← Chapters

အခန်း (၂၄၇၁-၂၄၇၂)

Vol. 248 Ch. 2471-2472

အခန်း (၂၄၇၁-၂၄၇၂)

Vol. 248 Ch. 2471-2472

အခန်း (၂၄၇၁) - မင်းတို့ ဘယ်လိုကံကောင်းခြင်းမျိုးနဲ့ ကြုံခဲ့ရတာလဲ

ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်။

ဖန့်ချန်မှာ ဟိုင်ရှင်းရှင်းအား ကြည့်ကာ -

"ဟိုင်ရှင်းရှင်း နောက်တစ်ခါတော့ လောင်းကစား မလုပ်ပါနဲ့တော့။"

ဟိုင်ရှင်းရှင်းမှာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"လုံးဝ မလုပ်တော့ပါဘူး၊ ဖန့်ချန် ကျောင်းသား စိတ်ချပါ။ နောက်တစ်ခါ ထပ်လောင်းရင် ကျွန်တော့်လက်ကို ဖြတ်ပစ်လိုက်ပါ့မယ်။"

ဟိုင်တာရှင်းကလည်း ဝမ်းနည်းသံဖြင့် -

"အစ်ကိုကြီးက အသက်စွမ်းအင် သူတော်စင် ဖြစ်နေပြီးမှ၊ အဲ့ဒီလောင်းကစားနည်းထဲမှာ ဝှက်ထားတဲ့ အန္တရာယ်တွေကို ဘယ်လိုလုပ် မမြင်ရတာလဲဗျာ "

"ငါက အဲ့ဒီအချိန်မှာ ခေါင်းမူးပြီး မှားသွားတာပါ၊ မင်း ဆက်မပြောပါနဲ့တော့။"

ဟိုင်ရှင်းရှင်းမှာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ဖန့်ချန်မှာ ထိုမြင်ကွင်းကို မြင်လျှင် အနည်းငယ် ပြုံးလိုက်သည်။

"ဒါဆိုရင် ငါ အရင်ဆုံး လူသားမျိုးနွယ်စု ကျောင်းတော်ကို ပြန်လိုက်တော့မယ်။ နှစ်ယောက်သား အားရင် လာလည်ကြပါဦး။"

"ဖန့်ချန် ကျောင်းသား၊ ဒီတစ်ခေါက်တော့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။"

ဟိုင်ရှင်းရှင်းမှာ အလေးအနက်ထားကာ လက်ယှက်၍ အရိုအသေပေးသည်။ ဟိုင်တာရှင်းလည်း အလျင်အမြန် လက်ယှက်ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဖန့်ချန်က ပြုံး၍ လက်ကို ဝှေ့ယမ်းပြပြီးနောက် အတွင်းကမ္ဘာ နယ်မြေထဲသို့ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

"အေး... မီးမြွေမျိုးနွယ်စု သူတော်စင်တွေက တကယ်ကို နည်းလမ်းကောင်းတွေ ရှိတာပဲ။ ဒါပေမဲ့ ဖန့် ကျောင်းသားကလည်း တကယ်တော်တာပဲ၊ ကျောင်းမင် ကာကွယ်ရေးဆရာဆီကနေ နှစ်ပွဲဆက်တိုက် အနိုင်ယူသွားနိုင်တယ်။"

ဟိုင်ရှင်းရှင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်များ ထင်ဟပ်နေသည်။

"အစ်ကိုကြီး၊ ဟို... အကြီးမ ပြန်ရောက်လာပြီ။"

ဟိုင်တာရှင်းက ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်သည်။

ဟိုင်ရှင်းရှင်းမှာ အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ မျက်နှာမှာ ပုံပျက်သွားကာ မေးလိုက်သည်။

"ဟိုင်ရှောင်ရှင်း ပြန်လာတာ ဘာလုပ်မလို့လဲ"

"ကျွန်တော် အစ်ကိုကြီး တစ်ခုခုဖြစ်မှာ စိုးလို့ အကြီးမကို ဒီအကြောင်း ပြောလိုက်မိလို့..."

ဟိုင်တာရှင်းမှာ ကြောက်ရွံ့သဖြင့် မျက်စိများပင် လှုပ်ရှားနေသည်။

"ထားလိုက်ပါတော့၊ သွားတွေ့လိုက်ကြတာပေါ့။"

ဟိုင်ရှင်းရှင်း၏ မျက်လုံးများထဲတွင် ပြတ်သားမှုတစ်ခု ဖြတ်ပြေးသွားသည်။

လူသားမျိုးနွယ်စု ကျောင်းတော်။

ဟိုင်ရှင်းရှင်း၏ ကိစ္စလေး ပြီးဆုံးသွားပြီးနောက် နောက်ထပ် အချိန်အနည်းငယ် ထပ်ကုန်လွန်သွားကာ ၁၀ နှစ်ပြည့် သတ်မှတ်ရက်မှာ တိတ်တဆိတ် ရောက်ရှိလာသည်။ ဆွေ့ဟုန်ကျူ သည် ကတိအတိုင်း လူသားမျိုးနွယ်စု ကျောင်းတော်သို့ ရောက်လာပြီး ဖန့်ချန်အား သစွာစကား အစည်းအဝေးခန်းမ သို့ ခေါ်ဆောင်သွားသည်။

