← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 23 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 23 Ch. 313-314

အပိုင်း(၃၁၃)

ဒင် - အတွေ့အကြုံမှတ် ၁၂၀ ရရှိသည်။

ဒင် - အတွေ့အကြုံမှတ် ၁၀၂၀ ရရှိသည်။

ဒင် - အတွေ့အကြုံမှတ် ၇၆၀ ရရှိသည်။

သံနှောတုတ်ကောက်၏ ရိုက်ချက်များအောက်တွင် မိစ္ဆာငယ်များသည် တစ်ကောင်ပြီးတစ်ကောင် သတိလစ် မေ့မြောသွားကြရာ ကျန်းလျိုအတွက် အတွေ့အကြုံမှတ်များ စဉ်ဆက်မပြတ် ရရှိလာစေပြီး သူ၏ စုစုပေါင်း အတွေ့အကြုံမှတ်များကို သိသိသာသာ တိုးပွားလာစေလေသည်။

သို့သော်လည်း ကျန်းလျိုက အရင်စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် မိစ္ဆာငယ်များ၏ သွေးတန်းများ ကုန်ခမ်းသွားသော်လည်း ၎င်းတို့မှာ ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်နေသည့် အခြေအနေတွင်သာ ရှိနေပြီး သေဆုံးသွားခြင်း မရှိပေ။

ပို၍မြန်ဆန်သော မိစ္ဆာငယ်အချို့မှာ အရိုးဖြူဂူအတွင်းမှ ထွက်ပြေးသွားကြပြီး ကျားဖြူတောင်ကုန်းမှ ဆင်းကာ မည်သည့်နေရာသို့ ထွက်ပြေးလွတ်မြောက်သွားကြမှန်း မသိရပေ။

မိစ္ဆာငယ် အမြောက်အမြားမှာ ကျန်းလျို၏ ရိုက်နှက်မှုကြောင့် သတိလစ် မေ့မြောသွားခဲ့ရသဖြင့် ကြမ်းပြင်အနှံ့ ပြန့်ကျဲလဲကျနေကြသည်။ သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် မြင်ကွင်းတစ်ခုနှင့် အလွန်တူနေလေသည်။

"အင်း… မဆိုးဘူး မဆိုးဘူး… အတော်လေး တန်တဲ့ အမဲလိုက်ပွဲပဲ..."

နောက်ဆုံး မိစ္ဆာစစ်ဗိုလ် သတိလစ်သွားပြီးနောက် ကျန်းလျိုသည် သူ၏ ဇာတ်ကောင်အချက်အလက်ပြဘုတ်ကို ဖွင့်ကြည့်လိုက်လေသည်။ ဤတစ်သုတ်တည်းနှင့်ပင် သူသည် အတွေ့အကြုံမှတ် သောင်းဂဏန်းအချို့ ရရှိခဲ့ရာ မဆိုးလှဟု ဆိုရပေမည်။

ဤတိုတောင်းလှသော အချိန်လေးအတွင်းမှာပင် သူသည် နှစ်ရက်တိုင်တိုင် ကျင့်ကြံအားထုတ်မှ ရရှိမည့် အတွေ့အကြုံမှတ်များကို ရရှိခဲ့လေသည်။

ကျင့်ကြံခြင်း အဆင့်များ နိမ့်ကျလေလေ ပစ္စည်းများ ကျချပေးရန် အလားအလာ နည်းပါးလေလေ ဖြစ်သော်လည်း မိစ္ဆာငယ် ရာပေါင်းများစွာကို အနိုင်ယူလိုက်ပြီးနောက်တွင်မူ အရည်အသွေး သိပ်မမြင့်မားလှသော်လည်း ပစ္စည်းအချို့ကို ရရှိခဲ့လေသည်။

အမြင့်ဆုံးမှာ ပြီးပြည့်စုံသော အရည်အသွေးသာ ရှိလေသည်။ ကျန်းလျိုသည် အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီးနောက် သူ၏ အကြည့်တို့သည် အရိုးဖြူသခင်မထံမှ ချပေးထားခဲ့သော အမည်းရောင်နှင့် တစ်ဝက်ဖောက်ထွင်းမြင်ရသည့် စိပ်ပုတီးတစ်ကုံးထံသို့ ကျရောက်သွားလေတော့သည်။

ဆွဲကြိုး - မဟူရာ ကျောက်စိမ်း စိပ်ပုတီး (ဒဏ္ဍာရီလာ အရည်အသွေး)။ လိုအပ်သော အဆင့် ၃၅၊ ကာကွယ်ရေး +၁၈၀၀၊ အထူးအကျိုးသက်ရောက်မှု - လက်နက်ကိရိယာတပ်ဆင်ရန် လိုအပ်သော အဆင့်ကို ၅ ဆင့် လျှော့ချပေးသည်၊ ကြံ့ခိုင်မှု ၃၅/၅၀။

ဤဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာကို ကြည့်ရင်း ကျန်းလျို၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားလေသည်။

အဆင့် ၃၅ မှ တပ်ဆင်နိုင်သည့် ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာတစ်ခုကို လက်ရှိ သူ၏ အဆင့် ၃၄ ဖြင့် တပ်ဆင်ရန် ခက်ခဲလိမ့်မည်ဟု ထင်ကောင်း ထင်နိုင်ပေသည်။

သို့သော်လည်း ဤပစ္စည်း၏ အထူးအကျိုးသက်ရောက်မှုကြောင့် သူ့အတွက် တပ်ဆင်ရန် အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်လေသည်။

ထို့ထက်ပို၍ အရေးကြီးဆုံးအချက်မှာ ဤအထူးအကျိုးသက်ရောက်မှုသည် မဟူရာ ကျောက်စိမ်း စိပ်ပုတီး တစ်ခုတည်းအတွက်သာမကဘဲ အခြားသော လက်နက်ကိရိယာများအတွက်ပါ သက်ရောက်မှု ရှိနေပုံရလေသည်။

ဆိုလိုသည်မှာ အကယ်၍ သူသည် အဆင့် ၃၅ သို့ ရောက်ရှိသွားပါက အဆင့် ၄၀ လိုအပ်သော ပစ္စည်းများကိုပါ တပ်ဆင်နိုင်မည် မဟုတ်ပါလော။

မဟူရာ ကျောက်စိမ်း စိပ်ပုတီး၏ ဤအထူးအကျိုးသက်ရောက်မှုသည် သူ၏အတွက် အလွန်ပင် လက်တွေ့ကျပြီး အသုံးဝင်လှပေသည်။

နောက်ထပ် စဉ်းစားမနေတော့ဘဲ ကျန်းလျိုသည် မဟူရာ ကျောက်စိမ်း စိပ်ပုတီးကို လည်ပင်းတွင် တပ်ဆင်လိုက်လေသည်။ တစ်ရာ့ရှစ်လုံး ပါဝင်သော မှိုင်းညို့နေသည့် အမည်းရောင် ပုတီးစေ့များသည် သူ၏ လည်ပင်းတွင် ဆွဲထားသော စိပ်ပုတီးတစ်ကုံးအဖြစ် ပြောင်းလဲသွားပြီး အတော်လေး လိုက်ဖက်ညီနေပုံ ရလေသည်။

"ဒီဘုန်းကြီးတွေ… ငါ့ကို ကြိုက်သလိုသာ လုပ်ကြတော့..."

အခြားတစ်ဖက်တွင်မူ အရိုးဖြူသခင်မ၏ အခြားသော အစေခံမလေးသည် စွန်းဝူခုန်း၏ ဖမ်းချုပ်နှိမ်နင်းခြင်းကို ခံထားရလေသည်။ အရိုးဖြူဂူအတွင်းရှိ မိစ္ဆာငယ်များ အားလုံးနီးပါး လဲကျနေသည်ကို မြင်သောအခါ သူမ၏ မျက်နှာတွင် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေပြီး ကျန်းလျိုတို့အဖွဲ့ကို ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"ရှူး..."

သို့သော်လည်း မိစ္ဆာဘုရင်အဆင့်ရှိသော ဤအစေခံမလေး၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုမှုများကို တုံ့ပြန်ရာတွင် ကျန်းလျိုသည် ဒေါသထွက်ခြင်း မရှိခဲ့ပေ။ သူက နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အမူအရာ ပြလိုက်ရုံသာ ဖြစ်လေသည်။

ထို့နောက် ကျန်းလျိုသည် မြေပြင်ပေါ်တွင် ပြန့်ကျဲလဲကျနေသော မိစ္ဆာငယ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

"သေချာ ကြည့်စမ်းပါ… ဒီမိစ္ဆာငယ်လေးတွေ တစ်ကောင်ကိုမှ ငါ မသတ်ထားပါဘူး… မင်းမြင်တဲ့အတိုင်းပဲ သူတို့က သတိလစ်နေရုံ သက်သက်ပါ… မင်းလည်း သိတဲ့အတိုင်းပဲ မိစ္ဆာမျိုးနွယ်တွေသာ သေသွားရင် သူတို့ရဲ့ မူလပုံစံကို ပြန်ပြောင်းသွားမှာပဲလေ..."

