အခန်း (၄၁၃-၄၁၄)
Vol. 42 Ch. 413-414
အပိုင်း (၄၁၃)
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကျုံးရှန် ခေါင်းယမ်းလိုက်သည်။ သို့သော် ထိုကိစ္စကို သူ အနည်းငယ်မှ ဂရုမစိုက်ပေ။ စစ်မှန်သော အထွတ်အထိပ် စွမ်းအားရှင်ကြီးများကို မြင်တွေ့ဖူးပြီးနောက်တွင် သူသည် မဟာကမ္ဘာအတွင်းရှိ သက်ရှိများကို လုံးဝ အရေးမစိုက်တော့ဘဲ ခံစားချက်အများစုသည်လည်း အေးစက်လာခဲ့ပြီ ဖြစ်သည်။ မြင်ကွင်းကျယ်ပြန့်မှုက အရာအားလုံးကို ဆုံးဖြတ်ပေးခြင်း ဖြစ်ရာ ယင်းသည် အေးစက်လွန်းလှသော်လည်း မလွှဲမရှောင်သာသည့် အမှန်တရားတစ်ခု ဖြစ်၏။ ရှီကျား ဗုဒ္ဓအရှင်နှင့်အတူ ပျက်သုဉ်းသွားသည်မှာ သူကိုယ်တိုင်သာမက သူ၏ ဗုဒ္ဓကမ္ဘာနှင့် အရာအားလုံးပါ ပါဝင်သည်။ ထို့အပြင် ဗုဒ္ဓဂိုဏ်း၏ အမွေအနှစ်တရားများလည်း ပျောက်ကွယ်သွားခဲ့ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဗုဒ္ဓဂိုဏ်းသည် ဆုတ်ယုတ်ပျက်စီးရန် သေချာသလောက် ဖြစ်သွားခဲ့လေပြီ။
ကျုံးရှန်သည် ဝမ်ဖော်ဂိုဏ်းကို ဖျက်ဆီးကာ ရှီကျား ဗုဒ္ဓအရှင်ကို သတ်ဖြတ်ခဲ့ပြီး ဗောဓိဓာတ်တော်ရွှေစေတီကိုလည်း သိမ်းပိုက်လိုက်သည်။ ကျန်ရှိနေသော ဗုဒ္ဓဂိုဏ်းအင်အားစုများသည်လည်း အန္တရာယ်မပြုနိုင်တော့ချေ။ သူတို့ကို ယခုအတိုင်း လွှတ်ထားပေးလျှင်ပင် မူလအထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခက်ခဲလှပေလိမ့်မည်။ ကျုံးရှန်သည် ရှီကျား ဗုဒ္ဓအရှင်ကို ရှင်းလင်းပြီးနောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးဆီသို့ ပြန်၍ ဦးတည်လိုက်သည်။
ရုတ်တရက် ပိုင်ရွှီအတွင်းမှ အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ ကြယ်ပျံတစ်စင်းအလား အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ထိုအလင်းတန်းသည် စကြာဝဠာအတွင်းရှိ အခြားနေရာများဆီသို့ ဦးတည်သွားခြင်း ဖြစ်၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကိုမူ လုံးဝ လျစ်လျူရှုထားခဲ့ပြီး ဖြတ်သန်းသွားသော ခရီးသည်တစ်ဦးအလား လှပသော ရှုခင်းအတွက် ခဏတာမျှပင် ရပ်တန့်ခြင်း မရှိခဲ့ချေ။
ကျုံးရှန်သည် ထိုအလင်းတန်းကို ရပ်တန့်ကြည့်ရှုနေမိသည်။ ဖြတ်ပျံသွားသော အလင်းတန်းသည် ကျင့်ကြံဆင့် မြင့်မားလှသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ၏ စွမ်းရည်သည် အနည်းဆုံး ထျန်းကျဲအဆင့်တွင် ရှိနေသောကြောင့်သာ ပိုင်ရွှီအတွင်း၌ ထိုမျှ မြန်ဆန်သော အရှိန်နှုန်းဖြင့် လှည့်လည်သွားလာနိုင်ခြင်း ဖြစ်သည်။ သို့သော် ထိုကျွမ်းကျင်သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအပေါ် စိတ်ဝင်စားမှု အနည်းငယ်မျှ မရှိခဲ့ချေ။
စကြာဝဠာကြီးအတွင်း၌ စွမ်းအားရှင်များစွာ ပုန်းကွယ်နေကြပြီး ဆန်းကြယ်လှသော မဟာကမ္ဘာကြီးများ မည်မျှအထိ ရှိနေမည်ကို မည်သူမှ မသိနိုင်ကြောင်း ထင်ရှားလှသည်။
ကျုံးရှန် နောက်လှည့်ပြန်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးဆီသို့ ဆက်လက် လျှောက်လှမ်းနေရင်းမှ စကြာဝဠာကြီးအပေါ် ပို၍ စိတ်ဝင်စားလာမိသည်။ သူသည် ပိုမို ကျယ်ပြောလှသော ကမ္ဘာကြီးကို မြင်တွေ့လိုလှသည်။ ထိုသို့ဆိုမှသာ သူ၏ ကျင့်ကြံဆင့်သည် ပိုမို ပြည့်စုံလာနိုင်မည် ဖြစ်၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်း၌သာ အမြဲ ရှိနေမည်ဆိုပါက ဖားသူငယ် ရေတွင်းထဲ နေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
