အခန်း (၃၀၉-၃၁၀)
Vol. 23 Ch. 309-310
အပိုင်း(၃၀၉)
"ဆိုတော့ ငါသာ ရှုံးသွားရင် အရိုးဖြူသခင်မနဲ့ မာဂျောင် သုံးနှစ်တိတိ ဆက်ကစားပေးရမယ်ပေါ့..."
ထိုကဲ့သို့ သုံးနှစ်ခန့် အချိန်ဖြုန်းရမည်ဆိုလျှင် အကောင်းဆုံးဖြစ်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဝူကျွမ်းကျောင်းတော်တွင် ကွမ်းယင်သည် အချိန်အကန့်အသတ်တစ်ခုအထိသာ သည်းခံနိုင်မည်ဖြစ်ရာ အရိုးဖြူသခင်မနှင့် သုံးနှစ်တိုင်တိုင် မာဂျောင်ကစားနေရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်းလျိုသည် ဆွဲဆောင်မှုရှိသော ထိုအတွေးကို ဖယ်ရှားလိုက်ပြီး ခေါင်းကိုသာ တိတ်တဆိတ် ခါယမ်းလိုက်လေသည်။
ထို့အပြင် တောင်ခြေရှိ အဘွားအိုအား သူမ၏ ခင်ပွန်းနှင့် မြေးမလေးကို ပြန်ခေါ်လာပေးမည်ဟု ကတိပေးထားခဲ့ပြီးဖြစ်ရာ အချိန်ဆွဲလိုရုံသက်သက်ဖြင့် ထိုကတိကို လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
မိမိ၏ စွမ်းအားကို မြှင့်တင်ရန်နှင့် အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ရန်မှာ ကျန်းလျို၏ မူဝါဒဖြစ်သော်လည်း မရှိမဖြစ်လိုအပ်သော စည်းမျဉ်းတစ်ခုတော့ ရှိရန် လိုအပ်ပေသည်။
အနည်းဆုံးတော့ သူပေးထားခဲ့သော ကတိများကို တည်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။
"ဆရာတော်လေး… ရှင်တို့ထဲက ဘယ်နှစ်ယောက် စားပွဲဝိုင်းမှာ ထိုင်မှာလဲ..."
အရိုးဖြူသခင်မသည် လေးထောင့်စားပွဲတစ်လုံးကို ကမန်းကတန်း ယူဆောင်လာစေပြီး ကျန်းလျိုအား စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
"အာ… ငါတို့ ထမင်းစားလို့ မပြီးသေးဘူးလေ..."
စားသောက်ပွဲကို တစ်ချက်ကြည့်လိုက်ရာ အခုမှ စတင်ရုံသာ ရှိသေးသည် မဟုတ်ပါလော။ မာဂျောင်ကစားမည့်အကြောင်း ပြောလိုက်သည်နှင့် အရိုးဖြူသခင်မသည် မစောင့်နိုင်တော့ဘဲ ချက်ချင်းစတင်ချင်နေပုံရသဖြင့် ကျန်းလျို၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
"အို ဟုတ်သားပဲ… ဒါဆိုရင် အရင်စားကြတာပေါ့..."
ကျန်းလျို၏စကားကို ကြားသောအခါ အရိုးဖြူသခင်မသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။
သူမကိုယ်တိုင်လည်း လောလွန်းသွားမှန်း သိလိုက်ရသဖြင့် ပြန်ထိုင်လိုက်ရာ စားသောက်ပွဲသည် အပြန်အလှန် ခွက်ချင်းတိုက်ကာ သောက်ကြစားကြဖြင့် အလွန်ရင်းနှီးဖော်ရွေသော အသွင်ဆောင်သွားလေသည်။
ထိုစားသောက်ပွဲအတွင်း အရိုးဖြူသခင်မသည် သူမဘေးရှိ အစေခံမလေးတစ်ဦးအား မာဂျောင်ကစားနည်း စည်းမျဉ်းများကို အသေးစိတ် ရှင်းပြရန် အခွင့်အရေး ယူလိုက်လေသည်။
စားသောက်ပွဲမှာ နှစ်နာရီကြာမျှ ကြာမြင့်ပြီးနောက်မှသာ အဆုံးသတ်သွားလေသည်။
အားလုံး စားသောက်ပြီးကြသောအခါ အရိုးဖြူသခင်မသည် မိစ္ဆာငယ်လေးများအား အမြန်ရှင်းလင်းစေလိုက်ပြီးနောက် သူမနှင့် အစေခံမလေးတို့သည် လေးထောင့်စားပွဲ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြလေသည်။
ကျန်းလျိုကလည်း ကျူးပါကျဲကို ခေါ်ကာ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ မာဂျောင်ကစားသည့်နေရာတွင် ကျူးပါကျဲ၏ လောင်းကစားကံမှာ လူသားပုံစံ ဖန်တီးထားသော လိမ်လည်မှုစနစ်တစ်ခုအလားပင် ဖြစ်သည်။ သူသည် လအနည်းငယ်ကြာ ကစားလာခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မရှုံးဖူးပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ အနိုင်ရသည့် ပမာဏ နည်းခြင်းနှင့် များခြင်းသာ ဖြစ်လေသည်။
"ဟွန့်… ဒီဝက်သေကြီး… အရင်က ခံခဲ့ရတဲ့ အရှက်ကွဲမှုတွေအတွက် ဒီနေ့ ငါကလဲ့စားချေပစ်မယ်..."
