← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

အပိုင်း(၃၁၁)

ပုံမှန်အားဖြင့် မာဂျောင်ကစားရာတွင် ရှုံးနိမ့်သူတစ်ယောက်သည် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားပါက အလွန်အမင်း စိတ်ဆင်းရဲသွားတတ်လေသည်။

ထို့နောက်တွင်မူ သူတို့သည် ကြွေစေ့များကို တွန်းဖယ်ကာ ကစားပွဲကို ရပ်တန်းက ရပ်ပစ်လိုက်ကြမည်သာ ဖြစ်သည်။

ကျန်းလျို၏ အမြင်တွင် ဤသည်မှာ အရိုးဖြူသခင်မ စဉ်းစားနေနိုင်သည့် အရာပင် ဖြစ်ပေမည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကျန်းလျို၏ တွက်ဆမှု လွဲချော်သွားခဲ့သည်။ သို့မဟုတ် အရိုးဖြူသခင်မ၏ မာဂျောင်အပေါ် စိတ်အားထက်သန်မှုကို သူ လုံးဝ အထင်သေးသွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

သူမသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်နေပြီး ကစားရသည့် အတွေ့အကြုံမှာလည်း အလွန်ဆိုးရွားနေသော်လည်း အရှုံးပေးလိုက်ရန် အစီအစဉ် မရှိသေးပေ။

"မရဘူး… ဒီအတိုင်း ပြီးလိုက်လို့ မရဘူး… ငါ နေရာပြောင်းဖို့ တောင်းဆိုတယ်... ဒီဝက်ခေါင်း လူလိမ်ကြီးရဲ့ အထက်ဘက်မှာ ငါ ဆက်မထိုင်နိုင်တော့ဘူး..."

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အရိုးဖြူသခင်မသည် မိစ္ဆာငယ်တစ်ကောင်အား နောက်ထပ် လေးထောင့်စားပွဲတစ်လုံးကို ယူဆောင်လာစေလိုက်လေသည်။

"ကောင်းပါပြီ… မင်း သဘောအတိုင်းပါပဲ..."

နေရာအပြောင်းအလဲ တောင်းဆိုခြင်းမှာ မာဂျောင်တွင် သာမန်တောင်းဆိုမှုတစ်ခု ဖြစ်သောကြောင့် ကျန်းလျိုအနေဖြင့် ကန့်ကွက်နိုင်စွမ်း မရှိချေ။ အရိုးဖြူသခင်မ၏ တောင်းဆိုမှုကို သူက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

ယခုတစ်ကြိမ်တွင်မူ အရိုးဖြူသခင်မ၏ ကံက ကောင်းသွားပုံရလေသည်။ နေရာအပြောင်းအလဲ သတ်မှတ်ရန် အံစာတုံး ခေါက်လိုက်ပြီးနောက် ကျူးပါကျဲနှင့် ကျန်းလျိုတို့ နှစ်ယောက်သာ နေရာချင်း လဲလှယ်ရန် လိုအပ်သွားလေသည်။

မူလက ကျူးပါကျဲ၏ အထက်ဘက်တွင် ရှိနေသော အရိုးဖြူသခင်မသည် ယခုအခါ သူ၏ အောက်ဘက်တွင် ထိုင်ရလေတော့သည်။

"နှစ်ဘမ်း..."

ကျူးပါကျဲမှာ ဒိုင်ဖြစ်ပြီး ကြွေစေ့ကို ပစ်ချကာ စတင်လိုက်လေသည်။

"စားမယ်..."

အရိုးဖြူသခင်မ၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ကြွေစေ့ကို စားလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် သူမ၏ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားလိုက်ရလေသည်။

တကယ်ကို နေရာပြောင်းလိုက်ခြင်းက အလုပ်ဖြစ်သွားခဲ့ပေသည်။ နောက်ဆုံးတော့ သူမ ကြွေစေ့တစ်လုံးကို စားလိုက်ရပြီဖြစ်ရာ သူမ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားလေသည်။

"ဟင်… တကယ်ပဲ အလုပ်ဖြစ်သွားတာလား..."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျန်းလျို၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီး စိတ်ထဲတွင် အံ့ဩချီးကျူးသွားလေသည်။

ကျန်းလျိုက ခေါင်းခါယမ်းလိုက်ရင်း ကြွေစေ့တစ်လုံးကို ဆွဲယူလိုက်ရာ အသုံးမဝင်သော ကြွေစေ့ဖြစ်နေသဖြင့် ပစ်ချလိုက်လေသည်။

"ကိုးဘမ်း..."