ထိုသို့သော ဘဝမျိုးသည် သူ အလိုရှိသည့် ဘဝ မဟုတ်ပါချေ။ သူ၏ အမြန်နှုန်းသည် မနှေးလှသဖြင့် မကြာမီပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မဟာကမ္ဘာအတားအဆီးနံရံအနီးသို့ ပြန်လည် ရောက်ရှိလာသည်။ ကျုံးရှန် လက်ညှိုးတစ်ချောင်းကို အေးဆေးစွာ ဆန့်ထုတ်လိုက်ကာ အသာအယာ ဆွဲခြစ်လိုက်ရုံဖြင့် မဟာကမ္ဘာအတားအဆီးနံရံ၌ အပေါက်တစ်ခု ဖြစ်သွားစေသည်။ ယခုအချိန်တွင် သူ့အတွက်မူ မဟာကမ္ဘာအတားအဆီးနံရံကို ဆုတ်ဖြဲရခြင်းသည် ထမင်းစားရေသောက်ရသကဲ့သို့ လွယ်ကူနေပြီဖြစ်သည်။ အတားအဆီးနံရံကို ဆုတ်ဖြဲပြီးနောက် ကျုံးရှန် အတွင်းသို့ တိုးဝင်သွားလိုက်ကာ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည်။
'နောက်ထပ်... ဘယ်ကို သွားရမလဲ...' 'ကြယ်တာရာ အပိုင်းအစတွေကို သွားသိမ်းဆည်းရင် ကောင်းမလား...'
ကျုံးရှန်သည် လည်ပတ်အပန်းဖြေမည့် နေရာကို ရွေးချယ်နေသကဲ့သို့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အစွန်အဖျားတွင် အေးဆေးစွာ ရပ်တန့်နေခဲ့သည်။
ကြယ်တာရာတိုင်းသည် မဟာကမ္ဘာကြီးတစ်ခုစီ ဖြစ်ကြပြီး ထိုကြယ်တာရာအပိုင်းအစများအတွင်း၌ တစ်ယွမ်ထက်မကသော ယွမ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ တစ်ခုချင်းစီသည် ပျက်စီးနေသော မဟာကမ္ဘာကြီးတစ်ခုစီ ဖြစ်ကြရာ သူ၏ သူတော်စင်နိုင်ငံကို အင်အားတောင့်တင်းစေရန်အတွက် အကောင်းဆုံး ကုန်ကြမ်းပစ္စည်းများ ဖြစ်သဖြင့် ကျုံးရှန်အနေဖြင့် ထိုအရာများကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
...
ဇီရွှမ်စီရင်စုအတွင်း။
ကျုံးရှန်၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ တောင်တန်းကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။
ထိုတောင်တန်းကြီးသည် မိုင်ပေါင်း သိန်းချီ ကျယ်ပြောလှပြီး ဆန်းကြယ်လှသော ရှေးဟောင်းအမွေအနှစ် နေရာများစွာ တည်ရှိနေ၏။ ထိုနေရာ၌ ဝိညာဉ်စွမ်းအင်များ သိပ်သည်းလှကာ ကံကောင်းခြင်းအခွင့်အရေးများစွာ ရှိနေသဖြင့် အင်မော်တယ်တစ်သန်းတောင်တန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှ လျော့နည်းခြင်း မရှိချေ။
ထိုတောင်တန်းကြီး၏ အမည်မှာ ဇီတောက်တောင်တန်း ဖြစ်ပြီး အတော်အတန် အမည်ကျော်ကြားလှသည်။ ဆိုရိုးစကားများအရ ဇီတောက်တောင်တန်းသည် ညအချိန်သို့ ရောက်ရှိပါက ဆန်းကြယ်သော ဖြစ်စဉ်များ ပေါ်ပေါက်လာတတ်ကာ စူးရှတောက်ပသော ကြယ်တာရာပုံရိပ်ယောင်များ ထွက်ပေါ်လာတတ်သည်ဟု သိရသည်။ ထိုကြယ်တာရာပုံရိပ်ယောင်များအတွင်း၌ လျှို့ဝှက်ချက်များ ရှိနေပြီး အကယ်၍ ထိုအရိပ်အယောင်များအနီးတွင် ကျင့်ကြံပါက မဟာကမ္ဘာကြီး၏ စွမ်းအားများဖြင့် ကျင့်ကြံခြင်းအရှိန်နှုန်းကို မြှင့်တင်နိုင်သည်။