ကျန်းလျို၏စကားကို ကြားသောအခါ အစေခံမလေးသည် ခဏတာ ကြက်သေသေသွားပြီး မြေပြင်ပေါ်တွင် လဲကျနေသော မိစ္ဆာငယ်များကို သေချာစွာ ကြည့်လိုက်လေသည်။

အမှန်တကယ်ပင် သူတို့အားလုံးသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်နေကြသော်လည်း သူတို့အားလုံး အသက်ရှူနေဆဲ အသက်ရှင်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

‘ဒီဘုန်းကြီးက ဘယ်လို နည်းလမ်းကို သုံးနေတာလဲ… သူ ရိုက်နှက်တုန်းက လုံးဝ သနားညှာတာမှု ပြခဲ့တဲ့ပုံ မပေါ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အသက်အန္တရာယ် မပေးဘဲ သတိလစ်သွားရုံလောက်ပဲ လုပ်ခဲ့တာလား…

မိစ္ဆာငယ်များ အားလုံး အသက်ရှင်နေသေးကြောင်း သိလိုက်ရသောအခါ အစေခံမလေးသည် ကျန်းလျိုကို အံ့ဩသွားလေသည်။

သူတို့ကို မသတ်ဘဲ သတိလစ်သွားရုံသက်သက် လုပ်ရန်မှာ သတ်ပစ်လိုက်ခြင်းထက် ပို၍ ခက်ခဲပုံရသည် မဟုတ်ပါလော…။

‘ပြီးတော့ ဒီဘုန်းကြီးက တစ်ကောင်ချင်းစီတိုင်းကို အဲဒီလို လုပ်နိုင်ခဲ့တာလား…’

‘ဒီလူစုထဲမှာ အစွမ်းအထက်ဆုံးသူက ရိုးရိုးသာမန်လို့ ထင်ရတဲ့ ဒီဘုန်းကြီးပဲ ဖြစ်ရမယ်… ကြမ်းကြုတ်တဲ့ရုပ်သွင်ရှိတဲ့ ဒီမိစ္ဆာ သုံးကောင်က သူ့ရဲ့ တပည့်တွေ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ…’

"ဒီမယ် ဘုန်းကြီး… ငါတို့ သခင်မလေးက ရှင်တို့ကို စေတနာအပြည့်နဲ့ ဧည့်ခံပြုစုခဲ့တာတောင်… ရှင်တို့က ငါတို့ကို လက်ပါရက်တယ်… ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး… သတ်ချင်သတ် ခုတ်ချင်ခုတ် ကြိုက်သလိုသာ လုပ်တော့… ငါ မျက်မှောင်တစ်ချက် ကြုတ်မှာ မဟုတ်ဘူး..."

အရိုးဖြူသခင်မ၏ အစေခံမလေးသည် အတော်လေး မာကျောပုံရပြီး ဒေါသမီးတောက်လောင်နေသော မျက်လုံးများဖြင့် ကျန်းလျိုကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"မင်းတို့က တကယ်ပဲ အတော်လေး စိတ်အားထက်သန်ပုံ ပေါ်ခဲ့ပေမယ့်… ဒကာမ အရိုးဖြူရဲ့ ပုံစံကို ကြည့်ရတာ သူက တခြားသူတွေကိုတောင် ရိုက်နှက်နိုင်သေးတယ်လေ… ငါတို့က အတိုက်ခိုက်ခံရရင်တောင် ပြန်မချေပရတော့ဘူးလား..."

ကျန်းလျို၏ အကြည့်တို့က ထိုအစေခံမလေးထံသို့ ကျရောက်သွားပြီး ပြောလိုက်လေသည်။

တကယ်တော့ ကျန်းလျိုကိုယ်တိုင်လည်း အရိုးဖြူသခင်မ၏ ပုံစံကြောင့် အနည်းငယ် စပ်စုချင်စိတ် ဖြစ်နေခဲ့သည်။ ဘာတွေ ဖြစ်နေသနည်း။ အကြောင်းပြချက် မရှိဘဲ ရုတ်တရက် ရူးသွပ်သွားသည်လား။

"ဟွန့်… ငါတို့ သခင်မလေးက ရောဂါဖောက်လာရုံ သက်သက်ပါ… ရှင်တို့ကြောင့်သာ မဟုတ်ရင် သ် ဘယ်လိုလုပ် ရောဂါဖောက်လာမှာလဲ...”

