← Chapters

အခန်း ၉၀

Vol. 8 Ch. 90

အခန်း ၉၀

Vol. 8 Ch. 90

အခန်း။ ၉၀

အမှန်စင်စစ် အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော သတင်းမှာ ယခုအကြောင်းအရာထက် ပိုမိုဆိုးရွားနေသည်။

လူစိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်လာသည့် သတင်းမှာ တန်ရှင်းရန်၏ မိခင်ဖြစ်သူ လန်ရှောင်ချူးပါ အဆောက်အအုံပေါ်မှ ခုန်ချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည့် သတင်းပင်။ မိသားစုဝင် သုံးဦးတွင် ဖခင်ဖြစ်သူ တန်ကျန်းကောတစ်ဦးသာ ကျန်ရစ်တော့သည်။

အသက် ၄၆ နှစ်သာ ရှိသေးသည့် တန်ကျန်းကော၏ ဆံပင်များမှာ တစ်ညတည်းဖြင့် ဖြူဖွေးသွားခဲ့ရသည်။

သူသည် သမီးဖြစ်သူနှင့် ဇနီးဖြစ်သူ၏ ပုံတူဓာတ်ပုံများကို ရင်ခွင်ပိုက်လျက် အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် အော်ဟစ်ကာ တောင်းဆိုနေသည်။

ဂူချန်သည် ထိုသတင်းကို ဖတ်ရှုလိုက်ရချိန်တွင် ရင်ထဲ၌ တုန်လှုပ်ချောက်ချားသွားရသည်။

'ဒီအမှုရဲ့ နောက်ကွယ်မှာ... ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလို့လဲ...'

ဝေဘိုပေါ်မှ ထိုသတင်းအပိုင်းအစလေးဖြင့် ဖြစ်ရပ်တစ်ခုလုံးကို နားလည်ရန် မဖြစ်နိုင်ပေ။ သတင်းထဲတွင် ဖခင်ဖြစ်သူ တန်ကျန်းကောက မျက်ရည်စက်လက်ဖြင့် ပြောကြားထားသည်မှာ

"လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော့်သမီးလေး ယွမ်မြို့ အမှတ် ၁၃ အလယ်တန်းကျောင်းမှာ တက်နေရင်းနဲ့ ရုတ်တရက်ကြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။

ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သမီးလေးရဲ့ အရိုးပြာကိုပဲ တွေ့လိုက်ရတယ်...

ဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်ပေမဲ့ ကျွန်တော့်ဆီ ရောက်လာတဲ့ နောက်ဆုံးအရာက သမီးလေးရဲ့ အရိုးပြာပဲ။

ရဲတပ်ဖွဲ့ကလည်း ကိုယ့်ကိုကိုယ် သတ်သေတယ်လို့ ကောက်ချက်ချတယ်။

ကျောင်းကလည်း အဲဒီအတိုင်းပဲ။

ကျွန်တော်တို့ လျှောက်စုံစမ်းခဲ့ပေမဲ့ ဘာမှ မရခဲ့ဘူး။

နောက်ဆုံးမှာ ကျောင်းကို တရားစွဲခဲ့တယ်။

တရားရုံးက ကျောင်းမှာ တာဝန်မရှိဘူးလို့ ဆုံးဖြတ်ပြီး လျော်ကြေး သုံးသောင်း ပေးခဲ့တယ်။ ဟား... သုံးသောင်းတဲ့လား။

ငွေသန်းပေါင်းများစွာ ပေးရင်တောင် ကျွန်တော့်သမီးလေးရဲ့ အသက်ကို ပြန်ဝယ်လို့ မရနိုင်ပါဘူး။

ကျွန်တော်က ဖခင်တစ်ယောက်အနေနဲ့ သမီးလေး ဘာကြောင့် အဆုံးစီရင်ခဲ့ရလဲဆိုတာ သိချင်ရုံသက်သက်ပါ...