"ဟားဟားဟား… ငါ နိုင်ပြီဟေ့..."

ကျန်းလျို ပစ်ချလိုက်သော ကြွေစေ့ကို မြင်လိုက်ရသောအခါ အရိုးဖြူသခင်မ၏ မျက်လုံးများ အရောင်တောက်သွားပြီး အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောလိုက်လေသည်။

"စိတ်မကောင်းပါဘူးကွာ… ငါ နိုင်သွားပြီ..."

သို့သော်လည်း အရိုးဖြူသခင်မ စကားပြောနေစဉ်မှာပင် ကျူးပါကျဲက သူ၏ ကြွေစေ့များကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ဖြစ်လေသည်။

"ဒါက..."

အရိုးဖြူသခင်မ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အေးခဲသွားပြီးနောက် ပို၍ပင် ဖြူရော်သွားလေတော့သည်။

သူမ၏ ပါးစပ်ထဲတွင် လေတစ်ပိုက် တစ်ဆို့နေသကဲ့သို့ အမြဲ ခံစားနေရပြီး အလွန်အမင်း သက်တောင့်သက်သာမရှိ ဖြစ်နေသော်လည်း သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။

အလှည့်ကျစနစ်အရ ကျူးပါကျဲသည် သူမ၏ အထက်ဘက်တွင် ရှိနေပြီး ထိုပွဲကို သူက အနိုင်ရသွားမည်သာ ဖြစ်သည်။ ပစ်ချလိုက်သော ကြွေစေ့တစ်လုံးတည်းဖြင့် တစ်ပြိုင်နက်တည်း အနိုင်ရသည်ဟူ၍ မရှိပေ။

မျိုသိပ်ထားရသော ဒေါသများဖြင့် အရိုးဖြူသခင်မသည် နောက်ထပ် ပွဲအနည်းငယ်ခန့် ဆက်ကစားနေခဲ့လေသည်။

"ငါ နိုင်ပြီ..."

"စိတ်မကောင်းဘူး… ငါက မင်းထက် တစ်လှမ်း ဦးသွားတယ်..."

"ဆယ့်သုံးကောင် အပြည့်ပဲ..."

"ငါ ထပ်နိုင်ပြန်ပြီ..."

"ဝက်ခေါင်းကြီး… ဒီကြွေစေ့နဲ့ နင် နိုင်မှာလား..."

"အို… မင်းက နိုင်ချင်လို့လား… ဒါဆို ငါ လောဘမကြီးတော့ပါဘူး… သာမန်လေး အနိုင်ယူရုံနဲ့ ကျေနပ်လိုက်ပါ့မယ်..."

ဘုန်း...

အရိုးဖြူသခင်မက စားပွဲပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဒုတိယမြောက် စားပွဲမှာလည်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားလေတော့သည်။

"အင်း… သနားစရာလေးပါလား..."

အရိုးဖြူသခင်မ ဒေါသတကြီးဖြင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသည်ကို မြင်သောအခါ ကျန်းလျိုသည် အလွန်သနားမိသွားသဖြင့် သက်ပြင်းချလိုက်လေသည်။

အရိုးဖြူသခင်မကို သနားကြင်နာဖွယ် အကြည့်ဖြင့် ကြည့်လိုက်ရင်း ယခု သူမ မည်သို့ခံစားနေရသည်ကို ကျန်းလျို အပြည့်အဝ နားလည်နိုင်ပေသည်။

ကျူးပါကျဲ၏ လောင်းကစားကံသည် အမြဲတမ်း ပေါက်ကွဲထွက်မတတ် ကောင်းမွန်လွန်းနေသည်ကို ကျန်းလျို ကောင်းစွာ သိရှိထားသော်လည်း ယနေ့ အရိုးဖြူသခင်မနှင့် မာဂျောင်ကစားရာတွင်မူ ကျူးပါကျဲက အရိုးဖြူသခင်မကို အပြည့်အဝ တန်ပြန်နှိမ်နင်းနေသကဲ့သို့ အထူးတလည် ဆန်းကြယ်နေလေသည်။