ထိုက်ဟောက်ရှန်း သည် အခြားသော တရားစီရင်ရေး အကြီးအကဲများနှင့်အတူ ရပ်နေကြပြီး သူ၏ အကြည့်များမှာ ဖန့်ချန်ထံသို့ မကြာခဏ ရောက်လာသည်။ ထိုအချိန်တွင် ရှေ့တည့်တည့်၌ ပုဂ္ဂိုလ်သုံးဦး ထိုင်နေကြသည်။ အလယ်တွင် ထိုင်နေသူမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ စတင်ပြောဆိုသည်။

"ဒုတိယအကြိမ် စစ်ဆေးမှုအချိန် စေ့ပြီ။ ဖန့်ချန်နဲ့ ထိုက်ဟောက်ရှန်း ကလွဲရင် ကျန်တဲ့သူတွေ အားလုံး မအောင်မြင်ဘူး။"

အစည်းအဝေးခန်းမအတွင်းမှ လေထုမှာ အလွန်ပင် တင်းမာသွားသည်။ မျိုးနွယ်စုအသီးသီးမှ တရားစီရင်ရေး အကြီးအကဲများ၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်း ဖြစ်သွားသည်။ တချို့မှာ ဖန့်ချန်ကို ဝါးစားမတတ် ကြည့်နေကြပြီး ထိုအကြည့်များမှာ လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားတော့မည့်အတိုင်းပင်။

စစ်ဆေးမှု မအောင်မြင်ခြင်းမှာ သူတို့၏ တရားစီရင်ရေး အကြီးအကဲ ရာထူးကို တစ်မျိုးနွယ်တည်းမှ အခြားသူတော်စင်များထံ လွှဲပေးရတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်လျှင် နောင်တွင် မဟာမိတ်လမ်းကြောင်းမှတစ်ဆင့် ရာထူးတိုးရန်မှာ အလွန်ပင် ခက်ခဲသွားပေမည်။ ဤမျှ ဆိုးရွားလှသော မှတ်တမ်းတစ်ခု ရှိနေပါက သူတို့ တက်ရောက်ရန် မဖြစ်နိုင်သော ဌာနများစွာ ရှိလာတော့မည်ဖြစ်သည်။

"တော်တော်ဆိုးတာပဲ၊ ငါ့ကို နောက်ထပ် နှစ် ၃၀၊ ၅၀ လောက်သာ အချိန်ပေးရင် အရိပ်အမြွက်ရနိုင်မှာပါ။"

"အချိန်က တိုလွန်းတယ်..."

"ဒီတစ်ခေါက်သာ ဖန့်ချန်သာ မရှိရင် ကျွန်တော်တို့ ဘာလို့ ရှုံးမှာလဲ"

တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်အပေါ် မကျေနပ်ချက်များကို တိုက်ရိုက် ပြသလာကြသည်။ ထိုက်ဟောက်ရှန်းကမူ ငြိမ်သက်စွာ ရပ်နေပြီး သူ၏ မျက်လုံးများတွင် အနည်းငယ်သော အပြုံးတစ်ခု ရှိနေသည်။ ဖန့်ချန်ကမူ ထိုရှုံးနိမ့်သူများကို ဂရုမစိုက်ဘဲ ထိုက်ဟောက်ရှန်းကပင် စစ်ဆေးမှုကို အောင်မြင်သွားတာကို အံ့အားသင့်နေမိသည်။

"ဟုန်ကျူ၊ စစ်ဆေးမှု မအောင်မြင်တဲ့ အကြီးအကဲတွေကို ပြန်ပို့လိုက်တော့၊ ပြီးတော့ ကြေညာချက် ထုတ်ပြန်လိုက်ပါ။"

အလယ်တွင် ထိုင်နေသော စုံစမ်းရေးအရာရှိက ဖြည်းညှင်းစွာ အမိန့်ပေးသည်။ ဆွေ့ဟုန်ကျူသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လက်ကို ဝှေ့ယမ်းကာ ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းမှလွဲ၍ ကျန်သူများကို ခေါ်ဆောင်သွားသည်။

လူသားမျိုးနွယ်စု ကျောင်းတော်။

သာမန်ကျောင်းသားများမှာ ယနေ့သည် စုံစမ်းရေးဌာန၏ ဒုတိယအကြိမ် စစ်ဆေးမှု ရလဒ် ထွက်မည့်နေ့ဖြစ်ကြောင်း မသိကြပေ။ သို့သော် တောင်အသီးသီးမှ ဆရာများမှာမူ သူတို့နှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များနှင့် အတူထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။ ပြောပုံကတော့ အကြောင်းအရာမဲ့ဟု ထင်ရသော်လည်း တကယ်တမ်းမှာမူ ရလဒ်တစ်ခုကို စောင့်မျှော်နေကြခြင်းဖြစ်သည်။ ထို ကာကွယ်ရေးဆရာ များလည်း ချွင်းချက်မရှိပေ။