အစေခံမလေးသည် အေးစက်စက် နှာမှုတ်လိုက်လေသည်။ သူမကိုယ်တိုင်လည်း အရိုးဖြူသခင်မ၏ ပုံစံကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း သူမနောက်သို့ နှစ်တစ်ရာတိုင်တိုင် လိုက်ပါအစေခံခဲ့ဖူးရာ သခင်မဖြစ်သူကို နက်ရှိုင်းစွာ နားလည်ထားပြီး သူမအပေါ် အပြစ်တင်၍ မရနိုင်ကြောင်း သိထားလေသည်။

"ရောဂါဖောက်တယ်ဟုတ်လား… ဘာအခြေအနေလဲ ငါ့ကို ပြောစမ်းပါဦး..."

ကျန်းလျိုက မျက်ခုံးအနည်းငယ် ပင့်ကာ မေးလိုက်လေသည်။

"ငါတို့ သခင်မလေးက မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီး အရိုးဖြူတွေကနေ ဖြစ်တည်လာတာ… ဒါကြောင့် သူ့ရဲ့ လှပတဲ့ရုပ်သွင်ကို ထိန်းသိမ်းထားဖို့ လစဉ်လတိုင်း လူသွေးကို သောက်သုံးရတယ်… လတ်ဆတ်ပြီး အသက်ရှင်နေတဲ့ လူသွေးကမှ အသက်ဝင်လန်းဆန်းမှုကို ပေးစွမ်းနိုင်တာ… မဟုတ်ရင် သူက အရိုးစုအဖြစ် ပြန်ပြောင်းသွားလိမ့်မယ်..."

အစေခံမလေးက ရှင်းပြလေသည်။

"သူ အရိုးစုအဖြစ် ပြောင်းသွားရင်တောင်မှ… အဲဒါက သူ့ကို အခုလို ရူးသွပ်သောင်းကျန်းသွားအောင် လုပ်နိုင်ဖို့ မသေချာဘူး မဟုတ်လား..."

ကျန်းလျိုက အံ့အားသင့်စွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်လေသည်။

"ငါတို့ သခင်မလေးက မိစ္ဆာဖြစ်လာတာ နှစ်ထောင်ချီ ကြာပြီ... လစဉ် လူသွေးတစ်ခွက် သောက်ကိုသောက်ရတယ်… နှစ်တွေကြာလာတာနဲ့အမျှ သူက အဲဒီအကျင့်ကို အသားကျနေခဲ့ပြီလေ… ဘယ်အချိန်က စတင်ခဲ့မှန်းတော့ ငါလည်း မသိပါဘူး… ဒါပေမဲ့ သူသာ လူသွေးမသောက်ရဘဲ အချိန်အကြာကြီး နေလိုက်မယ်ဆိုရင် စိတ်တိုလွယ်ပြီး ရက်စက်ကြမ်းကြုတ်လာတတ်တယ်..."

အစေခံမလေးက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။

ဤစကားကို ကြားသောအခါ ကျန်းလျို၏ မျက်မှောင်များ ပြင်းထန်စွာ တွန့်ကွေးသွားလေသည်။ အနှစ်တစ်ထောင်ကျော် အသက်ရှင်နေထိုင်ခဲ့ပြီး တစ်လလျှင် အနည်းဆုံး လူတစ်ယောက်ကို စားသုံးခဲ့သည်ဆိုလျှင် ဤနှစ်များတစ်လျှောက် သူမသည် အနည်းဆုံး လူတစ်သောင်းခန့်ကို စားသုံးခဲ့ပြီးပြီ မဟုတ်ပါလော…၊

ကျားဖြူတောင်ကုန်း ပတ်ဝန်းကျင်တွင် နေထိုင်သူများ မရှိဘဲ နေရာတစ်ခုလုံး လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အနည်းငယ်မျှ သဘောပေါက်သူတိုင်း လွန်ခဲ့သောအချိန်ကတည်းက ထွက်ပြေးသွားခဲ့ကြပြီ မဟုတ်ပါလော။

***

အပိုင်း(၃၁၄)

"ဟွန့် ဒီမိစ္ဆာမကို သတ်ပစ်လိုက်… သူက လူစားရတာကို စွဲလမ်းနေပြီကွ..."

အနီးတွင် ရပ်နေသော စွန်းဝူခုန်းသည် နှုတ်ခမ်းထောင့်စွန်းကို မဲ့ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ တောက်လောင်နေသည့် မျက်လုံးများဖြင့် ပြောလိုက်လေသည်။

"လူစားရတာကို စွဲလမ်းနေတယ်ဟုတ်လား..."

ကျန်းလျိုက စွန်းဝူခုန်းကို စပ်စုချင်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"ဆရာတော် တကယ်ပဲ မသိတာလား..."