သူမသည် အထက်ဘက်၌ ထိုင်ရစဉ်က ကျူးပါကျဲအား ကြွေစေ့များ အမြဲကျွေးနေခဲ့ရလေသည်။

ကောင်းပြီ...။ နောက်ဆုံးတော့ ကျူးပါကျဲ၏ အောက်ဘက်သို့ နေရာပြောင်းထိုင်ရန် အလှည့်ရောက်လာခဲ့သည်။ သို့သော်လည်း အကြိမ်ကြိမ်အခါခါ ကျူးပါကျဲက သူမထက် လက်ဦးကာ အနိုင်ရသွားခဲ့လေသည်။

ဤမျှ ဆိုးရွားသော အခြေအနေကို ကာယကံရှင် အရိုးဖြူသခင်မကိုယ်တိုင် မဆိုထားနှင့် ဘေးမှကြည့်နေသော ကျန်းလျိုပင်လျှင် သည်းခံနိုင်စွမ်းထက် ကျော်လွန်နေပြီဟု ခံစားရလေသည်။

"မကစားတော့ဘူး… ဒီမှာတင် ရပ်မယ်..."

ဒုတိယမြောက် စားပွဲကို ရိုက်ချိုးပြီးနောက် အရိုးဖြူသခင်မသည် ဒေါသတကြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။ သူမ စကားပြောနေစဉ် မျက်နှာမှာ ဖြူရော်နေလေသည်။

"သခင်မလေး... သခင်မလေးရဲ့ မျက်နှာကြီးက အရမ်းဖြူရော်နေတာပဲ..."

သူမဘေးရှိ အစေခံမလေးသည် အရိုးဖြူသခင်မ၏ ပုံစံကြောင့် လန့်ဖြန့်သွားကာ ယောင်ရမ်းအော်ဟစ်လိုက်လေသည်။

"အာ... သခင်မလေး… သူက..."

အစေခံမလေး၏ အော်ဟစ်သံနောက်တွင် အရိုးဖြူဂူအတွင်းရှိ အခြားသော မိစ္ဆာများသည်လည်း အရိုးဖြူသခင်မ၏ အလွန်အမင်း ဖြူရော်နေသော မျက်နှာကို မြင်ပြီး လန့်ဖြန့်ကာ ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။

"နင်တို့... ဟိုလူနှစ်ယောက်ကို သွားခေါ်ထုတ်လာခဲ့… ပြီးရင် သူတို့ဆီ လွှဲပေးလိုက်… ပြီးတာနဲ့ ထွက်သွားခိုင်းလိုက်တော့..."

အရိုးဖြူသခင်မက ပြတ်သားစွာ ပြောလိုက်လေသည်။ သူမဘေးရှိ အစေခံမနှစ်ယောက်ကို အမိန့်ပေးနေစဉ် သူမ၏ မျက်လုံးများမှာ ထူးဆန်းသော အနီရောင်အလင်းတန်းများဖြင့် တောက်ပနေလေသည်။

"သခင်မလေး... သဘောမတူတာက ပိုကောင်းမယ်နော်… အဲဒီလူနှစ်ယောက်ကို အရင် စားလိုက်ပါလား… သခင်မလေးရဲ့ ပုံစံက ကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းနေတယ်..."

အရိုးဖြူသခင်မ၏ ပုံစံကြောင့် ကြောက်လန့်နေသော အစေခံမနှစ်ယောက်သည် နောက်သို့ ဆုတ်သွားကြလေသည်။

"ဘာတွေဖြစ်နေတာလဲ… ဒါက ရှုံးလွန်းလို့ မျက်စိသူငယ်ဆန်ပြီး ဒေါသထွက်တယ်ဆိုတာမျိုးလား… ဒီမျက်လုံးတွေက တကယ်ကြီးကို နီရဲနေတာပဲ..."

