အခန်း ၁၉၅၃
Vol. 131 Ch. 1953
အခန်း(၁၉၅၃) ကျင်းရုန်အတွက် လက်ဝါးတစ်ချက်
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်လှိုင်းလုံးကြီးများသည် ချူးယွင်ဖန်းကို ခဏချင်းအတွင်း ဝါးမြိုသွားလေသည်။ ကျင်းရုန်၏ မျက်နှာ၌ ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုပေါ်လာသည်။ သူ၏လက်သီးအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ ထိုလက်သီးထဲ၌ အရှိန်အဝါ အပြင်းထန်ဆုံးနှင့် မည်သည်ကမျှ တားဆီး၍မရသော သတ္တုဓာတ်စွမ်းအား များ စီးဆင်းနေသောကြောင့်ပင်။
ကျင်းမျိုးနွယ်စုသည် သူတို့၏ ထူးခြားသော နတ်ဘုရားကျင့်စဉ်များကြောင့် စစ်မြေပြင်တွင် အရှုံးမရှိ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကပင် လက်နတ်တစ်ခုဖြစ်နေကြသဖြင့် ၎င်းတို့က မည်သည့် နတ်ဘုရားလက်နက်ကိုမျှ မလိုအပ်ပေ။ ၎င်းတို့သည်ကား အလွန်ရှားပါးသော “ခန္ဓာကိုယ်ကျင့်ကြံသူများ” ဖြစ်ကြသည်။
ခန္ဓာကိုယ်ကျင့်ကြံသူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ကာယစွမ်းအားကို ပိုင်ဆိုင်ထားကြရာ သူတို့အတွက်မူ အခြားသော နတ်ဘုရားအတတ်နှင့် သိုင်းပညာများမှာ ဘာမှမဟုတ်ပေ။ ထိုကဲ့သို့သော ကျင့်ကြံသူများကို သူတို့က သာမန် လှုပ်ရှားမှုတစ်ခုဖြင့်ပင် ဆွဲဖြဲပစ်နိုင်သည်။ ကျင့်စဉ်အဆင့် တစ်ခုသို့ ရောက်ရှိနေသူပင် ဖြစ်ပါစေ၊ မိမိထက် ကျင့်စဉ်အဆင့် ပိုမြင့်သော ခန္ဓာကိုယ်ကျင့်ကြံသူများကို ရင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အတိုချုပ်ပြောရလျှင် သူတို့သည် စစ်မြေပြင်၏ ဘုရင်များပင် ဖြစ်သည်။
အခြားသူများက ချူးယွင်ဖန်းကို ကြောက်ရွံ့နေကြသော်လည်း ကျင်းရုန်ကမူ မကြောက်ပေ။ သူ့ထက်မြင့်နေလျှင်ပင် သူ့ကို တစ်ခုခုလုပ်ရန်မှာ ချူးယွင်ဖန်းအတွက် ခက်ခဲမည်ဟု ယူဆထားသည်။
သတ္တုဓာတ်စွမ်းအားများသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော သောင်းကျန်းသည့် လှိုင်းလုံးကြီးများအလား ဖြစ်နေသည်။ သို့သော် ထိုစွမ်းအားများ ဖြတ်သန်းသွားချိန်တွင်မူ ချူးယွင်ဖန်းက မလှုပ်မယှက် ရပ်နေသည်ကို အားလုံး မြင်လိုက်ရသည်။ သူသည် ထိုစွမ်းအားများကို အထိခံလိုက်သော်လည်း ထိုစွမ်းအားများက သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
"မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ခန္ဓာကိုယ်ကျင့်ကြံသူတွေက ရှားပါးတယ်ဆိုပေမဲ့ လူတိုင်းက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား" ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။
