အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄)
ဗက်စတာ သတ္တုတွင်းဇုန်
သတင်းအချက်အလက် စင်တာမှာ တစ်ပိုင်းတစ်စ ပိတ်ထားသော အီလက်ထရောနစ် စာကြည့်တိုက် တစ်ခု ဖြစ်ပေသည်။
ဤအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိသော်လည်း ကောင်းယွမ်သည် သူ၏ အထောက်အထား ချစ်ပ်ပြားကို စစ်ဆေးလိုက်ပြီးနောက် အမြင့်ဆုံးအဆင့် ကြည့်ရှုခွင့်ကို ရရှိလိုက်၏။
ထိုအချိန်၌ ကောင်းယွမ်၏ ဘေးတွင် အရပ်ရှည်သော အမျိုးသမီး တစ်ဦး ရှိနေခဲ့ပေသည်။ ဂြိုဟ်သိမ် ဂြိုဟ်မွှားပတ်လမ်းစုတွင် နေထိုင်သူများ၏ ပျမ်းမျှအရပ်မှာ (၁၉၀) စင်တီမီတာကျော် ရှိလေသည်။ ၎င်းတို့သည် ဆွဲငင်အား အလွန်နည်းသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် ကမ္ဘာ မြေပေါ်ရှိ လူသားများထက် ပို၍ အရပ်ရှည်ကြခြင်း ဖြစ်၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ..."
"ညွှန်ကြားရေးမှူးကောင်း... ကျွန်မနာမည်က ကျိုးကျိချင်ချင်ပါ..."
"မင်း ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ..."
"ကျွန်မ အဖေက ဆီးရီးစ်မှာ အလုပ်လုပ်ခဲ့တာပါ... ကျွန်မကို ဆီးရီးစ်မှာပဲ မွေးဖွားခဲ့ပြီး ဒီမှာပဲ ကြီးပြင်းခဲ့ တာပါ..."
"ကမ္ဘာမြေကိုရော ရောက်ဖူးလား..."
"နှစ်ခေါက် ရောက်ဖူးပါတယ်... အုပ်ချုပ်ရေးမှူး မု အလုပ်ကိစ္စနဲ့ သွားရောက် အစီရင်ခံတဲ့အခါ အဖော် အဖြစ် လိုက်သွားခဲ့တာပါ..."
"ကမ္ဘာမြေမှာ ပြန်နေချင်တဲ့ စိတ်ရော ရှိလား..."
ကောင်းယွမ်က မေးလိုက်လေ၏။
"စိတ်မဝင်စားပါဘူး..."
ကောင်းယွမ် အနည်းငယ် အံ့ဩသွားခဲ့ရသည်။ လူသားတစ်ဦး ဖြစ်ပါလျက် ကမ္ဘာမြေသို့ ပြန်၍ အလုပ် လုပ်ရန် ဆန္ဒမရှိသူ ရှိနေသည်မဟုတ်ပါလော။
"ဘာလို့လဲ... ကမ္ဘာမြေက မကောင်းဘူးလား... အပြင်ထွက်တဲ့အခါ အကာအကွယ် ဝတ်စုံတွေ ဝတ်စရာ မလိုဘဲ လေကို လွတ်လွတ်လပ်လပ် ရှူရှိုက်လို့ ရတာလေ..."
ကျိုးကျိချင်ချင်၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိနေပေ။
"ကျွန်မတို့ရဲ့ အခြေစိုက်စခန်းကလည်း ကမ္ဘာမြေပေါ်က မြို့တော်ကြီး ရှစ်ခုနဲ့ ဆင်တူပါတယ်... ဒီမှာ လည်း အကာအကွယ် ဝတ်စုံတွေ ဝတ်စရာမလိုဘဲ လေကို လွတ်လွတ်လပ်လပ် ရှူရှိုက်လို့ ရတာပါပဲ..."
