← Chapters

အခန်း ၁၉၆၂

Vol. 131 Ch. 1962

အခန်း ၁၉၆၂

Vol. 131 Ch. 1962

အခန်း(၁၉၆၂) မွေးနေ့ပွဲတွင် စွမ်းရည်ပြခြင်း

"သူ... သူ အသက်ရှင်နေတာလား”

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ တကယ်လို့ သူ အသက်မသေခဲ့ဘူးဆိုရင်တောင် ဆန်းကြယ်နန်းဆောင်ရဲ့ မျက်စိအောက်ကနေ ဘယ်လို ပုန်းနေနိုင်ခဲ့တာလဲ?"

"သူ့မှာ ဆန်းကြယ်နန်းဆောင်ရဲ့ ထောက်လှမ်းမှုကို ဖုံးကွယ်နိုင်တဲ့ မှော်ရတနာတစ်ခုခု ရှိနေတာ သေချာတယ်"

ချူးယွင်ဖန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆူညံသံများမှာ အဆုံးမရှိ ထွက်ပေါ်လာတော့သည်။ လူတိုင်း၏ အမြင်တွင် ဆန်းကြယ်နန်းဆောင်က သေမိန့်ချမှတ်ထားသကဲ့သို့ ဖြစ်နေသောသူက အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာ အလွန်ပင် အံ့အားသင့်စရာ ဖြစ်နေသည်။

ရောက်ရှိနေသူများထဲတွင် အချို့မှာ သူ့ကို ရန်ငြိုးအပြည့်ဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူတို့ ဝတ်ဆင်ထားသော ဝတ်စုံများနှင့် သူတို့ထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကို ကြည့်ရုံဖြင့် သူတို့သည် မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။

သူတို့မှာ သူ ယခင်က ရိုက်နှက်ဆုံးမခဲ့ဖူးသော မီးတောက်နီနတ်ဆိုးဂိုဏ်း၊ နတ်ဓားဂိုဏ်း (Godly Sabers) နှင့် အခြားဂိုဏ်းများမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ စကြဝဠာအဆင့် တပည့်များသာမက ဖန်ဆင်းရှင် အကြီးအကဲများပါ ပါဝင်သည်။ သူတို့အားလုံးမှာ ချူးယွင်ဖန်းကို စားမတတ် ဝါးမတတ် ကြည့်နေကြ၏။

အထူးသဖြင့် ဖန်ဆင်းရှင်အဆင့် အကြီးအကဲများထံမှ ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုစိတ်များ ထွက်ပေါ်နေသည်။ သူတို့သည် ချူးယွင်ဖန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပြင်းပြနေကြသည်။

၎င်းတို့အနေဖြင့် ဤသို့ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဂိုဏ်း၏ အနာဂတ်မျိုးဆက်အတွက် မျှော်လင့်ချက်ဖြစ်သော ထိပ်သီးပါရမီရှင်များမှာ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားခဲ့ရသည်။ အထူးသဖြင့် နတ်ဓားဂိုဏ်းမှာ ပို၍ နာကျည်းနေသည်။ ယခင်က လင်တင့်ထျန် အသတ်ခံရစဉ်ကပင် ဂိုဏ်းတစ်ခုလုံး အသည်းခိုက်အောင် ခံစားခဲ့ရပြီးပြီ ဖြစ်သည်။ ယခုတဖန် အသစ်တင်မြှောက်ထားသော တပည့်ကျော် ယန်လန် မှာလည်း ရာထူးတွင် မမြဲလိုက်ဘဲ ချူးယွင်ဖန်းလက်ထဲတွင်ပင် အသက်ပျောက်ခဲ့ရပြန်သည်။

ဤရန်ငြိုးမှာ ဘယ်သောအခါမှ ပြေအေးနိုင်စရာ မရှိတော့ပေ။

ပြင်းထန်လှသော လူသတ်လိုစိတ်များမှာ ချူးယွင်ဖန်းဆီသို့ ဝိုင်းရံ ကျရောက်လာသည်။ လူတိုင်းမှာ သောက်လက်စ ခွက်များကို ချကာ သူ့ကိုသာ စောင့်ကြည့်နေကြတော့သည်။

"ချူးယွင်ဖန်းမင်းက ငါတို့ရဲ့ တပည့်ကျော်တွေကို သတ်ရဲတယ်ပေါ့ ကြယ်ကြွေကောင်းကင်ဂိုဏ်း တပည့်ဖြစ်နေရုံနဲ့ မင်းကိုယ်မင်း သိပ်အဟုတ်ကြီး ထင်နေတာလား”