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျူးပါကျဲကို ကြည့်ကာ အရိုးဖြူသခင်မသည် ကလဲ့စားချေရန် မစောင့်နိုင်တော့ဘဲ ပြောလိုက်လေသည်။
"အိုး…ကျေးဇူးပါပဲကွာ..."
အရိုးဖြူသခင်မ၏ စကားကို တုံ့ပြန်သည့်အနေဖြင့် ကျူးပါကျဲသည် လက်ကို မြှောက်ကာ သူ၏ဝက်နှာခေါင်းကို ကလော်လိုက်လေသည်။
"ကျေးဇူးတင်တယ်… ဘာအတွက် ကျေးဇူးတင်တာလဲ..."
ကျူးပါကျဲ၏ အဖြေကြောင့် အရိုးဖြူသခင်မ အနည်းငယ် ကြက်သေ သေသွားလေသည်။
"ဟီးဟီးဟီး… အချိန်တန်ရင် မင်းသိလာမှာပေါ့..."
သို့သော် ကျူးပါကျဲက ရယ်မောရုံသာ ရယ်မောလိုက်ပြီး ဆက်လက် ရှင်းပြလိုသည့်ပုံ မပေါ်ပေ။
"ဒီဝက်ခေါင်းကြီး… နှာခေါင်းသွားမကလော်နဲ့လေ… မဟုတ်ရင် နင်ကိုင်ထားတဲ့ ကြွေစေ့တွေကို မြင်ရတာ ငါရွံလွန်းလို့ အန်ချင်စိတ်ပေါက်လာလိမ့်မယ်..."
မာဂျောင်ကြွေစေ့များကို မွှေနှောက်လိုက်သည့် အသံက လေးထောင့်စားပွဲဝိုင်းပေါ်တွင် တင်းမာသော အခြေအနေတစ်ခုကို ဖန်တီးလိုက်လေသည်။
ကျန်းလျို၏ အမြင်တွင် ဤသည်မှာ မာဂျောင် စည်းမျဉ်းများကို သူစတင်ဖန်တီးခဲ့ချိန်မှစ၍ အကြီးမားဆုံးသော လောင်းကစားပွဲကြီး ဖြစ်နိုင်ပေသည်။ အလောင်းအစားမှာ ငွေဒင်္ဂါးများနှင့် အခြားသော စည်းစိမ်ဥစ္စာများ မဟုတ်ဘဲ လူ့အသက် နှစ်ချောင်းပင် ဖြစ်နေလေသည်။
ဒန်... ဒန်... ဒန်...
ဒန်... ဒန်... ဒန်...
အားလုံး မာဂျောင်ကြွေစေ့များကို စီစီရီရီ ပြင်ဆင်ပြီးစီးသွားကာ ဖဲများကို လက်ထဲ၌ ကိုင်ထားလိုက်ချိန်တွင် လေးနက်သော အခြေအနေကြောင့်လော မသိ ဂီတသံစဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
အကယ်၍ ဤနေရာတွင် ခေတ်သစ်လူသားများသာ ရှိနေပါက လောင်းကစားနတ်ဘုရား ဝင်ရောက်လာချိန်တိုင်း ဖွင့်လေ့ရှိသော "လောင်းကစားနတ်ဘုရား" ရုပ်ရှင်မှ ရင်းနှီးပြီးသား နောက်ခံတေးဂီတမှန်း သေချာပေါက် သိရှိသွားကြမည်သာ ဖြစ်လေသည်။
ထိုကဲ့သို့သော ဂီတသံစဉ်သည် တင်းမာပြီး လေးနက်သော လေထုနှင့် ပေါင်းစပ်သွားသောအခါ အလွန်ပင် လိုက်ဖက်ညီလှပေသည်။
"ဆရာတော်လေး… ရှင် ဘာတွေ ညည်းနေတာလဲ..."