ကျန်းလျိုကိုယ်တိုင်လည်း အရိုးဖြူသခင်မ၏ အသွင်ပြောင်းလဲမှုကြောင့် အနည်းငယ် ကြောက်လန့်သွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။

မူလ အရိုးဖြူသခင်မမှာ အသားအရေ ဖြူဝင်းပြီး ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ ပြောရလျှင် အလွန်လှပကျက်သရေရှိသော အလှပိုင်ရှင် ဖြစ်လေသည်။

သို့သော် ယခုအခါတွင်မူ သူမသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူရော်နေသော မျက်နှာသွင်ပြင်ရှိနေပြီး သွေးကဲ့သို့ နီရဲနေသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေရာ နိမိတ်မကောင်းသော မိစ္ဆာအငွေ့အသက်များကို ဖြစ်ပေါ်စေလေသည်။

"နင်တို့က ငါ့ရဲ့ အမိန့်ကို ဖီဆန်ချင်နေကြတာလား..."

အရိုးဖြူသခင်မ၏ အသံမှာ သံမဏိအပ်တစ်ချောင်းက သံပြားကို ကုတ်ခြစ်နေသကဲ့သို့ စူးရှစူးခဲဖြစ်လာပြီး ကြားရုံမျှဖြင့် ကြက်သီးမွေးညင်းများပင် ထသွားစေလေသည်။

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူမသည် လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ အရိုးဖြူ ကျာပွတ်က လေပေါ် ဝေ့တက်သွား၏။

ရွှမ်း...

ကျာပွတ်သည် ပျော့ပျောင်းသော မြွေတစ်ကောင်အလား ရွေ့လျားသွားပြီး အစေခံမလေး၏ လည်ပင်းကို ချက်ချင်း ရစ်ပတ်သွားလေသည်။

ဂျွတ်ခနဲ အသံနှင့်အတူ အစေခံမလေး၏ လည်ပင်းမှာ အရိုးဖြူ ကျာပွတ်၏ လိမ်ချိုးဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

အစေခံမလေးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ခြေလက်များ အနည်းငယ် တုန်ယင်သွားပြီး ငြိမ်သက်သွားကာ သူမ၏ မူလပုံစံဖြစ်သော ကြောင်မိစ္ဆာအသွင်သို့ ပြန်လည်ပြောင်းလဲသွားလေတော့သည်။

***

အပိုင်း(၃၁၂)

"အာ... သခင်မလေး ရောဂါဖောက်နေပြီ..."

အနီးကပ် အစေခံမလေးမှာ အရိုးဖြူသခင်မ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် သေဆုံးသွားရသည်ကို မြင်သောအခါ အရိုးဖြူဂူအတွင်းရှိ မိစ္ဆာအားလုံးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေတော့သည်။

"ဒါတော့ မဟန်ဘူး... အရိုးဖြူသခင်မ ပုံစံက နည်းနည်း ထူးဆန်းနေတယ်… သူ ရောဂါများ ဖောက်လာတာလား..."

မိစ္ဆာများ ထိတ်လန့်တကြား လူစုကွဲသွားကြပြီး အရိုးဖြူသခင်မမှာလည်း အသိဉာဏ်ကင်းမဲ့သွားပုံရသည်ကို မြင်သောအခါ ကျန်းလျိုသည် အံ့ဩတုန်လှုပ်သွားလေသည်။

"ဝူခုန်း... သူ့ကို အရင် ဖမ်းချုပ်ထားလိုက်ကြရအောင်..."

အနီးကပ် အစေခံမလေးပင် သူမလက်မှ မလွတ်မြောက်ခဲ့လေရာ သူမသည် ဒေါသတကြီး သောင်းကျန်းနေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

မည်သည့်အကြောင်းကြောင့် ဤကဲ့သို့ ပေါက်ကွဲထွက်လာသည်ဖြစ်စေ သူမကို အရင်ဆုံး နှိမ်နင်းလိုက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ကျန်းလျို ခံစားလိုက်ရလေသည်။

"ဟုတ်ကဲ့ပါ ဆရာတော်..."