ဒီနေ့ ဘာအဖြေမှ မရရင် ကျွန်တော် ကိုယ့်ကိုကိုယ် မီးရှို့ပြီး သတ်သေတော့မယ်"

တန်ကျန်းကော၏ အသံမှာ အသည်းအသန် ဖြစ်နေသည်။

သူက ဆက်ပြောသည်မှာ "မင်းတို့သိလား ကျွန်တော့်ဇနီးက အဆောက်အအုံပေါ်က ခုန်ချပြီး နေရာမှာတင် သေဆုံးသွားခဲ့တာ။

အွန်လိုင်းမှာ နှောင့်ယှက်တဲ့သူတွေကို ကျိန်ဆဲချင်တယ်။

ကျွန်တော့်ဇနီးက အကူအညီတောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။

ကျွန်တော်တို့ကို ပိတ်ပင်ထားခဲ့ကြတယ်။

အွန်လိုင်းမှာ နှောင့်ယှက်သူတွေက ပိုပြီး အတိုက်အခံ လုပ်လာကြတယ်။

ကျွန်တော့်ဇနီးကို ပိုက်ဆံလိုချင်လို့ ခြိမ်းခြောက်တာလို့ စွပ်စွဲပြီး အသရေဖျက်ကြတယ်။ နောက်ဆုံးတော့ ကျွန်တော့်ဇနီး မခံနိုင်တော့ဘဲ သူ ခုန်ချသွားခဲ့တယ်။

ဘာကြောင့်လဲ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။

သမီးလေး ဘာကြောင့် အဆုံးစီရင်ခဲ့ရတာလဲ။ ကျောင်းက ဘာလို့ ရှောင်တိမ်းနေတာလဲ၊ ဘာလို့ ကင်မရာမှတ်တမ်းကို မပြတာလဲ အွန်လိုင်းမှာ နှောင့်ယှက်သူတွေကရော ကျွန်တော့်ဇနီးရဲ့ သေဆုံးမှုအတွက် တာဝန်မရှိကြဘူးလား"

ဂူချန်သည် ဝေဘိုပေါ်မှ ထိုသတင်းကို စူးစမ်းကြည့်နေရင်း ရုတ်တရက် အလွန်ပင် ထူးဆန်းသော အခြေအနေတစ်ခုကို ကြုံလိုက်ရသည်။

အဆိုပါ သတင်းမှာ ဝေဘိုပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်။

သူ ထပ်မံ၍ အကြိမ်ကြိမ် ရှာဖွေကြည့်သော်လည်း ရှာမတွေ့တော့ပေ။

ဝေဘိုတွင် [သက်ဆိုင်ရာ ဥပဒေနှင့် မူဝါဒများအရ ဤအကြောင်းအရာအတွက် အချက်အလက်များကို မပြသနိုင်ပါ] ဟုသာ ပေါ်လာသည်။

ဂူချန်မှာ မျက်မှောင်ကြုတ်သွားသည်။

ဘာလို့ ရှာလို့မရတော့တာလဲ...'

သူသည် အခြားသော လူမှုကွန်ရက်များတွင်လည်း ရှာဖွေကြည့်သော်လည်း မတွေ့ရတော့ပေ။

ဒီအကြောင်းအရာတွေက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားနိုင်ရတာလဲ...

ဒါမျိုးကို လုပ်နိုင်တဲ့သူက... ဘယ်သူတွေ ဖြစ်နိုင်မလဲ...'

တန်ကျန်းကောတစ်ယောက် အဘယ်ကြောင့် အကူအညီမဲ့နေရပြီး ရှေ့ဆက်စရာလမ်းစ မရှိတော့သည်ကို ဂူချန် နားလည်သွားသည်။

ဤအမှုတွင် ပုံမှန်မဟုတ်သည့် အချက်အလက်များစွာ ရှိနေသည်။

ဂူချန် စဉ်းစားခန်းဝင်နေစဉ်မှာပင် ရွှယ်ချင်းချင်းက အလျင်အမြန် ပြေးလာသည်။

"သူဌေး... သူဌေးရေ။"

"ဘာဖြစ်လို့လဲ"

ဂူချန် မော့ကြည့်လိုက်သည်။

"သူဌေးရုံးခန်းရှေ့မှာ လူတစ်ယောက် ရောက်နေတယ်။ သူက ရုံးရှေ့မှာ ဒူးထောက်ပြီး မထဘဲ နေနေတာ"