ကြွေစေ့တစ်လုံး ဆွဲယူလိုက်သော အရိုးဖြူသခင်မသည် ကျန်းလျို ညည်းဆိုနေသည့် သံစဉ်ကြောင့် နားမလည်နိုင်ဖြစ်သွားကာ သူ့အား စပ်စုလိုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"အဟမ်း အဟမ်း… အခြေအနေက နည်းနည်းလေး လေးလံနေသလို ခံစားရလို့ ပေါ့ပါးသွားအောင် သီချင်းလေးတစ်ပုဒ် ညည်းလိုက်တာပါ... ဟဲ... ဟဲ..."
ကျန်းလျိုက အရိုးဖြူသခင်မ၏ မေးခွန်းကို ရယ်မောကာ ဖုံးကွယ်လိုက်လေသည်။
"ဒီသံစဉ်လေးက စိတ်ဝင်စားစရာကောင်းသားပဲ..."
အရိုးဖြူသခင်မက စဉ်းစားဟန်ပြုရင်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။
ထိုအချိန်တွင် အရိုးဖြူသခင်မသည် 'တစ်ဝမ်' ကြွေစေ့တစ်လုံးကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်လေသည်။
"စားမယ်..."
အရိုးဖြူသခင်မ၏ ကြွေစေ့သည် စားပွဲပေါ်သို့ ကျသွားသည်နှင့် တစ်ပြိုင်နက် သူမဘေးတွင် ထိုင်နေသော ကျူးပါကျဲက အော်ဟစ်လိုက်လေသည်။
ကျူးပါကျဲက သူမ ပစ်ချလိုက်သော ကြွေစေ့နှင့် တွဲဖက်ရန် 'နှစ်ဝမ်' နှင့် 'သုံးဝမ်' ကြွေစေ့တို့ကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ အရိုးဖြူသခင်မ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသော်လည်း မည်သို့မျှ မပြောခဲ့ပေ။
တစ်ပတ်လည်သွားပြီးနောက် အရိုးဖြူသခင်မသည် နောက်ထပ် 'တစ်ဝမ်' ကြွေစေ့ကို ဆွဲမိပြန်လေသည်။
ဤသည်က သူမ၏ မျက်မှောင်ကို ပြင်းထန်စွာ ကုတ်သွားစေသည်။ မာဂျောင်ကစားရာတွင် အလွန်တရာ စိတ်အနှောင့်အယှက်ဖြစ်ရဆုံး အရာမှာ အဘယ်နည်း။ မိမိကိုယ်တိုင် ပစ်ချလိုက်သည့် ကြွေစေ့မျိုးကိုမှ ထပ်ခါထပ်ခါ ပြန်ဆွဲမိနေခြင်းပင် ဖြစ်လေသည်။
"တစ်ဝမ်..."
အရိုးဖြူသခင်မသည် မကျေမချမ်းဖြင့် ထိုကြွေစေ့ကို စားပွဲပေါ်သို့ ရိုက်ချလိုက်လေသည်။
"ဟီးဟီးဟီး… ထပ်စားမယ်..."
အရိုးဖြူသခင်မ ကြွေစေ့ နောက်တစ်လုံး အချခံလိုက်ရသည်ကို ကြည့်ကာ ကျူးပါကျဲက ထပ်မံ ရယ်မောလိုက်ပြီး အံ့ဩစရာကောင်းစွာပင် နောက်ထပ် 'နှစ်ဝမ်' နှင့် 'သုံးဝမ်' ကြွေစေ့များကို တွန်းထုတ်လိုက်လေသည်။
"ဒီဝက်ခေါင်းကြီး… နင့်ဆီမှာ 'နှစ်ဝမ်' နဲ့ 'သုံးဝမ်' တစ်စုံ ရှိနေပြီးသားကို ငါ့ကြွေစေ့ကို စားဦးမလို့လား..."
ကျူးပါကျဲ၏ လုပ်ရပ်ကို ကြည့်ကာ အရိုးဖြူသခင်မသည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩသွားလေသည်။
"ဟီးဟီးဟီး… ဒါကြောင့်မို့လို့ ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့လို့ ပြောတာလေ..."
အရိုးဖြူသခင်မ၏ တုန်လှုပ်သွားသော မျက်နှာထားကို ကျူးပါကျဲက ဖြီးဖြီးကြီး ပြုံးပြကာ တုံ့ပြန်လိုက်လေသည်။
"ဒီဝက်မျက်နှာကြီးကို မြင်လေ ကြည့်မရလေပဲ..."
ကျူးပါကျဲ၏ အပြုံးကို မြင်လိုက်ရသောအခါ အရိုးဖြူသခင်မ၏ ရင်ထဲတွင် ဒေါသများ တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ကျူးပါကျဲ၏ အထက်ဘက်တွင် ထိုင်ရသောကြောင့် အရိုးဖြူသခင်မသည် အစပိုင်းတွင် သူမအတွက် ကလဲ့စားချေရန် အခွင့်အရေး ရောက်လာပြီဟု ခံစားခဲ့ရပြီး ဤဝက်ခေါင်းကြီးကို သေချာစောင့်ကြည့်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း ကစားပွဲ စတင်လာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေပြီဟု သူမ ခံစားလာရလေသည်။
"အရိုးဖြူ ဒကာမလေး… မင်း ဆွဲရမယ့် အလှည့်ရောက်ပြီလေ..."