ကျန်းလျို၏ အမိန့်ကို ကြားသောအခါ စွန်းဝူခုန်းက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ရွှေတင်းပုတ်ကို ထုတ်ယူလိုက်လေသည်။

အားဖြည့် မိစ္ဆာနှိမ်နင်းရေး ဂါထာ…

ဝရဇိန်ဂါထာ…

ကွမ်းယင် ဂါထာ…

ဝစီပိတ်တရား...

မိမိ၏ စွမ်းရည်များ အမှန်တကယ် အလုပ်လုပ်မည် မလုပ်မည်ကိုပင် ဂရုမစိုက်တော့ဘဲ တိုက်ပွဲအတွင်း အကျိုးပြုမှတ်များကို အများဆုံးရရှိစေရန်အတွက် ကျန်းလျိုသည် သူ၏ စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်လေတော့သည်။

ပြင်းထန်စူးရှစွာ စိုက်ကြည့်နေသော သွေးကဲ့သို့ နီရဲနေသည့် မျက်လုံးတစ်စုံနှင့် အရိုးဖြူသခင်မသည် မိစ္ဆာပူးကပ်နေသကဲ့သို့ ထင်မှတ်ရလေသည်။

သူမ၏ အကြည့်များ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အရိုးဖြူဂူအတွင်းရှိ မိစ္ဆာငယ်များစွာသည် တစ်ကောင်ပြီးတစ်ကောင် ထိတ်လန့်တကြား ထွက်ပြေးကြလေတော့သည်။

အရိုးဖြူဂူမှ မိစ္ဆာငယ်လေးများသည် အရိုးဖြူသခင်မ ဤကဲ့သို့ အခြေအနေရောက်နေချိန်တွင် မည်သို့ပုံစံမျိုး ရှိသည်ကို ကောင်းစွာ သိရှိထားကြကြောင်း ထင်ရှားလှပေသည်။

“သေစမ်းဟေ့...”

စွန်းဝူခုန်းက အော်ဟစ်လိုက်ကာ သူ၏ ရွှေတင်းပုတ်ကို မြှောက်လိုက်လေ၏။ သူသည် အကြမ်းဖက်ခြင်းဖြင့်သာ အနိုင်ယူဖို့ ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ စွန်းဝူခုန်း၏ ကျင့်ကြံခြင်းအဆင့်မှာ အရိုးဖြူသခင်မထက် အပြည့်အဝ သာလွန်နေသဖြင့် အခြားသော ဂါထာမန္တန်များ သို့မဟုတ် နတ်စွမ်းအင်များ အသုံးပြုရန် မလိုအပ်တော့ချေ။ သူ၏ လွှမ်းမိုးနိုင်သော ခွန်အားကိုသာ ရိုးရှင်းစွာ အသုံးပြုလိုက်ဖို့ လိုအပ်ပေသည်။

အရိုးဖြူသခင်မမှာ ဒေါသတကြီး သောင်းကျန်းနေသော်လည်း သူမ၏ အသိစိတ်များ ပျောက်ဆုံးသွားပုံ မရပေ။ ယင်းအစား သူမသည် ပို၍ပင် အငြိုးအတေးကြီးပြီး ရက်စက်လာပုံရလေသည်။

"ဟဲ ဟဲ ဟဲ...”

သူမထံသို့ ရိုက်ချလာသော စွန်းဝူခုန်း၏ ရွှေတင်းပုတ်ကို ကြည့်ရင်း သူမက မထီမဲ့မြင်နှင့် မိစ္ဆာဆန်ဆန် ပြုံးလိုက်ကာ လှောင်ပြောင်လိုက်လေသည်။

"နင်တို့အထဲမှာ အစွမ်းအထက်ဆုံးဆိုတဲ့ကောင်တောင် ငါ့ကို မယှဉ်နိုင်တာ… နင့်လို ပိန်ပိန်ပါးပါး မျောက်ကောင်လေးကများ ငါ့ရှေ့လာပြီး သေချင်နေတာလား..."

နောက်ထပ် စကားဆိုမနေတော့ဘဲ စွန်းဝူခုန်းသည် ရွှေတင်းပုတ်ကို အားကုန် ရိုက်ချလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တုတ်ကြီးသည် သူ၏ အလိုဆန္ဒအတိုင်း ဧရာမတုတ်ကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။

ဘုန်း...

