လင်းရှန် (၃)
Vol. 70 Ch. 1120
ထိုနေရာရှိ သွေးမြူများမှာ မမြင်နိုင်သော ဧရာမလက်ဝါးကြီးတစ်ခုဖြင့် မွှေနှောက်ခံလိုက်ရသည့်အလား ဘေးဘက်သို့ ရုတ်တရက်တွန်းထုတ်ခံလိုက်ရပြီး အနည်းငယ်ကျဲပါးသွားသည်။
မိုးထိမတတ် မြင့်မားလှသော ဧရာမတံတိုင်းကြီးတစ်ခု၏ ပုံသဏ္ဌာန်က ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ခိုင်မာသောတံတိုင်းတစ်ခု မဟုတ်ဘဲ တစ်ဝက်ခန့် ကြည်လင်ပြီး ကောင်းကင်မှ မြေပြင်အထိ ဆွဲဆန့်ထားသည့် ဧရာမဆလင်ဒါပုံစံ အရာဝတ္ထုတန်းကြီးဖြစ်နေသည်။ ထိုအရာက ဧရာမသတ္တဝါကြီးတစ်ကောင်၏ အာရုံခံနှာမောင်းများကဲ့သို့ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို သိမ်းကျုံးရှင်းလင်းနေသည်။
၎င်းမှာ မည်သည့်အသံမျှမရှိ၊ ခြေရာလက်ရာမပြဘဲလာနေခြင်းဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ကဲ့သို့ ကြောက်မက်ဖွယ်ဖိအားများကို သယ်ဆောင်လာကာ သဲသောင်ခုံများ၊ သင်္ဘောပျက်များနှင့် ပျက်စီးနေသော တံတိုင်းဟောင်းများကို ဂရုမစိုက်ဘဲ စကြဝဠာအဆင့်လှိုင်းလုံးကြီးများကဲ့သို့ မပြောင်းလဲသော၊ တားဆီး၍မရသော အရှိန်နှုန်းဖြင့် အဖွဲ့ငယ်လေးရှိရာ နေရာဆီသို့ တိတ်တဆိတ် ကြိတ်ခြေဝင်ရောက်လာနေသည်။ ၎င်း ဖြတ်သန်းသွားသည့်အခါ ပျံ့နှံ့နေသော နီရဲသည့်မြူထုများပင် ခဏတာ တွန်းထုတ်ခံရခြင်း သို့မဟုတ် စုပ်ယူခံရခြင်းတို့ ဖြစ်သွားပြီး အေးစိမ့်တိတ်ဆိတ်နေသည့် လေဟာနယ်ဇုန်တစ်ခု ခဏတာဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။ ထိုအရာက ကြီးမားလွန်းလှသဖြင့် မျက်စိတဆုံးမြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးထားပြီး မြင်ကွင်းထဲသို့ ဖမ်းဆွဲမိလိုက်သည့် ခဏမှာပင် အနားသို့ကပ်ရောက်နေပြီ ဖြစ်သည်။
လွတ်အောင်ပြေးရန်လား။ အချိန်မရှိတော့ပေ။
“ကောင်းကင်ခြုံလွှာလား။ စောင့်ကြည့်တွေ့ရှိရမယ့် အချိန်ထက် ပိုစောနေတာပဲ”
ရေမွန်က ပြောလိုက်ပြီးနောက် ကီကီကို လှည့်ကြည့်လိုက်သည်၊၊
“မင်းအရင်က ခန့်မှန်းခဲ့တာ မှန်ပုံရတယ်၊၊ အဲဒါ သေချာပေါက် သက်ရှိသတ္တဝါတစ်ကောင်ပဲ ဖြစ်ရမယ်”
“ဘာလုပ်ကြမလဲ… ပြေးဖို့ လမ်းမရှိတော့ဘူးထင်တယ်”
စုန့်ဝေ၏အသံက ယခုအချိန်တွင် ပြင်းထန်စွာ တုန်ရင်နေသည်။ သူတို့သည် သန္ဓေပြောင်းလူသားဒီရေကြီးထဲမှ လွတ်အောင်ပြေးနိုင်သေးသော်လည်း ဤနီရဲသော ဧရာမတံတိုင်းကြီးက ဆူနာမီမုန်တိုင်းကဲ့သို့ အနီးကပ် လိမ့်ဆင်းလာနေခြင်းဖြစ်သဖြင့် လုံးဝလွတ်မြောက်နိုင်စရာလမ်းမရှိပေ။ တစ်ချက်မျှ ဝေ့ယမ်းခံလိုက်ရရုံဖြင့် အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်အများစုဆုံးရှုံးသွားမည်ဖြစ်ပြီး ၎င်းနောက်တွင် သန္ဓေပြောင်းလူသားများနှင့် ရင်ဆိုင်ရပါက သေချာပေါက်သေဆုံးရရုံသာရှိတော့သည်။
