှ ရပေမည်။ ယခုအချိန် ကမ္ဘာမြေကို ပြန်သွားလျှင်ပင် အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်၏။ သူသည် စိတ်နှလုံးစွမ်းအင်ကို အားကိုး၍ ထျန်းယွမ်အဆင့် စွမ်းရည်သို့ ရောက်ရှိနိုင်သည်။

သို့သော် ထပ်မံတိုးတက်လိုပါက ကျင့်ကြံမှု တိုးတက်ရန်လည်း လိုအပ်ပြီး အနည်းဆုံး သူတော်စင်အဆင့် ၉ကို ဖောက်ထွက်ကာ နတ်ဘုရားအဆင့် ၁သို့ ရောက်ရှိရပေမည်။ ထိုအချိန်ရောက်မှသာ သူ၏စွမ်းရည်သည် ထျန်းကျဲအဆင့် ကျွမ်းကျင်သူများနှင့် ရင်ပေါင်တန်းနိုင်လာမည်ဖြစ်ပြီး စကြဝဠာထဲသို့ ခြေချနိုင်မည့် အစစ်အမှန် စွမ်းအားကို ပိုင်ဆိုင်မည်ပင်။

ထိုသို့ဖြင့်အတွေးထဲခေတ္တမျှ နစ်မြောပြီးမှ ကျုံးရှန် ရုတ်တရက် မေးလိုက်၏။

"ငါ့ မွေးရပ်မြေကို ပြန်ချင်တယ်..."

"ဒါက ငါ့ရဲ့ ဆန္ဒပဲ... ဆရာတော်ကရော"

ဖာဟိုင် ပြုံးလိုက်ပြီး အကြမ်းရည်တစ်ငုံ သောက်လိုက်သည်။

"ကိုယ်တော်ရဲ့ စိတ်ထဲက.. စွဲလမ်းမှုတွေ အကုန်လုံး ပျောက်ကွယ်သွားပါပြီ"

"လိုချင်တပ်မက်မှုမရှိ...ကံကြမ္မာ အတားအဆီးမရှိဘဲ လွတ်လွတ်လပ်လပ်ပါပဲ"

"ကိုယ်တော်က မဟာကမ္ဘာ အများအပြားကို လှည့်လည်သွားလာပြီး အသိဉာဏ်အသစ်တွေ ရှာဖွေဖို့ ပြင်ဆင်ထားတယ်... တပည့် နည်းနည်းပါးပါး လက်ခံပြီး တရားတော်တချို့ကိုလည်း ဖြန့်ဝေရင်းပေါ့"

ထို့နောက် ဖာဟိုင် မတ်တတ်ထရပ်ကာ ကျုံးရှန်ကို လက်အုပ်ချီ၍ လက်အုပ်ချီ၍ဦးညွတ်လိုက်သည်။ ကျုံးရှန်သည်လည်း လက်အုပ်ပြန်ချီကာ ရိုသေမှု ပြသလိုက်သည်။

ဖာဟိုင်သည် နောက်ဆုံးတစ်ကြိမ်ထပ်မံ နှုတ်ဆက်လိုက်၏။

"မူလကိုယ်က မခံနိုင်တော့ဘူး...ကိုယ်တော် မြန်မြန်သွားပြီး ဒီစေတီကို သူ့ဆီ ပေးအပ်ရမယ်"

"ပြီးတော့ သူနဲ့ ပေါင်းစပ်လိုက်မှ.. မူလကိုယ်ရဲ့ စွမ်းရည်က အထွတ်အထိပ် အခြေအနေကို ရောက်နိုင်မှာ"

"ဒကာကြီး ကျုံး... ဒီနေရာမှာပဲ ခွဲကြတာပေါ့"

"ကိစ္စတွေ ပြီးသွားတဲ့အခါ ကိုယ်တော်တို့ အတူတူ အကြမ်းရည်သောက်ရင်း တရားဆွေးနွေးကြသေးတာပေါ့"

ကျုံးရှန် ခေါင်းညိတ်ကာ စားပွဲငယ်ကို ဖယ်ရှားလိုက်သည်။

"မိသားစုကြီးသုံးခုကို ဖြေရှင်းပြီး နန်းတက်ပွဲ အခမ်းအနား ပြီးတာနဲ့ ဆရာတော့်ကို ကူညီဖို့ ဟင်းလင်းပြင် နတ်မိစ္ဆာကမ္ဘာဆီ လာခဲ့မယ်"

ကျုံးရှန်၏စကားကိုကြားသောအခါ ဖာဟိုင် ပြုံးလိုက်သည်။

ထို့နောက်တွင် ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

ကျုံးရှန်သည် ရွှေနဂါးကြီး လုံးဝ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေလိုက်ပြီးမှရုတ်တရက် သူ၏ မျက်နှာအမူအရာ အေးစက်သွားကာ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ နတ်ဘုရား ယန္တရား ဥဩငှက် ကျွမ်းလီအဖြစ်ပြောင်းသွားသည်။ ကျုံးရှန်သည် ကျွမ်းလီကို အစောပိုင်းကတည်းက သူ၏ သူတော်စင် နိုင်ငံမှ ခေါ်ထုတ်လာခြင်း ဖြစ်ပြီး ဤလောက၌ သတင်းအချက်အလက်များကို ဆက်လက် စောင့်ကြည့်ရန် စေခိုင်းထားသည်။