စွန်းဝူခုန်းက ကျန်းလျိုကို အံ့ဩစွာ ပြန်ကြည့်လိုက်ပြီး ဖြေလေသည်။

"လူသားတွေရဲ့ သွေးနဲ့သားက မိစ္ဆာတွေအတွက် အရမ်းကို အားရှိစေတယ်လေ… ဒါကြောင့်မို့လို့ သူတို့ထဲက အများစုက လူသားတွေကို အမဲလိုက်ဖို့ မလွန်ဆန်နိုင်ကြတာပေါ့… ဆရာတော်ပဲ စဉ်းစားကြည့်လေ ကျားရိုင်းတစ်ကောင်က သွေးနဲ့ အသားကို မြည်းစမ်းဖူးသွားပြီဆိုရင်… နေ့တိုင်း ဟင်းသီးဟင်းရွက်နဲ့ မုန်လာဥတွေလောက်ကိုပဲ စားဖို့ သည်းခံနိုင်ပါ့မလား..."

“အင်း…”

စွန်းဝူခုန်း၏ ဥပမာပေးပုံက အတော်လေး ပီပြင်လှပေသည်။

ထို့ကြောင့် ခေတ်သစ်အသုံးအနှုန်းဖြင့် ပြောရလျှင် အရိုးဖြူသခင်မသည် စွဲလမ်းမှုရောဂါ ရနေသူတစ်ယောက်နှင့် တူနေသည် မဟုတ်ပါလော။

သို့မဟုတ် မူးယစ်ဆေးဝါးကို မှီခိုနေရသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

"ဝူခုန်း… မင်းရော လူသားတွေကို စားဖူးလား..."

အရိုးဖြူသခင်မ၏ အခြေအနေကို အလျင်စလို မစဉ်းစားသေးဘဲ ကျန်းလျိုသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် စွန်းဝူခုန်းကို မေးလိုက်လေသည်။

"ကျွန်တော် ရဲ့စွန်းက နတ်ဘုရားတွေကို ရှာဖွေပြီး ကျင့်ကြံမှု အောင်မြင်ခဲ့တဲ့ အချိန်ကစလို့ တစ်ယောက်မှ မစားဖူးတော့ဘူး..."

စွန်းဝူခုန်းက မဖြေမီ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

"ကျွန်တော် တာအို တရားကို ရှာဖွေဖို့ ခရီးမစတင်ခင်တုန်းကတော့… မုဆိုးတွေက ဟွာကော်တောင်ကို လာပြီး ကျွန်တော့်ရဲ့ မျောက်မျိုးနွယ်တွေကို လာဖမ်းလေ့ရှိကြတယ်… မျောက်မင်း တစ်ပါးအနေနဲ့ ကျွန်တော်က မျိုးနွယ်စုကို ဦးဆောင်ပြီး ပြန်လည်ခုခံခဲ့တာ သဘာဝပဲလေ… သူတို့ကိုလည်း မနည်းမနော သတ်ခဲ့ဖူးတယ်… အဲဒီတုန်းက ကျွန်တော်က ရိုးအပြီး သဘာဝဗီဇအတိုင်း ပြုမူခဲ့တာဆိုတော့ သူတို့ထဲက တချို့ကိုတော့ စားခဲ့ဖူးတယ်..."

စွန်းဝူခုန်း၏ စကားကြောင့် ကျန်းလျိုသည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ တာအို တပည့်တစ်ယောက် မဖြစ်လာမီက စွန်းဝူခုန်းသည် သာမန် မျောက်မိစ္ဆာများနှင့် သိပ်မကွာခြားခဲ့ပေ။ အမှန်တကယ်ပင် သူ့ကို မိစ္ဆာမျောက် ဟုခေါ်ဆိုခြင်းက အတော်လေး သင့်လျော်ပေသည်။

သူသည် ပင်လယ်ကိုဖြတ်ကျော်ကာ တရားရှာဖွေရန် ခရီးထွက်ခဲ့ပြီး ဗောဓိဘိုးဘိုးနှင့် တွေ့ဆုံခဲ့ပြီးနောက်မှသာ ကျင့်ကြံခြင်းတွင် အမှန်တကယ် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်လေသည်။

ဗောဓိဘိုးဘိုးသည် သူ့ကို လူသားစားသည့် လုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခွင့် ပေးမည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

စွန်းဝူခုန်းကို မေးမြန်းပြီးနောက် ကျန်းလျိုသည် သူ၏ ဘေးရှိ ကျူးပါကျဲနှင့် ရှားဝူကျင်းတို့ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

"ဟီးဟီးဟီး… ဆရာတော်... ကျွန်တော် ဝက်အိုကြီးက အဖြောင့်မတ်ဆုံးနဲ့ အရိုးသားဆုံးပါဗျာ..."