ကောင်းယွမ် ဆွံ့အသွားခဲ့ရ၏။
ပြန်စဉ်းစားကြည့်လျှင်လည်း အားလုံးက အတူတူပင် ဖြစ်ပေသည်။ အကယ်၍ ထိုသို့သာ ဖြစ်ပါက ဘာကြောင့် ပြန်သွားရန် ကြိုးစားနေရပါမည်နည်း။
ကောင်းယွမ် စကားမပြောတော့ဘဲ အချက်အလက်များကိုသာ စတင် ရှာဖွေလိုက်လေသည်။
စနစ်အတွင်းသို့ ချိတ်ဆက်လိုက်သည်နှင့် ဦးနှောက်လှိုင်းများကို အသုံးပြုကာ အဓိက အချက်အလက် များကို ရှာဖွေနိုင်ပြီ ဖြစ်၏။
ဆီးရီးစ်တွင် အကြီးဆုံး သတ္တုတွင်းကြီး သုံးခု ရှိလေသည်။ ၎င်းတို့မှာ သတ္တုတွင်း အလုပ်သမားများ အခြေချ နေထိုင်ရာ ဂျူးနို၊ ဗက်စတာနှင့် ပဲလပ်စ် သတ္တုတွင်းများ ဖြစ်ကြ၏။
ကောင်းချိုးသည် ဤသတ္တုတွင်း သုံးခုထဲမှ တစ်ခုခုတွင် ရှိနေရပေမည်။
ကောင်းယွမ်သည် ထိုသတ္တုတွင်း သုံးခု၏ အချက်အလက်များကို အာရုံစိုက် ရှာဖွေလိုက်လေသည်။ အထူးသဖြင့် တစ်နှစ်အတွင်းက မှတ်တမ်းများကို ဖြစ်၏။
"ညွှန်ကြားရေးမှူး... ဒီစာရွက်စာတမ်းတွေထဲမှာ သတ္တုတွင်း တစ်ခုချင်းစီရဲ့ ထွက်နှုန်းနဲ့ အမျိုးအစား တွေ... ပြီးတော့ အလုပ်သမားတွေရဲ့ ဆူပူအုံကြွမှု မှတ်တမ်းတွေကို မှတ်တမ်းတင်ထားတာပါ..."
ကျိုးကျိချင်ချင် စကားပြောနေစဉ်မှာပင် ကောင်းယွမ်သည် သတ္တုတွင်း အလုပ်သမားများနှင့် ပတ် သက်သော ပုံမှန်မဟုတ်သည့် ဖြစ်ရပ်များကို ရှာဖွေနေသည်ကို တွေ့လိုက်ရ၏။
သူမ၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားရသည်။
*ကောင်းယွမ်က အဲ့ကိစ္စအတွက် တကယ်ပင် ရောက်လာတာလား…*
*ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူမှ မသိနိုင်ပါဘူး…*
ကောင်းယွမ်သည် မှတ်တမ်းများကို အသာအယာ ကြည့်ရင်း မေးခွန်းတစ်ခု မေးလိုက်လေသည်။
"ဒီသတ္တုတွင်းကြီး သုံးခုမှာ အလုပ်သမား ဘယ်လောက်ရှိလဲ..."
"လက်ရှိ မှတ်ပုံတင်ထားတဲ့သူ စုစုပေါင်း သန်း (၁၂၀) ရှိပါတယ်..."
"လူတွေ အတော်များသားပဲ..."
"ကမ္ဘာမြေနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး..."
"ဒီသတ္တုတွင်း သုံးခုထဲမှာ ဘယ်နေရာမှာ အလုပ်သမား အများဆုံးလဲ... အင်း... ဗက်စတာ သတ္တုတွင်း ဇုန်က... ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ အလုပ်သမားအသစ် တစ်ယောက်မှ မရှိဘူးလား..."