မဟာကမ္ဘာကြီး၏ စွမ်းအားဟူသည် ထျန်းယွမ်အဆင့် ရောက်ရှိမှသာ ထိန်းချုပ်နိုင်သော စွမ်းအားမျိုး ဖြစ်ပြီး မဟာကမ္ဘာကြီး၏ အခြေခံစွမ်းအင်လည်း ဖြစ်၏။ ထိုဆန်းကြယ်သော ဖြစ်စဉ်ကြောင့် ကျွမ်းကျင်သူ အများအပြား လာရောက် စူးစမ်းခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် မည်သူမှ တစ်စုံတစ်ရာ ရှာဖွေမတွေ့ရှိခဲ့ကြချေ။ သို့သော် ဤနေရာ၌ ကြီးမားလှသော ကံကောင်းခြင်းများ ရှိနေသည်က အမှန်ပင် ဖြစ်သည်။ သို့ရာတွင် ထိုကံကောင်းခြင်း၏ အဆင့်အတန်းသည် မြင့်မားလွန်းလှသဖြင့် အလွန်မြင့်မားသည့် ကျင့်ကြံဆင့်အဆင့်သို့ မရောက်ရှိပါက ရှာဖွေတွေ့ရှိရန်ပင် မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုနေရာသည် ထိပ်တန်း မြင့်မြတ် နယ်မြေတစ်ခု ဖြစ်နေဆဲပင်။ ဇီတောက်တောင်တန်းကို လုယူရန်အတွက် အင်အားစု အများအပြား ယခင်က တိုက်ပွဲကြီးများ ဆင်နွှဲခဲ့ကြကာ နောက်ဆုံးတွင် ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် ဇီရွှမ်ဂိုဏ်းက ရရှိသွားခဲ့သည်။ ထိုသို့ သိမ်းပိုက်ထားခဲ့သည်က နှစ်ပေါင်း ကုဋေချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဇီရွှမ်ဂိုဏ်းသည် ဇီရွှမ်စီရင်စုကိုလည်း နှစ်ပေါင်း သိန်းသန်းချီ စိုးမိုးထားခဲ့ကာ စီရင်စု တစ်ခုလုံးတွင် သူတို့သည် အာဏာအရှိဆုံးဖြစ်ပြီး စကားတစ်ခွန်းဖြင့် အရာရာကို ဆုံးဖြတ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။
ဇီရွှမ်စီရင်စုတစ်ခုလုံး၏ အစစ်အမှန် အရှင်သခင် အင်အားစုဟုပင် ဆိုနိုင်သည်။ သို့သော်လည်း မကြာသေးမီက ဇီရွှမ်ဂိုဏ်းသည် ရုတ်တရက် အသံတိတ် ငြိမ်သက်သွားခဲ့ကာ အပြင်ဘက်သို့ သွားရောက် လေ့ကျင့်နေသော အဓိကတပည့်များအားလုံးကို ပြန်လည် ခေါ်ယူခဲ့သည်။ အပြင်စည်းတပည့်များကိုပင် စည်းကမ်းများ တင်းကျပ်စွာ ထုတ်ပြန်ထားပြီး ပြဿနာ မရှာရန် အမိန့်ပေးထားခဲ့၏။ ဇီရွှမ်ဂိုဏ်းသည် အတိတ်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
လူအများကြားတွင် အမျိုးမျိုး ပြောဆိုနေကြပြီး ဇီရွှမ်ဂိုဏ်းသည် ရုတ်တရက် အထူးချွန်ဆုံး တပည့်တစ်သိန်းကျော် ဆုံးရှုံးသွားခဲ့ကာ နတ်ဘုရားအဆင့် ဘိုးဘေး အမြောက်အမြားနှင့် သူတော်စင်အဆင့် အကြီးအကဲ ရာဂဏန်းခန့် သေဆုံးသွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ဂိုဏ်းအတွင်းရှိ အဓိက အင်အားစုကြီး အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရသဖြင့် ထိုသို့ ငြိမ်သက်သွားရခြင်း ဖြစ်သည်။ နေ့စဉ်နှင့်အမျှ စွမ်းအားကုန်ဆုံးနှုန်းကြီးမားသော ဂိုဏ်းစောင့် ကာကွယ်ရေး အစီအရင်ကြီးကို ဖွင့်လှစ်ထားကာ အပြင်သို့ ခြေတစ်လှမ်းမျှ မလှမ်းဝံ့ကြဘဲ တပည့်များကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ သို့သော်လည်း ဆင်ပိန်ကျွဲလောက် ဟူသော ဆိုရိုးအတိုင်း ဇီရွှမ်ဂိုဏ်း၏ အင်အားသည် ကြီးမားနေဆဲ ဖြစ်သဖြင့် စီရင်စုတစ်ခုလုံး၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ပြဿနာ မရှိချေ။
ယခုအခါ ကျုံးရှန် ရှာဖွေနေသော ကြယ်တာရာ အပိုင်းအစများထဲမှ အချို့သည် ဇီရွှမ်စီရင်စု၏ ဇီတောက်တောင်တန်းအတွင်း၌ ရှိနေသည်။ ထို့ကြောင့်သာ ဇီတောက်တောင်တန်း၌ ကြယ်တာရာ ဆန်းကြယ်ဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိကာ မဟာကမ္ဘာကြီး၏ စွမ်းအားများဖြင့် ဖြန့်ကျက် ခံနေရခြင်းပင်။ ယခု ကျုံးရှန်သည် ထိုနေရာသို့ ရောက်ရှိလာပြီ ဖြစ်ရာ ရန်ကြွေးဟောင်း ရန်ကြွေးသစ် အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။
....