အရိုးဖြူသခင်မ တစ်ယောက် အတွေးလွန်နေစဉ် အလှည့်တစ်ပတ် ပြန်လည်ရောက်ရှိလာသောကြောင့် ကျန်းလျိုက သူမအား သတိပေးလိုက်လေသည်။
"အို… ဟုတ်သားပဲ..."
သတိပြန်ဝင်လာသော အရိုးဖြူသခင်မသည် ခေါင်းညိတ်လိုက်ပြီးနောက် ကြွေစေ့တစ်လုံး ဆွဲရန် လက်လှမ်းလိုက်လေသည်။
သူမလက်ထဲရှိ ကြွေစေ့ကို ကြည့်လိုက်သောအခါ အရိုးဖြူသခင်မသည် ဒေါသထွက်လွန်းသဖြင့် စားပွဲကိုပါ မှောက်လှန်ပစ်ချင်စိတ် ပေါက်သွားလေသည်။ ၎င်းမှာ နောက်ထပ် 'တစ်ဘမ်း' ကြွေစေ့ ဖြစ်နေသောကြောင့်ပင်တည်း…
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ… ဒီလိုမျိုးရော ကစားလို့ ရလို့လား..."
စိတ်ပျက်ဒေါသထွက်စွာဖြင့် အရိုးဖြူသခင်မသည် ထိုမာဂျောင်ကြွေစေ့ကို ကျောက်စားပွဲပေါ်သို့ ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်လေသည်။
ထို့နောက် သူမသည် မျက်လုံးများကို ပြူးကျယ်စွာ စိုက်ကြည့်ကာ
"အခု သုံးလုံးမြောက် 'တစ်ဘမ်း' လာပြီ… နင် သတ္တိရှိရင် ဒါကို ထပ်စားကြည့်စမ်းပါလား..."
ကျူးပါကျဲထံ အကြည့်တို့ကို ရပ်တန့်လိုက်ရင်းပြောလိုက်လေသည်။
"အို… မင်းက ဒီလောက်တောင် စေတနာအပြည့်နဲ့ တောင်းဆိုနေမှတော့… ငါကလည်း သဘောထားကြီးကြီးနဲ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ့မယ်..."
ကျူးပါကျဲသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏လက်ထဲမှ ကြွေစေ့နှစ်လုံးကို ရှေ့သို့ တွန်းထုတ်လိုက်လေသည်။ ထိုကြွေစေ့များမှာ အခြားမဟုတ်ဘဲ 'နှစ်ဘမ်း' နှင့် 'သုံးဘမ်း' ပင် ဖြစ်နေလေတော့သည်။
"နင်... နင့်ဆီမှာ 'နှစ်ဘမ်း' နဲ့ 'သုံးဘမ်း' သုံးစုံတောင် ရှိနေတာတောင်… ငါ့ကြွေစေ့ကို စားဦးမလို့လား..."
အရိုးဖြူသခင်မ၏ လောကကြီးမှာ လည်ထွက်သွားသလို ခံစားလိုက်ရပြီး သူမ၏ လောကအမြင်တစ်ခုလုံး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
"မကောင်းဘူးလား… ကြည့်ရတာ အတော်လေး အရသာရှိမယ့်ပုံပဲလေ… ဒါကြောင့် အခု ငါ စားပစ်လိုက်ပြီ… မင်းက 'တစ်ဘမ်း' ကိုပဲ အာရုံစိုက်ပြီး ပစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးလေ… တကယ်တော့ အဲဒါအပြင် ငါက 'လေးဘမ်း' ကိုလည်း စားလို့ရသေးတယ် မဟုတ်လား..."