"ချင်းဂွေ့ ၊ ဖန့်ချန် ဒီတစ်ခေါက် ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်မြင်မယ်လို့ ထင်လား သူ အရင်က ကျိလင် ကို ဖမ်းလာတဲ့ လုပ်ငန်းစဉ်က တိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား "

ကာကွယ်ရေးဆရာ တစ်ပါးက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲနေသည့် ချင်းဂွေ့ကို မေးလိုက်သည်။ အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှ မပြောကြပေ။

"အဲ့ဒီလုပ်ငန်းစဉ်မှာ စည်းမျဉ်းဖောက်ဖျက်တာမျိုး ရှိနေရင် သူ ဒီစစ်ဆေးမှုကို အောင်မြင်မှာ မဟုတ်ဘူး။ တစ်ဖက်မှာဆိုရင်တော့ သူ့ရဲ့ စစ်ဆေးမှု အမှတ်က တော်တော်လေး ကောင်းလိမ့်မယ်။"

ချင်ဂွေ့က တည်ငြိမ်စွာ ဖြေသည်။

"ဒါဆိုရင်တော့ ခက်ပြီ၊ ငါ့အမြင်ပြောရရင် ဖန့်ချန်က ငါတို့ လူသားမျိုးနွယ်စု ကျောင်းသားပဲ၊ ငါတို့ ဟော်ဆွေ့ မျိုးနွယ်စုဘက်ကလည်း သူ့ကို စည်းရုံးသင့်တယ်။"

ကာကွယ်ရေးဆရာတစ်ပါးက စဉ်းစားကာ -

"ဖန့်ချန်ကို သွားမေးကြည့်ပြီး သူ့သဘောထားကို အရင် သိရအောင်။ ငါတို့ဘက်က အသုံးမချနိုင်ရင်တောင် အနည်းဆုံးတော့ ရန်သူတော့ မဖြစ်စေနဲ့ပေါ့။"

ချင်ဂွေ့၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတစ်ခု ဖြတ်ပြေးသွားကာ ထိုသူတော်စင်ကို ကြည့်၍ -

"သာမန် ကမ္ဘာငယ် သူတော်စင် အဆင့်လေး နဲ့ ငါတို့ ဟော်ဆွေ့မျိုးနွယ်စုက သူ့ကို အောက်ကျခံပြီး စည်းရုံးရမှာလား "

ထိုသူတော်စင်က ဘာမှ ထပ်မပြောတော့ပေ။ သို့သော် အချို့သူများကမူ တိုးတိုးလေး ရေရွတ်နေကြသည်။

"သူ ဒီအတိုင်းသာ တိုးတက်နေရင် နေမင်းခုနှစ်ပါး ခန်းမ မှာ ချောချောမောမော ဘွဲ့ရနိုင်လိမ့်မယ်။ အရင်က လွမ်းချူးထျန်း လိုပဲ နေမင်းခုနှစ်ပါး တံဆိပ်ကို အမြဲတမ်း ယူသွားနိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူ့ကို စည်းရုံးဖို့ ကုန်ကျစရိတ်က အခုထက် အဆပေါင်းများစွာ ပိုများသွားလိမ့်မယ်။"

ချင်ဂွေ့၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ထိုအကြောင်းကို စဉ်းစားနေဟန် ရသည်။ ထိုအချိန်တွင် လူတိုင်း၏ နားထဲတွင် အသံတစ်ခု ပေါ်လာသည်။ ပထမဆုံး ခေါင်းလောင်းသံ သုံးချက် မြည်လာသည်။ ထို့နောက် ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့သည် စုံစမ်းရေးဌာန၏ ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်မြင်သွားကြောင်း ကြေညာလိုက်သည်။

"အောင်မြင်သွားပြီ။ သူ ကျိလင် ကို ဖမ်းတဲ့လုပ်ငန်းစဉ်မှာ ပြင်ပအကူအညီ မပါဘူး၊ လုပ်ငန်းစဉ်တစ်ခုလုံးက တရားဝင်ပြီး စည်းမျဉ်းနဲ့ ကိုက်ညီတဲ့အတွက် စုံစမ်းရေးဌာနရဲ့ စစ်ဆေးမှုကို အောင်မြင်သွားတာပဲ။"

"ချင်ဂွေ့၊ ငါတို့ အမှားကို အမြန်ဆုံး ပြင်ဆင်ရတော့မယ်။"

"ဒါဆိုရင် သူ့ကို ဘယ်လို စည်းရုံးကြမလဲ"

ချင်ဂွေ့က ရုတ်တရက် မေးသည်။

သူတော်စင်များ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦးက ပြောလိုက်သည်။

"'ကောင်းကင်အရှင်ရဲ့ အရိုက်အရာဆက်ခံသူ အဆင့်အတန်း ပေးလိုက်ပါ။ အဲ့ဒီလိုဆိုရင် အားလုံး ပြေလည်သွားမှာပါ။"

"ကောင်းကင်အရှင် အရိုက်အရာဆက်ခံသူအတွက် လိုအပ်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက ဘယ်က ရမှာလဲ "