ကျုံးရှန်သည် မြေပြင်ပေါ်သို့ဖြည်းညင်းစွာ ဆင်းသက်လိုက်သောအခါ ဇီတောက်တောင်တန်းတစ်ခုလုံးကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ ထိုနေရာ၏ ပတ်ဝန်းကျင်သည် အတော်အတန် ကောင်းမွန်လှပြီး အသိဉာဏ်ပွင့်လင်းနေသော မိစ္ဆာသားရဲများစွာလည်း ကျင့်ကြံအားထုတ်နေကြ၏။ ထို့အပြင် ကျင့်ကြံသူ အများအပြားလည်း တောင်အတွင်း၌ လာရောက် လေ့ကျင့်နေကြကာ သေမျိုး စွန့်စားရှာဖွေရေးအဖွဲ့များပင် ဇီတောက်တောင်တန်း၏ အစွန်အဖျားတွင် ဆေးဖက်ဝင်အပင်များ လာရောက် ခူးဆွတ်နေကြသေးသည်။
ဇီတောက်တောင်တန်းတစ်ခုတည်းကပင် ကျင့်ကြံသူ မည်မျှအတွက် ကံကောင်းခြင်းအခွင့်အရေးများ ပေးအပ်ထားကာ ထိုသူများမည်မျှအထိ ကြီးထွားလာစေခဲ့သည်ကို မည်သူမှ မသိနိုင်ချေ။ ဇီရွှမ်ဂိုဏ်း လုပ်ဆောင်ခဲ့သမျှထဲတွင် ကောင်းမွန်သော အချက်တစ်ခုမှာ သူတို့သည် ဇီတောက်တောင်တန်းကို လုံးဝ ပိတ်ဆို့ထားခြင်း မရှိခြင်းပင်။ ထိုသို့ လုပ်ဆောင်ခြင်းက ကံ ကောင်းခြင်းများကို လက်ဝါးကြီးအုပ်စိုးမိုးပါက တုံ့ပြန်မှုကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုလုပ်ရပ်သည် ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်၏။
ကျုံးရှန် အေးဆေးစွာ ကြည့်ရှုနေရင်းမှ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရာသီဥတုသည် ချက်ချင်း ပြောင်းလဲသွားကာ မူလက ကြည်လင်နေသော နေ့ခင်းဘက် ကောင်းကင်ကြီးသည် တစ်ခဏချင်းအတွင်း ကြယ်တာရာများ လင်းလက်နေသော ညကောင်းကင်ယံအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ဇီတောက်တောင်တန်းအတွင်း၌ ကြယ်တာရာ ဆန်းကြယ်ဖြစ်စဉ်များ စတင် ပေါ်ပေါက်လာကာ တောက်ပလှသော ကြယ်တာရာ ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ကျုံးရှန်သည် ကြယ်တာရာပုံရိပ်ယောင် ပါဝင်သော သန့်စင်လှသည့် မဟာကမ္ဘာကြီး၏ စွမ်းအားများကို ခံစားမိသောအခါ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ တောင်တန်းများ အက်ကွဲလာပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်လာသည်။ သို့ဖြင့် မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စွမ်းအားများဖြင့် ဖုံးကွယ်ထားသော ကြယ်တာရာ အပိုင်းအစများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ ထိုအရာများသည် ညကောင်းကင်ယံရှိ ကြယ်ပွင့်များအလား လေထဲတွင် တောက်ပစွာလွင့်မျောနေတော့သည်။
အပိုင်း (၄၁၄)
အကြီးမားဆုံးဖြစ်သည့် ကြယ်တာရာ အပိုင်းအစတစ်ခုသည် ဇီရွှမ်ဂိုဏ်း၏ အထွတ်အထိပ်နယ်မြေ ဖြစ်သည့် ဇီတောက်တောင်တန်း၏ အောက်ခြေတွင် တည်ရှိနေသေးသည်။ ထိုအရာကို ဇီတောက်တောင်တန်းတစ်ခုလုံးနှင့် အမျိုးမျိုးသော တားမြစ်ချက်များ၊ အစီအရင်များဖြင့် ဖိနှိပ်ထားခြင်း ဖြစ်သည်။ ယခုအခါ ကြယ်တာရာ အပိုင်းအစများသည် ကျုံးရှန်၏ ခေါ်ယူမှုကြောင့် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပြီဖြစ်သည်။