ကျူးပါကျဲက ဝမ်းသာအားရဖြင့် ဖြီးဖြီးကြီး ပြုံးကာ ပြောလိုက်လေသည်။
ရုတ်တရက်ဆိုသလိုပင် အရိုးဖြူသခင်မသည် ယနေ့အတွက် သူမ၏ ကလဲ့စားချေလိုသော စိတ်ပိုင်းဖြတ်မှုမှာ အနည်းငယ် ကလေးဆန်နေသလားဟု ခံစားလိုက်ရလေသည်။
***
အပိုင်း(၃၁၀)
ဤကစားပွဲ စတင်လာပုံက အရိုးဖြူသခင်မအား ပြီးခဲ့သည့်ညက တစ်ညလုံး မာဂျောင်ကစားခဲ့စဉ်က သူမကြုံတွေ့ခဲ့ရသော လွှမ်းမိုးချုပ်ကိုင်ခံရမှုများကို ပြန်လည်သတိရသွားစေလေသည်။
အရိုးဖြူသခင်မ၏ အမူအရာကို အကဲခတ်မိသောအခါ ကျန်းလျို၏ နှုတ်ခမ်းထောင့်စွန်းတို့သည် မသိမသာ ကွေးတက်သွားကာ ပြုံးစိစိ ဖြစ်သွားလေသည်။
မနေ့က တစ်ညတာ မာဂျောင်ကစားခဲ့ရုံမျှဖြင့် သူမက ကျူးပါကျဲကို ကံကောင်းခြင်း၏ သင်္ကေတတစ်ခု အဖြစ်သာ ရှုမြင်ခဲ့သော်လည်း ကျူးပါကျဲသည် လောင်းကစားနတ်ဘုရား ဝင်စားသည့်အလား လူသားပုံစံ လိမ်လည်မှုစနစ်တစ်ခုဆိုသည်ကို သူမ လုံးဝ သိမထားခဲ့ပေ။
သူမကိုယ်တိုင်က မာဂျောင်ကစားပြီး အရှုံးအနိုင် အဆုံးအဖြတ်ပေးရန် အထူးတလည် အကြံပြုခဲ့ခြင်းဖြစ်ရာ ယင်းမှာ အဘိုးအိုနှင့် မိန်းကလေးတို့ကို အလကားပေးလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
"သူက ရှုံးဖို့ ကံပါလာပြီးသားပဲ… အဲဒီနောက်မှာ သူမ ဘယ်လို တုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ရုံပဲ..."
ကျန်းလျိုသည် အပေါ်ယံတွင် မည်သည့်မျက်နှာအမူအရာမှ မပြသသော်လည်း စိတ်ထဲတွင်မူ တွက်ချက်နေလေသည်။
အရိုးဖြူသခင်မသည် သူတို့အထဲ၌ ရှားဝူကျင်းကသာ အစွမ်းအထက်ဆုံးဟု ထင်နေပုံရသည်။ ရှားဝူကျင်းမှာ သူမ၏ စွမ်းရည်ထက် အားနည်းကြောင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် အကယ်၍ ကစားပွဲ ရှုံးသွားပါက အရိုးဖြူသခင်မသည် ဒေါသထွက်ပြီး သူမ၏ ကတိကို ဖျက်ကောင်းဖျက်နိုင်သည်။ ထိုမှတစ်ဆင့် ပဋိပက္ခတစ်ခုဆီသို့ ဦးတည်သွားနိုင်ခြေ ရှိလေသည်။
ထိုသို့ဆိုလျှင် သူသည် တာဝန်ကို ပြီးမြောက်နိုင်ရုံသာမက အရိုးဖြူသခင်မကိုပါ သတ်ဖြတ်ပြီး အတွေ့အကြုံမှတ်များ ရယူကာ လက်နက်ကိရိယာနှင့် ပစ္စည်းများကိုပါ သိမ်းပိုက်နိုင်မည် မဟုတ်ပါလော။
သို့သော်လည်း ရှုံးနိမ့်ပြီးနောက်တွင် သူမက အရှုံးကို သဘောထားကြီးကြီးဖြင့် လက်ခံခဲ့လျှင်ကော။ ထိုသို့ဆိုပါက ကျန်းလျိုအနေဖြင့် သူမအပေါ် အရေးယူဆောင်ရွက်ရန် ကိုယ်ကျင့်တရားအရ ခက်ခဲသွားမည်သာ ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် မိစ္ဆာများက သူ့အပေါ် ပေါ်ပေါ်ထင်ထင် မကောင်းကြံမှုများ မပြသသရွေ့ ကျန်းလျိုသည် ၎င်းတို့အား အရင်စတင် တိုက်ခိုက်လေ့ အလွန်နည်းပါးပေသည်။
အရိုးဖြူသခင်မသည် မွေးရာပါ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး လူမည်မျှကို စားသုံးခဲ့ပြီးပြီမှန်း မသိရသဖြင့် လူသားတို့အပေါ် ကျူးလွန်သည့် အပြစ်တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိသော်လည်း သူမ စောစောက ပြောခဲ့သော စကားများမှာလည်း လုံးဝ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။