ထိုခဏတွင် အကြီးအကဲတစ်ဦးက ချူးယွင်ဖန်းမှာ တည်ငြိမ်နေပြီး သူတို့၏ အရှိန်အဝါကြောင့် တုန်လှုပ်ပုံမရသည်ကို တွေ့သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့ရဲ့ တပည့်ကျော် ဖြစ်နေတော့ရော ဘာဖြစ်လဲ" ချူးယွင်ဖန်းက လှောင်ပြုံးပြုံးလိုက်သည်။ "တန်စီယုက ငါ့ရဲ့ စေ့စပ်ထားသူဆိုတာ လူတိုင်းသိတယ်။ ငါ့မိန်းကလေးကို လုဖို့ကြိုးစားတဲ့ ရန်ငြိုးကတော့ ဘယ်လိုမှ မပြေနိုင်ဘူး။ ဒါကို သိရက်နဲ့ သူတို့က ငါနဲ့ ယှဉ်ချင်သေးတယ်ဆိုရင်တော့ သေထိုက်လို့ သေတာပဲ"

"မောက်မာလှချည်လား"

ဂိုဏ်းအသီးသီးမှ ဖန်ဆင်းရှင်အဆင့် အကြီးအကဲများသည် ထိုစကားကို ကြားသောအခါ မျက်နှာများ နီမြန်းကာ ဟိန်းဟောက်လိုက်ကြသည်။ ဤမျှ မောက်မာသော လူငယ်မျိုးကို သူတို့ တစ်ခါမျှ မတွေ့ဖူးချေ။ လူကိုလည်း သတ်သေးသည်၊ သေသွားသူကိုလည်း ထပ်မံ စော်ကားသေးသဖြင့် သူတို့မှာ သည်းမခံနိုင်တော့ပေ။

"ဟားဟားဟား မဆိုးဘူး၊ ကောင်းလိုက်တဲ့ စကား" ရုတ်တရက်ဆိုသလို လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ထရပ်လိုက်သည်။

"အဲဒီလူတွေ သေသွားတာဟာ နောင်တရနေစရာ မလိုပါဘူး။ မကျေနပ်ဘူးဆိုရင်လည်း ကြယ်ကြွေကောင်းကင်ဂိုဏ်းကို လာခဲ့ကြပေါ့"

ချူးယွင်ဖန်းသည် ထိုအဘိုးအိုကို ကြည့်လိုက်သည်။ တစ်ခါမျှ မတွေ့ဖူးသော်လည်း သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ တစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ သူ၏ အရှိန်အဝါမှာ လက်ရှိ ချူးယွင်ဖန်းထက်ပင် များစွာ သန်မာလှသည်။

လက်ရှိ ချူးယွင်ဖန်း၏ အစွမ်းမှာ ဖန်ဆင်းရှင် ပဥ္စမအဆင့်များကိုပင် ချေမှုန်းနိုင်စွမ်း ရှိသော်လည်း ဤအဘိုးအိုမှာ ထိုထက်ပင် သာလွန်နေသေးသည်။ သူသည် အကြီးအကဲများထဲမှ ထိပ်သီးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ ဖန်ဆင်းရှင်သတ္တမအဆင့်ထက် မနိမ့်ကျပေ။

ချူးယွင်ဖန်းက ထိုအဘိုးအိုကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

အဘိုးအိုက သူ့ကို ပြန်ပြုံးပြလိုက်၏။

"မင်းတို့ ဘာပဲတွေးတွေး ငါ ဂရုမစိုက်ဘူး။ ဒါက လူငယ်တွေအချင်းချင်း ကိစ္စပဲ၊ သူတို့ဘာသာ ရှင်းကြလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ လူကြီးတွေကပါ ကြားဝင်နှောင့်ယှက်ချင်တယ်ဆိုရင်တော့ ဒါဟာ အတော့်ကို လွန်လွန်းသွားပြီ"

"ကြယ်ကြွေကောင်းကင်က လက်ဖျံကို ကျော်ပြီး လောက်တက်နေတာပဲ။ တရှမှာ မင်းတို့ လက်ဝါးကြီးအုပ်နိုင်ချင် နိုင်လိမ့်မယ်၊ ဒါပေမဲ့ ဒါက အရှေ့ပင်လယ်ကွ။ ငါတို့ကိစ္စကိုပါ လာစွက်ဖက်ချင်တာလား”

ရုတ်တရက် နတ်ဆိုးအရိပ်တစ်ခု လျှပ်စီးအလား ပြေးထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ချူးယွင်ဖန်း၏ ရှေ့သို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ် နတ်ဆိုးလက်သည်းကြီးများဖြင့် သူ့ကို လှမ်းဖမ်းလိုက်တော့သည်။