ရွှယ်ချင်းချင်းက စိတ်ရှုပ်ထွေးစွာ ပြောသည်။

"သူက သူဌေးကိုပဲ တွေ့ချင်တာတဲ့ သူဌေးတစ်ယောက်တည်းပဲ သူ့ကို ကူညီနိုင်မှာတဲ့။"

"သွားကြည့်ရအောင်" ဟု ပြောကာ ဂူချန်က အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဂူချန် ရုံးခန်းအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် တန်ကျန်းကောကို တွေ့လိုက်ရသည်။

တန်ကျန်းကောမှာ သန့်ပြန့်စွာ ဝတ်ဆင်ထားသော်လည်း မျက်နှာတွင် နက်ရှိုင်းသော တွန့်ကြောင်းများ ရှိနေကာ အလွန်အမင်း အိုမင်းရင့်ရော်နေသည်။

အသက် ၄၀ ကျော်သာ ရှိသေးသော်လည်း ၆၀ အရွယ် လူကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး ဆံပင်များမှာ တစ်ခေါင်းလုံး ဖြူဖွေးနေသည်။

ဇနီးဖြစ်သူ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည့် သတင်းကို ကြားသိပြီးနောက် တန်ကျန်းကောမှာ နောက်ဆုံးအခြေအနေအထိ ဇနီးဖြစ်သူ၏ ကိစ္စရပ်များကို စိတ်ထိန်းကာ ကိုင်တွယ်ခဲ့သည်။ အကယ်၍သာ အဖြစ်မှန်ကို သိရှိလိုသည့် ဆန္ဒသာမရှိပါက သူလည်း နောက်ကြောင်းပြန် လိုက်သွားလောက်ပြီ ဖြစ်သည်။

တန်ကျန်းကောမှာ ယခုအခါ သေခြင်းတရားကို မကြောက်တော့ချေ။

သူ လိုချင်သည်မှာ အဖြစ်မှန်ကို သိရှိရဖို့သာ ဖြစ်သည်။

တာဝန်ရှိသူများမှာ သူတို့ပြုလုပ်ခဲ့သည့် အမှားများအတွက် ပြန်လည်ပေးဆပ်ရမည်ပင်။

'သမီးလေးက... ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ရတာလဲ...

ဘယ်လို ဒုက္ခတွေနဲ့များ ကြုံတွေ့ခဲ့ရလို့လဲ...

ပြီးတော့... ဇနီးဖြစ်သူကို အွန်လိုင်းကနေတစ်ဆင့် ရက်ရက်စက်စက် ဝိုင်းပြီး နှောင့်ယှက်ပြီး ဖိအားပေးနေတဲ့လူတွေကကော ဘယ်သူတွေလဲ...'

တန်ကျန်းကောမှာ တရားမျှတမှုကိုသာ တောင်းဆိုနေခြင်းပင်။

လွန်ခဲ့သည့် တစ်နှစ်အတွင်း တန်ကျန်းကော တတ်နိုင်သည့်နည်းလမ်းတိုင်းကို ကြိုးစားခဲ့သော်လည်း အကြောင်းရင်းကို မသိရှိနိုင်ခဲ့ပေ။

တရားရုံးက လျော်ကြေး သုံးသောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းဟူသော ကောက်ချက်ဖြင့်သာ အဆုံးသတ်ခဲ့သည်။

'ဒီငွေတွေကို လက်ထဲမှာ ကိုင်ထားရပေမဲ့လည်း...သူ့အတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး...။ သမီးလေးလည်း မရှိတော့တဲ့နောက်... ဒီပိုက်ဆံတွေကို သူ ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာလက်ဖြတ်နဲ့ သုံးစွဲနိုင်တော့မှာလဲ...'

