အခန်း (၄၁၅-၄၁၆)
Vol. 42 Ch. 415-416
အပိုင်း (၄၁၅)
ကျုံးရှန်သည် ဇီရွှမ်ဂိုဏ်းချုပ်ကို စိတ်နှလုံးကွန်ရက်ဖြင့်ချိတ်ဆက်ပေးခြင်းကိစ္စအပေါ် သိပ်အရေးမစိုက်ပေ။ စိတ်နှလုံးမျိုးစေ့ဆိုသည်က သူ့အတွက်တော့ အလွယ်တကူ ပေးသနားလိုက်သည့် အရာတစ်ခုသာ ဖြစ်သည်။ သူသည် ဇီရွှမ်ဂိုဏ်းချုပ်၏ စိတ်သဘောထားကောင်းမွန်သည်ကို မြင်သောကြောင့် စိတ်နှလုံးမျိုးစေ့ကို ပေးသနားခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ သက်ရှိအားလုံး၏ စိတ်နှလုံးပြောင်းလဲမှုများကို စုဆောင်းခြင်းသည်လည်း စိတ်နှလုံးမျိုးစေ့၏ အဓိကရည်ရွယ်ချက်တစ်ခု ဖြစ်သည်။
စိတ်နှလုံးကွန်ရက်၏ အဖွဲ့ဝင်တိုင်းကို စိတ်နှလုံးသားတော်ဟု ခေါ်ဆိုနိုင်သည်။ စိတ်နှလုံးမျိုးစေ့သည် စိတ်နှလုံးစွမ်းအားများကို လျင်မြန်စွာ ဖော်ထုတ်နိုင်သည့် နည်းလမ်းတစ်ခုနှင့် ဖြစ်ကာ နက်နဲခက်ခဲလှသည့် ကျင့်စဉ်များကို နားလည်ရန် မလိုအပ်ချေ။ စိတ်နှလုံးမျိုးစေ့ကို စိုက်ပျိုးပြီး စိတ်နှလုံးသားတော်ဟု အမည်ခံလိုက်ရုံဖြင့် မိမိ၏ စိတ်နှလုံးအတွက် ထွက်ပေါက်တစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွား၏။ ထိုသည်က မိမိ၏ စိတ်နှလုံးစွမ်းအားများကို လွတ်လပ်စွာ စီးဆင်းစေပြီး အပြည့်အဝ အသုံးချနိုင်စေရန် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။
သို့သော်စိတ်နှလုံးသားတော်များအတွက်မူ ယင်းသည် ကြီးမားလှသည့် ကောင်းကင်ဘုံ၏ လက်ဆောင်တစ်ခု ဖြစ်သည်။ ကျုံးရှန်အတွက်လည်း ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ပိုမိုများပြားသည့် စိတ်နှလုံးအချက်အလက်များကို စုဆောင်းပြီး စိတ်နှလုံးကွန်ရက်ကို ပိုမို ပြည့်စုံလာစေကာ ထိုမှတစ်ဆင့် မိမိ၏ စိတ်နှလုံးကိုအပြည့်အဝနားလည်လာနိုင်ပေမည်။ ထို့ကြောင့် ထိုအရာသည် ခဲလုံးတစ်လုံးတည်းဖြင့်ငှက်နှစ်ကောင်ရသည့် ကိစ္စကောင်းတစ်ခု ဖြစ်သည်။
သို့သော် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ စိတ်နှလုံးမျိုးစေ့များကို လွယ်လွယ်ကူကူ ဖြန့်ဝေခြင်း မရှိချေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံသူများ၏ စိတ်နှလုံးသည် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာနှင့် နှိုင်းယှဉ်ကြည့်ပါက ရှုပ်ထွေးညစ်ညမ်းလှသည်။ စိတ်နှလုံး ရှုပ်ထွေးညစ်ညမ်းလေ၊ အညစ်အကြေးများ များပြားလေပင်။ ထို့ကြောင့်သူတို့ကို စိတ်နှလုံးကွန်ရက်အတွင်းထည့်သွင်းပါက ကောင်းကျိုးရရှိလိမ့်မည်မဟုတ်ချေ။
ယခုအခါ သိန်းနှင့်ချီသည့် တပည့်များနှင့် အကြီးအကဲများအားလုံး ထွက်ပြေးသွားကြသဖြင့် ဇီတောက်တောင်တန်းတစ်ခုလုံး ရှင်းလင်းသွားလေပြီ။ သူတို့သည် ဂိုဏ်း၏ ရတနာတိုက်ကိုပင် သယ်ဆောင်သွားရန် အချိန်မရကြပေ။ ဂိုဏ်း၏ အမွေအနှစ် ဖြစ်သည့် မြင့်မြတ်နယ် မြေတစ်ဖြစ်လည်း သူတော်စင်ကမ္ဘာကိုသာ အလောတကြီး သယ်ဆောင်သွားနိုင်ကြ၏။ ကျုံးရှန်သည် လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားကာ လက်ဝါးတစ်ဖက်ကို မြှောက်ပြီး လက်ဝါးဓားသဏ္ဌာန် ပြောင်းလဲလိုက်သည်။