ဇီတောက်တောင်တန်းအောက်ရှိ ကြယ်တာရာ အပိုင်းအစတစ်ခုသာလျှင် ဖိနှိပ်ခံထားရသဖြင့် အလွယ်တကူ ထွက်ပေါ်လာနိုင်ခြင်း မရှိသေးချေ။သို့သော်လည်း ဇီတောက်တောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေကာ မြေပြင်လည်း လှုပ်ခတ်လာပြီ ဖြစ်သည်။ ဂိုဏ်းစောင့် ကာကွယ်ရေး အစီအရင်ကြီးသည်လည်း သိသာစွာ ရိုက်ခတ်မှုကို ခံလိုက်ရပြီး အဆက်မပြတ် လင်းလက်တုန်ခါလာ နေသည်။
ကျုံးရှန်သည် သူ၏ ခေါ်ယူမှုကြောင့် ပျံသန်းလာသည့် ကြယ်တာရာ အပိုင်းအစများကို လက်ထဲတွင် စုစည်းလိုက်သည်။ ထိုကြယ်တာရာ အပိုင်းအစများတစ်ခုစီထဲတွင် အနည်းဆုံး တစ်ယွမ် သို့မဟုတ် နှစ်ယွမ်ခန့်ရှိသော စွမ်းအားများ ပါဝင်ကာ အများဆုံးမှာမူ ယွမ်လေးငါးဆယ်ခန့်အထိ ပါဝင်နေသည်။ ထိုသို့ ဖြစ်ရခြင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်လှသော ကာလအတွင်း စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်နေခဲ့ခြင်းကြောင့် ဖြစ်၏။ သို့မဟုတ်ပါက ထိုကြယ်တာရာ အပိုင်းအစများအတွင်းရှိ စွမ်းအားများသည် ယခုထက် ပိုမို သိပ်သည်းနေပေလိမ့်မည်။
ကျုံးရှန် လက်ကို မြှောက်လိုက်ကာ ထိုကြယ်တာရာ အပိုင်းအစများကို မိမိ၏ သူတော်စင်ကမ္ဘာအတွင်းသို့ သိမ်းဆည်း မြှုပ်နှံလိုက်သည်။ သို့ဖြင့် သူကိုယ်တိုင် ထိန်းချုပ်နေရန် မလိုအပ်ဘဲ သူ၏ သူတော်စင်နိုင်ငံသည် မကြာမီ မဟာကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုကြယ်တာရာ အပိုင်းအစများသည် သူတော်စင်နိုင်ငံအတွက် မြေဩဇာကောင်းများ ဖြစ်ပြီး မဟာကမ္ဘာကြီး၏ စွမ်းအားများဖြင့် အဆက်မပြတ် ထောက်ပံ့ပေးနိုင်သည်။ ကြယ်တာရာအပိုင်းအစများ၏အကူအညီဖြင့် သူ၏ သူတော်စင်ကမ္ဘာကို မဟာကမ္ဘာကြီးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားစေမည် ဖြစ်သည်။
နောက်ထပ် လုပ်ဆောင်ရမည့်အချက်မှာ အကြီးမားဆုံးသော အပိုင်းအစကို သိမ်းဆည်းရန် ဖြစ်၏။ ကျုံးရှန် ခန့်မှန်းချက်အရ ထိုအပိုင်းအစတွင် အနည်းဆုံး ယွမ်တစ်ရာခန့်ရှိသော စွမ်းအားများ ရှိနေနိုင်သဖြင့် လက်လွှတ်မခံသင့်သည့် ရတနာတစ်ခု ဖြစ်သည်။ ကျုံးရှန်သည် ဇီတောက်တောင်တန်းအောက်ခြေမှ ပြင်းထန်သော စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ ဇီတောက်တောင်တန်း အပြင်ဘက်သို့ ရောက်ရှိသွားသည်။
သူ၏ မျက်လုံးများသည် ဇီရွှမ်ဂိုဏ်းရှိရာအရပ်သို့ကျရောက်သွားကာ ဖြေးညှင်းစွာလျှောက်လှမ်းသွားလိုက်တော့သည်။
...
ထိုအချိန်တွင် ဇီရွမ်ဂိုဏ်းအတွင်းမှ အစွမ်းထက်ကျင့်ကြံသူ အမြောက်အမြား သည် ပင်မခန်းမဆောင်ထဲ၌စုဝေးနေကြ၏။
"ဂိုဏ်းချုပ်... ဘာဖြစ်လို့ မြေပြင်က ရုတ်တရက် ဒီလောက် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေရတာလဲ..."