ယခုအခါ ဇနီးဖြစ်သူကြိပါ ဆုံးရှုံးသွားရကာ မိဘများမှာလည်း ရှေးယခင်ကပင် ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

သူ လိုချင်သည်မှာ အမှန်တရားဖြစ်သည်။

ထိုအမှန်တရားကြောင့်ပင် သူသည် ယခုအချိန်အထိ အသက်ရှင်လျက် တောင့်ခံထားခြင်းပင်။

"ရှေ့နေဂူ... ကျွန်တော့်ကို ကူညီပေးပါဗျာ"

တန်ကျန်းကောသည် ဂူချန်၏ရှေ့တွင် ဒူးထောက်ကျသွားသည်။

"ကျွန်တော့်မှာ တခြားလမ်းမရှိတော့ဘူး။ ဘယ်နေရာကိုပဲသွားသွား ဘယ်သူ့ကိုပဲ တိုင်တိုင် ဘာမှ မထူးလာဘူး။ ကျွန်တော် သိချင်တာက အမှန်တရားတစ်ခုတည်းပါ။ သမီးလေး ဘာကြောင့် အဆုံးစီရင်ရတာလဲဆိုတာပဲ သိချင်တယ်။ အိပ်မက်ထဲမှာတောင် သမီးလေးက 'ဖေဖေ' လို့ ခေါ်နေသလိုပဲ။ ဒါပေမဲ့ ကျွန်တော် မြင်ခဲ့ရတာက သူ့အရိုးပြာပဲ...

ဇနီးဖြစ်သူလည်း မရှိတော့ဘူး... ရှေ့နေဂူ ကျွန်တော် အသက်မရှင်ချင်တော့ဘူး။ ဘဝမှာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။

သမီးလေးရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပေးပါ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုပဲ သိချင်တာပါ။ ဘာကြောင့် ဒီလောက်အထိ ဖြစ်လာရတာလဲ။

တရားမျှတမှုကို ရှာဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲဗျာ။"

တန်ကျန်းကော၏ အသံမှာ တုန်ယင်ပြီး အက်ကွဲနေကာ စိတ်ပိုင်းဆိုင်ရာမှာလည်း အလွန်ပင် ပျက်ပြားနေသည်။

ဂူချန်သည် တန်ကျန်းကောကို ရုံးခန်းထဲသို့ ချက်ချင်းမခေါ်သေးဘဲ အပြင်တွင်ပင် ကူညီကာ ထရန် ထူလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို အစအဆုံး အသေးစိတ် ပြောပြပါ။

ဘယ်သူမှ မကူညီနိုင်ရင် ကျွန်တော် ကူညီပေးမယ်။

ဒီကိစ္စကို သတင်းတွေမှာ ကြားလိုက်ရပေမဲ့ အခုတော့ ဖိအားပေးပြီး ပိတ်ပင်ခံထားရတယ်လို့ ထင်တယ်။

တစ်ယောက်ယောက်က ဒီကိစ္စကို ဖုံးကွယ်ထားချင်တယ်ဆိုရင်တောင် ကျွန်တော်က အဖြစ်မှန်ကို ထုတ်ဖော်ပေးဖို့ အာမခံပါတယ်။"

တန်ကျန်းကောသည် တုန်ရီနေသည့်လက်ဖြင့် အိတ်တစ်လုံးကို ဂူချန်ထံသို့ ကမ်းပေးလိုက်သည်။ ထိုအိတ်ထဲတွင် ငွေသုံးသောင်း ပါရှိသည်။

"ရှေ့နေဂူ... ဒါ ကျွန်တော့်ဆီမှာ ရှိသမျှငွေတွေ အကုန်လုံးပါ။ ဒါတွေကို အကုန်ယူလိုက်ပါ။ ခင်ဗျားက အရည်အချင်းရှိတဲ့၊ စွမ်းဆောင်ရည်မြင့်တဲ့ ရှေ့နေတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်။

ကျွန်တော် ခင်ဗျားကိုပဲ ယုံကြည်တော့မယ်။ တခြားဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ဘူး။

သမီးလေးရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပေးပါ။ ပြီးတော့ ဇနီးဖြစ်သူကို အွန်လိုင်းကနေ နှောင့်ယှက်ခဲ့တဲ့သူတွေကိုလည်း သူတို့ ကျူးလွန်ခဲ့တဲ့အမှားအတွက် ပြန်ပေးဆပ်ခိုင်းစေချင်တယ်"

All Chapters