ကျန်းလျို၏ အကြည့်များ မိမိထံသို့ ရောက်လာသည်ကို မြင်သောအခါ ကျူးပါကျဲသည် ခေါင်းကို နောက်သို့ပုကာ ဖားယားသော အပြုံးတစ်ခုကို ပြသလိုက်လေသည်။

ကျန်းလျိုက လက်ကာပြလိုက်ပြီး ကျူးပါကျဲအနေဖြင့် ဆက်ပြောရန် မလိုတော့ကြောင်း အချက်ပြလိုက်ကာ ဘေးရှိ ရှားဝူကျင်းထံသို့ အကြည့်ကို လွှဲပြောင်းလိုက်လေသည်။

"အောမိတော်ဖော..."

ရှားဝူကျင်းသည် ခေါင်းငုံ့ကာ နောင်တရနေသောဟန်ဖြင့် ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်လေသည်။ ဤသူနှစ်ဦးသည် နတ်ဘုံနတ်နန်းမှ လူဝင်စားများ ဖြစ်ကြသော်လည်း မိစ္ဆာများ ဖြစ်လာပြီးနောက်တွင်မူ လူစားရခြင်းကို အလွန်နှစ်သက်ကာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ လွှတ်ပေးထားခဲ့ကြလေသည်။

အတိုချုပ်ဆိုရလျှင် အနောက်သို့ခရီးသွားခြင်း လောကတွင် မိစ္ဆာများ လူစားခြင်းမှာ အခြေခံအားဖြင့် သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပင် ဖြစ်သည်။ ဤမျှ ကြီးမားသော ပတ်ဝန်းကျင်အခြေအနေကို သိရှိထားသဖြင့် ကျန်းလျိုသည် စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

တရားမျှတမှု ရှုထောင့်မှကြည့်လျှင် အရိုးဖြူသခင်မ၏ လုပ်ရပ်များမှာ လုံးဝ အပြစ်ကင်းစင်နေသော်လည်း သူမသည် လူပေါင်းသောင်းချီ၍ စားသုံးခဲ့သည်ဟူသော အချက်မှာမူ ကျန်းလျိုအတွက် လက်ခံရန် ခက်ခဲနေဆဲပင် ဖြစ်လေသည်။

သို့သော်လည်း ပုဂ္ဂိုလ်ရေး ရှုထောင့်မှကြည့်လျှင် အရိုးဖြူသခင်မ မည်မျှပင် မှားယွင်းနေပါစေ သူမသည် အနည်းဆုံးတော့ သူ့ကို ဒုက္ခပေးရန် တစ်ခါမျှ မကြိုးစားခဲ့ဖူးသည်မှာ အမှန်တရားပင် ဖြစ်လေသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အရိုးဖြူသခင်မသည် အစုလိုက်အပြုံလိုက် လူသတ်သမားတစ်ဦး ဖြစ်သော်လည်း အနည်းဆုံးတော့ ဤလူသတ်သမားသည် သူ့ကို ကိုယ်ထိလက်ရောက် တစ်ခါမျှ အန္တရာယ်မပြုခဲ့ဖူးပေ။

ပို၍ အရေးကြီးသောအချက်မှာ ဤလူသတ်သမားသည် အတော်လေး စွမ်းဆောင်ရည် ရှိပြီး ထိုအချက်က မိမိအတွက် အသုံးဝင်နေခြင်းပင် ဖြစ်သည်။

အဆင့် ၇၀ နှင့် အပြာရောင် အထူးအဆင့်ဆိုသည်မှာ လုံးဝ နိမ့်ကျမနေပေ။ အကယ်၍ သူ့အနေဖြင့် သူမကိုသာ စည်းရုံးနိုင်ပါက သူမသည် အနာဂတ်တွင် ကောင်းမွန်သော အကူအညီတစ်ခု ဖြစ်လာပေမည်။

ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးနောက် ကျန်းလျိုသည် ဆုံးဖြတ်ချက်ချလိုက်လေသည်။

အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရကာ သတိလစ်နေသော အရိုးဖြူသခင်မသည် သူမ၏ သွေးတန်း အနည်းငယ် ပြန်လည်ပြည့်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သွေးအနည်းငယ်သာ ကျန်ရှိတော့သော်လည်း သူမသည် တဖြည်းဖြည်း သတိပြန်လည်လာလေသည်။

ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အဝတ်အစားများ၏အောက်တွင် အသားနှင့် သွေးများရှိသော ခန္ဓာကိုယ် မဟုတ်တော့ဘဲ ကြက်သီးထဖွယ်ကောင်းသော အရိုးစုတစ်ခုသာ ရှိနေလေသည်။

"ဘာလို့... ဘာလို့ ငါ့ကို မသတ်လိုက်တာလဲ..."