နတ်ဘုရားအဆင့် ဖြစ်လာပြီးနောက် သူမသည် မဟာကမ္ဘာတစ်ခုလုံးနီးပါးကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေပြီဖြစ်၏။ ကျွမ်းလီသည် ကျုံးရှန်၏ ပခုံးပေါ်၌ နားလိုက်ကာ စတင် အစီရင်ခံလိုက်သည်။

"သခင်... မိသားစုကြီးသုံးခုရဲ့ နောက်ခံကို စုံစမ်းပြီးပါပြီ"

"လူသားမျိုးနွယ်ရဲ့ ရှေးဟောင်း အင်အားစု သုံးခုဖြစ်ပြီး...ရှေးခေတ်ဦးကာလကတည်းက တည်ရှိနေတာပါ"

"နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူတို့က ကံကြမ္မာသားတော်တွေကို အမြဲ ရှာဖွေနေကြတာ... ဒါပေမဲ့ အရမ်းကို သိုသိုသိပ်သိပ် လုပ်ဆောင်ကြတယ်"

"အထွတ်အထိပ် ဂိုဏ်းကြီး ၇၂ ခုထဲက ထိပ်သီး ဂိုဏ်း ၁၀ ခုကို ကျောထောက်နောက်ခံ ပေးထားပေမဲ့ မိသားစုကိုယ်တိုင်ကတော့ ဘယ်တုန်းကမှ ထွက်မလာဘူး"

"ရှေးခေတ်က နတ်ဘုရားများစွာနဲ့ ရှေးဟောင်းသူတော်စင်တွေဟာ.. မိသားစုကြီး သုံးခုကနေ ဆင်းသက်လာကြတယ်လို့ ပြောကြတယ်"

"ရှေးဟောင်းခေတ်ကာလတုန်းကလည်း...ဧကရာဇ်တွေရဲ့ နောက်ကွယ်မှာ မိသားစုကြီးသုံးခုက ထောက်ပံ့ပေးနေတာပါ"

ကျွမ်းလီ၏ အသံသည် ယခင်ကကဲ့သို့ပင် နားထောင်ကောင်းကာ သာယာနာပျော်ဖွယ် ကောင်းနေဆဲပင်။ ကျုံးရှန်သည် သူမ၏ ခေါင်းပေါ်ရှိ လှပသည့် အမွေးအတောင်များကို လှမ်း၍ ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် ပခုံးပေါ်ရှိ နတ်ဘုရား ယန္တရား ဥဩငှက်လေးသည် ကောင်းကင်သို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ ပြန်ဆင်းသက်လာသည့်အခါ သွယ်လျလှပသော မိန်းမပျိုတစ်ဦးအသွင် ပြောင်းလဲသွားသည်။ မိန်းမပျိုလေးသည် ကျုံးရှန်၏ ပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်သည်။

"သခင်... အခု ကျွန်မတို့ကြားက ဆက်ဆံရေးက ပိုပိုပြီး စိမ်းကားလာသလို ခံစားရတယ်... ချင်ထျန်းတောင်ထွတ်မှာ နေရတဲ့ အချိန်တွေက ကျွန်မ ဘဝရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေပဲ"

သူမ၏စကားများထဲ၌ ဝမ်းနည်းမှု တစ်ဝက်နှင့် ချွဲနွဲ့မှု တစ်ဝက် ပါဝင်နေသည်။ ကျုံးရှန် သူမ၏ သေးသွယ်သည့် ခါးလေးကို ဖက်လိုက်သည်။

"အနာဂတ်က ပိုကောင်းလာမှာပါ"

သူသည် ကျွမ်းလီ၏ ကျောပြင်ကို ပုတ်ပေးလိုက်ပြီးနောက် လက်ကို ဖယ်လိုက်သည်။

"ကဲပါ... မိသားစုကြီးသုံးခုရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်နေလိုက်ဦး"

"ငါ နန်းတော်ကို တစ်ခေါက်သွားပြီး သူတို့ကို စုဝေးလိုက်ဦးမယ်"

ထိုသို့ပြောပြီးသည်နှင့် ကျုံးရှန်ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ ကျောပြင်သည် တဖြည်းဖြည်း ဝေဝါးသွား ပျောက်ကွယ်သွားတော့သည်။

ကျွမ်းလီသည် ထွက်ခွာသွားသည့် ကျောပြင်ကို လွမ်းဆွတ်စွာဖြင့် ငေးကြည့်နေလိုက်ပြီးမှ ရောင်စုံ သက်တံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