တစ်စုံတစ်ဦးသည် အံ့ဩသင့်နေသည့်အမူအရာဖြင့် ရုတ်တရက်မေးလိုက်သည်။
"ကြယ်တာရာတွေလည်း ထူးထူးဆန်းဆန်း ပြောင်းလဲနေတယ်... ဒါက ကောင်းကင်နိယာမတွေ ပြောင်းလဲတော့မယ့် အရိပ်အယောင်ပဲ..."
မုတ်ဆိတ်ဖြူဖြင့် အဖိုးအိုတစ်ဦးက မျက်နှာပျက်ပျက်ဖြင့် ဆိုလိုက်သည်။
"ကပ်ဘေးကြီးပဲ... ဒါက ကပ်ဘေးကြီးတစ်ခုပဲ..."
"ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဝိုင်းဝန်းတိုက်ခိုက်လို့ အများစု သေဆုံးသွားခဲ့ရပြီ... အခုလည်း ဇီတောက်တောင်တန်းအောက်က ဖိနှိပ်ထားတဲ့ ကြယ်တာရာက လှုပ်ခတ်လာပြန်ပြီ..."
"ဒါက ကပ်ဘေးရဲ့ အရိပ်အယောင်ပဲ... ဖြစ်နိုင်တာကတော့ ဒီကိစ္စအားလုံးဟာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ စစ်မြေပြင်မှာ လက်ဝါးတစ်ချက်တည်းနဲ့ စစ်တပ်ကြီးတစ်သန်းကို ဖျက်ဆီးပစ်ခဲ့တဲ့ ဘိုးဘေးကြီးရဲ့ လက်ချက် ဖြစ်လိမ့်မယ်..."
ထိုအဖိုးအိုသည် ဇီရွှမ်ဂိုဏ်း၏ ဘိုးဘေးတစ်ဦး ဖြစ်၏။ ဆက်လက်ပြီး ဂိုဏ်းချုပ်ဖြစ်သူ အလယ်အလတ်အရွယ် လူတစ်ဦးသည် အံ့ဩထိတ်လန့်စွာဖြင့် ဆိုလာသည်။
"ကမ္ဘာလောကကြီးထဲမှာ ဒီလောက်အထိ အစွမ်းထက်တဲ့ ကျွမ်းကျင်သူ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တစ်ချက်တည်းနဲ့ ကျွမ်းကျင်သူ တစ်သန်းကို ဖျက်ဆီးပစ်နိုင်တယ်... အဲဒီအထဲမှာ သူတော်စင်အဆင့်နဲ့ နတ်ဘုရားအဆင့်တွေလည်း ပါဝင်နေတာ..."
"တခြားဂိုဏ်းတွေက ထွက်လာတဲ့ ကောင်းကင်အရှင်အဆင့် ဘိုးဘေးနှစ်ယောက်တောင် သေဆုံးသွားခဲ့ရတယ်... အဲဒီအထဲမှာ အတော်လေး နာမည်ကြီးတဲ့ ဝမ်ရှန့်လို ရှေးဟောင်းသူတော်စင်တောင် ပါသေးတယ်..."
ဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ စိုးရိမ်ရိပ်များသည် ဖျောက်ဖျက်၍ပင် မရတော့ချေ။
သူတို့ကဲ့သို့ မြင့်မားသည့်ကျင့်ကြံခြင်းအဆင့်ရှိသူများအနေဖြင့် ကံကြမ္မာ၏ လှုံ့ဆော်မှုကို သတိပြုမိနိုင်ကြလေသည်။ ယခုအခါ သူသည် ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား မကောင်းသည့် နိမိတ်ဆိုးကြီးကို ခံစားနေရကာ ဂိုဏ်းအတွင်းမှ ချက်ချင်း ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်နေခဲ့သည်။ ကျန်ရှိနေသောသူများလည်း ထပ်တူ ခံစားနေရကာ မကြာမီ ကပ်ဘေးကြီး
ကျရောက်လာတော့မည်ကိုသိရှိနေကြသဖြင့်ကြောက်ရွံ့တုန်လှုပ်နေကြသည်။
...
နောက်ဆုံးတွင် ကျုံးရှန်သည် ဇီရွှမ်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာကာ သူ၏ရောက်ရှိလာမှုကိုအတိအလင်းဖော်ပြလိုက်သည်။ ဇီရွှမ်ဂိုဏ်း၏ တပည့်များအားလုံး အစီအရင်အပြင်ဘက်၌ ရုတ်တရက် ပေါ်လာသည့် သူစိမ်းတစ်ဦးကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။ ကျုံးရှန်သည် အောက်ရှိလူများကို ကြည့်ကာ ပြုံးလိုက်သည်။
"ဇီရွှမ်ဂိုဏ်းလား..."
"အဲဒီနေ့က ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ဝိုင်းတိုက်တဲ့အထဲမှာ မင်းတို့ ဇီရွှမ်ဂိုဏ်းလည်း ပါတယ်မဟုတ်လား..."