ထိုကဲ့သို့သော ကျင့်ကြံသူများ မည်မျှ အစွမ်းထက်သည်ကို သူ ကောင်းကောင်းသိသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ ထိုထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
အမှန်တကယ်တွင် သူသည် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအသွင် ပေါက်နေသော်လည်း အမှန်တကယ် ထိုသို့ မဟုတ်ပေ။ သူ၏ နည်းလမ်းအချို့ကသာ ခန္ဓာကိုယ်ကျင့်ကြံသူများနှင့် ဆင်တူနေခြင်း ဖြစ်သည်။
ချူးယွင်ဖန်းအတွက်မူ ခန္ဓာကိုယ်၊ နတ်ဘုရားစွမ်းအား၊ ဆေးဖော်စပ်ခြင်း စသည်တို့မှာ သူ၏ လမ်းစဉ်များ မဟုတ်ပေ။ သူ၏ လမ်းစဉ်မှာ အဘက်ဘက်မှ ပြည့်စုံနေပြီး အားနည်းချက် လုံးဝမရှိသော လမ်းစဉ်ဖြစ်သည်။ သူ၏ သိုင်းပညာ၊ နတ်ဘုရားစွမ်းအား၊ ကျင့်စဉ်ပိုင်း ကျွမ်းကျင်မှု အားလုံးမှာ ထိပ်တန်းအဆင့်များ ဖြစ်သည်။ ထို့ကြောင့်ပင် အဆင့်တူ ကျင့်ကြံသူတစ်ယောက်နှင့် တွေ့လျှင် ယခင်က ရန်လန်ကဲ့သို့ပင် သူ၏ လက်ညှိုးတစ်ချောင်းကိုပင် မခုခံနိုင်ခြင်း ဖြစ်သည်။ သူ၏ အဆင့်ထက် မြင့်သော ပညာရှင်ပင် ဖြစ်ပါစေ၊ သူ့ကို ရင်ဆိုင်ရလျှင် တစ်ချက်တည်းဖြင့်ပင် မခံနိုင်ပေ။
"မဖြစ်နိုင်တာ"
ထိုအခိုက်တွင် ကျင်းရုန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့သော် သူကတော့ အဖမ်းခံမည် မဟုတ်ပေ။ သူ၏ ကျင့်စဉ်စွမ်းအားကို အစွမ်းကုန် မြှင့်တင်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် ရွှေဖြင့် ပြုလုပ်ထားသော စစ်သူကြီးတစ်ဦးအလားပင်ထင်ရ၏။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နတ်ဘုရားစွမ်းအားမှာ အလွန်ပင် အစွမ်းထက်လှသည်။ သူ၏ ကျင့်စဉ်အဆင့်ကို ယခုမှသာ အားလုံး မြင်တွေ့လိုက်ရ၏။ သူသည် ယန်လန်ကိုပင် ကျော်တက်သွားကာ ဖန်ဆင်းရှင်အဆင့်ဒုတိယအဆင့်သို့ ခြေလှမ်းလှမ်းထားပြီဖြစ်၏။ ဆိုရလျှင် သူသည် ပါရမီရှင်စာရင်းဝင်များနှင့် ထူးမခြားနားပင်ဖြစ်ပေ၏။
သူသည် စိတ်ကူးကြည့်၍မရအောင် အစွမ်းထက်လှသည်။
ထို့ပြင် သူသည် ခိုင်မာလှသော ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်သဖြင့် ပါရမီရှင်စာရင်းဝင်များနှင့် ရင်ဆိုင်ရလျှင်ပင် အောက်ကျနောက်ကျ ဖြစ်မည်မဟုတ်ပေ။ လူအများ၏ အမြင်တွင် သူသည် မီးတောက်သခင်လေးထက်ပင် ရင်ဆိုင်ရ ခက်ခဲသောသူ ဖြစ်ပေလိမ့်မည်။
“ကမ္ဘာတုန်လှုပ်လက်သီး”