မြေကြီးများ တုန်ခါသွားပြီး အရိုးဖြူဂူတစ်ခုလုံး ပြိုကျတော့မယောင် ဖြစ်သွားလေသည်။ ထို့နောက် အရိုးဖြူသခင်မ၏ ခန္ဓာကိုယ်မှာ ရွှေတင်းပုတ်အောက်တွင် အပြည့်အဝ ဖိချခံလိုက်ရလေတော့သည်။

အရိုးဖြူဂူအတွင်း အရပ်မျက်နှာအနှံ့ ထွက်ပြေးနေကြသော မိစ္ဆာငယ်လေးများသည် နောက်သို့ လှည့်ကြည့်လာကြပြီး စွန်းဝူခုန်း၏ ရွှေတင်းပုတ်ကို အံ့ဩတုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

ကောင်းကင်တိုင်ကြီးတစ်ခုနှင့် အလွန်တူသော ဧရာမ တုတ်ကြီးမှာ အခြားတစ်ဖက်စွန်းတွင် ရပ်နေသည့် အရပ်ပုပုနှင့် သေးငယ်သော စွန်းဝူခုန်း၏ ပုံစံနှင့်ဆိုလျှင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

ပုရွက်ဆိတ်တစ်ကောင်က တူအရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်နေပြီး အရွယ်အစား ကွာဟချက်မှာ အလွန်တရာ အချိုးအစား မကျသကဲ့သို့ ခံစားရလေသည်။

"ဒီမျောက်ရဲ့ ခွန်အားက တကယ်ပဲ..."

ရွှေတင်းပုတ်ကို ကိုင်ဆောင်ထားသော စွန်းဝူခုန်းကို ကြည့်ကာ အရိုးဖြူသခင်မ၏ အခြားသော အစေခံမလေးသည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော မျက်နှာအမူအရာကို ပြသနေလေသည်။

"ဒီလိုနဲ့ပဲ ပြီးသွားပြီလား..."

အလားတူပင် စွန်းဝူခုန်းက အရိုးဖြူသခင်မအား တုတ်တစ်ချက်တည်းဖြင့် အပြည့်အဝ ဖိချလိုက်သော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော ကျန်းလျိုသည်လည်း အံ့အားသင့်သွားသော မျက်နှာထားဖြင့် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

အရိုးဖြူသခင်မသည် အားနည်းသူ တစ်ယောက်မဟုတ်ပေ။ မိစ္ဆာပူးကပ်နေသည့်အလား သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် သူမ စိုက်ကြည့်နေပုံမှာ ပို၍ပင် ကြက်သီးထဖွယ် ကောင်းလှပေသည်။

စွန်းဝူခုန်း၏ ရှေ့မှောက်တွင် သူမသည် တုတ်တစ်ချက်တည်းဖြင့် အလွယ်တကူ နှိမ်နင်းနိုင်သော ကိစ္စလေးတစ်ခုမျှသာ ဖြစ်နေသလော။

"တကယ်ပဲ နောက်ပိုင်းအဆင့်တွေကို ရောက်လာလေလေ… အဆင့်တစ်ဆင့်တက်ဖို့ လိုအပ်တဲ့ အတွေ့အကြုံမှတ်တွေက ပိုပိုများလာလေလေပဲ… အလားတူပဲ ကျင့်ကြံခြင်းအဆင့်တွေကြားက ကွာဟချက်ကလည်း ပိုကျယ်ပြန့်လာတယ်ပေါ့..."

သူ၏ ရှေ့မှ မြင်ကွင်းမှာ အနည်းငယ် တုန်လှုပ်ဖွယ်ကောင်းနေပြီး ကျန်းလျိုအတွက် ယုံကြည်ရန် ခက်ခဲနေပေသည်။ သို့သော်လည်း ဆက်လက် တွေးတောကြည့်လိုက်သောအခါ အရာအားလုံးမှာ အကြောင်းပြချက် ခိုင်လုံနေပုံရလေသည်။

မိစ္ဆာနတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော အရိုးဖြူသခင်မပင်မဆိုထားနှင့် မိုလီချင်း တစ်ယောက် ထိုက်ယီအဆင့်သို့ ဖောက်ထွက်ရောက်ရှိသွားချိန်ကရော စွန်းဝူခုန်းကို လုံးဝ ယှဉ်နိုင်စွမ်း မရှိခဲ့သည် မဟုတ်ပါလော။

