← Chapters

အခန်း ၁၉၅၄

Vol. 131 Ch. 1954

အခန်း ၁၉၅၄

Vol. 131 Ch. 1954

အခန်း(၁၉၅၄)ပါရမီရှင်တွေဟုတ်လား

ထိုအခိုက်တွင် ချူးယွင်ဖန်းက ကျန်ရှိနေသော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့တစ်ယောက်ချင်းစီမှာ အရပ်အမောင်း ကောင်းကာ သာမန်လူများ စိတ်ကူးပင် မယဉ်နိုင်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ကို "လူငယ်အကောင်ကြီးကြီးများ" ဟုပင် ခေါ်ဆိုနိုင်သည်။ ၎င်းတို့၏ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် ကိုယ်ပိုင်ဂိုဏ်းကိုပင် ထူထောင်နိုင်စွမ်း ရှိကြသည်။

ချူးယွင်ဖန်း၏ အကြည့်အောက်တွင် သူတို့အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့မှုအချို့ ပေါ်လာသော်လည်း ချက်ချင်းဆိုသကဲ့သို့ပင် ထိုခံစားချက်မှာ ဒေါသအဖြစ် ပြောင်းလဲသွားသည်။ သူတို့က ဘယ်လိုလူမျိုးတွေလဲ ၎င်းတို့က မိမိတို့ဂိုဏ်း၏ ထိပ်သီးတပည့်များ ဖြစ်ကြသကဲ့သို့ ပါရမီရှင်များလည်း ဖြစ်ကြသည်။ ယခုမူ ချူးယွင်ဖန်းကြည့်လိုက်ရုံဖြင့် ၎င်းတို့က ကြောက်ရွံ့သည့် အမူအရာ ပြမိခြင်းမှာ ၎င်းတို့အတွက် အကြီးမားဆုံး အရှက်ရမှုပင် ဖြစ်သည်။

"ချူးယွင်ဖန်း... မင်းက လူတွေအများကြီးကို သတ်ပြီး ဂိုဏ်းပေါင်းစုံကို ရန်စခဲ့ပြီးပြီ။ မင်းက တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်ချင်တာလား" ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။ သူသည် မီးလျှံနတ်ဘုရားတစ်ပါးအလား တောက်လောင်နေသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချူးယွင်ဖန်းက ထိုသူကို ကြည့်ပြီးနောက် ခဏနေမှ မေးလိုက်သည်။

“မင်းက နတ်ဘုရားမီးလျှံဂိုဏ်းက ရှန့်ဖန်လား”

ကြယ်ကြွေကောင်းကင်ဂိုဏ်းတပည့်များက ထိုသုံးဦးက မည်သူမည်ဝါဖြစ်သည်ကို ချူးယွင်ဖန်းအားပြောပြထားပြီးဖြစ်၍ အခြေအနေမှာ ဤအဆင့်သို့ရောက်နေပြီဖြစ်ကာ ၎င်းတိုသည်လည်း ပြဿနာအကြီးကြီးတက်တော့မည်ကို သိထားကြသည်။ သို့သော် ၎င်းတို့က ချူးယွင်ဖန်းနှင့်တစ်လှေတည်းစီး၊ တစ်လက်နက်တည်းကိုင်ထားကြသူများဖြစ်သဖြင့် မိမိလူကိုသာ ကျောထောက်နောက်ခံ ပေးကြရမည်ဖြစ်သည်။

ချူးယွင်ဖန်းက ဤလူများ၏ အထောက်အထားကို မသိပေ။ သူသိသည်မှာ ‘ပါရမီရှင်စာရင်း’ ပေါ်ရှိ လူများအကြောင်းသာဖြစ်သည်။ ထိုစာရင်း၌ လူပေါင်းတစ်ရာသာရှိသော်လည်း စာရင်းပြင်ပတွင် အချိန်မရွေး ထိုစာရင်းထဲတိုးဝင်နိုင်သည့် အရည်အချင်းရှိသူမှာ ဆယ်ဆမကရှိသည်။ ထို့ကြောင့် ချူးယွင်ဖန်းက လူတိုင်းကို မသိနိုင်ခြင်းကား မဆန်းပေ။