ကျင်းရုန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးကို သက်တံ့ရောင်များ ဖုံးလွှမ်းသွားစေသကဲ့သို့ ထွက်ပေါ်လာသည်။ သူ၏ လက်သီးနှစ်ဖက်က ရွှေတူကြီးနှစ်လုံးအလား ချူးယွင်ဖန်းပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။" ချူးယွင်ဖန်း၏ မျက်နှာမှာ အလွန်အေးစက်နေပြီး ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းအလျင်းမရှိပေ။ သူသည် လျှပ်စီးကြောင်းများ ထွက်ပေါ်နေသော သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဆီသို့ ကျဆင်းလာသော တူနှစ်လုံးကို ခုခံလိုက်သည်။
ချွင်
သံတုံးကြီး နှစ်တုံး အချင်းချင်း တိုက်မိသကဲ့သို့ ကျယ်လောင်သော သတ္တုသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
"သူ... သူ တားလိုက်နိုင်တယ်လား”
ချူးယွင်ဖန်းက ကျင်းယုံ၏ တိုက်ကွက်ကို တားဆီးလိုက်သည်ကို မြင်လိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းပြသလိုက်သော ခွန်အားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ သူသည် လမ်းမှာတွေ့သမျှ အားလုံးကို သတ်ဖြတ်မည့် နတ်ဘုရားတစ်ပါးအလားပင်ဖြစ်၏။ သူသည် ယန်လန်၊ လီရွှမ်နှင့် အခြားသူများစွာကို အနိုင်ယူခဲ့ပြီးပြီ ဖြစ်သည်။ ယခုအခါတွင်မူ သူသည် လူတိုင်းကို စိတ်ဓာတ်ကျအောင် ပြုလုပ်နေသကဲ့သို့ ရှိနေသည်။
၎င်းတို့အားလုံးက ပါရမီရှင်စာရင်းဝင်များ ဖြစ်ကြသော်လည်း ချူးယွင်ဖန်းကမူ သူတို့နှင့် မည်မျှအထိ ကွာခြားသည်ကို လက်တွေ့ပြသနေသည်။ နှစ်ဖက်စလုံးမှာ အဆင့်တူ၊ အဆင့်အတန်းတူ ဖြစ်နေကြသော်လည်း လူအများစုကမူ ပါရမီရှင်စာရင်းဝင်ဆိုသည်မှာပင် သူတို့ လက်လှမ်းမမီနိုင်သော နေရာတစ်ခုဟု ခံစားနေရသည်။
ချူးယွင်ဖန်း၏ ခွန်အားမှာ သူတို့၏ စိတ်ထဲတွင် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ သို့သော် ယခုအခါ သူ့ထက် သန်မာသူတစ်ယောက်နှင့် တွေ့ဆုံချိန်တွင်မူ သူသည် အရင်ကလောက် အနိုင်မရနိုင်တော့သလို ထင်ရသည်။
သို့သော်လည်း လူတိုင်းက ရယ်မောရန် ပြင်နေစဉ်မှာပင် ကျင်းရုန်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အက်ကြောင်းများ ပေါ်လာလေသည်။ ထိုအက်ကြောင်းများမှာ ပင့်ကူအိမ်အလား တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
အက်ကြောင်းများထဲမှ သွေးစိမ်းရှင်ရှင်များ စိမ့်ထွက်လာပြီး ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူတိုင်း အသက်ရှူမှားသွားကြသည်။
"ငါ... ငါ လက်မခံနိုင်ဘူး" ကျင်းရုန်က အော်ဟစ်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ သူနှင့် ထိပ်တန်းပါရမီရှင်တစ်ယောက်ကြားမှ ကွာခြားချက်ကို သူ နားလည်သွားပြီ ဖြစ်သည်။ သူနှင့် ချူးယွင်ဖန်းအကြား၌ မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ အခြားသူများအတွက်မူ သူသည် အစွမ်းထက်နေနိုင်သော်လည်း ချူးယွင်ဖန်းအတွက်မူ သူသည် အနည်းငယ် သန်မာသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
