← Chapters

အခန်း ၁၉၆၄

Vol. 131 Ch. 1964

အခန်း ၁၉၆၄

Vol. 131 Ch. 1964

အခန်း(၁၉၆၄) ငရဲကိုသာသွားလိုက်တော့ ကန်စွန်းဥနတ်ဆိုး

ထိုခဏတွင် ပုံရိပ်တစ်ခုသည် ကွင်းပြင်ထဲသို့ တိုက်ရိုက် ခုန်ဝင်လာခဲ့သည်။

ချူးယွင်ဖန်းလှမ်းကြည့်လိုက်သောအခါ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင်များ ရှိသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

"ဒီ ကန်စွန်းဥနတ်ဆိုးက ဘယ်ကနေ ထွက်လာတာလဲ”

ချူးယွင်ဖန်း၏ စကားကြောင့် ထိုလူငယ်မှာ သွေးအန်မတတ် ဖြစ်သွားရသည်။

ကန်စွန်းဥနတ်ဆိုးဟုတ်လား

ချူးယွင်ဖန်း၏ မမျှော်လင့်ထားသော စကားကြောင့် လူတိုင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသူများပင်လျှင် ဤစကားကို ကြားသောအခါ ရယ်မိသွားကြသည်။

လူငယ်မှာလည်း ကြောင်အမ်းသွားပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"တောက်... ချူးယွင်ဖန်းမင်းက ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့"

ယခင်က မည်သူမျှ သူ့ကို ကန်စွန်းဥဟု မခေါ်ဝံ့ခဲ့ကြပေ။ သူသည် မွေးရာပါ ဤသို့ဖြစ်နေခြင်း မဟုတ်ဘဲ သူကျင့်ကြံသော ပညာရပ်ကြောင့် ဤအသွင် ဖြစ်နေခြင်း ဖြစ်သည်။ အရောင်မှာ ပို၍ ရင့်လေလေ သူ၏ ကျင့်ကြံမှုမှာ ပို၍ နက်ရှိုင်းလေလေ ဖြစ်သည်။

"ဟားဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်။ အဆိပ်တစ်ထောင်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ချန်ရွေ့ကို ကန်စွန်းဥနတ်ဆိုးလို့ ခေါ်လိုက်တာပဲ”

"ဟားဟား... ငါမှတ်မိသလောက်ဆိုရင် ဒါက သူတို့ဂိုဏ်းရဲ့ အဆင့်မြင့်ပညာရပ်ဖြစ်တဲ့ 'အဆိပ်တစ်ထောင် ကောင်းကင်ဖျက်ဆီးခြင်းပညာ' ကြောင့် ဖြစ်လာတဲ့ ရုပ်သွင်ပဲ။ ဒါဆိုရင် အဆိပ်တစ်ထောင်ဂိုဏ်းက လူတွေအားလုံးဟာ ကန်စွန်းဥတွေပေါ့ ဟုတ်လား”

"ဟားဟား... အခုဆိုရင် တစ်ဂိုဏ်းလုံး ဒေါသထွက်ပြီး ရူးသွားလောက်ပြီ ထင်တယ်”

ချူးယွင်ဖန်းက ချန်ရွေ့ကို လက်ညှိုးထိုးကာ ပြောသည်။

"မင်းကို လှောင်တော့ရော ဘာဖြစ်လဲ ဒီလိုရုပ်နဲ့ ထွက်လာရဲသေးတယ် ကန်စွန်းဥကောင်ရဲ့ ငါ့ကို မလေးစားဘူးဆိုရင်တော့ မင်းကို သေအောင် ရိုက်သတ်ရမှာပဲ"

ချက်ချင်းပင် ချူးယွင်ဖန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ချန်ရွေ့ကို ဖုံးလွှမ်းသွားသည်။ ထိုအရှိန်အဝါကြောင့် ရောက်ရှိနေသော စကြဝဠာအဆင့်ရှိသူများမှာ ပြင်းထန်သော ဖိအားကို ခံစားရပြီး သွေးအန်မတတ် ဖြစ်သွားကြရသည်။

"ငါ့ကို သတ်မလို့ဟုတ်လား မင်းကလား" ချန်ရွေ့ ဒေါသထွက်သွားသည်။

ရုတ်တရက်ဆိုသကဲ့သို့ ကွင်းပြင်တစ်ခုလုံး အမည်းရောင် အဆိပ်မြူများဖြင့် ပြည့်နှက်သွားသည်။ ထိုမြူများမှာ မည်သည့်အချိန်က ပေါ်လာသည်မသိဘဲ အလွန်လျှင်မြန်သော အရှိန်ဖြင့် နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။