နတ်ဘုရားမီးလျှံဂိုဏ်းသည် ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်း အင်အားအကြီးဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် 'တရှ' ၏ အနောက်မြောက်ဘက် သဲကန္တာရတွင် တည်ရှိပြီး ထိုဒေသ၏ အစောင့်အရှောက် ဂိုဏ်းကြီးတစ်ခုလည်း ဖြစ်သည်။ ထိုနေရာတွင် ပညာရှင်များမှာ မိုးတိမ်များအလား ပေါများလှသည်ဟု ဆိုရမည်။ ၎င်းတို့၏ အမာခံတပည့်ကို ဤမျှအဆင့်ထိ ပျိုးထောင်နိုင်ခြင်းကပင် ၎င်းတို့ မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေသည်။ ၎င်းတို့၏ မီးလျှံအတတ်ပညာမှာ တစ်ကမ္ဘာလုံးတွင်ကျော်ကြားလှသည်။

ဂိုဏ်းကြီးဆယ်ဂိုဏ်းအောက်ရှိ ပထမတန်းစား ဂိုဏ်းများ၏ ခွန်အားမှာလည်း မကွာခြားလှပေ။ မျိုးဆက်တစ်ခုစီတွင် တပည့်တစ်ယောက် ပါရမီရှင်စာရင်းထဲ ပါ၊ မပါမှာ ၎င်းတို့၏ ကံတရားအပေါ်တွင်သာ မူတည်သည်။ အကယ်၍ ဤမျိုးဆက်၏ ဆက်ခံသူမှာ ပို၍ ပါရမီပါလျှင် ပါရမီရှင်စာရင်းထဲ သဘာဝကျကျ ဝင်ရောက်နိုင်မည်ဖြစ်သည်။

သို့သော် ထိုစာရင်းထဲ မဝင်နိုင်လျှင်ပင် ခွန်အားမှာ များစွာကွာခြားသွားခြင်း မရှိပေ။ အခြေခံအားဖြင့် ၎င်းတို့သည် ပါရမီရှင်စာရင်းဝင်များနှင့် အဆင့်တူလုနီးပါး ရှိကြသူများ ဖြစ်သည်။

ရှန့်ဖန်အပြင် နောက်ထပ်လူတစ်ယောက်မှာ လက်ထဲတွင် လှံတစ်လက် ကိုင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကောင်းကင်ကို ထောက်မထားနိုင်သည့် လှံတစ်လက်အလား ထက်ရှသောအရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုသူ၏ နောက်ခံကို သိလိုက်ရချိန်တွင် ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်မိသည်။ သူသည် ချူးယွင်ဖန်း၏ ရန်သူဟောင်း တစ်ယောက်ဖြစ်သော 'သံမဏိလှံဂိုဏ်း'မှ ထိပ်သီးတပည့် ကျန်းဟိန်ဖြစ်သည်။

ထိုစဉ်က သံလှံဂိုဏ်းမှ လူအများအပြားသည် လီချန်းယွမ်၏ နောက်လိုက်များ ဖြစ်ခဲ့ကြပြီး ဂိုဏ်း၏အင်အားကို သုံးကာ ချူယွင်ဖန်းကို သတ်ရန် ကြိုးစားခဲ့ဖူးသည်။ နှစ်ဖက်စလုံးတွင် ကြာမြင့်လှပြီဖြစ်သော ရန်ငြိုးများ ရှိနေခဲ့သည်။

သို့သော် လက်ရှိအခြေအနေမှာ အတိတ်နှင့် လုံးဝကွာခြားသွားပြီ ဖြစ်သည်။ ထိုစဉ်က ချူးယွင်ဖန်းက သံမဏိလှံဂိုဏ်း၏ တပည့်တစ်ယောက်ကို ရင်ဆိုင်ရန်ပင် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ယခုမူ ၎င်းတို့၏ အမာခံတပည့်နှင့် ထိပ်တိုက်တွေ့နေရသည့်တိုင် အနည်းငယ်မျှစိုးရိမ်ခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏အကြည့်အောက်၌ ကျန်းဟိန်ကမူ ကြောက်ရွံ့မှုအချို့ ပြသနေသည်။