ထို့နောက် ဇီတောက်တောင်တန်းဆီသို့ ဦးတည်ခုတ်ပိုင်းချလိုက်သည်။ ထိုမြင်ကွင်းသည် ပေါင်မုန့်ကို လှီးဖြတ်လိုက်သကဲ့သို့ တောင်တန်းကြီးတစ်ခုလုံးကို အလွှာလိုက် ဖြတ်တောက်သွားခြင်းပင်။ ဇီရွှမ်တောင်တန်း၏ အောက်ခြေအထိ တောက်လျှောက် ခုတ်ပိုင်းသွားခြင်း ဖြစ်သည်။ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ ခိုင်ခံ့လှသည့် တောင်စောင်းများဖြစ်စေ၊ ဂိုဏ်းစောင့်ကာကွယ်ရေး အစီအရင်ဖြစ်စေ ကျုံးရှန်၏ လက်ဝါးဓားကို မည်သို့မှ မခုခံနိုင်ဘဲ လွယ်ကူစွာ ခုတ်ပိုင်းဆုတ်ဖြဲခံလိုက်ရသည်။ ထိုအခါ တောင်တန်းအောက်ရှိ မြေကြောများ ပေါ်ထွက်လာသည်။ ထိုအထဲ၌ ကြီးမားလှသည့် ကြယ်တာရာ အပိုင်းအစတစ်ခု တောက်ပစွာ လင်းလက်နေ၏။
ဇီတောက်တောင်တန်းကို ဖျက်ဆီးလိုက်ပြီးနောက် ကြယ်တာရာ အပိုင်းအစသည် စတင် လှုပ်ခတ်လာကာ ယင်းထံမှ မဟာကမ္ဘာကြီး၏ စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။ ထိုမဟာကမ္ဘာကြီး၏ စွမ်းအားများသည် ဝမ်ရှန့်နတ်ဘုရားမဟာကမ္ဘာကြီး၏ တုံ့ပြန်မှုကိုပါ ဆွဲဆောင်သွားလေသည်။ အနှီကြယ်တာရာ အပိုင်းအစ၌ ပါဝင်သည့် စွမ်းအားများသည် ယွမ်တစ်ရာကျော်မျှ ရှိနေပြီး ထျန်းယွမ်အဆင့်ရှိ စွမ်းအားရှင် ရာပေါင်းများစွာနှင့် ညီမျှသည်။ ကံကောင်းသည်မှာ ထိုကြယ်တာရာအပိုင်းအစကြီးကို ဇီတောက်တောင်တန်းနှင့် ဝမ်ရှန့်မြေကြောများက အမြဲတစေ ဖိနှိပ်ထားခြင်းကြောင့်သာ ကိုယ်ပိုင် အသိဉာဏ် ပေါ်ပေါက်လာခြင်း မရှိသေးခြင်းဖြစ်သည်။သို့မဟုတ်ဘဲ ကြယ်တာရာ အပိုင်းအစသာ တမင်တကာ ခုခံမည်ဆိုပါက ကျုံးရှန်အနေဖြင့် ယင်းကို သိမ်းပိုက်ရန် အင်တိုက်အားတိုက် လုပ်ဆောင်ရပေမည်။ သို့သော် ယခုအခါ ကြယ်တာရာ အပိုင်းအစ တိုက်ရိုက် ပေါ်ထွက်လာခြင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဝေဝါးနေသော အသိစိတ်ကို လှုပ်နိုးလိုက်သကဲ့သို့ဖြစ်သွားသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သန်းကတည်းက အသိစိတ်စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာ့အလယ်ဗဟိုသို့ အတင်း ဝင်ရောက်ခဲ့ကာ အသိစိတ် ပုံရိပ်ယောင်၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး နှစ်ပေါင်း တစ်သန်းစာ ကံတရားကျိန်စာတိုက်ခံ ခဲ့ရသည်။ တစ်ချိန်တည်း၌ပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အသိစိတ်ကို ဝေဝါးသည့် အခြေအနေ၌သာ ရှိနေစေခဲ့ကာ အစစ်အမှန်နိုးထလာမှုမှလက်လွတ်သွားစေ၏။
ထိုသို့မဟုတ်ပါက နှစ်ပေါင်း တစ်သန်းကြာပြီးနောက် ယနေ့အချိန်၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင်လည်း ငရဲကမ္ဘာမှ ဟွာထျန်းကဲ့သို့ တည်ရှိမှုမျိုး ပေါ်ထွက်လာနေပြီဖြစ်သည်။
ယခုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဝေဝါးသည့် သိစိတ်ဆန္ဒသည် ကြယ်တာရာ အပိုင်းအစမှ ထုတ်လွှတ်လိုက်သည့် မဟာကမ္ဘာကြီး၏ စွမ်းအားများကြောင့် ဆွဲဆောင်ခံလိုက်ရကာ ယင်းကို ချိတ်ဆက် မျိုချရန် ကြိုးစားလာသည်။ သိစိတ်ဆန္ဒသည် ဝေဝါးနေသေးသော်လည်း အခြေခံဗီဇအရ လုပ်ဆောင်လာခြင်းပင်။
'ငါ့ပစ္စည်းကို လုချင်နေတာလား...'