“တောင့်ခံထား။ ငါတို့ ဒီလှိုင်းကို တောင့်ခံရမယ်”
ရေမွန်က ဟိန်းဟောက်လိုက်ပြီး သံလိုက်တုန်ခါမှုက သူ၏ပတ်ဝန်းကျင်တွင် ပြင်းထန်သော လေပွေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သန္ဓေပြောင်းသတ္တဝါအများအပြားကို တိုက်ခိုက်ဆုတ်ဖြဲပစ်လိုက်သည်။ စုန့်ဝေ၏မျက်နှာဖြူလျော်သွားပြီး သက်ရှိပဲ့တင်လှိုင်းကို အပြည့်အဝထုတ်ဖော်ကာ ကီကီ၏ စိတ်စွမ်းအားအတားအဆီးကို တည်ငြိမ်အောင် ကူညီပေးနေရင်း ပစ်မှတ်များကို ရှာဖွေပေးနေသည်။ အားလွန်က သူ၏သွားများကို ကျိတ်ကာ လက်တစ်ဖက်တည်းဖြင့် လေဆာစွမ်းအင်သုံးသေနတ်ကို နောက်ဆုံးအကြိမ်အဖြစ် ဒေါသတကြီး ဆက်တိုက် ပစ်ခတ်လိုက်သည်။ ကီကီ၏မျက်ဝန်းများမှာ ခရမ်းရောင်အလင်းများတောက်လောင်နေပြီး စိတ်စွမ်းအားအတားအဆီး၏ အလင်းရောင်မှာ ဒီရေကဲ့သို့ တိုးမြင့်လာသည်။ သို့သော်လည်း အတိုင်းအဆမဲ့သော ထိုနီရဲသည့် ဧရာမတံတိုင်းကြီးနှင့် ရင်ဆိုင်ရသည့်အခါ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းအားမှာ အလွန်ပင် သေးငယ်လွန်းလှသည်။
သူတို့၏ရှေ့တွင် အဆုံးမရှိသော သွေးနီရောင်ပိုးကောင်များ၏ သတ်ဖြတ်ခြင်းနှင့် လိမ်ကောက်နေသော သန္ဓေပြောင်းသတ္တဝါများ၏ ရူးသွပ်စွာ တိုက်ခိုက်ခြင်းတို့ ရှိနေပြီး သူတို့၏နောက်တွင်မူ သက်ရှိများကို မျိုးတုန်းစေမည့် နီရဲသော ဧရာမတံတိုင်းကြီးက တိတ်တဆိတ် နီးကပ်လာနေသည်။ အလောင်းကောင်ဒီရေကို ဖောက်ထွက်သွားသည်ဖြစ်စေ သို့မဟုတ် ဧရာမတံတိုင်းကြီး၏ ဝေ့ယမ်းခြင်းကို ခံရ၍ ချက်ချင်း သွေးများဆုံးရှုံးသွားသည်ဖြစ်စေ ဤမျှော်လင့်ချက်မဲ့သောအခြေအနေတွင် သွေးနီရောင်သတ္တဝါတိုင်းက သူတို့ကို အလွယ်တကူသတ်ဖြတ်သွားနိုင်ပြီး သူတို့၏ကံကြမ္မာမှာ လုံးဝပျက်စီးခြင်းသို့ ရောက်ရုံသာရှိတော့သည်။
မျှော်လင့်ချက်မဲ့ခြင်းများက လူတိုင်း၏နှလုံးသားကို အေးစက်သောမြွေဆိုးများကဲ့သို့ ရစ်ပတ်ထားကြသည်။
သေလုမျောပါးဖြစ်နေသည့် ဤအရေးကြီးသော အချိန်အခါတွင်…
ဝူး ---
ထူးဆန်းသော သတ္တုတုန်ခါသံကြီးတစ်ခုက သောင်ပြင်တစ်ခုလုံးရှိ ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး စစ်တလင်း၏ ဆူညံသံအားလုံးကို လွှမ်းမိုးသွားခဲ့သည်။
ကလစ် ဂျိမ်း ဂျိမ်း၊၊