နောက်ဆုံးတစ်ယောက်မှာမူ အခြားသူများနှင့်မတူဘဲ မှောင်မိုက်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူသည် ထိုနေရာတွင် ရပ်နေသော်လည်း လူများက သူ့ကို မေ့လျော့သွားနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူသည် ကမ္ဘာပေါ်ရှိ အကြီးဆုံး လူသတ်သမား အဖွဲ့အစည်း သုံးခုထဲမှ တစ်ခုဖြစ်သော 'သွေးဆိုးမျှော်စင်'၏ ရွှေတံဆိပ်အဆင့် လူသတ်သမား ဝူဟွေ့ဖြစ်သည်။

ဝူဟွေ့၏ နောက်ခံကို မည်သူမျှ မသိကြပေ။ သူတို့သိသည်မှာ သူသည် ထိုအဖွဲ့အစည်း၏ အသက်အငယ်ဆုံး ရွှေတံဆိပ်အဆင့် လူသတ်သမား ဖြစ်သည်ဟူသောအချက်သာ ဖြစ်သည်။ သွေးဆိုးမျှော်စင်ကိုယ်တိုင်က ကမ္ဘာပေါ်တွင် အနည်းငယ်သာရှိသော လူသတ်သမား အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး အင်အားစုများစွာအတွက် ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်။ သူတို့သည် ခေါင်းဆောင်များစွာကို သတ်ဖြတ်ခဲ့ကြသကဲ့သို့ ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုပင် ရန်စခဲ့ဖူးသည်။ ထိုအင်အားစုများက သွေးဆိုးမျှော်စင်ကို အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း ယနေ့တိုင် အောင်မြင်မှု မရရှိခဲ့ကြပေ။

ထိုအဖွဲ့အစည်း၏ သြဇာမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေပြီး မစ်ရှင်အမျိုးမျိုးကို လက်ခံဆောင်ရွက်ပေးသည်။ တားမြစ်ထားသော အနည်းငယ်မှလွဲလျှင် သူတို့ လက်မခံရဲသော မစ်ရှင်ဟူ၍ မရှိသကဲ့သို့ ၎င်းတို့ မသတ်ရဲသောသူဟူ၍လည်း မရှိပေ။

အဆိုးဝါးဆုံးအချိန်မှာ သူတို့သည် တရှ ၏ ယခင် စစ်သေနာပတိချုပ်ကို လုပ်ကြံရန် ကြိုးစားခဲ့ခြင်းပင်။

ထို့နောက်တွင် အင်ပါယာက ဒေါသတကြီးဖြင့် သူတို့ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပိတ်ဆို့ခဲ့သည်။ သွေးဆိုးမျှော်စင်သည် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ရပြီး အထိနာခဲ့သော်လည်း ထိုတိုက်ပွဲအပြီးတွင် ပို၍ပင် ကျော်ကြားလာခဲ့သည်။ ထိုအချိန်မှစ၍ သူတို့၏ ဂုဏ်သတင်းမှာ အဖွဲ့အစည်းများစွာထဲမှ ထင်ရှားလာပြီး ထိပ်သီး လူသတ်သမား အဖွဲ့အစည်း သုံးခုထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

ဝူဟွေ့နှင့် ပတ်သက်သော သတင်းအချက်အလက် နည်းပါးသော်လည်း ရွှေတံဆိပ်အဆင့် လူသတ်သမား ဖြစ်လာခြင်းကပင် အရာအားလုံးကို သက်သေပြနေသည်။ သွေးဆိုးမျှော်စင်၏ စံနှုန်းအရ 'ဖန်ဆင်းရှင်အဆင့်' ပညာရှင်တစ်ဦးကို အောင်မြင်စွာ လုပ်ကြံနိုင်မှသာ ရွှေတံဆိပ်အဆင့် ရရှိရန် အရည်အချင်း ပြည့်မီပြီး အဖွဲ့အစည်း၏ ထိပ်တန်းလူစာရင်းထဲ ပါဝင်နိုင်ခြင်း ဖြစ်သည်။