ချင်ဂွေ့က ခေါင်းခါလိုက်သည်။

"ချင်ဖိုကျား ရဲ့ ရာထူးကို နုတ်သိမ်းပြီး သူ့ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ဖန့်ချန်ကို ပေးလိုက်ရမှာလား အဲ့လို စိတ်ကူးရှိရင် မင်းတို့ ကိုယ်တိုင်သွားပြီး သူ့ကို ပြောကြပါ။"

ထိုနေရာရှိ သူတော်စင်များ၏ မျက်ဝန်းများ တုန်လှုပ်သွားပြီး ဘာမှ ထပ်မပြောကြတော့ပေ။

ကရုဏာတောင် ။

ကျန်းတောက်ယွဲ့ သည် စာကြည့်တိုက်တွင် ရှေးဟောင်းစာပေများကို ဖတ်ရှုနေရင်း စုံစမ်းရေးဌာန၏ ရလဒ်ကို ကြားလိုက်ရသဖြင့် အနည်းငယ် ပြုံးကာ စာမျက်နှာကို နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။

လူသားမျိုးနွယ်စု ကျောင်းတော်မှ ဆရာများနှင့် ကျောင်းသားများအားလုံး ထိုရလဒ်ကို ကြားလိုက်ရသည်။ အချို့ကျောင်းသားများမှာ စုံစမ်းရေးဌာန၏ အရေးပါမှုကို နားမလည်ကြဘဲ ဖန့်ချန်မှာ နောက်ထပ် ဘွဲ့တစ်ခု ရတော့မည်ဟုသာ ထင်ကာ မနာလို ဖြစ်နေကြသည်။ သို့သော် ချင် မျိုးနွယ်စုမဟုတ်သော ဆရာများမှာမူ သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ကြတော့ပေ။

ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်။

"ဟိုင်ရှင်းရှင်း၊ မင်းက ရင့်ကျက်တည်ငြိမ်သူလို့ ထင်ထားတာ၊ ကျောင်းတော်မှာ ဟိုင်တာရှင်းကို စောင့်ရှောက်ပေးနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ဒီလို အဖြစ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူထင်မလဲ"

အမျိုးသမီး ဟုန်ဟိုင်သူတော်စင်တစ်ပါးမှာ လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေသည်။ သူမ၏ ရှေ့တွင် ဟုန်ဟိုင်သူတော်စင် နှစ်ပါးမှာ နံရံကို မျက်နှာမူကာ ဒူးထောက်နေကြသည်။ တစ်ပါးမှာ ဟိုင်ရှင်းရှင်းဖြစ်ပြီး နောက်တစ်ပါးမှာ ဟိုင်တာရှင်း ဖြစ်သည်။ ဟိုင်ရှင်းရှင်းက စကားပြန်ပြောရန် ပြင်လိုက်စဉ် ဟိုင်တာရှင်းက စကားဦးသန်းသွားသည်။

"အစ်ကိုကြီး၊ ကျွန်တော် ဘာလို့ ဒူးထောက်ရမှာလဲ "

"မင်း ဟိုင်ရှင်းရှင်း အမှားလုပ်တာကို မတားဆီးခဲ့လို့ ဒူးထောက်ရတာ မှားနေလို့လား "

"......"

"ဟိုင်ရှောင်ရှင်း၊ တော်လောက်ပြီ၊ ငါလည်း အသက်ကြီးပြီ၊ မင်းကလည်း ဒူးထောက်ခိုင်းနေသေးတယ်။"

ဟိုင်ရှင်းရှင်းက တည်ငြိမ်စွာ ပြောသည်။

နောက်တစ်စက္ကန့်တွင် ဟိုင်ရှောင်ရှင်းက သူ့နောက်သို့ ရုတ်တရက် ရောက်လာပြီး သူ့နောက်စေ့ကို ဆွဲကိုင်ကာ နံရံနှင့် အရှိန်ပြင်းပြင်း အချက် ၁၀၀ မျှ ဆောင့်လိုက်သည်။

"နင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ "

"အစ်မ၊ ကျွန်တော် မှားသွားပါတယ်ဗျာ "

ဟိုင်ရှင်းရှင်းမှာ ခါးခါးသီးသီး ပြုံးလိုက်သည်။

ဟိုင်ရှောင်ရှင်းမှာ စကားတစ်ခွန်း ထပ်ပြောမည်အပြုတွင် စုံစမ်းရေးဌာန၏ ကြေညာချက်မှာ သူတို့ နားထဲသို့ ရောက်လာသည်။

"အစ်မ၊ ဖန့်ချန် ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်သွားပြီ၊ သူက ကျွန်တော့် သူငယ်ချင်းလေ။"

ဟိုင်ရှင်းရှင်းက ဝမ်းသာအားရ ပြောသည်။

ဟိုင်ရှောင်ရှင်းမှာ ဟိုင်ရှင်းရှင်းနှင့် ဟိုင်တာရှင်းကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့ ဘယ်လို ကံကောင်းခြင်းမျိုးနဲ့ သူ့ကို သူငယ်ချင်း ဖြစ်အောင် လုပ်နိုင်ခဲ့တာလဲ။"