……

ထျန်းဂိုဏ်းစီရင်စု။

ကျုံးမင်းဆက် ၊ နန်းတော်အတွင်း။

ထိုနေရာရှိ နေရာအနှံ့အပြား၌ ဆောက်လုပ်ရေးလုပ်ငန်းများကို အပူတပြင်း လုပ်ဆောင်နေကာ ကျုံးချီမင်နှင့် ကျုံးချီထျန်းတို့ ကိုယ်တိုင် ကြီးကြပ်နေသည်။ သူတို့သည် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းဘဏ္ဍာတိုက်ကိုပင် အသုံးပြု၍ နန်းတော်ကို ခမ်းနားလှပစေရန် အစွမ်းကုန်ကြိုးပမ်းနေကာ ရှေးဟောင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ကောင်းကင်ကမ္ဘာ စံနှုန်းများအတိုင်း ပြုပြင်မွမ်းမံနေကြသည်။

ကျုံးရှန် လေထဲ၌ ရပ်ကာ ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်သည်။ နန်းတော်အသစ်၌ သီးခြား ဝင်္ကပါကြီးတစ်ခု လိုအပ်နေသေး၏။ လက်ရှိ ဝင်္ကပါမှာ လွန်ခဲ့သည့် နှစ်တစ်သန်းက သူကိုယ်တိုင် ချထားခဲ့သော မြေအောက်မီးတောက် ဝင်္ကပါကို မှီခိုနေရဆဲ ဖြစ်သည်။

ယခုအခါ၌ ကျုံးရှန်တွင် ပိုမို သိမ်မွေ့နက်နဲသည့် နည်းလမ်းများကိုအသုံးပြု၍ ဝင်္ကပါ အသစ်ဖန်တီးနိုင်ပြီ ဖြစ်သည်။ သို့ဖြင့်လက်ကို စုတ်တံအဖြစ်၊ စိတ်နှလုံးစွမ်းအင်ကို မင်ရည်အဖြစ် အသုံးပြု၍ နေရာအနှံ့ကိုညွှန်ပြကာ မဟာကမ္ဘာစွမ်းအင်နှင့် ချိတ်ဆက်ပြီး နန်းတော်ဝင်္ကပါကြီး၏ အခြေခံအဖြစ် သတ်မှတ်လိုက်သည်။ တစ်ချိန်တည်း၌ပင် စိတ်နှလုံးစွမ်းအင်ကို စွမ်းအင်စီးဆင်းရာ အဓိကသွေးကြောမကြီးအဖြစ် အသုံးပြုကာ ကြယ်တာရာ မဟာကမ္ဘာ၏ ပုံရိပ်ယောင်ဖြစ်သည့် ကြယ်တာရာ မဟာကမ္ဘာ ဝင်္ကပါကို ရေးဆွဲလိုက်သည်။

ဝမ်ရှန့်နတ်ဘုရားမဟာကမ္ဘာ မပျက်စီးသရွေ့ ဝင်္ကပါ ပျက်စီးမည် မဟုတ်တော့ချေ။ ထို့အပြင် မဟာကမ္ဘာ၏ အပြင်ဘက်ရှိ ပိုင်ရွှီနယ်မြေများကြားမှ ကြယ်တာရာ စွမ်းအင်များနှင့်လည်း သွယ်ဝိုက်ချိတ်ဆက်နိုင်သေးကာ မဟာကမ္ဘာစွမ်းအင်များကိုအသုံးပြု၍ နန်းတော်တစ်ခုလုံးကို ဖြည်းညှင်းစွာ ပြုပြင်မွမ်းမံနိုင်သည်။ မဟာကမ္ဘာစွမ်းအင်အောက်၌ မည်သူ့ခန္ဓာကိုယ်မဆို အညစ်အကြေးကင်းစင်စွာ သန့်စင်ခံရမည် ဖြစ်၏။

သာမန် ကျောက်တုံးတစ်တုံးပင်လျှင် မဟာကမ္ဘာစွမ်းအင်၏ အကြိမ်ကြိမ် ဖြာကျမှုကို ခံရပြီးနောက် အကောင်းဆုံး နတ်ဘုရားအဆင့် ကျောက်တုံးအဖြစ် ပြောင်းလဲသွား ပေလိမ့်မည်။ ထိုအရာက မဟာကမ္ဘာစွမ်းအင်၏ အဓိကအရေးပါလှသည့် အချက်လည်းဖြစ်သည်။

ယင်းဝင်္ကပါကြီးသည် နန်းတော်ကိုသာမက ထျန်းဂိုဏ်းစီရင်စု တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားတော့သည်။ ထိုသည်က မဟာကမ္ဘာစွမ်းအင်သည် စိတ်နှလုံးစွမ်းအင်လောက် မကောင်းသော်လည်း အလွန် အစွမ်းထက်သည့် စွမ်းအင်တစ်မျိုး ဖြစ်နေဆဲကြောင်း ဖော်ပြနေ၏။

All Chapters