မွေးနေ့ပွဲ တက်ရောက်လာသူ အများအပြားမှာ မိမိတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ် အလွှာများကို ဗီဇအရ ချက်ချင်း တည်ဆောက်လိုက်ကြသည်။ အဆိပ်တစ်ထောင်ဂိုဏ်း၏ အဆိပ်ပညာမှာ ကျင့်ကြံခြင်းလောကတွင် အလွန် နာမည်ဆိုးဖြင့် ကျော်ကြားလှသဖြင့် မည်သည့်ဂိုဏ်းမျှ သူတို့ကို မရင်ဆိုင်လိုကြပေ။

အမှန်တကယ်တွင်မူ အဆိပ်တစ်ထောင်ဂိုဏ်းသည် ရန်သူများ မသိလိုက်မီမှာပင် အဆိပ်ခတ်ပြီး ဖြစ်တတ်သည်။ သူတို့ထက် သန်မာသော ကျွမ်းကျင်သူ အများအပြားပင်လျှင် သူတို့လက်ထဲတွင် အသက်ပျောက်ခဲ့ဖူးသည်။

သို့သော် ထိုအဆိပ်မြူများမှာ ဟင်းလင်းပြင်ခွဲအတွင်းမှ ထွက်ပေါ်မလာနိုင်ဘဲ မမြင်ရသော အကာအကွယ်တစ်ခုဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ထိုအရာမှာ မင်းသမီးကြီး၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသောအခါမှ လူတိုင်း သက်ပြင်းချနိုင်တော့သည်။

ထိုအချိန်တွင် လူတိုင်း၏ အာရုံမှာ ချူးယွင်ဖန်းဆီသို့ ရောက်ရှိသွားသည်။

အဆိပ်မြူများကြားမှ ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ဝေ့ဝဲထွက်ပေါ်လာပြီး မြူလွှာများကို ဖြတ်တောက်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုအဆိပ်မြူများသည် ချူးယွင်ဖန်းအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေဘဲ သူ၏ ခန္ဓာကိုယ်ထဲသို့ပင် မဝင်ရောက်နိုင်ချေ။ တောင်တစ်လုံးကိုပင် အရည်ပျော်စေနိုင်သော အဆိပ်မြူများမှာ ချူးယွင်ဖန်းရှေ့တွင် အသုံးမဝင် ဖြစ်နေသည်။

"အဆိပ်တစ်ထောင်ဂိုဏ်းမှာ ဒီလောက်ပဲ ရှိတာလား" ချူးယွင်ဖန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ မျက်လုံးများမှာ အေးစက်နေပြီး ချန်‌ရွေ့ကို စိုက်ကြည့်ကာ ဆက်ပြော၏။

“ဒီနေ့တော့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး ကန်စွန်းဥကောင်”

ချန်ရွေ့မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေကာ "အဆိပ်တစ်ထောင် တစ္ဆေလက်သည်း" ဟု အော်ဟစ်ကာ တိုက်ခိုက်လိုက်သည်။

ကောင်းကင်ယံတွင် အဆိပ်မြူများ စုစည်းကာ ကြီးမားလှသော လက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူးယွင်ဖန်းဆီသို့ ဦးတည် ဆင်းသက်လာသည်။

"တကယ့်ကို အစွမ်းထက်တဲ့ တိုက်ကွက်ပဲ။ ဒီပညာကို ဒီလောက်အထိ ကျင့်ကြံနိုင်တာကြည့်ရင် ချန်ရွေ့ရဲ့ အစွမ်းဟာ အနည်းဆုံးဖန်ဆင်းရှင် ဒုတိယအဆင့် ရှိလိမ့်မယ်"

"ဟုတ်တယ်... ချန်ရွေ့က ပါရမီရှင်စာရင်းဝင်ဖို့ အရည်အချင်းရှိတဲ့သူပဲ။ ချူးယွင်ဖန်းရဲ့ နောက်မှာ ရှိနေပေမဲ့ သူတို့ကြားက ကွာခြားချက်က သိပ်မကြီးဘူး"