အခန်း (၂၄၇၂) - ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း

သစ္စာစကား အစည်းအဝေးခန်းမ။

အလယ်တွင် ထိုင်နေသော စုံစမ်းရေးအရာရှိမှာ ဆွေ့ဟုန်ကျူ တို့ ထွက်ခွာသွားပြီးနောက်မှသာ ထပ်မံ၍ ပြောဆိုလိုက်သည်။

"နောက်တစ်ခုကတော့ တတိယအကြိမ် စစ်ဆေးမှုပဲ။"

ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့မှာ အမူအရာ ပြောင်းလဲသွားပြီး အလေးအနက် နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။

"တတိယအကြိမ် စစ်ဆေးမှုကတော့ မင်းတို့ကို နတ်ဘုရား စွမ်းအား တစ်ခုကို ထိုးထွင်းသိမြင်စေဖို့ပဲ။"

"ဒီစွမ်းအားကို ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း လို့ ခေါ်တယ်။"

"မင်းတို့မှာ အချိန် နှစ်ငါးရာပဲ ရှိတယ်၊ ဒါကြောင့် အချိန်မဖြုန်းကြနဲ့။"

"ငါကိုယ်တိုင်ပဲ မင်းတို့ကို အတွင်းကမ္ဘာ တာမြစ်နယ်မြေဆီ ခေါ်သွားပေးမယ်။"

"ဘယ်တော့ ထိုးထွင်းသိမြင်မလဲ၊ ဘယ်တော့ ထွက်သွားမလဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်။"

ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း

ဖန့်ချန် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ စုံစမ်းရေးဌာန၏ တတိယအကြိမ် စစ်ဆေးမှုမှာ နတ်ဘုရားစွမ်းအား တစ်ခုကို ထိုးထွင်းသိမြင်ရမည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် ထိုစွမ်းအားမှာ သူ၏ ဟင်းလင်းပြင် ပုန်းရှောင်နည်း နှင့် ဆက်စပ်နေဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နာမည်တွင် စာလုံးတစ်လုံးသာ ကွာခြားနေသောကြောင့် ဖြစ်သည်။

'ဟင်းလင်းပြင် ပုန်းရှောင်နည်းရဲ့ စွမ်းဆောင်ရည်က ရိပ်ခြေဗုဒ္ဓ နည်းလမ်းထက်တောင် အဆင့်နည်းနည်း နိမ့်သေးတယ်။ ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်းနည်းကတော့ အဲ့ဒီဟင်းလင်းပြင် ပုန်းရှောင်နည်းထက်တောင် ပိုပြီး အားနည်းနိုင်တယ်။ ဒီလိုဆိုရင်တော့ ဒီစွမ်းအားက စုံစမ်းရေးဌာနက သူတော်စင်တွေ ခရီးသွားလာဖို့နဲ့ ထွက်ပြေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို လိုက်ဖမ်းဖို့ ပိုအဆင်ပြေအောင် ဖန်တီးပေးထားတာလား။'

ဖန့်ချန် စိတ်ထဲတွင် တိတ်တဆိတ် ခန့်မှန်းနေမိသည်။

ထိုက်ဟောက်ရှန်းမှာလည်း တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအနည်းငယ် ပေါ်လာသည်။ သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံပင်။ ထိုစဉ် စုံစမ်းရေးအရာရှိက ဆက်လက်ပြောဆိုသည်။

"မင်းတို့နှစ်ယောက်စလုံး ဟင်းလင်းပြင် ကွပ်မျက်သူ အကြောင်း သိကြတယ်မလား "

"သိပါတယ်ခင်ဗျာ။" နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

ထိုက်ဟောက်ရှန်းမှာ ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဆက်လက်ပြောသည်။

"ဟင်းလင်းပြင် ကွပ်မျက်သူတွေက ငါတို့ ကောင်းကင် ငါးပါး ရဲ့ ဘုံရန်သူတွေပါ။ အခုဆိုရင် ကောင်းကင် ငါးပါးနေရာအသီးသီးမှာ ဟင်းလင်းပြင် တံခါးပေါက်တွေ အများကြီး ရှိနေတယ်။ သူတို့ အနယ်နယ်အရပ်ရပ်ကို မကူးကျော်နိုင်အောင် ကောင်းကင်နိမိတ် သူတော်စင် တွေကို အစောင့်အဖြစ် ထားရှိထားတယ်။"

"မှန်တယ်၊ ဟင်းလင်းပြင် ကွပ်မျက်သူတွေမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိတယ်။ သူတို့က ငါတို့ လူ့လောကထဲ ရောက်လာပြီဆိုရင် အလွှာနက် ဟင်းလင်းပြင်ထဲကို အလွယ်တကူ ပုန်းဝင်သွားနိုင်တယ်။"