*ဘုန်း*
ကျင်းရုန်၏ စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပိုင်းပိုင်းအစအနများ ဖြစ်သွားပြီး သွေးသားများနှင့်အတူ ကောင်းကင်ယံသို့ လွင့်စင်သွားလေတော့သည်။ ချူးယွင်ဖန်းက ကျင်းရုန်ကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ချလိုက်သည်ကို မြင်လိုက်ရသဖြင့် အားလုံး အသက်ရှူပင် မဝတော့ပေ။
"ကျင်းမျိုးနွယ်စုရဲ့ ရွှေရောင်ခန္ဓာကိုယ်က အမြဲတမ်း သန်မာခဲ့တာပဲ။ စစ်မြေပြင်မှာတောင် အစွမ်းထက်ဆုံး သားရဲတွေတောင် လွယ်လွယ်နဲ့ မဖျက်ဆီးနိုင်ဘူး။ အဲဒီကိုယ်ကာယစွမ်းအားက ရှေးဟောင်း နတ်ဆိုးမျိုးနွယ်တွေနဲ့တောင် ယှဉ်လို့ရတယ်။ ဒါပေမဲ့ ချူးယွင်ဖန်းရဲ့ တစ်ချက်တည်း တိုက်ခိုက်မှုကိုတောင် မခံနိုင်ပါလား"
"နတ်ဘုရားအတတ်တွေ၊ သိုင်းပညာတွေလည်း မသုံးဘူး... လက်ဝါးတစ်ချက်တည်းပဲ။ ငါကိုယ်တိုင်သာ မမြင်ခဲ့ရင် သေအောင်ရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး"
"သူက ဘာကောင်လဲ လူသား ဟုတ်ရဲ့လား ဒါမှမဟုတ် ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လား ဒါပေမဲ့ ကျင်းမျိုးနွယ်စုရဲ့ ရွှေရောင်ခန္ဓာကိုယ်က ဒီလောက် အလွယ်တကူ မရှုံးသွားသင့်ဘူးလေ”
လူတိုင်းက သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ချူးယွင်ဖန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ကျင်းမျိုးနွယ်စု၏ ခန္ဓာကိုယ်ကျင့်စဉ်မှာ 'တရှ' တွင် အလွန်ကျော်ကြားလှပြီး အထွတ်အထိပ်သို့ ရောက်လျှင် ဘုရင်အဆင့် ခန္ဓာကိုယ်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။ ဤအချက်ကြောင့်သာ ကျင်းရုန်မှာ ထိုမျှအထိ မောက်မာရဲခြင်း ဖြစ်သည်။ သို့သော် ယခုမူ မည်သူမျှ မဖျက်ဆီးနိုင်ဟု ယူဆထားသော ရွှေရောင်ခန္ဓာကိုယ်မှာ ချူးယွင်ဖန်း၏ လက်ထဲတွင် စက္ကူတစ်ချပ်အလား အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။
သူတို့၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းက လူသားတစ်ယောက် မဟုတ်တော့ဘဲ လူသားအရေခွံခြုံထားသော မိစ္ဆာတစ်ကောင် ဖြစ်နေတော့သည်။ မည်သည့် အမွေအနှစ်ကို ရရှိထားသဖြင့် ဤမျှအထိ အစွမ်းထက်နေရသနည်းဟု သူတို့ မသိနိုင်တော့ပေ။
"ဒါကြောင့်လည်း ကိုယ်နဲ့မတန်တဲ့ အရာကို ဘယ်တော့မှ မမက်မောသင့်တာ" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်ပြီး ကျန်ရှိနေသော သုံးယောက်ကို ကြည့်လိုက်သည်။
"နောက်ထပ် မင်းတို့ အလှည့်ပဲ... ငါ မင်းတို့ကို ကိုယ့်လမ်းကိုယ်ပို့ပေးမယ်”
--