ဖန်ဆင်းရှင် တတိယအဆင့်

၎င်း၏ ကျင့်ကြံမှုမှာ အနည်းဆုံး ဖန်ဆင်းရှင် တတိယအဆင့်ရှိသည်။ မီးတောက်သခင်လေးနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံး နှစ်ဆခန့် ပို၍ သန်မာကာ တကယ့် ထိပ်သီးကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။

"မင်း သေချင်နေတာပဲ" ဖြူဖွေးသော ဝတ်စုံနှင့် အဘိုးအို ဒေါသထွက်သွားသည်။ ဤသူသည် လူရှေ့တွင် သူ့ကို ရန်စနေရုံမျှမက သူ၏ မျက်နှာကိုပါ ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူ ကူညီရန် ပြင်လိုက်ချိန်တွင် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ မသိလိုက်မီမှာပင် အစွမ်းထက်သော အရှိန်အဝါများစွာက သူ့ကို ပိတ်ဆို့ထားလိုက်ကြောင်း သိလိုက်ရသည်။ ထိုအရှိန်အဝါ ပိုင်ရှင်များမှာ သူနှင့် အဆင့်တူ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့အားလုံး ပူးပေါင်းကာ သူ့ကို လှုပ်ရှားမရအောင် တံတိုင်းကြီးတစ်ခုအလား ပိတ်ဆို့လိုက်ကြခြင်း ဖြစ်သည်။

ထင်ရှားသည်မှာ ဤနတ်ဆိုးရိပ်ကို အသုံးချကာ ချူးယွင်ဖန်းကို ဖယ်ရှားပစ်ချင်သူမှာ တစ်ဦးနှစ်ဦးတည်း မဟုတ်ပေ။ သူတို့အားလုံးသည် အဘိုးအို ကြားဝင်မကူနိုင်အောင် တိတ်တဆိတ် သဘောတူညီမှု ရယူထားကြခြင်း ဖြစ်သည်။

ခဏမျှ ပေါ့ဆသွားချိန်မှာပင် ထိုနတ်ဆိုးရိပ်က ချူးယွင်ဖန်း၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုအရိပ်အတွင်းမှ ရက်စက်သော အပြုံးတစ်ခုကိုပင် မြင်နေရသည်။ ထိုသူသည် မိမိ၏ အစွမ်းအပေါ် အလွန် ယုံကြည်မှု ရှိနေပုံရသည်။

ဖန်ဆင်းရင်များကြား၌ အဆင့်နိမ့်သည်ဟု ဆိုနိုင်သော်လည်း ယခုမှ ကြီးပြင်းလာစ ပါရမီရှင်များကို နှိမ်နင်းရန်မှာမူ သူ့အတွက် မခက်ခဲလှပေ။ ပါရမီရှင်စာရင်းမှ သာမန်လူငယ်များမှာ သူ့အတွက် ပြိုင်ဘက် မဟုတ်ကြပေ။

နတ်ဆိုးလက်သည်းကြီးက သူ့ကို သတ်ဖြတ်ရန် လက်မအနည်းငယ်အလိုတွင်မှ ချူးယွင်ဖန်းလှုပ်ရှားလိုက်သည်။ သူသည် ဟင်းလင်းပြင်ကို အေးဆေးစွာပင် ဆွဲဖြဲလိုက်ရာ သူ၏ လက်ချောင်းထိပ်များမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းမှာ ရွှေရောင်လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနတ်ဆိုးရိပ်ကို ဖမ်းချုပ်ကာ အားပြင်းပြင်းဖြင့် ဆွဲဖဲ့လိုက်တော့သည်။

*ဗြိ*

ထိုအရိပ်မှာ တုံ့ပြန်ရန် သို့မဟုတ် တိုက်ခိုက်ရန်ပင် အချိန်မရလိုက်ဘဲ လေထဲမှာပင် နှစ်ပိုင်း ပြတ်သွားတော့သည်။ သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီးနောက် ထိုခန္ဓာကိုယ် အစိတ်အပိုင်းများကို ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ဖမ်းယူကာ ချူးယွင်ဖန်း၏ တောင်မြစ်ပန်းချီကားထဲသို့ ချက်ချင်းပင် သိမ်းဆည်းလိုက်လေသည်။

တစ်ကွင်းလုံး သုဿန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ အရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ကူညီရန် ပြင်နေသော ဖြူဖွေးသောဝတ်စုံနှင့် အဘိုးအိုပင်လျှင် ကြောင်အမ်းကာ ကျန်ရစ်ခဲ့တော့သည်။

သူက ချူးယွင်ဖန်းအနေဖြင့် အသက်ရှူအကြိမ်အနည်းငယ်ခန့် တောင့်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့မှသာ သူက ကူညီနိုင်မည် မဟုတ်ပါလော။ သို့သော် နောက်တစ်စက္ကန့်တွင် ချူးယွင်ဖန်းက ရန်သူကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

--

All Chapters