လူသားတို့က တိရစ္ဆာန်များကို စားသုံးခြင်းမှာ သဘာဝတရား၏ အခွင့်အရေးတစ်ခုကဲ့သို့ ဖြစ်နေလျှင် တိရစ္ဆာန်များက မိစ္ဆာများအဖြစ် ကျင့်ကြံအောင်မြင်လာပြီး လူသားများကို ပြန်လည်စားသုံးသည့်အခါ ယင်းက သဘာဝတရား၏ သံသရာလည်ခြင်းသက်သက်မျှသာ မဟုတ်ပါလော။
ထို့အပြင်... ကျူးပါကျဲ ပထမဆုံးအကြိမ် ပေါ်လာစဉ်ကလည်း သူ့ကို စားပစ်ရန် ရည်ရွယ်ခဲ့သည် မဟုတ်ပါလော။ အသေးစိတ် မဆွေးနွေးလိုသော်လည်း ကျူးပါကျဲသည် ဝက်မိစ္ဆာအဖြစ် နေထိုင်ခဲ့ရသော နေ့ရက်များအတွင်း လူမနည်းမနောကို စားသုံးခဲ့ဖူးမည်ဟု ကျန်းလျို ယုံကြည်ထားလေသည်။
အလားတူပင် ရှားဝူကျင်းသည် ကွမ်းယင်၏ တရားပြသခြင်းကို မခံရမီကပင် လူမြောက်မြားစွာကို စားသုံးခဲ့ဖူးပေသည်။ ယခင် ဘဝဆက်တိုက်က ကျမ်းစာပင့်ဆောင်သူ ကိုးဦးကိုပင် သူစားသုံးခဲ့သည်ဟု ဆိုကြလေသည်။
မူရင်းဇာတ်လမ်းထဲတွင် ရှားဝူကျင်းက ကျမ်းစာပင့်ဆောင်သူ ကိုးဦးကို စားခဲ့ကြောင်း ဝန်ခံထားပြီး ၎င်းတို့၏ ဦးခေါင်းခွံများဖြင့် ဆွဲကြိုးတစ်ကုံး ပြုလုပ်ကာ လည်ပင်းတွင်ပင် ဆွဲထားခဲ့သေးသည်။
ထိုအရာများထက် ပို၍ အရေးကြီးသောအချက်မှာ... အရိုးဖြူသခင်မ၏ စကားများအရ သူမသည် နတ်ဘုရားများနှင့် ဘုရားရှင်များအပေါ် အလွန်အမင်း မကျေမနပ်ဖြစ်နေပုံရပြီး ထိုပုဂ္ဂိုလ်များကိုယ်တိုင် ကောင်းကင်ဘုံ ဥပဒေသကို လိုက်နာကျင့်သုံးပါသည်ဟု ကြွေးကြော်နေခြင်းမှာ သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်ဟု မထီမဲ့မြင် သဘောထားနေခြင်းပင် ဖြစ်သည်။
ကျန်းလျို၏ အမြင်တွင်မူ သူမသည် သူ စည်းရုံးသိမ်းသွင်း၍ ရနိုင်မည့်သူတစ်ဦး မဟုတ်ပါလော။
အနာဂတ်တွင် သူသည် နတ်ဘုရားများနှင့် ဗုဒ္ဓများကို ဆန့်ကျင်ရန် ကံပါလာပြီးသားဖြစ်ရာ ထိုအချိန်ရောက်လျှင် နတ်ဗြဟ္မာများအပေါ် သူနှင့်တူညီသော မကျေနပ်ချက်များရှိသည့် မိစ္ဆာများ၏ အထောက်အပံ့ကို သေချာပေါက် လိုအပ်လာမည်သာ ဖြစ်သည်။
ကျန်းလျို၏ စိတ်တွင်း အတွေးများ မည်သို့ပင်ရှိစေကာမူ မာဂျောင်ကစားပွဲကတော့ ဆက်လက် လည်ပတ်နေဆဲပင် ဖြစ်လေသည်။
ကျူးပါကျဲ၏ လိမ်လည်မှုစနစ်တစ်ခုကဲ့သို့သော တည်ရှိမှုကို အသားကျနေပြီဖြစ်သည့် ကျန်းလျိုအတွက်မူ ကစားပွဲက ခံသာသေးသော်လည်း အရိုးဖြူသခင်မမှာမူ ဆွံ့အလျက် ရှိနေလေသည်။
သူမ မည်သည့်ကြွေစေ့ကို ပစ်လိုက်သည်ဖြစ်စေ ထိုကျိန်စာသင့်နေသော ဝက်ကြီးက အမြဲတမ်း စားပစ်နိုင်စွမ်း ရှိနေပုံရလေသည်။
ဤခံစားချက်က အရိုးဖြူသခင်မအား လောကကြီးထံမှ ကြီးမားလှသော မကောင်းကြံမှုကြီးတစ်ခု ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားစေလေသည်။
ခြုံငုံ၍ဆိုရလျှင် ဤမာဂျောင်ကစားပွဲသည် အလွန်တရာ ဆင်းရဲဒုက္ခရောက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုပင် ဖြစ်လေတော့သည်။ မျက်စိဖြင့် မမြင်ရသည့် အင်အားတစ်ရပ်က အရာအားလုံးကို ခြယ်လှယ်နေပြီး သူမအား သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားစေရန် ကံကြမ္မာဖန်တီးထားသကဲ့သို့ ခံစားနေရလေသည်။
ဤခံစားချက်က အရိုးဖြူသခင်မအား အလွန်အမင်း မွန်းကျပ်သွားစေလေသည်။
"စားမယ်..."