ကောင်းယွမ်က မေးလိုက်လေ၏။
ကျိုးကျိချင်ချင် ချက်ချင်းပင် တင်းမာသွားခဲ့ရလေသည်။
"ညွှန်ကြားရေးမှူး... ဗက်စတာ သတ္တုတွင်းဇုန်က သယံဇာတတွေက ကုန်ခမ်းလုနီးပါး ဖြစ်နေပါပြီ... ပတ်ဝန်းကျင်က ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကလည်း အကုန်လုံးနီးပါး အရည်ကျိုပြီးသား ဖြစ်နေလို့ပါ..."
"ငါကြည့်ပါဦးမယ်... ဒါက ကမ္ဘာမြေကို ပြန်ဖို့ လျှောက်ထားတဲ့ အလုပ်သမား မှတ်တမ်းပဲ..."
ထိုစကားကို ပြောလိုက်သည့် ခဏမှာပင် သတင်းအချက်အလက် စင်တာ တစ်ခုလုံး ရုတ်တရက် လင်း လက်သွားပြီး မျက်စိရှေ့ရှိ စက်ပစ္စည်းများ အားလုံး မှောင်အတိ ကျသွားခဲ့လေသည်။
ကောင်းယွမ် မှင်သက်သွားခဲ့ရလေ၏။
"တောင်းပန်ပါတယ် ညွှန်ကြားရေးမှူး... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုရဲ့ မျက်နှာပြင်မှာ နေလေပြင်း တွေက အလွန်ပြင်းထန်ပါတယ်... နေမုန်တိုင်းတွေလည်း ခဏခဏ ဖြစ်ပေါ်တတ်လို့ လျှပ်စစ်ဗို့အားက အလွန်ပဲ မတည်ငြိမ်ပါဘူး... အခုက လျှပ်စစ်မီး ပြတ်သွားတာ ထင်ပါတယ်..."
"မီးပြတ်သွားတာလား..."
"ဟုတ်ကဲ့..."
ကောင်းယွမ်သည် ကောင်းချိုး မည်သည့်နေရာတွင် ရှိနေသည်ကို သိသွားခဲ့ပြီ ဖြစ်၏။
လျှပ်စစ်မီး ပြတ်တောက်ခြင်းမှာ ပြက်လုံးတစ်ခုသာ ဖြစ်ပေသည်။ အပြင်ဘက် ဗို့အား မတည်ငြိမ်လျှင် ပင် အုပ်ချုပ်ရေးမှူးရုံးတွင် အရန်မီးစက် မရှိဘဲ နေပါမည်လော။
ဤသည်မှာ တစ်ဖက်လူက သူ့အား ဆက်၍ မကြည့်စေလိုသောကြောင့် သိသာလှသော လုပ်ရပ်ပင် ဖြစ်၏။
"ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာမျိုးက... လျှပ်စစ်မီးတောင် မယုံရဘူး... တကယ်ကို ပျင်းစရာကောင်း လိုက်တာ..."
ကောင်းယွမ်သည် ညည်းညူရင်း သတင်းအချက်အလက် စင်တာထဲမှ ထွက်လာခဲ့လေသည်။
ကျိုးကျိချင်ချင် သက်ပြင်းချနိုင်သွားခဲ့ရလေတော့၏။
"ညွှန်ကြားရေးမှူး... အုပ်ချုပ်ရေးမှူးက ညစာအတွက် စီစဉ်ထားပါတယ်... ကျွန်မ လိုက်ပို့ပေးပါ့မယ်..."
"ဒီလိုနေရာမျိုးမှာ ဘာကောင်းတာ ရှိမှာလဲ... ငါ ဒီမှာ မစားဘူး... အင်္ဂါဂြိုဟ်သွားပြီးမှ စားတော့မယ်..."
...
သူ ပြန်ထွက်သွားသည့်အခါ မုမင်၏ မျက်နှာတွင် ဟန်ဆောင်အပြုံးများ ရှိနေခဲ့ပေသည်။
"ညွှန်ကြားရေးမှူးကောင်း... ဧည့်ဝတ်မကျေတာ ရှိရင် တောင်းပန်ပါတယ်..."
"ငါ နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး... ဒီမှာ ဘာမှမရှိဘူး..."