လူအများမှာ ချန်ရွေ့သည် ပါရမီရှင်စာရင်းတွင် အဆင့် ၇၈ ရှိသူဖြစ်သဖြင့် အဆင့် ၅၀ ရှိသော ချူးယွင်ဖန်းနှင့် အလွန်အမင်း ကွာခြားလိမ့်မည်မဟုတ်ဟု ယူဆထားကြသည်။

"ဒါက ဘာအမှိုက်လဲ"

ချူးယွင်ဖန်းက အေးဆေးစွာပင် လက်ညှိုးညွှန်လိုက်ရာ သူ၏ လက်ထိပ်မှ ထိတ်လန့်ဖွယ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လျှပ်စီးစွမ်းအင်များ ပတ်ရစ်နေသော ထိုဓားအလင်းမှာ အဆိပ်တစ်ထောင် တစ္ဆေလက်သည်းဆီသို့ တိုးဝင်သွားတော့သည်။

လျှပ်စီးစွမ်းအင်ပါသော ဓားအလင်းမှာ ကောင်းကင်ကို ခွဲထုတ်ကာ လက်သည်းကြီးထဲသို့ ပေါက်ကွဲဝင်ရောက်သွားသည်။ ထိုကြီးမားလှသော လက်သည်းကြီးမှာ ဓားအလင်း၏ ပြိုင်ဘက် မဟုတ်ပေ။ ၎င်းမှာ သူ၏ ကံကြမ္မာရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ ဓားအလင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အဆိပ်မြူများမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားရသည်။

အားလုံး၏ မျက်စိရှေ့မှာပင် အဆိပ်လက်သည်းကြီးမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး အဆိပ်အလင်းတန်းများအဖြစ် ဖရိုဖရဲ ဖြစ်သွားတော့သည်။ တစ်ဖက်တွင်မူ ဓားအလင်းမှာ အရှိန်မပျက်ဘဲ ချန်ရွေ့ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

*ဝုန်း*

ပြင်းထန်သော ပေါက်ကွဲမှုကြီးနှင့်အတူ အရာအားလုံးကို ဝါးမြိုသွားပြီး ကွင်းပြင်၏ မာကျောသော မြေပြင်ပေါ်တွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ချန်ရွေ့၏ ပုံရိပ်ကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ တစ်စက္ကန့်အတွင်းမှာပင် ချန်ရွေ့က ဝါးမြိုခံလိုက်ရပြီး အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ကွင်းလုံး သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွားတော့သည်။

ချူးယွင်ဖန်းသည် မီးတောက်နီဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲကို သတ်ဖြတ်ခဲ့စဉ်ကပင် ဤမျှလောက် မလှုပ်ခတ်ခဲ့ပေ။ ထိုစဉ်က ရန်သူမှာ မည်သူမှန်း အတိအကျ မသိကြသော်လည်း ယခုမူ ပါရမီရှင်စာရင်းဝင် တစ်ဦး မျက်စိရှေ့တွင်ပင် ရိုက်သတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။

"ဒါ... ဒါက..." အချို့မှာ ကြောင်အမ်းသွားပြီး စကားပင် မဆုံးနိုင်ကြတော့ပေ။

"ဒါ မဖြစ်နိုင်ဘူး။ ချူးယွင်ဖန်းရဲ့ အဆင့်က ပိုမြင့်တယ်ဆိုရင်တောင် ချန်ရွေ့က ဒီလောက်အလွယ်တကူ ရှုံးနိမ့်စရာ မရှိဘူး"

"ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်မှုပဲ။ ဒါပေမဲ့ ပိုပြီး ထိတ်လန့်စရာကောင်းတာက ချူးယွင်ဖန်းဟာ သူ၏ အစွမ်းအကုန်ကိုတောင် မသုံးရသေးတာပဲ"

"သူက အရမ်းသန်မာတာပဲ။ ဘာလို့ အရင်ဆုံး တက်ရဲတာလဲဆိုတာ အခုမှ သိတော့တယ်။ ဒါက မောက်မာတာ မဟုတ်ဘူး၊ သူ့မှာ တကယ် အစွမ်းရှိလို့ပဲ”

"ငါတို့ သူ့ကို ဘယ်လိုများ နိုင်အောင် တိုက်ရမှာလဲ”

လူအများမှာ တီးတိုး ဝေဖန်ဆွေးနွေးနေကြတော့သည်။

--

All Chapters