ကျုံးရှန် အေးစက်စွာ ရယ်မောလိုက်သည်။
ထို့နောက် လက်တစ်ချက် လှုပ်ရှားသွားကာ ကြီးမားလှသည့် စိတ်နှလုံးစွမ်းအင်များကို ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြယ်တာရာအပိုင်းအစကြီးကို ဖမ်းဆုပ်လိုက်သည်။ သူ၏စိတ်နှလုံးစွမ်းအင်သည် မဟာကမ္ဘာကြီး၏ စွမ်းအားများကြောင့် လွှမ်းမိုးခံရမည် မဟုတ်သောကြောင့် ကျုံးရှန်သည် မဟာကမ္ဘာကြီး၏ စွမ်းအားများကို ကြောက်ရွံ့ခြင်းမရှိပေ။ မဟာကမ္ဘာကြီး၏ စွမ်းအားများသည် မဟာကမ္ဘာအတွင်း၌ရှိသည့် စွမ်းအားအားလုံးနီးပါးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။
သို့သော် လူတို့၏ စိတ်နှလုံးကိုမူ မဖိနှိပ်နိုင်ချေ။ ကျုံးရှန်၏ စိတ်နှလုံးစွမ်းအင်ဖြင့်ဖွဲ့စည်းထားသော ဧရာမလက်ကြီးသည် ကမ္ဘာသစ်တစ်ခုနှင့် တူညီနေသဖြင့် မဟာကမ္ဘာကြီး၏ စွမ်းအားများက သူ့ကိုဟန့်တားရန် မတတ်နိုင်ပေ။ ကျုံးရှန် ကြယ်တာရာအပိုင်းအစကိုယူသွားပြီး သူ၏ သူတော်စင်နိုင်ငံ မြေကြောများအတွင်းသို့ ထည့်သွင်းလိုက်သည်ကိုသာ လက်ခံလိုက်ရသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ဝေဝါးသည့် အသိစိတ်သည် ကျုံးရှန်၏ ကြားဖြတ်လုယူခြင်းကို ခံလိုက်ရပြီးနောက် ပြင်းထန်သည့် တုံ့ပြန်မှုများ မလုပ်ဆောင်ခဲ့ချေ။ အသိစိတ် ထင်ရှားစွာနိုးကြားလာခြင်း မရှိသေးသည့်အတွက် အဆိုးအကောင်းကို မခွဲခြားနိုင်သကဲ့သို့ လက်စားချေလိုသည့် အတွေးလည်း မရှိခြင်းဖြစ်သည်။ သို့ဖြင့်ပစ်မှတ် ပျောက်ဆုံးသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကျုံးရှန်ကမူ ထိုကိစ္စအပေါ် သိပ်အရေးမစိုက်ချေ။ သူ့အတွက်ကြယ်တာရာ အပိုင်းအစကို သိမ်းပိုက်နိုင်ခြင်းသည် ထူးဆန်းလှသည့် ကိစ္စတစ်ခု မဟုတ်သောကြောင့်ဖြစ်သည်။ သို့ဖြင့် ဇီတောက်တောင်တန်းရှိ ကြယ်တာရာ အပိုင်းအစများ အားလုံးကို ကျုံးရှန် သိမ်းဆည်းလိုက်သည်။ ယခုအချိန်မှစ၍ ဇီတောက်တောင်တန်း ညအချိန်၌ ကြယ်တာရာ ဆန်းကြယ်ဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်လာတော့မည် မဟုတ်ချေ။
အကြီးမားဆုံး ကြယ်တာရာ အပိုင်းအစကို ကျုံးရှန် သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အခြားနေရာများ၌ ပြန့်ကျဲနေသည့် ကြယ်တာရာ အပိုင်းအစများကိုမူ ဆက်လက် သိမ်းဆည်းရန် ပျင်းရိသွားလေသည်။ စွမ်းအား တစ်ယွမ် နှစ်ယွမ်ခန့်သာရှိသည့် ကြယ်တာရာ အပိုင်းအစများသည် ကျုံးရှန်ကိုယ်တိုင်လှုပ်ရှားရန်ထိုက်တန်မှုမရှိပေ။ သို့ဖြင့်ဆက်လက်၍ အခြားသော ကံကောင်းခြင်းများကို သွားရောက်ရှာဖွေခြင်း မရှိတော့ဘဲ နန်ယန်စီရင်စုသို့သာ ပြန်လိုက်သည်။
...