ထို့အပြင် မူရင်းဇာတ်လမ်းထဲတွင်လည်း စွန်းဝူခုန်းက အရိုးဖြူသခင်မနှင့် ရင်ဆိုင်ရတိုင်း တုတ်တစ်ချက်ရိုက်ရုံဖြင့် သူမကို ထွက်ပြေးသွားစေရန် လုံလောက်ခဲ့သည် မဟုတ်ပါလော။

"ဒါနဲ့... ဒီမိစ္ဆာမက ခုနလေးတင် ဘာပြောလိုက်တာလဲ… ငါ ရဲ့စွန်းကို သေချင်နေတာလို့ ပြောလိုက်တာလား..."

စွန်းဝူခုန်းသည် အရိုးဖြူသခင်မအား စကားကို ထပ်ပြောခိုင်းလိုသည့်ဟန်ဖြင့် ခေါင်းကို စောင်းကာ နားထောင်လိုက်လေသည်။

သို့သော်လည်း... ထိုအချိန်တွင် အဖိခံထားရသော အရိုးဖြူသခင်မသည် နောက်ထပ် စကားပြောရန် အသံကို မည်သည့်နေရာမှ ရနိုင်မည်နည်း။

ရွှေတင်းပုတ်ကို မြှောက်လိုက်သောအခါ သူမ၏ သွေးတန်းမှာ ထက်ဝက်ကျော်ခန့် လျော့ကျသွားပြီဖြစ်ကြောင်း ကျန်းလျို မြင်တွေ့လိုက်ရလေသည်။

လွန်ခဲ့သော စက္ကန့်အနည်းငယ်က သူမထံတွင် ရှိနေခဲ့သည့် ဒေါသမီးတောက်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ယခုအခါတွင်မူ သူမသည် လုံးဝကို သနားစရာကောင်းလောက်အောင် ဖရိုဖရဲ ဖြစ်နေလေသည်။

"မျောက်စုတ်… နင့်ကို ငါ သတ်မယ်..."

ရွှေတင်းပုတ်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်တွင် အဖိခံထားရသော အရိုးဖြူသခင်မ၏ မျက်လုံးထဲမှ သွေးဆာနေသော အကြည့်များမှာ ပိုမိုပြင်းထန်လာပြီး သူမသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ ထိုအချိန်မှာပင် သူမသည် မတ်တတ်ထရပ်လိုက်ပြီး စွန်းဝူခုန်းထံသို့ ကြမ်းကြုတ်သော အမူအရာဖြင့် ပြေးဝင်လာလေတော့သည်။

"မင်း ဒေါသမပြေသေးဘူးဆိုရင်လည်း… ငါ ရဲ့စွန်းက မင်းကို ထပ်ပြီး အပူအအေးမျှအောင် လုပ်ပေးရသေးတာပေါ့..."

စွန်းဝူခုန်းသည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူ၏ ရွှေတင်းပုတ်ကို ထပ်မံရိုက်ချလိုက်ပြန်လေသည်။

ဘုန်း...

ဒင် - အတွေ့အကြုံမှတ် ၁၀၀၅၀ ရရှိသည်။

စွန်းဝူခုန်း၏ ရွှေတင်းပုတ်က ဒုတိယအကြိမ်မြောက် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက်တည်း စနစ်၏ အသိပေးသံမှာလည်း ကျန်းလျို၏ စိတ်ထဲတွင် ထွက်ပေါ်လာလေတော့သည်။

ထိုတိုက်ခိုက်မှုက အရိုးဖြူသခင်မ၏ သွေးတန်းကို အပြည့်အဝ ကုန်ခမ်းသွားစေခဲ့သည်မှာ ထင်ရှားလှပေသည်။

"သခင်မလေး..."