ထို့ပြင် ဝူဟွေ့၏ ခွန်အားမှာလည်း 'ဖန်ဆင်းရှင်' အဆင့်သို့ သိသိသာသာ ရောက်ရှိနေပြီ ဖြစ်သည်။

လူအများ၏ အမြင်တွင် သူသည် သာမန်ပါရမီရှင်များထက် ရင်ဆိုင်ရ ပိုမိုခက်ခဲသူ ဖြစ်သည်။ ဤကဲ့သို့သော လူသတ်သမားမျိုးသည် ပစ်မှတ်၏ အားနည်းချက်ကို ရှာ၍ သတ်ဖြတ်ရန်အတွက် လူတစ်ယောက်ကို ဆယ်နှစ်ဆက်တိုက် နောက်ယောင်ခံ လိုက်နိုင်စွမ်း ရှိကြသည်။

"သူခိုးကို တစ်ရက် စောင့်ကြည့်လို့ရပေမဲ့ တစ်သက်လုံး စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဆိုသည့် စကားအတိုင်း သွေးဆိုးမျှော်စင်မှ လူများကို သာမန်လူများက ပလိပ်ရောဂါအလား ရှောင်ကြဉ်ကြသည်။

သို့သော် ချူးယွင်ဖန်းကမူ မစိုးရိမ်ဘဲ ဝူဟွေ့ကို အေးစက်စွာ ကြည့်လိုက်သည်။ သာမန်လူများက ဤလူသတ်သမားများကို ကြောက်ကြသော်လည်း သူက မကြောက်ပေ။ သူ၏ စိတ်ထဲတွင် နတ်ဘုရားစိတ်ဝိညာဉ် ရှိနေသဖြင့် သူ၏ အားနည်းချက်ကို ရှာရန်မှာ မဖြစ်နိုင်ပေ။ သူသည် အမြဲတမ်း နိုးကြားနေသော အခြေအနေတွင် ရှိနေသဖြင့် သူသည် ဤလူသတ်သမားများအတွက် ကံကြမ္မာရန်သူပင် ဖြစ်သည်။

ထို့ပြင် သူ၏ အမြင်အရ ဤလူသတ်သမားများသည် ချောင်းမြောင်း တိုက်ခိုက်ခြင်း မဟုတ်ပါက ထိပ်တိုက်ရင်ဆိုင်ရာတွင် အလွန်အားနည်းကြသူများ ဖြစ်သည်။ သူတို့သည် သူ၏ တစ်ချက်တည်း တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

"ချူးယွင်ဖန်း... မင်းက ကောင်းကင်ကြီးကို လက်တစ်ဝါးတည်းနဲ့ ဖုံးလို့ရမယ် ထင်နေတာလာ။ အင်အားကြီးလှတဲ့ 'ကံကြမ္မာဂိုဏ်း'တောင် အဲ့လိုမလုပ်နိုင်ဘူးကွ” ရှန့်ဖန်က ချူးယွင်ဖန်းကို အေးစက်စက်ကြည့်လျက် ပြောသည်။

ထိုအခိုက်တွင် သူသည် ဆက်လက်နေရန် ဆုံးဖြတ်ခဲ့မိသည်ကို နောင်တရနေပြီ ဖြစ်သည်။ သူသည် တန်စီယုနှင့် တွေ့ဆုံရမည့် အကျိုးအမြတ်ကြောင့် မျက်စိကွယ်သွားခဲ့ခြင်း ဖြစ်ကာ ယခုအခါ အလွန်တရာ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်နေပြီဟု ခံစားနေရသည်။ ချူးယွင်ဖန်းကား လုံးဝ ညှာတာမည့်သူ မဟုတ်ပေ။

ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

“ပါရမီရှင်တွေဟုတ်လား ဟားဟား အရင်က ငါမင်းတို့ကို ဆုတ်ခွာဖို့ အခွင့်အရေးပေးခဲ့တယ်မလား။ မင်းတို့က ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါလုပ်မယ့်ကိစ္စတွေအတွက် ငါ့အဆိုးမဆိုနဲ့”

ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။ သူ၏ ရှေ့မှ လူသုံးယောက်မှာ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ၎င်းတို့ပေါ်သို့ လွှမ်းခြုံလာသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားလေတော့သည်။

--

All Chapters