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အဓိက ဌာနချုပ်ကြီး နှစ်ခု ပေါင်းစည်းသွားပြီ ဖြစ်၏။ မြောက်မြားစွာသောခက်ခဲသည့်အခြေအနေများကိုဖြတ်ကျော်ပြီးနောက် ပို၍ပင် တောင့်တင်းခိုင်မာလာကာ ယခုအခါ မည်သည့် အင်အားစုကမှ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အာဏာကို စိန်ခေါ်ဝံ့ခြင်း မရှိတော့ချေ။ ယခုအချိန်၌ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် သရဖူဆောင်းထားခြင်း မရှိသေးသည့် အစစ်အမှန် ဘုရင်တစ်ပါးသာ ဖြစ်သည်။ မည်သည့် အင်အားစု၊ မည်သည့် ပုဂ္ဂိုလ်ကမှ ထိုရာထူးကို မလှုပ်ခတ်နိုင်ပေ။
လက်ရှိတွင် နန်ယန်စီရင်စု တစ်ခုလုံးနှင့် မြောက်ပိုင်းဓားကုန်းမြေတိုက်တို့ ပေါင်းစည်းသွားကာ ထျန်းဂိုဏ်းစီရင်စုအဖြစ် ပြောင်းလဲသွားသည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို အစွဲပြု၍ စီရင်စုနယ်မြေကို အမည်ပေးလိုက်ခြင်း ဖြစ်၏။ ထိုအင်အားစုသည် ပတ်ဝန်းကျင်ရှိ စီရင်စု ဒါဇင်ပေါင်းများစွာအတွင်း၌ အင်အားအကြီးမားဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုအချိန်က ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့ကြီး တစ်ခုလုံးနီးပါး ပျက်သုဉ်းသွားခဲ့သော်လည်း အချို့သောသူများသည် ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသဖြင့် ကောလာဟလများသည်လည်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။
...
ထျန်းဂိုဏ်းစီရင်စုအနီး ဇီယာစီရင်စု။
ယခုအချိန်၌ အဆင့်မြင့်ကျင့်ကြံသူများ မကြာခဏ စုဝေးလေ့ရှိသည့် အရက်ဆိုင်တစ်ဆိုင်အတွင်း နိယာမအဆင့် ၂၈ သို့ ရောက်ရှိနေသည့် စွမ်းအားရှင်အချို့ စုဝေးနေကြသည်။ သူတို့သည် တားမြစ်ချက် အစီအရင်များကို ချထားကာ တိတ်တဆိတ် စကားပြောဆိုနေကြ၏။
"ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်းရဲ့ မဟာမိတ်တပ်ဖွဲ့ တစ်ခုလုံးနီးပါး သေကုန်ကြပြီ... အခု နန်ယန်စီရင်စု တစ်ခုလုံးက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ လက်အောက်ကို ရောက်သွားပြီ..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက တကယ်ကို အစွမ်းထက်တာပဲ... အချိန်တိုအတွင်းမှာတင် ဂိုဏ်းကြီး ၇၂ဂိုဏ်းထဲက ထိပ်သီးဆယ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်တယ်..."
"ဒါတောင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက အစွမ်းကုန် မသုံးရသေးဘူး... အကယ်၍ အစွမ်းကုန် သုံးလိုက်မယ်ဆိုရင် ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်းအတွက် ရှင်သန်စရာ လမ်းစတောင် ရှိမှာ မဟုတ်ဘူး..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက မြောက်ပိုင်းဓားကုန်းမြေတိုက်နဲ့ နန်ယန်စီရင်စုကို ပေါင်းပြီး သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် အုပ်ချုပ်နေကြပြီ..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ အင်အားက တကယ်ကို အထင်သေးလို့ မရဘူး... ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်တာ အံ့ဩစရာတော့ မဟုတ်ဘူး..."
"ငါကြားတာတော့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တည်ထောင်တဲ့ ဘိုးဘေးကြီးက ပြိုင်ဘက်ကင်း စွမ်းအားရှင်ကြီးတစ်ပါးတဲ့..."
"လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက ဒုတိယသူတော်စင်အဆင့်နဲ့တင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးကို မွှေနှောက်သွားတယ်ဆိုပဲ... အခု နှစ်တစ်သန်းကြာပြီးနောက် ပိုပြီး အစွမ်းလာတာ ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူတွေကိုတောင် အေးဆေးသတ်သွားတယ်..."