"ယူမယ်..."
"နိုင်ပြီ..."
"ဆယ့်သုံးကောင် အပြည့်ပဲ..."
မာဂျောင် စားပွဲဝိုင်းတွင် ကျူးပါကျဲသည် အရပ်မျက်နှာအနှံ့ ပြိုင်ဘက်ကင်းသော လောင်းကစားနတ်ဘုရား ဝင်စားသည့်အလား အထင်အမြင်မျိုးကို အမှန်တကယ် ပေးစွမ်းနေလေသည်။
မာဂျောင်တစ်ပွဲတွင် ငါးလှည့် သို့မဟုတ် ခြောက်လှည့်ပင် မပြည့်သေးမီ ကျူးပါကျဲက အနိုင်ရလုနီးပါး ဖြစ်နေတတ်လေသည်။ သူ၏ လောင်းကစားကံသည် အမြဲတမ်း ကောင်းမွန်ခဲ့သော်လည်း ယနေ့တွင်မူ ပုံမှန်ထက်ပင် ပို၍ ကောင်းမွန်နေပုံရလေသည်။ သူသည် အခြားသူများနှင့် ကွာခြားစွာ သီးခြားအဆင့်တစ်ခုတွင် ရှိနေသကဲ့သို့ ခံစားရလေသည်။
အရိုးဖြူသခင်မနှင့် သူမ၏ အစေခံမလေးသာမက ကျန်းလျိုပင်လျှင် ဤပွဲတွင် ပြင်းထန်စွာ ထိုးနှက်ခံနေရသလို ခံစားနေရပြီး ကျူးပါကျဲ တစ်ယောက်တည်းက ကျန်သုံးယောက်ကို အနိုင်ယူကာ ကစားပွဲကို လွှမ်းမိုးထားလေသည်။
ပုံမှန်အားဖြင့် မာဂျောင်ဝိုင်းတွင် အလှည့်ကျ ဒိုင်လုပ်ရလေ့ရှိသော်လည်း ကျူးပါကျဲ အလှည့်ရောက်သောအခါ ထိုအလှည့်သည် ရပ်တန့်သွားပုံရလေသည်။
တစ်ဆယ့်ရှစ်ပွဲဆက်တိုက် ဒိုင်လုပ်ပြီး တစ်ဆယ့်ရှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ ဤသည်က အရိုးဖြူသခင်မအား သူမ၏ မာဂျောင်ကစားသည့် အတွေ့အကြုံတွင် ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ဆိုးရွားလွန်းသည်ဟု ခံစားသွားစေလေသည်။
ပြီးခဲ့သည့်ညက အလွန်အမင်း ရှုံးနိမ့်ခဲ့သော်လည်း အနည်းဆုံးတော့ အနိုင်ရသည့် ပွဲအချို့ ရှိခဲ့သေးသည်။ နိုင်သည်ထက် ရှုံးသည်က ပိုများရုံသာ ဖြစ်လေသည်။
သို့သော် ယနေ့တွင်မူ အချိန်ကို ကြည့်လိုက်ရာ နာရီဝက်နီးပါး ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူမမှာ တစ်ပွဲမျှပင် အနိုင်မရသေးချေ။
သေချာသည်မှာ ပို၍ လွန်ကဲသောအချက်မှာ သူမသည် ကျူးပါကျဲ၏ အထက်ဘက်တွင် ထိုင်နေရခြင်းပင် ဖြစ်သည်။ သူမ မည်သည့်ကြွေစေ့ကို ပစ်ချသည်ဖြစ်စေ သူက "စား" သွားရန် အလားအလာ အလွန်များနေပြီး သူမက တူညီသော ကြွေစေ့ နှစ်လုံး သုံးလုံး ဆက်တိုက် ပစ်ချလိုက်လျှင်ပင် သူက စားနိုင်မည့် နည်းလမ်းကို ရှာတွေ့နေဆဲဖြစ်ရာ ဤသည်မှာ အထူးပင် စိတ်ပျက်ဖွယ် ကောင်းလှပေသည်။
နောက်ဆုံးတွင် ကျူးပါကျဲအား သုံးကြိမ်ဆက်တိုက် အကျွေးခံလိုက်ရပြီးနောက် ကျူးပါကျဲ အနိုင်ရသွားစေမည့် ကြွေစေ့ကို ပစ်ချပေးလိုက်မိသောအခါ အရိုးဖြူသခင်မသည် မာဂျောင်စားပွဲကို ပြင်းထန်စွာ ရိုက်ချကာ မတ်တတ်ရပ်လိုက်လေတော့သည်။
ကျယ်လောင်သော ဝုန်းခနဲ အသံနှင့်အတူ အရိုးဖြူသခင်မ၏ လက်အောက်တွင် လေးထောင့် မာဂျောင်စားပွဲကြီးမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားလေသည်။ မာဂျောင်ကြွေစေ့များမှာလည်း ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားလေတော့သည်။
"ဒီဝက်ခေါင်း လူလိမ်ကြီး… နင် ငါတို့ကို လိမ်ကစားနေတာလား..."