စုံစမ်းရေးအရာရှိက တည်ငြိမ်စွာ ပြောသည်။

"ဒီအချက်ကြောင့်ပဲ ဟင်းလင်းပြင် ကွပ်မျက်သူတွေ ပေါ်လာတိုင်း ဖမ်းဆီးရတာ အလွန်ခက်ခဲတာ။ သူတို့က အရမ်း လျင်မြန်ကြတယ်၊ သူတို့ရဲ့ အရိပ်အယောင်ကို တွေ့ရင်တောင် သူတို့က အလွှာနက် ဟင်းလင်းပြင်ထဲ ပုန်းဝင်ပြီး လွတ်မြောက်သွားနိုင်တယ်။"

"ဒါပေမဲ့ ကံကောင်းတာက သူတို့က အောက်ကို ဆင်းရတာ လွယ်ပေမဲ့ အပေါ်ကို ပြန်တက်လာဖို့က အဲ့လောက် မလွယ်ကူဘူး။ ဒါကြောင့် ဒီ ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း က မင်းတို့ကို အလွှာနက် ဟင်းလင်းပြင် ထဲ အလွယ်တကူ ပုန်းဝင်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဘယ်လောက်ထိ နက်အောင် ပုန်းနိုင်မလဲဆိုတာကတော့ မင်းတို့ရဲ့ ကျင့်စဉ်အဆင့်ပေါ်မှာပဲ မူတည်တယ်။"

"နောက်ပြီး ဒါက ခရီးသွားလာဖို့အတွက်လည်း ကောင်းတဲ့ စွမ်းအားတစ်ခုပဲ။ ထိုးထွင်းသိမြင်မှု အောင်မြင်ပြီဆိုရင် မင်းတို့ ခရီးသွားလာတဲ့အခါ အချိန်ကုန်သက်သာသွားလိမ့်မယ်။"

"အော် ဟုတ်သား၊ ဒါက အသက်ကယ်ဖို့အတွက်လည်း တော်တော် ကောင်းတဲ့ စွမ်းအားပဲ။ သာမန်သူတော်စင်တွေက အလွှာနက် ဟင်းလင်းပြင်ထဲ ပုန်းဝင်နိုင်တဲ့ စွမ်းအား မရှိကြဘူး။ အနည်းဆုံးတော့ ကမ္ဘာကြီး အဆင့် မှာတော့ မရှိကြဘူး။"

ဖန့်ချန်မှာ ထိုက်ဟောက်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်၏ အသက်ရှူသံမှာ မြန်ဆန်နေပြီး အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။

"ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း ကို ကျွမ်းကျင်အောင် လုပ်ဖို့က စုံစမ်းရေးဌာနရဲ့ မရှိမဖြစ် လိုအပ်ချက်ပဲ။ မင်းတို့သာ ထိုးထွင်းသိမြင်နိုင်ရင် နောက်တစ်ဆင့် စစ်ဆေးမှုကို ဆက်သွားနိုင်မယ်။"

စုံစမ်းရေးအရာရှိမှာ စကားအဆုံးတွင် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ထိုသူနှစ်ဦးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ကျန်သော စုံစမ်းရေးအရာရှိနှစ်ဦးမှာမူ ဘာမှ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ ထိုင်နေကြသည်။

ထိုစုံစမ်းရေးအရာရှိမှာ သူတို့အနီးသို့ ရောက်လာသောအခါ ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။ အကြောင်းမှာ ဤစုံစမ်းရေးအရာရှိ၏ အရွယ်အစားမှာ သူတို့ ထင်ထားသည်ထက် များစွာ ပိုမိုကြီးမားနေသောကြောင့် ဖြစ်သည်။

ဒါက... ဂျုလင်မျိုးနွယ်စု လား

ဤဂျုလင်မျိုးနွယ်စုမှ ဆင်းသက်လာသော စုံစမ်းရေးအရာရှိက သူ့ဒူးခေါင်းအထိသာ ရှိသော လူငယ်နှစ်ဦးကို ငုံ့ကြည့်ကာ -

"ငါ့နာမည်က အောက်ကျိုချုံး ၊ မင်းတို့ ငါ့ကို အကြီးအကဲ၊ ဒါမှမဟုတ် အရာရှိလို့ ခေါ်နိုင်တယ်။"

"အောက် အကြီးအကဲ။"

"အောက် အရာရှိ။"

အောက်ကျိုချုံးက ခေါင်းကို အသာညိတ်ကာ -

"ငါ့နောက် လိုက်ခဲ့ကြ။"

စကားပြောနေစဉ်မှာပင် ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့မှာ ပတ်ဝန်းကျင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး အောက်ကျိုချုံး၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ရောက်ရှိသွားကြသည်။ ထို့နောက်တွင်မူ ထိုအတွင်းကမ္ဘာနယ်မြေမှာ ဟင်းလင်းပြင်ထဲသို့ ဆက်တိုက် ကျဆင်းသွားရာ သုံးလွှာမြောက်အထိပင် ရောက်သွားသည်။