နိယာမနယ်ပယ် ၂၈ရှိသူတစ်ယောက်က စိတ်လှုပ်ရှားဝမ်းမြောက်မှုအပြည့်ဖြင့်ဆိုလိုက်သည်။
အပိုင်း (၄၁၆)
ထိုနိယာမ အဆင့်၂၈ကျင့်ကြံသူ၏စကားကို ဘေးနားရှိ အဖော်ဖြစ်သူကထောက်ခံလိုက်သည်။
"ဟုတ်တယ်...ရှေးဟောင်းသူတော်စင် ဝမ်ရှန့်တောင် ပါသွားသေးတယ်ဆိုပဲ..."
"အဲဒီဘိုးဘေးကြီးက ဘာအကြောင်းကြောင့်မှန်းမသိဘဲ နှစ်တစ်သန်းတိတိ ပျောက်ကွယ်နေခဲ့တာ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာလည်း သူ့ရဲ့ သဲလွန်စကို လုံးဝ ရှာမတွေ့ခဲ့ဘူးတဲ့..."
"ဒါပေမဲ့ နှစ်တစ်သန်းကြာလို့ ပြန်ပေါ်လာတာနဲ့ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေတဲ့ တည်ရှိမှုမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... သူ့ရဲ့စွမ်းရည်အရဆိုရင် ရှေးဟောင်း မဟာဧကရာဇ်တွေကိုတောင် ကျော်လွန်နေပြီ..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက အဲဒီဘိုးဘေးကြီးရဲ့ တိတ်တဆိတ် ကာကွယ်မှုအောက်မှာ အမြဲရှိနေတာလို့ ပြောကြတယ်..."
"တကယ်ကို အံ့ဩဖို့ကောင်းတယ်... လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက သူက ဒုတိယသူတော်စင်အဆင့်ပဲ ရှိသေးတာ... နှစ်တစ်သန်းကြာတဲ့အခါ ကောင်းကင်အရှင်အဆင့်ကိုပါ သတ်ပစ်နိုင်လာပြီ..."
ထိုအချိန်တွင် စကားဝိုင်းကိုစတင်ခဲ့သည့် နိယာမနယ်ပယ်ကျင့်ကြံသူက ယုံကြည်ချက်အပြည့်ဖြင့် ထပ်လောင်း ပြောဆိုလိုက်သည်။
"သူက နန်ယန်စီရင်စုမှာ ပေါ်လာပြီး...မကြာခင်ကမှ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ပြန်ရောက်လာတယ်ကြားတယ်..."
"အဲ့တော့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ မြင့်တက်လာတာ သူနဲ့ လုံးဝ ပတ်သက်နေမှာ သေချာပေါက်ပဲ..."
ထိုသို့ဖြင့် ဇီယာစီရင်စုမှ ကျင့်ကြံသူများ ဆွေးနွေးပြောဆိုနေကြသကဲ့သို့ အခြားတစ် နေရာရှိ ဇီရွှမ်စီရင်စုမှ ကျင့်ကြံသူများသည်လည်း တည်ငြိမ်မှု မရှိကြချေ။ သူတို့အားလုံး ဇီရွှမ်တောင်တန်း၏ အပြောင်းအလဲကို သတိပြုမိသွားကြပြီး စတင် ဆွေးနွေးလာကြသည်။
ဇီရွှမ်စီရင်စု၌ ကောလာဟလတစ်ခု အမြဲရှိခဲ့သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး စတင်ပေါ်ပေါက်လာချိန်က ကောင်းကင်မှ ကြယ်တာရာကြီး ကျဆင်းလာပြီး မဟာကမ္ဘာကြီး၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကြယ်တာရာ အပိုင်းအစတစ်ခု ကျန်ရစ်ခဲ့သည် ဟူ၍ ဖြစ်၏။ ထိုကြယ်တာရာကြီး၏ အငွေ့အသက်သည် အလွန်ထူးခြားလှပြီး ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုနှင့် တူညီကာ ယင်းအပေါ်၌ အဆုံးအစမဲ့သည့် ဆန်းကြယ်မှုများ ရှိနေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ နောက်ဆုံးတွင် ကြယ်တာရာ အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး မည်သည့် အသိဉာဏ်မှ မရှိတော့ချေ။ ဇီရွှမ်စီရင်စုမှလူတိုင်းသိရှိထားသည်မှာ ထိုအရာသည် ကြယ်တာရာတစ်ခု တစ်နည်း မဟာကမ္ဘာတစ်ခု ပျက်ကျခြင်းကို ကိုယ်စားပြုသည်ပင်။ ထိုအချိန်၌ ဇီရွှမ်စီရင်စုရှိ လျှို့ဝှက်သည့် ကျောက်ဂူတစ်ခုအတွင်း စွမ်းအားရှင်အချို့ ဝိုင်းဖွဲ့ကာ စကားပြောဆိုနေကြသည်။
"မဟာကမ္ဘာကြီးရဲ့ စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြယ်တာရာကြီးက မူလဇစ်မြစ်ပဲ ကျန်တော့တာလား..."