စွန်းဝူခုန်း၏ စွမ်းအားပြသမှုမှာ တုန်လှုပ်ဖွယ်ကောင်းလှသော်လည်း အရိုးဖြူသခင်မ ဤမျှ ဆိုးရွားသော ဒဏ်ရာရရှိသွားသည်ကို မြင်သောအခါ ဂူအတွင်းရှိ မိစ္ဆာငယ်များသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

"ဝူခုန်း… ကျန်တဲ့ကောင်တွေကို မင်းကိုပဲ အပ်လိုက်မယ်နော်..."

မိစ္ဆာငယ်များကို မြင်သောအခါ ကျန်းလျို၏ စိတ်ကူးများ လှုပ်ရှားသွားပြီး ပြောလိုက်လေသည်။

ထိုမိစ္ဆာစစ်သူကြီးအဆင့် ရှိသူများကို ရှင်းလင်းရန် စွန်းဝူခုန်းနှင့် အခြားသူများအား လွှဲအပ်ထားခဲ့စဉ် ကျန်းလျိုသည် အရိုးဖြူသခင်မအနီးသို့ ချဉ်းကပ်သွားပြီး သူမ၏အောက်မှ စိပ်ပုတီးတစ်ကုံးကို ကောက်ယူလိုက်လေသည်။

လက်နက်ကိရိယာ၏ အချက်အလက်များကို စစ်ဆေးရန် အချိန်မရှိသောကြောင့် သိုလှောင်ခန်းထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်လေသည်။

ထို့နောက်... ကျန်းလျိုသည် လက်ကိုမြှောက်ကာ ရာဇဝင် အရည်အသွေးရှိသော သံစပ်တုတ်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ခုန်ပျံကာ အရိုးဖြူဂူအတွင်းရှိ မိစ္ဆာငယ်များထံသို့ ပြေးဝင်သွားလေတော့သည်။

အရိုးဖြူဂူအတွင်းတွင်လည်း မတူညီသော ကျင့်ကြံခြင်းအဆင့်များရှိသည့် မိစ္ဆာငယ် ရာပေါင်းများစွာ ရှိနေလေသည်။ မိစ္ဆာစစ်သူကြီးအဆင့်နှင့်အထက် ရှိသူများကို စွန်းဝူခုန်းနှင့် အခြားသူများထံ ချန်ထားရစ်ခဲ့ပြီးဖြစ်ရာ ကျန်းလျိုသည် မိစ္ဆာစစ်ဗိုလ်အဆင့်နှင့် အောက်အဆင့်ရှိသူများကိုသာ ပစ်မှတ်ထားလိုက်လေသည်။

ယခုအခါ ကျန်းလျိုသည် အဆင့် ၃၄ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်သတ်မှတ်ချက် ရှုထောင့်မှကြည့်လျှင် သူ၏ ဥပဒေသထိန်းချုပ်ခြင်းအဆင့် ကျင့်ကြံမှုမှာ မိစ္ဆာစစ်ဗိုလ်အဆင့်ရှိသူများနှင့် အကြမ်းဖျင်း တန်းတူညီမျှ ရှိနေလေသည်။

ထို့အပြင် သူ၏ လက်နက်ကိရိယာများနှင့် ကျွမ်းကျင်မှုစွမ်းရည်များ၏ ပံ့ပိုးမှုဖြင့် သူ၏ ဘက်စုံ တိုက်ခိုက်ရေးစွမ်းအားမှာ မိစ္ဆာစစ်သူကြီးအဆင့်၏ အနိမ့်ဆုံးသတ်မှတ်ချက်သို့ပင် ရောက်ရှိနေပြီဟု သူ ယုံကြည်ထားလေသည်။

သို့သော်လည်း... ယခုရည်ရွယ်ချက်မှာ မိစ္ဆာစစ်သူကြီးတစ်ဦးနှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် မဟုတ်ဘဲ မိစ္ဆာများကို သတ်ဖြတ်ကာ အတွေ့အကြုံမှတ်များ ရယူရန်ဖြစ်သောကြောင့် ကျန်းလျိုသည် ထိုမိစ္ဆာငယ်များကိုသာ ပစ်မှတ်ထားလိုက်လေသည်။ သူသည် သံစပ်တုတ်ကောက်ကို ဆက်တိုက် ဝှေ့ယမ်းကာ မိစ္ဆာငယ်များအပေါ်သို့ တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်လေတော့သည်။

***

All Chapters