ကျုံးရှန် လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြုံးမျက်နှာဖြင့် ဖြည်းညှင်းစွာ ဆိုလိုက်သည်။
ဇီရွှမ်ဂိုဏ်းမှတပည့်များ တစ်ဦးကိုတစ်ဦး စိတ်ရှုပ်စွာဖြင့်ကြည့်လိုက်ကြသော်လည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာမူ ကျောပြင်တစ်ခုလုံး ချွေးစေးများ ထွက်ပေါ်လာသည်။ ကျုံးရှန်၏ ရုပ်သွင်သည် လူငယ်တစ်ဦးအလား ဖြစ်နေသော်လည်း သူတို့ အထင်မသေးဝံ့ကြချေ။ ကျုံးရှန်သည် မည်သူမှ ပြန်လည်မဖြေကြားသည်ကို မြင်သော်လည်း ဂရုမစိုက်ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အစီအရင်ကြီးကို အသာအယာ ဖယ်ရှားလိုက်သည်။
ထိုအခါ အစီအရင်ကြီးသည် လေပြည်ညင်းတစ်ခု ဖြတ်သန်းသွားသည့်အလား ချက်ချင်း ပျောက်ကွယ်သွားသည်။ ပေါ့ပါးစွာဖြင့်အသာအယာဖယ်ရှားလိုက်သည်မှာ ဇီရွှမ်ဂိုဏ်းမှ အဆင့်မြင့်ကျင့်ကြံသူများ၏ စိတ်ကူးထက်ပင် ကျော်လွန်နေသွားလေပြီ။
ကျုံးရှန်သည် အစီအရင်ကို ဖျက်ဆီးပြီးနောက် ဂိုဏ်းအတွင်းရှိ ပင်မခန်းမဆောင်အတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ ထို့နောက် တပည့်များအားလုံး၏ ရှေ့မှောက်တွင်ပင် ဂိုဏ်းချုပ်ကိုကိုယ်စားပြုသည့် ထိုင်ခုံပေါ်၌ ဝင် ထိုင်လိုက်သည်။
"မင်းတို့ကို အချိန် တစ်မိနစ် ပေးမယ်... အားလုံး ဇီတောက်တောင်တန်းကနေ ထွက်သွားကြ..."
"မဟုတ်ရင်တော့ မင်းတို့အားလုံး ဇီတောက်တောင်တန်းနဲ့အတူ မြေမြှုပ်ခံလိုက်ရလိမ့်မယ်..."
ထိုစကားကြားသောအခါ မုတ်ဆိတ်ဖြူဖြင့် ဂိုဏ်းဘိုးဘေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ ကျုံးရှန်ကို ဦးညွှတ် အလေးပြုလိုက်ပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာက... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက ဘိုးဘေးကြီးလား..."
ကျုံးရှန်က သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ပြုံးရုံသာ ပြုံးကာ ဘာမှမပြောဘဲ ကောင်းကင်ကို ကြည့်၍ သတိပေးလိုက်သည်။
"၄၆ စက္ကန့်..."
ထိုအချိန်တွင် ကျော၌ ဓားနှစ်လက်ကို လွယ်ထားသည့် အသက်ကြီးရင့်လှသော ကျင့်ကြံသူတစ်ဦးကလည်း ဦးညွှတ်လိုက်သည်။
"စီနီယာ... ဒီဇီတောက်တောင်တန်းက နှစ်ပေါင်း ကုဋေချီအောင် ငါတို့ ဇီရွှမ်ဂိုဏ်းရဲ့ အခြေစိုက်စခန်း..."
ကျုံးရှန်ကမူ ပြုံးနေဆဲဖြစ်ကာ ဘာမှမပြောဘဲ သတိပေးလိုက်ပြန်သည်။
"၃၉ စက္ကန့်..."
လူတိုင်း ပိုမို ထိတ်လန့်ကြောက်ရွံ့လာကြလျှင် နောက်ဆုံးတွင် ဂိုဏ်းချုပ်ဖြစ်သူက ပြတ်သားသောဆုံးဖြတ်ချက် ချလိုက်သည်။
"သွားကြ... အားလုံး ထွက်သွားကြ..."
မည်သူမှ မတုံ့ဆိုင်းဝံ့ကြဘဲ လေထဲသို့ ပျံသန်းကာ ဇီတောက်တောင်တန်းမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။ သို့သော်လည်း ဂိုဏ်းချုပ်ဖြစ်သူသည် မူလနေရာ၌ ကျန်ရစ်ခဲ့၏။
ကျုံးရှန်က သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"မင်း ဘာလို့မသွားတာလဲ... ငါ မင်းတို့ကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို မယုံလို့လား..."