သူတို့ မြေပြင်ကို ငုံ့ကြည့်လိုက်သည့်အခါ ရုတ်တရက်ဆိုသလို စတုရန်းပုံစံနှင့် အေးစက်စက်သတ္တုရောင်ခြည်များ တောက်ပနေသည့် အခန်းငယ်တစ်ခုက ၀.၅စက္ကန့်ပင် မပြည့်သော အချိန်အတွင်း၌ ပေါ်ထွက်လာခဲ့သည်။ ၎င်း၏နံရံများမှာ အားလွန်ပင် ထူထဲလှပြီး မျက်နှာပြင်ပေါ်တွင် ကြိမ်နှုန်းမြင့်စွမ်းအင်အတားအဆီး၏ အပြာရောင်အလင်းတန်းလိုင်းများ စီးဆင်းနေကာ တိကျစွာ ဒီဇိုင်းထုတ်ထားသည့် သတ္တုပျားအုံပုံစံမော်ဂျူးတစ်ခုကဲ့သို့ ကီကီနှင့်အတူ အဖွဲ့ဝင်ငါးယောက်လုံးကို တင်းကျပ်စွာ ဖုံးအုပ်ကာကွယ်လိုက်သည်။
ဝူး၊၊
အခန်းတံခါးက နောက်ဆုံးမိနစ်တွင် ပိတ်သွားပြီး ကြိမ်နှုန်းမြင့်စွမ်းအင်အတားအဆီးမှာ ချက်ချင်းပင် ၎င်း၏အမြင့်ဆုံးစွမ်းအားသို့ မြင့်တက်သွားတော့သည်။
နောက်တစ်ခဏတွင်မူ မိုးထိလုမတတ်မြင့်မားလှသော နီရဲသည့် ဧရာမတံတိုင်းကြီးမှာ ဤဧရိယာကို တိတ်တဆိတ်ဖြတ်သန်းသွားခဲ့သည်။
အခန်းငယ်အတွင်းတွင် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေပြီး လူတိုင်းက ကြောက်မက်ဖွယ်သွေးစုပ်ယူမှုကျရောက်လာမည့်အချိန်ကို မသိစိတ်ဖြင့် အသက်အောင့်ကာ စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ဘာမှဖြစ်မလာခဲ့ပေ။ အခန်းနံရံ၏ အပြင်ဘက်မှ ကမ္ဘာကြီးတစ်ခုလုံး ညည်းတွားနေသကဲ့သို့ အလွန်တိုးညှင်းသော ကြောက်မက်ဖွယ်ဖိအားလှိုင်းများနှင့် စွမ်းအင်အတားအဆီး၏ အဆက်မပြတ်လည်ပတ်နေသည့် မြည်သံများသာ ထွက်ပေါ်နေသည်။ သက်ရှိများကို မျိုးတုန်းစေမည့် ထိုနီရဲသောစွမ်းအင်မှာ ဤခိုင်ခံ့လှသည့် သတ္တုလှောင်အိမ်နှင့် စွမ်းအင်အတားအဆီးတို့ကြောင့် အပြင်ဘက်တွင် ပြီးပြည့်စုံစွာ ပိတ်ဆို့ခံထားရပြီ ဖြစ်သည်။
“ဒါက ဘာကြီးလဲ”
လုဇ်လည် ဘာဖြစ်သွားသည်ကို မရိပ်မိသေးပေ။ အခန်းငယ်လေးအတွင်းတွင် ရေမွန်၊ လုဇ်၊ စုန့်ဝေနှင့် အားလွန်တို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး စွမ်းအင်အလင်းတန်းများစီးဆင်းနေသည့် တင်းကျပ်စွာ ပိတ်ထားသော အခန်းတံခါးကို စိတ်ထဲတွင် ဗလာကျင်းလျက် ငေးကြည့်နေကြသည်။
ထိုအချိန်တွင် ကီကီသည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသော ယန္တရားကာကွယ်ရေးအခန်းငယ်ကို ကြည့်ကာ မျက်နှာတစ်ခုလုံး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး ဖြူလျော်သောအရေပြားပေါ်တွင် ရင်းနှီးသောခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။
နောက်တစ်ခဏတွင်မူ သွေးနီရောင်ကောင်းကင်ကြီးက ဆုတ်ဖြဲခံလိုက်ရသည်။
၎င်းမှာ စွမ်းအင်တန်းတစ်ခုကြောင့် မဟုတ်သလို… ဥက္ကာပျံတစ်ခုပြုတ်ကျလာခြင်းကြောင့်လည်း မဟုတ်ဘဲ…
သတ္တုမုန်တိုင်းကြီးဖြစ်သည်။