"ဒါက တကယ်ကို မယုံနိုင်စရာပဲ... ဒါက ဝမ်ရှန့်နတ်ဘုရားမဟာကမ္ဘာ ဆိုတာလား..."
လူငယ် နတ်ဘုရားအဆင့် စွမ်းအားရှင်တစ်ဦးက အံ့ဩစွာဖြင့် ပြောလိုက်သည်။ အခြားစွမ်းအားရှင်တစ်ဦးက ခေါင်းရမ်းလိုက်၏။
"မသိဘူး... ဒါပေမဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ လမင်းနဲ့ နေမင်းက အဲ့ဒီကြယ်တာရာကြီးဆီကနေ ပေါက်ဖွားလာတာလို့ ပြောကြတယ်... ငါထင်တာတော့ ဒါက ဆန်းကြယ်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတစ်ပါး ဖြစ်ရမယ်... အဲ့ဒါကို သိမ်းသွားတဲ့ ပုဂ္ဂိုလ်အတွက် ဘယ်လောက်တောင် အကျိုးကျေးဇူးတွေ ရသွားမလဲဆိုတာ မသိနိုင်ဘူး..."
အဖွဲ့အသီးသီး၏ ခန့်မှန်းချက်များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိနေရာအနှံ့ပြားသို့ အဆက်မပြတ် ရောက်ရှိသွားသည်။
သို့သော် ကျုံးရှန်သည် အနည်းငယ်မှ စိတ်လှုပ်ရှားခြင်း မရှိချေ။ သူသိထားသည့် တစ်ခုတည်းသောအရာမှာ ကြယ်တာရာကြီး၏ မဟာကမ္ဘာကြီးစွမ်းအားများကို မဖြစ်မနေ သိမ်းယူရမည်ဟူ၍ပင်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူ၏ သူတော်စင်နိုင်ငံကို ပျိုးထောင်ရန်အတွက် အလွန် အသုံးဝင် သောကြောင့်ဖြစ်သည်။
ကျုံးရှန်သည် ကြယ်တာရာကြီး၏ မူလဇစ်မြစ်ကို ချိတ်ပိတ်လိုက်ပြီးနောက် ယင်းကို သိမ်းယူကာ မဟာကမ္ဘာကြီး၏ စွမ်းအားများနှင့်အတူ သူတော်စင်နိုင်ငံ၏ မြေကြောများအတွင်း၌ ဖိနှိပ်ထားလိုက်သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ သို့သော် စီရင်စု၏ အပြင်ဘက်၌မူ အချို့သူများသည် မအောင့်အီးနိုင်တော့ချေ။ ထိုသူများသည် လျှို့ဝှက်ဆန်းကြယ်လှသည့် အင်အားစုကြီး သုံးခုမှဖြစ်ကြသည်။
ထိုအင်အားစုကြီး သုံးခုမှာ ဝူချုံးဂိုဏ်း၊ ဖုန်းရှန်းနန်းဆောင်နှင့် ဝမ်ရှန့်အသင်းတို့ ဖြစ်ကာ သူတို့သည် ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်း၏ နောက်ကွယ်မှ အင်အားစုများဆိုလျှင်လည်း မမှားချေ။ ထိပ်သီးဂိုဏ်း ဆယ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့ပျက်သုဉ်းသွားခြင်းသည် သူတို့အားလုံးကို ကြီးမားသည့် ဆုံးရှုံးမှုကြီး ခံစားလိုက်ရစေ၏။ ထို့ကြောင့် အင်အားစုကြီး သုံးခု တိုင်ပင်ဆွေးနွေးပြီးနောက် ပူးပေါင်းလိုက်ကာ ထိပ်တန်းအင်အားစုများကို ပြန်လည် စုစည်း၍ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။
အင်အားစုကြီး သုံးခု၏ အင်အားများထဲတွင် ထာဝရအရှင်အဆင့်နှင့် ထျန်းယွမ်အဆင့်သို့ ရောက်ရှိနေသည့် စွမ်းအားရှင်များစွာ ရှိနေကာသူတို့သည် မရေမတွက်နိုင်သော မဟာကမ္ဘာ၏ သားတော်များကို ရှာဖွေစုဆောင်းထားခြင်းဖြစ်သည်။ အင်အားစုကြီး သုံးခု ပူးပေါင်းမှု၏ အလုံးစုံ အင်အားသည် အလွန်အံ့ဩထိတ်လန့်ဖွယ် ကောင်းလှပေသည်။
အင်အားစုကြီးသုံးခုကို မျိုးနွယ်စုကြီး သုံးခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကာ မျိုးနွယ်စုကြီးသုံးခုသည် ယခုအခါ ပိုမို အစွမ်းထက်သည့် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး တပ်ဖွဲ့ အင်အားမှာ ကြောက်မက်ဖွယ်ရာပင်။ မျိုးနွယ်စုကြီး သုံးခုသည် စီရင်စု ရာပေါင်းများစွာကို လွှမ်းမိုးထိန်းချုပ်ထားပြီး သူတို့တွင် ဝှက်ဖဲများစွာရှိနေသည်။ ထိုအင်အားစုကြီး သုံးခုသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တိုက်ခိုက်မှု အသစ်တစ်ခုဖြင့် ထပ်မံ၍စစ်ပွဲစတင်ပေတော့မည်ဖြစ်သည်။
ယခုအချိန်တွင် မျိုးနွယ်စုကြီး သုံးခုအတွင်းမှ ကျွမ်းကျင်သူများအားလုံး တစ်နေရာထဲ၌ စုရုံးရောက်ရှိနေကြ၏။ အကြောင်းအရင်းမှာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏အင်အားကိုသိရှိရန်အတွက် တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ထိုသတင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံးသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ကျင့်ကြံသူများစွာမှာ အမှန်တကယ်အံ့အားသင့်သွားရခြင်းဖြစ်သည်။
ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီး၏အင်အားစုကြီး သုံးခု ပူးပေါင်းသွားကြလေပြီ။
ထို့အပြင် ပူးပေါင်းချိန်၌ လက်အောက်ခံ အင်အားစုများကို အကြောင်းကြားခြင်း မရှိဘဲ ဌာနချုပ်မှ စွမ်းအားရှင်များကို တိုက်ရိုက် ခေါ်ယူကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို တိုက်ခိုက်တော့မည်။ ထိုအချက်က အင်အားစုကြီး သုံးခုသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို အမြစ်ပြတ်ချေမှုန်းရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် ကျုံးရှန်ကို ရင်ဆိုင်နိုင်ရန် အပြည့်အဝ ယုံကြည်မှု ရှိနေကြောင်း ပြသလိုက်ခြင်းပင်။
သို့သော် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွင်းရှိ စွမ်းအားရှင်များကမူ အနည်းငယ်မှ စိုးရိမ်ပူပန်ခြင်း မရှိကြချေ။ အင်အားစုကြီး သုံးခု ပူးပေါင်းလိုက်ခြင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို လှန်ပစ်နိုင်စွမ်း ရှိသည်မှာ မှန်ပေ၏။ သို့သော် သူတို့သည် မိမိတို့၏ ဘိုးဘေးကြီးအပေါ် အကြွင်းမဲ့ ယုံကြည်ကြလေသည်။
ထိုအချိန်တွင် အင်အားစုအချို့ကလည်း အချင်းချင်း ဆွေးနွေးပြောဆိုနေကြ၏။
"မျိုးနွယ်စုကြီး သုံးခုက တကယ် ရူးသွပ်သွားပြီပဲ... ပူးပေါင်းဖို့တောင် ရဲတင်းနေကြတယ်..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက ဘိုးဘေးရဲ့ ဒေါသကို မကြောက်ကြဘူးလားမသိဘူး..."
"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက ဘယ်သူ့ရဲ့ အင်အားစုလဲ..."
"ဒါက ထိပ်သီးအင်အားကြီးတွေကြားကထိပ်တိုက် တိုက်ပွဲမျိုးပဲ... ငါတို့ကတော့ ကျားနှစ်ကောင် သတ်နေတာကို ထိုင်ကြည့်နေရုံပဲ..."
သူတို့မသိသောအချက်မှာ ကျုံးရှန်သည် ထိုကိစ္စအပေါ် သိပ်အရေးမစိုက်ခြင်းပင်။
သူ့အတွက် အင်အားစုကြီးသုံးခုဖြစ်စေ၊မျိုးနွယ်စုကြီး သုံးခုဖြစ်စေ အားလုံးသည် ရွှံ့ရုပ်များမျှသာ ဖြစ်ပြီး ထည့်ပြောရန် မထိုက်တန်ချေ။ ယခုအချိန်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အောက်ခြေ နိယာမအဆင့် တပည့်များမှသည် အထက်ဆင့် သူတော်စင်အဆင့် အကြီးအကဲများအထိ စီရင်စုနယ်မြေအတွင်းရှိ ပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးပမ်းနေကြလေသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ သူတို့သည် ထျန်းဂိုဏ်းစီရင်စုအတွင်း၌ လူသားများ အမြန်ဆုံး အခြေချ နေထိုင်ကာ တိုးပွားလာစေရန် လုပ်ဆောင်ခြင်းကသာ ရေရှည်အတွက် လမ်းမှန် ဖြစ်သည်ဟု ယူဆထားကြသောကြောင့်ဖြစ်သည်။