မူးဝေနေမှုမှ သတိပြန်လည်လာသော အရိုးဖြူသခင်မသည် ကျန်းလျိုတို့အဖွဲ့ကို လှမ်းကြည့်လိုက်၏။ ဟာလာဟင်းလင်း ဖြစ်နေသော သူမ၏ မျက်လုံးပေါက်များထဲတွင် ဝိညာဉ်မီးတောက် နှစ်ခု တဖျပ်ဖျပ် တောက်လောင်နေလေသည်။ ၎င်းတို့က အံ့အားသင့်မှု၊ တုန်လှုပ်မှုနှင့် ဒေါသတို့ကို ဖော်ပြနေလေသည်။

"အောမိတော်ဖော… မင်းရဲ့ အခြေအနေကို ငါ နားလည်သွားပါပြီ..."

ကျန်းလျိုသည် ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်ပြီးနောက် ဆက်ပြောလေသည်။

"မင်းက ငါ့ကို တစ်ခါမှ အန္တရာယ်မပြုခဲ့ဖူးပေမယ့်… ရေတွက်လို့မရနိုင်တဲ့ လူသားတွေကို မင်း ဒုက္ခပေးခဲ့တယ်… မင်းပြောသလိုပဲ လူတွေအများကြီးကို သတ်ဖြတ်ခဲ့ပြီးပြီဆိုတော့… လူသားတွေရဲ့လက်ထဲမှာ နိဂုံးချုပ်ရတာကလည်း တရားမျှတမှု သံသရာလည်တာပဲ မဟုတ်လား..."

"ဟွန့်… တကယ်ပဲ ရှင်ပြောတာ အဓိပ္ပာယ်ရှိပါတယ်… ဒီနေ့ ရောက်လာလိမ့်မယ်လို့ ငါ ကြိုသိနေခဲ့တာ ကြာပါပြီ… ရှင် ငါ့ကို သတ်မယ်ဆိုရင်လည်း သတ်လိုက်ပါတော့..."

အရိုးဖြူသခင်မ၏ အသံမှာ သိသိသာသာ တည်ငြိမ်နေလေသည်။ သူမ၏ ကိုယ်ပိုင် အသက်နှင့် သေခြင်းတရား ရင်ဆိုင်ရချိန်တွင် သူမသည် ကျန်းလျို၏ စကားများကို အံ့ဩစရာကောင်းလောက်အောင် သဘောတူနေခဲ့လေသည်။

"ဟဲ ဟဲ ဟဲ… မင်းလို မိစ္ဆာမက တကယ်ပဲ အတော်လေး ရင့်ကျက်တာပဲ..."

အရိုးဖြူသခင်မသည် သူမ၏ ကိုယ်ပိုင် သေခြင်းတရားကို ဤမျှ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်ကို မြင်သောအခါ စွန်းဝူခုန်းသည် မျက်ခုံးပင့်ကာ သူမအား လေးစားသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။

အရင်က အရိုးဖြူသခင်မက လူသားများသည် တိရစ္ဆာန်များကို အမဲလိုက်ကြပြီး ထိုတိရစ္ဆာန်များက မိစ္ဆာများအဖြစ် ကျင့်ကြံအောင်မြင်လာကာ လူသားများကို ပြန်လည်အမဲလိုက်ခြင်းမှာ တရားမျှတမှု သံသရာလည်ခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့လေသည်။ သူမပြောသော စကားများတွင် ယုတ္တိအချို့ ရှိသော်လည်း ကျန်းလျို၏ အမြင်တွင်မူ ထိုအရာက သူမ လူစားခြင်းကို တရားသေ ကာကွယ်ရန်အတွက် ဖန်တီးထားသော ဆင်ခြေတစ်ခုမျှသာ ဖြစ်လေသည်။

သို့သော် ယခုအခါ သူမ၏ အခြေအနေကို ဤမျှ တည်ငြိမ်စွာ ရင်ဆိုင်နေသည်ကို မြင်တွေ့ရသောအခါ ကျန်းလျိုသည်လည်း သူမအပေါ် အမြင်ပြောင်းသွားလေသည်။