ထိုက်ဟောက်ရှန်းမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူသည် အလွှာနက် ဟင်းလင်းပြင် အကြောင်း သိသည်။ အရင်ကဆိုလျှင် အလွှာနက် ဟင်းလင်းပြင်ထဲသို့ သွားရန် လမ်းကြောင်းအက်ကြောင်းကို ရှာမှသာ အတင်းဝင်နိုင်မည်ဖြစ်သည်။ ဤမျှ ကျယ်ပြောလှသော အတွင်းကမ္ဘာနယ်မြေတစ်ခုက စွမ်းအားတစ်ခုတည်းနှင့် အလွှာနက် ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ရောက်ရှိသွားမည်ဟု သူ မထင်ထားခဲ့ပေ။

ဒါက လူသတ်ဖို့၊ ထွက်ပြေးဖို့ အကောင်းဆုံးသော နည်းလမ်းပဲ။

အောက်ကျိုချုံးမှာ သူတို့နှစ်ဦးရှေ့တွင် ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း၏ နည်းလမ်းကို ပြသပြီးနောက် အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ တစ်နေရာရာသို့ သွားရောက်သည်။ ထိုက်ဟောက်ရှန်းမှာ အသိစိတ်ဖြင့် တံခါးပေါက်ဆီ သွားကာ အပြင်ဘက်ကို စူးစိုက်ကြည့်နေသည်။ ဖန့်ချန်လည်း သူ၏ ဘေးသို့ သွားကာ အပြင်ဘက်ကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ခဏကြာသော် လမ်းအတိုတစ်ခု ပေါ်လာသည်။ အတွင်းကမ္ဘာနယ်မြေမှာ ထိုလမ်းအတိုင်း အဆင်ပြေပြေ ဝင်သွားပြီး တစ်စုံတစ်ရာ ထူးခြားမှု မရှိပေ။

ထိုက်ဟောက်ရှန်းမှာ ထိုအချက်ကို သတိမထားမိပေ။ အကြောင်းမှာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ မည်သို့ကြည့်ကြည့် အတူတူပင် ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှတ်အသားမရှိလျှင် အကြိမ်ပေါင်းများစွာ သွားလာလျှင်တောင် ဒီလမ်းကို မှတ်မိဖို့ ခက်ခဲသည်။

မကြာမီတွင် သူတို့နှစ်ဦး၏ ရှေ့တည့်တည့်၌ ကျယ်ပြောလှသော အတွင်းကမ္ဘာ တားမြစ်နယ်မြေ တစ်ခု ပေါ်လာသည်။

အောက်ကျိုချုံးက တည်ငြိမ်စွာ -

"ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေက ငါတို့ စုံစမ်းရေးဌာနက ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေထဲက တစ်ခုပဲ။ ဒီနေရာမှာ တစ်ခုတည်း ထိုးထွင်းသိမြင်နိုင်တဲ့ စွမ်းအားက ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း ပဲ။ မင်းတို့မှာ နှစ်ငါးရာပဲ ရှိတယ်၊ အချိန် မဖြုန်းကြနဲ့။"

စကားပြောနေစဉ် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့မှာ ထိန်းချုပ်၍ မရတော့ဘဲ အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်ခွာသွားကာ ထိုတားမြစ်နယ်မြေဆီသို့ လွင့်မျောသွားကြသည်။ ခဏအကြာတွင် နှစ်ဦးစလုံးမှာ တားမြစ်နယ်မြေ၏ အကာအရံကို ကျော်ဖြတ်ကာ အောက်သို့ တည်ငြိမ်စွာ ရောက်ရှိသွားသည်။

"ဖန့်ချန်၊ မင်း ငါ ဒုတိယအကြိမ် စစ်ဆေးမှုကို မအောင်မြင်ဘူးလို့ ထင်နေတာလား"

ထိုက်ဟောက်ရှန်းမှာ ပတ်ဝန်းကျင်ကို လေ့လာရင်း ရယ်မောကာ ပြောသည်။

သူ ခဏစောင့်သော်လည်း ဖန့်ချန်ထံမှ အဖြေ မရရှိပေ။ သူ လှည့်ကြည့်လိုက်သောအခါ ဖန့်ချန်မှာ ဝေးရာသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"..........."

ထိုက်ဟောက်ရှန်းက နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားသည်။

'ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်း၊ ဒါက ဟင်းလင်းပြင် ပုန်းရှောင်နည်းရဲ့ အတိုကောက် ဗားရှင်းပဲ။'

ဖန့်ချန် လမ်းလျှောက်နေရင်း တွေးလိုက်သည်။

သူသည် ဟင်းလင်းပြင် ပုန်းရှောင်နည်း၏ အတိုကောက် ဗားရှင်းကို ထပ်ပြီး ထိုးထွင်းသိမြင်နေရန် မလိုပေ။ ဒါက အတွင်းကမ္ဘာနယ်မြေ၏ အနှစ်သာရကို အလကားဖြုန်းတီးခြင်းသာ ဖြစ်သည်။ ဒါကြောင့် သူသည် ဤတစ်ခေါက်တွင် အပေါ်ယံမျှသာ ဟန်ဆောင်ပြီး ဖြတ်သန်းသွားရုံသာ ဖြစ်သည်။