နိယာမအဆင့်ရှိသော တပည့်များသည် သာမန်လူသားများထက် များစွာ သာလွန်ကြ၏။ အထူးသဖြင့် နိယာမအဆင့် ၁၈သို့ ရောက်ရှိပြီး ရွှေအမြုတေကို ကျင့်ကြံအောင်မြင်ပြီးသောအခါ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပိုမိုသန့်စင်သည့် နိယာမစွမ်းအားများအဖြစ် ပြောင်းလဲလာနိုင်ကြသဖြင့် တောင်များကို ရွှေ့ပြောင်းခြင်းမှသည် ပင်လယ်များကို တိမ်းမှောက်စေနိုင်သည်အထိ စွမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့် သူတို့သည် ပတ်ဝန်းကျင်ကို လွယ်ကူစွာ ပြောင်းလဲပစ်နိုင်ကြခြင်းပင်။
တစ်ဖန် သူတော်စင်အဆင့် စွမ်းအားရှင်များသည် လမ်းတံတားများ ခင်းကျင်းပြင်ဆင်ခြင်း နှင့် အပင်အများအပြားဖန်တီးခြင်းကို လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပြုပြင်မွမ်းမံနေကြသည်။ သို့သော် သူတို့တွင် ထိုသို့ ပြုလုပ်နိုင်စွမ်းရှိသော်လည်း စီရင်စုနှစ်ခု ပေါင်းစည်းထားခြင်းသည် အလွန်ကျယ်ပြန့်သောနယ်နိမိတ်ကို ဖြစ်ပေါ်စေသောကြောင့် ရက်ပိုင်းအတွင်း၌ စီရင်စုနယ်မြေ၏ ထက်ဝက်ခန့်ကိုသာ ပြန်လည် ပြုပြင်နိုင်သေးသည်။ တစ်ချိန်တည်း၌ပင် အခြားစီရင်စုများမှ သာမန်လူသား အုပ်စုတစ်စုကိုလည်း ရွှေ့ပြောင်းလာကာ ထိုသူများအတွက် မြို့ပြများ တည်ဆောက်ပေးခြင်း၊ စိုက်ပျိုးရေးမြေများ ဖော်ထုတ်ပေးခြင်းနှင့် တိရစ္ဆာန်များကို မွေးမြူပေးခြင်းတို့ဖြင့် ရာသီဥတု ကောင်းမွန်ပြီး စားဝတ်နေရေး ပူပန်စရာမလိုသော လူနေမှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနေကြသည်။
စီမံခန့်ခွဲမှု၌ ကျွမ်းကျင်သည့် ဂိုဏ်းတပည့်အချို့ကို လောကီလောကသို့ စေလွှတ်ကာ မျိုးနွယ်စုများ တည်ထောင်၍ တိုးပွားလာစေရန် စီစဉ်ပြီး လူသားများတိုးပွားလာမှုကိုမြန်ဆန်စေရန်အတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသည့် လောကီအင်ပါယာများကို တည်ထောင်ပေးသည်။ ထိုအရာအားလုံးသည် စီရင်စုနယ်မြေ၏ ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်နေခြင်းပင်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စီရင်စုနယ်မြေများသည် အလွန်တရာ နုနယ်လွန်းလှ၏။ သူတော်စင်အဆင့်နှင့် ကောင်းကင်အရှင်အဆင့် စွမ်းအားရှင်များမဆိုထားနှင့် ရှေးဟောင်းသူတော်စင်နှစ်ဦး ထိပ်တိုက်တွေ့ တိုက်ခိုက်မိရုံဖြင့်ပင် စီရင်စုနယ်မြေတစ်ခုလုံး လွယ်ကူစွာ ပျက်စီးသွားနိုင်သည်။ ထိုသို့ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် ဒေသတစ်ခုလုံးအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာစေခြင်းဖြစ်သည်။ ဂိုဏ်းစောင့်ကာကွယ်ရေး အစီအရင်များနှင့် အဆင့်မြင့် ရတနာများ၏ အကာအကွယ်ကို ရရှိထားသော အင်အားစုများနှင့် ကျင့်ကြံသူများအတွက်မူ အနည်းငယ် သက်သာသော်လည်း သာမန်လူသားများအတွက်မူ ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်၏။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ လူသားမျိုးနွယ်စုများ အလွန်တရာ ထွန်းကားပြီး စီရင်စုနယ်မြေများစွာအပြင် ကမ္ဘာငယ်၊ ကမ္ဘာလတ်များစွာ၌ မြောက်မြားစွာ ပျံ့နှံ့ နေထိုင်ကြသော်လည်း လက်တွေ့၌မူ သာမန်လူသားများ၏ ကံကြမ္မာသည် အလွန် ဆိုးရွားလှသည်။ သူတို့သည် အချိန်မရွေး အသက်ဆုံးရှုံးနိုင်သကဲ့သို့ ယုတ်မာသော ကျင့်ကြံသူများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံရကာ ဝိညာဉ်များ စုပ်ယူခံရပြီး မိစ္ဆာကျင့်စဉ်များ ကျင့်ကြံခြင်းအတွက် အသုံးချ ခံရလေ့ရှိသည်။