ရေတွက်၍မရနိုင်သော ငွေမီးခိုးရောင် ဥက္ကာပျံများက စေးပျစ်နေသည့် နီရဲသောကောင်းကင်ကြီးကို ဆုတ်ဖြဲကာ နားကွဲလုမတတ် စူးရှသောအသံများနှင့် ကြောက်မက်ဖွယ်ရွေ့လျားစွမ်းအင်များဖြင့် နတ်ဘုရား၏ ပြစ်ဒဏ်ခတ်ခြင်းကဲ့သို့ ကျဆင်းလာခဲ့သည်။ ၎င်းတို့သည် သိပ်သည်းစွာ ဆင်းသက်လာပြီး အဖွဲ့ငယ်လေးကို ဝိုင်းရံထားသည့် နီရဲသောပိုးကောင်ဒီရေကြီးနှင့် သန္ဓေပြောင်းသတ္တဝါအစုဝေးများကို တိကျစွာ ထိမှန်သွားခဲ့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
နားကွဲလုမတတ် ပြင်းထန်သောရိုက်ခတ်မှုများကြားတွင် ကမ္ဘာမြေကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သဲပြင်ကြီးမှာ လှိုင်းလုံးကြီးများအဖြစ် မီတာဆယ်ဂဏန်းခန့် မြင့်တက်သွားခဲ့သည်။ ရိုက်ခတ်မှုများနှင့်အတူ မွန်းကျပ်ဖွယ်ကောင်းလှသော သတ္တုမုန်တိုင်းကြီးများလည်း ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
သတ္တုများဆင်းသက်လာမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်များမငြိမ်သက်သေးမီမှာပင် ကြောက်မက်ဖွယ်အမည်းရောင်ပုံရိပ်ကြီးများက ဖုန်မှုန့်များကို ဖျက်ဆီးကာ ၎င်းတို့၏ စွယ်များကို ထုတ်ဖော်ပြသလိုက်ကြသည်။
ဖုန်မှုန့်များကျဆင်းသွားသည့်အခါ တရိပ်ရိပ်ရွေ့လျားနေသည့် သံမဏိမျှော်စင်ကြီးများကဲ့သို့ ရေတွက်၍မရနိုင်သော လေးလံသည့် သံချပ်ကာ မီကာစက်ရုပ်ကြီးများ ရှိနေသည်။ တစ်ကိုယ်လုံးကို တောက်ပပြီး အေးစက်သောအလင်းများ ထွက်ပေါ်နေသည့် စူပါကာဗွန်အလွိုင်းပေါက်ကွဲမှုဒဏ်ခံ ပေါင်းစပ်သံချပ်ကာများဖြင့် ဖုံးလွှမ်းထားပြီး ၎င်းတို့၏ ကြံ့ခိုင်တောင့်တင်းကာ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်များပေါ်တွင် သံလိုက်မုန်တိုင်းကွိုင်များကို တုတ်ခိုင်သော လက်မောင်းများတွင် ရစ်ပတ်ထားကာ မျက်နှာပြင်ပေါ်တွင် အပြာရောင်လျှပ်စီးကြောင်းများ ခုန်ကူးနေကြသည်။ ၎င်းတို့ ဆင်းသက်လိုက်သည့်အခါ လေးလံသော အလွိုင်းခြေဖဝါးကြီးများက သဲပြင်ထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး ပုခုံးများ၊ ကျောပြင်များနှင့် လက်မောင်းများပေါ်ရှိ သံလိုက်မုန်တိုင်းဂျင်နရေတာများက တောက်ပသော အပြာရောင်အလင်းတန်းများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။ ဘုန်း။ ပြင်းထန်သော သံလိုက်မုန်တိုင်းတုန်ခါမှုလှိုင်းမှာ ဆင်းသက်ရာနေရာမှ စက်ဝိုင်းပုံစံအတိုင်း ပြင်းထန်စွာ ပြန့်နှံ့သွားခဲ့သည်။ ထိုအတိုင်းအတာအတွင်းရှိ သွေးနီရောင်ပိုးကောင်များနှင့် သန္ဓေပြောင်းသတ္တဝါများမှာ မမြင်နိုင်သော ဧရာမတူကြီးတစ်ခုဖြင့် ထုရိုက်ခံလိုက်ရသည့်အလား ချက်ချင်းပင် အနံ့ဆိုးလှသော သွေးမြူများနှင့် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ထိုလေးလံသည့် သံချပ်ကာစက်ရုပ်ကြီးများသည် ထူထဲသော သံချပ်ကာများ ဖုံးလွှမ်းထားသည့် လက်မောင်းနှစ်ဖက်လုံးကို မြှောက်လိုက်ကြရာ လက်မောင်းအကာပြားများ ဘေးသို့ပွင့်သွားပြီး ဧရာမအမြောက်ပြောင်းဝကြီးများ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် အတိအကျချိန်ရွယ်နေခြင်းမျိုးမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးသွားစေမည့် လွှမ်းမိုးပစ်ခတ်မှုမျိုးသာဖြစ်သည်။ မျက်စိကျိန်းမတတ် အပြာရောင်လေဆာအမြောက်စွမ်းအင်တန်းများက သေခြင်းတရားအလင်းကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်နွှယ်သွားပြီး စစ်တလင်းတစ်ခုလုံးကို ထိုးခွဲပစ်လိုက်သည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ပိုးကောင်များဖြစ်စေ၊ သန္ဓေပြောင်းသတ္တဝါများဖြစ်စေ အားလုံးမှာ ရေနွေးငွေ့အဖြစ်သို့ လွင့်ပျောက်သွားကြရတော့သည်။ ၎င်းတို့သည် သွေးအေးလှသော စစ်ပွဲခံတပ်ကြီးများကဲ့သို့ ညှာတာမှုကင်းမဲ့စွာ ရှေ့သို့ တိုးဝင်လာနေပြီး ခြေလှမ်းတိုင်းတွင် သံလိုက်မုန်တိုင်းများ၏ အထိန်းကွပ်မဲ့မြည်ဟီးသံများနှင့် လေဆာအမြောက်များ၏ ဟိန်းဟောက်သံများပါဝင်နေကာ တိုးဝှေ့လာနေသည့် အလောင်းကောင်ဒီရေကြီးကို ရက်ရက်စက်စက်ကြိတ်ခြေမောင်းထုတ်ပစ်လိုက်ကြသည်။
ထို့နောက်တွင်မူ ထိုလေးလံသည့် သံချပ်ကာစက်ရုပ်ကြီးများထဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ လျှပ်စီးလက်သလို မြန်ဆန်လှသော ပုံရိပ်များ ရေတွက်၍မရနိုင်အောင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ လှုပ်ရှားမှုများကို အပြည့်အဝလေ့ကျင့်ထားသည့် လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ ဖြစ်ပြီး မြေပြင်သို့ ထိမှန်လိုက်သည့် ခဏမှာပင် သေစေနိုင်လောက်သော ငွေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့၏ သွယ်လျသော်လည်း တောင့်တင်းခိုင်မာလှသော ယန္တရားခန္ဓာကိုယ်များမှာ သဲပြင်များနှင့် အပျက်အစီးများကြားတွင် တရိပ်ရိပ်ခုန်ကူးလှုပ်ရှားနေကြပြီး အရှိန်ပြင်းလွန်းလှသဖြင့် နောက်ကွယ်တွင် ပုံရိပ်ယောင်များသာကျန်ရစ်ခဲ့သည်။ ၎င်းတို့၏ ခြေဖဝါးများမှာ ဘဲလေးကချေသည်များ၏ ဖိနပ်များမဟုတ်တော့ဘဲ သေခြင်းတရား၏ အေးစက်သောအလင်းများ တဖျတ်ဖျတ်တောက်လောင်နေသည့် VK အလွိုင်းဓားသွားနှစ်ဖက်ဖြစ်နေကာ မြေပြင်ကိုနင်းခြေလိုက်သည့် အကြိမ်တိုင်းတွင် လေထုကို ဆုတ်ဖြဲသွားသည့် စူးရှသောလေတိုးသံများ ထွက်ပေါ်လာသည်။ ၎င်းတို့၏ တံတောင်ဆစ်များမှလည်း VK လျှပ်စစ်ဓားသွားများက တိတ်တဆိတ်ပွင့်ထွက်လာပြီး ကြိမ်နှုန်းမြင့်တုန်ခါဓားသွားအနားသတ်များက လေထုကို ဖြတ်တောက်ကာ တိုးညှင်းသောမြည်ဟီးသံများကို ထွက်ပေါ်စေသည်၊၊