ဂိုဏ်းချုပ်ဖြစ်သူသည် ခါးသက်စွာ ပြုံးလိုက်ကာ ခေါင်းရမ်းလိုက်သည်။
"မဟုတ်ဘူး... စီနီယာရဲ့ စွမ်းရည်ကို ကျွန်တော် လုံးဝ မသံသယမရှိပါဘူး..."
"ဒါပေမဲ့ ကမ္ဘာလောကရဲ့ တိုက်ပွဲတွေက ရှုပ်ထွေးလှပါတယ်... ကျွန်တော် ဂိုဏ်းချုပ်အဖြစ် ရာထူးလက်ခံတုန်းက ဂိုဏ်းနဲ့အတူ အသက်ပေးမယ်လို့ ကျိန်ဆိုခဲ့ဖူးတယ်..."
"ဒီနေ့တော့ ကျွန်တော် ဇီတောက်တောင်တန်းနဲ့အတူ သေဖို့ အဆင်သင့်ပါပဲ..."
ထိုသို့ ပြောသည်ကို ကြားသောအခါ ကျုံးရှန် ရုတ်တရက် ရယ်မောလိုက်သည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းကာ စိတ်နှလုံးမျိုးစေ့တစ်ခု ထုတ်လွှတ်လိုက်ပြီး သူ၏ စိတ်နှလုံးကွန်ရက်အတွင်းသို့ ချိတ်ဆက်ပေးလိုက်၏။
"မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ... ငါ မင်းကို မသတ်ဘူး... ဒါက ငါ မင်းကိုပေးတဲ့ ကံကောင်းခြင်းအခွင့်အရေးပဲ..."
"ကဲ... အမြန် ထွက်သွားတော့..."
ကျုံးရှန် သူ၏လက်အင်္ကျီစကို အသာအယာ ခါယမ်းလိုက်သောအခါ ဇီရွှမ်ဂိုဏ်း၏ဂိုဏ်းချုပ်သည် မူလနေရာမှ ပျောက်ကွယ်သွားသည်။
ဇီရွှမ်ဂိုဏ်းချုပ်သည် အလွန် ထိတ်လန့်သွားပြီး နောက်တစ်စက္ကန့်တွင် မိုင်ပေါင်း သိန်းချီ ဝေးကွာသော အခြားစီရင်တစ်ခုတွင်ပြန်ပေါ်လာသည်။ ထိုအချိန်တွင် စိတ်နှလုံးမျိုးစေ့သည် သူ၏အတွင်း၌ အမြစ်တွယ်သွားပြီ ဖြစ်၏။ စိတ်နှလုံးကွန်ရက်မှတစ်ဆင့် သတင်းအချက်အလက် အမြောက်အမြား စီးဆင်းလာသောအခါ သူသည် ဖြစ်စဉ်အားလုံးကို ချက်ချင်း နားလည်သွားကာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားရတော့သည်။
စိတ်နှလုံးကွန်ရက် ပေါ်ပေါက်လာခြင်းက သူ့အတွက် ဆန်းသစ်သော လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းသည် သူ၏ မူလကျင့်ကြံခြင်း လမ်းကြောင်းထက် ပိုမို ကောင်းမွန်လှသဖြင့် မည်သူမဆို ဆန္ဒရှိကြမည့် လမ်းမျိုး ဖြစ်သည်။
ဇီရွှမ်ဂိုဏ်းချုပ်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။ "စိတ်နှလုံး... အဆုံးအစမဲ့ စိတ်နှလုံးစွမ်းအင်တွေပါလား..."
"ဟားဟားဟားဟား..."
"စိတ်နှလုံးအရှင်သခင်... ဒါက စိတ်နှလုံးအရှင်သခင်ရဲ့ ပေးသနားမှုပဲ..."
သူသည် ကောင်းကင်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
အထူးသဖြင့် စိတ်နှလုံးစွမ်းအင်ကို ထိန်းချုပ်ကာ စိတ်နှလုံးစွမ်းအင်ဖြင့် ဆေးလုံးတစ်လုံးကို လဲလှယ်လိုက်ပြီးနောက် ပို၍ပင် ပျော်ရွှင်သွားလေသည်။ စိတ်နှလုံးကွန်ရက်ကို ပိုင်ဆိုင်ရခြင်းသည် ပြိုင်ဘက်ကင်းလှသော ကံကောင်းခြင်းကြီးတစ်ခုကို ရရှိလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ယခုမှစ၍ သူသည် မည်သည့် ပြင်ပပစ္စည်းကိုမျှ အမှီပြုရန် မလိုအပ်တော့ဘဲ မိမိ၏ စိတ်နှလုံးစွမ်းအင်ဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များလဲလှယ် အသုံးပြုနိုင်တော့မည် ဖြစ်သည်။
စိတ်နှလုံး၏ စွမ်းအားဟူသည် အဆုံးအစမရှိလှသဖြင့် ဇီရွှမ်ဂိုဏ်းချုပ်၏ အလားအလာမှာလည်း အကန့်အသတ်မရှိ ဖြစ်သွားလေပြီ။