ကျူးပါကျဲကို လက်ညှိုးထိုးရင်း အရိုးဖြူသခင်မ၏ ဖြူရော်နေသော မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေလျက် အော်ဟစ်လိုက်လေသည်။
"သခင်မလေး..."
အရိုးဖြူသခင်မ၏ ဖြူရော်နေသော မျက်နှာကို မြင်သောအခါ သူမ၏ အစေခံမလေးသည် စိုးရိမ်သွားပုံရပြီး လှမ်းခေါ်လိုက်လေသည်။
"တိတ်စမ်း..."
သို့သော်လည်း အရိုးဖြူသခင်မက သူမ၏ အစေခံမလေးအား ဒေါသတကြီး စိုက်ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ပြင်းထန်စွာ ငေါက်ငမ်းလိုက်ရာ အစေခံမလေးမှာ နောက်သို့ တွန့်ဆုတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ချေ။
"ဟေး ဟေး ဟေး… ရှုံးတာကို လက်မခံနိုင်ဘူးလား..."
မာဂျောင်စားပွဲကြီး အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျူးပါကျဲသည် အနည်းငယ် စိတ်ပျက်သွားလေသည်။ အရိုးဖြူသခင်မကို လှမ်းကြည့်ကာ သူက ပြောလိုက်လေသည်။
"ငါက ရှုံးတာကို လက်ခံနိုင်ပါတယ်… ဒါပေမဲ့ ဒီပွဲတွေမှာ နင့်ရဲ့ ကံကောင်းမှုက နည်းနည်း လွန်ကဲနေတယ်… နင် လိမ်ကစားတာ သေချာတယ်..."
အရိုးဖြူသခင်မက ကျူးပါကျဲကို ဒေါသတကြီး စိုက်ကြည့်ကာ တင်းမာစွာ ပြောဆိုလိုက်လေသည်။
"ဘာလဲ… တစ်ယောက်ယောက်က ကံကောင်းနေတာကို လက်မခံနိုင်ဘူးလား… မင်းရဲ့ အကြောင်းပြချက်အရဆိုရင် ဒီဝက်ကြီးငါက ရှုံးနေရမှာလား..."
ကျူးပါကျဲသည် အရိုးဖြူသခင်မကို မကျေမနပ် ကြည့်ကာ ပြန်လည်ချေပလိုက်လေသည်။
"အောမိတော်ဖော… ဒကာမ အရိုးဖြူ… မင်းရဲ့ ခံစားချက်ကို ငါနားလည်ပါတယ်... လောင်းကစားဆိုတာ ဒီလိုပါပဲ… သူ့ကို လိမ်ကစားတယ်လို့ မင်းသံသယဝင်နိုင်ပေမယ့်… သက်သေမရှိဘဲ သံသယကို အမှန်တရားတစ်ခုလို သဘောထားတာကတော့ နည်းနည်းလေး အကြောင်းပြချက် မခိုင်လုံဘူးနော်..."
ကျန်းလျိုက လက်အုပ်ချီကာ အရိုးဖြူသခင်မကို ပြောလိုက်လေသည်။
နှိုင်းယှဉ်ကြည့်ရလျှင် အရိုးဖြူသခင်မသည် ကျန်းလျိုအပေါ် အမြင်ပိုကောင်းနေခဲ့လေသည်။
ထို့အပြင် ကျန်းလျို၏ အကြောင်းပြချက် ခိုင်လုံသော စကားများက သူမအတွက် ငြင်းဆန်ရန် အမှန်တကယ် ခက်ခဲသွားစေလေသည်။
"မာဂျောင်စားပွဲလည်း ပျက်စီးသွားပြီဆိုတော့… ငါတို့ ဒီလောင်းကစားပွဲကို အမြန်အဆုံးသတ်လိုက်ကြမလား... အစောက သဘောတူညီချက်အရ ဒကာမ အရိုးဖြူအနေနဲ့ အဲဒီလူသားနှစ်ယောက်ကို ဒီဘုန်းကြီးဆီ လွှဲပြောင်းပေးနိုင်မလား..."
ကျန်းလျိုသည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံ ငြင်းခုံရန် မရည်ရွယ်ဘဲ အရိုးဖြူသခင်မအား မေးမြန်းလိုက်လေသည်။
***