မကြာမီတွင် ဖန့်ချန်မှာ စွမ်းအားအငွေ့အသက်များ ပြန့်နှံ့နေသော ကျောက်နံရံတစ်ခုရှေ့တွင် ထိုင်ချလိုက်သည်။ နောက်ခဏတွင် ထိုက်ဟောက်ရှန်းလည်း ရောက်လာသည်။ သူသည် ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး မျက်နှာတွင် ဘာအမူအရာမှ မပြဘဲ အခြားတစ်ဖက်တွင် ထိုင်လိုက်သည်။ ထိုလုပ်ငန်းစဉ်အတွင်း အောက်ကျိုချုံးမှာ သူတို့နှစ်ဦး၏ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေသည်။ နှစ်ဦးစလုံးမှာ ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်းကို စတင် ထိုးထွင်းသိမြင်နေသည်ကို မြင်သောအခါမှသာ မျက်လုံးကို မှိတ်ပြီး အိပ်စက်ဟန် ပြုလုပ်နေလိုက်သည်။

ဆယ်ရက်ခန့် ကြာပြီးနောက်တွင် သူတော်စင်အချို့ ဆက်တိုက် ရောက်လာကြသည်။ သူတို့သည် အလေ့အကျင့်ရှိပြီးသားအတိုင်း အောက်ကျိုချုံး၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ရောက်လာကြသည်။ သူတော်စင်တစ်ပါးက တားမြစ်နယ်မြေကို လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ဟင်းလင်းပြင်ကို ကျော်ဖြတ်ပြီး ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်းတို့ရှိရာသို့ ရောက်ရှိသွားသည်။

"အောက်ကျိုချုံး၊ ဒီတစ်ခေါက် မင်းတို့ ရွှေဟွေးကျောင်းတော်က ဒီနှစ်ယောက်ပဲ ဒုတိယအကြိမ် စစ်ဆေးမှုကို အောင်မြင်တာလား "

စုံစမ်းရေးအရာရှိ တစ်ပါးက ရယ်မောကာ ပြောသည်။

အောက်ကျိုချုံးက မျက်လုံးမဖွင့်ဘဲ တည်ငြိမ်စွာ -

"လူသားမျိုးနွယ်စု ဖန့်ချန်က အချိန်တိုအတွင်းမှာပဲ စစ်ဆေးမှုကို အောင်မြင်ခဲ့တယ်။ ကျန်တဲ့ တရားစီရင်ရေး အကြီးအကဲတွေက အချိန်မလောက်လို့ မအောင်မြင်ကြတာပါ။"

"ဒါဆိုရင် မင်းတို့အတွက် နှမြောစရာ မဟုတ်ဘူးလား အဲ့ဒီ တရားစီရင်ရေး အကြီးအကဲတွေထဲမှာလည်း အရည်အချင်းရှိတဲ့သူတွေ ပါမှာပဲ။"

"ဘာကို နှမြောရမှာလဲ ဒါက ကံတရားပဲ၊ ကံမကောင်းရင် အရည်အချင်း ဘယ်လောက်ရှိရှိ အလကားပဲ။"

အောက်ကျိုချုံးက တည်ငြိမ်စွာ ပြောသည်။

"ဖန့်ချန်သာ ကမ္ဘာငယ် ဟင်းလင်းပြင် ပုန်းရှောင်နည်းကို ထိုးထွင်းသိမြင်နိုင်ရင် စုံစမ်းရေးဌာနအတွက် အရည်အချင်းရှိတဲ့သူ တစ်ယောက် တိုးလာမှာပဲ။"

"ပြောရရင် သူ အဲ့ဒီ ယင် သူတော်စင်ကို ဖမ်းမိတဲ့ အရှိန်အဟုန်က တကယ်ကို မြန်လွန်းတယ်။ စုံစမ်းပြီးပြီလား စုံစမ်းရေးဌာနက သူတော်စင်တွေ အကူအညီ ပေးလိုက်တာလား "

"စုံစမ်းပြီးပြီ၊ လုပ်ငန်းစဉ် တစ်ခုလုံးက စည်းမျဉ်းနဲ့ ကိုက်ညီပါတယ်။"

အောက်ကျိုချုံးက ပြောသည်။

အခြားသော စုံစမ်းရေးအရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ပြုံးကာ -

"နောက်နှစ်အနည်းငယ် ကြာရင် တန်လင် ကျောင်းတော်က တရားစီရင်ရေး အကြီးအကဲတွေလည်း ဟင်းလင်းပြင် ပုန်းရှောင်နည်းကို လာပြီး ထိုးထွင်းသိမြင်ကြဦးမှာ။ သူတို့ထဲမှာ ဘယ်သူက အရင်ဆုံး ထိုးထွင်းသိမြင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။"

"ဖန့်ချန်သာ အရင်ဆုံး ထိုးထွင်းသိမြင်နိုင်ရင် သူက ငါတို့ စုံစမ်းရေးဌာနရဲ့ ကောင်းကင်အရှင် အရိုက်အရာဆက်ခံသူ ဖြစ်လာနိုင်တယ်။"

စုံစမ်းရေးအရာရှိ တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။

ထိုစကား ထွက်ပေါ်လာပြီးနောက် အားလုံးမှာ တိတ်ဆိတ်သွားကြသည်။

All Chapters