လက်တွေ့ကမ္ဘာ၏ အမြင်အရဆိုရလျှင် ဤသည်မှာ ဟန်ဆောင်သူတော်ကောင်းနှင့် အစစ်အမှန် သူတော်စင်တို့အကြား ကွာခြားချက်ပင် မဟုတ်ပါလော။

ဟန်ဆောင်သူတော်ကောင်း ဆိုသူများက စကားကိုသာ ပြောပြီး လက်တွေ့ မလုပ်ဆောင်ကြဘဲ သူတို့ကိုယ်တိုင် မလိုက်နာနိုင်သော ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စံနှုန်းများကို အခြားသူများအား လိုက်နာရန် တောင်းဆိုလေ့ရှိကြသည်။

ဥပမာအားဖြင့် ကရုဏာတရားအကြောင်းနှင့် စည်းစိမ်ဥစ္စာကို မက်မောမှုကင်းခြင်းအကြောင်းကို ပြောဆိုသော်လည်း အကျိုးအမြတ်အတွက် မိတ်ဆွေကို သစ္စာဖောက်သူသည် ဟန်ဆောင်သူတော်ကောင်းတစ်ဦး၏ ပြယုဂ်ပင် ဖြစ်လေသည်။

သို့သော် အစစ်အမှန် သူတော်စင်ကမူ ကွာခြားပေသည်။ သူတို့သည် အခြားသူများထံမှ ကောင်းမှုကုသိုလ်ကို မျှော်လင့်ရုံသာမက တူညီသော စံနှုန်းများကို လိုက်နာပြီး မိမိကိုယ်ကိုလည်း ထိုအတိုင်း တောင်းဆိုကြလေသည်။

"အောမိတော်ဖော… တကယ်တော့ ဘုန်းကြီးတစ်ပါးအနေနဲ့ ငါ့ရင်ထဲမှာ ကရုဏာတရား ရှိပါတယ်… တကယ်လို့ မင်းက လူတွေကို ဆက်ပြီး မစားတော့ပါဘူးလို့ ငါ့ကို ကတိပေးနိုင်ရင်… မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်ပါတယ်..."

ကျန်းလျိုက ခဏတာ တိတ်ဆိတ်သွားပြီးနောက် အရိုးဖြူသခင်မအား ပြောလိုက်လေသည်။

အရိုးဖြူသခင်မသည် တိတ်ဆိတ်စွာဖြင့် စဉ်းစားခန်း ဝင်သွားလေသည်။ လူသားတွေကို မစားတော့ပါဘူးလို့ ကတိပေးရုံနဲ့ သူမ အသက်ရှင်နိုင်မည်လား။

ထိုအရာက တန်၏လော။

"ဒါဆို ရှင်ပြောချင်တာက ငါက သတ်လို့တော့ရတယ် စားလို့မရဘူးပေါ့… ဒါက အဓိပ္ပာယ်မရှိဘူးလေ… နတ်ဘုရားတစ်ပါးပါးက မိစ္ဆာတွေကို နှိမ်နင်းပြီး တရားစောင့်ရှောက်ဖို့ ဆင်းလာတယ်ဆိုရင်တောင်… ငါက ပြန်လည်မခုခံရတော့ဘူးလား..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အရိုးဖြူသခင်မက ကျန်းလျိုကို မေးမြန်းလိုက်လေသည်။

"သေချာတာပေါ့… တစ်ယောက်ယောက်က မင်းကို အန္တရာယ်ပေးချင်တယ်ဆိုရင်… မင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် သဘာဝအတိုင်း ရှိပါတယ်… ဒါပေမဲ့ မင်းက သတ်လို့ပဲရမယ် စားလို့မရဘူး..."

ကျန်းလျိုက ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"စားလို့မရဘူး… အဲဒါက အလဟဿ ဖြုန်းတီးရာ မကျဘူးလား… နင်တို့ လူသားတွေ အမဲလိုက်လို့ ယုန်တစ်ကောင် ဒါမှမဟုတ် သမင်တစ်ကောင်ကို သတ်ပြီးရင် အိမ်ကို သယ်မသွားကြဘူးလား..."

အရိုးဖြူသခင်မသည် ကျန်းလျို၏စကားကို အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရလေသည်။

"လူသားတွေရဲ့ သွေးနဲ့သားကို စားတာက စွဲလမ်းစေနိုင်တယ်လေ… အဲဒီ သွေးဆောင်ဖြားယောင်းမှုကို မင်း လွန်ဆန်နိုင်မယ်လို့ ထင်နေတာလား..."

ကျန်းလျို၏ အကြည့်များက တည်ငြိမ်နေဆဲဖြစ်ပြီး အရိုးဖြူသခင်မအား မေးလိုက်လေသည်။

***

All Chapters