ကောင်းယွမ်ကို ကြည့်ရင်း မုမင်သည် သူ အလွန်အကျွံ တွေးတောခဲ့မိသည်ကို သတိပြုလိုက်မိ၏။
*ဒီကောင်းမိသားစုဝင်က သူ့ရဲ့ စိတ်အလိုအတိုင်း လာရောက်လည်ပတ်တာနေမယ်… ဘာမှ မရှိတာကို မြင်တော့မှ စိတ်ပျက်သွားတာပဲ ဖြစ်ရမယ်…*
၎င်းတို့ ဤနေရာသို့ ရောက်ရှိလာသည်မှာ တစ်နာရီခန့်သာ ရှိသေးပြီး ယခု ပြန်ထွက်သွားကြတော့မည် ဖြစ်၏။
...
ကောင်းယွမ်သည် စစ်သင်္ဘောပေါ်သို့ တက်ကာ အင်္ဂါဂြိုဟ်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
မုမင်သည် ကမ္ဘာမြေရှိ ဌာနချုပ်သို့ ချက်ချင်းပင် ဆက်သွယ်လိုက်၏။
"ကောင်းယွမ် အင်္ဂါဂြိုဟ်ကို သွားနေပါပြီ..."
အင်္ဂါဂြိုဟ်သို့ သွားရာ လမ်းခရီးတွင် ကောင်းယွမ်သည် စစ်သင်္ဘော၏ လက်နက်တိုက်သို့ သွားရောက် ကာ စစ်သည်တစ်ဦးချင်းသုံး လက်နက်ကိရိယာ အမြောက်အမြား ရှိနေသည်ကို တွေ့လိုက်ရလေ၏။ ကောင်းယွမ်သည် စစ်သည်တော် ချပ်ဝတ်တန်ဆာ တစ်စုံကို ဝတ်ဆင်လိုက်လေသည်။
စစ်သင်္ဘောမှာ ဗက်စတာအပေါ်မှ ဖြတ်ကျော် ပျံသန်းစဉ် သူသည် စက်ရုပ်များကို ညွှန်ကြားလိုက်သည် မှာ စစ်သင်္ဘောအား အင်္ဂါဂြိုဟ်သို့ ဆက်လက် မောင်းနှင်ရန်၊ အင်္ဂါဂြိုဟ်သို့ ရောက်သည့်အခါ တစ်ပတ် ပတ်ပြီးမှ ကမ္ဘာမြေသို့ တိုက်ရိုက် ပြန်ရန် ဖြစ်ပေ၏။
ထိုအချိန်၌ စစ်သည်တော် စက်ရုပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းယွမ်သည် ဗက်စတာဆီသို့ ပျံသန်းသွားခဲ့လေတော့သည်။
သူသည် အစောပိုင်းက အချက်အလက်များကို စစ်ဆေးစဉ် ဤသတ္တုတွင်းဇုန်ကို စောင့်ကြပ်သူ မရှိ သည်ကို တွေ့ခဲ့ရလေ၏။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့် ဖြစ်ပေသည်။
အမှန်စင်စစ် ဤနေရာမှာ ဝေးလံခေါင်သီပြီး အေးစက်လွန်းလှရာ ဘာမှလည်း မရှိပေ။ မည်သူက ဤ နေရာသို့ ခိုးဝင်လာပါမည်နည်း။
ထို့ပြင် ဧရာမ စစ်သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ပျံများ မရှိဘဲ ဤနေရာမှ ထွက်ခွာရန်မှာ မဖြစ်နိုင်ပေ။ ဤနေရာတွင် ကောင်းကင်တပ်မတော်၏ စောင့်ကြည့်ရေးစခန်း တစ်ခုသာ ရှိပြီး ၎င်းမှာ လည်း ကြီးမားသော ယာဉ်ပျံများကိုသာ အဓိက စောင့်ကြည့်ခြင်း ဖြစ်၏။
စစ်သည်တော် စက်ရုပ်ဝတ်စုံ၏ အမြင့်ဆုံး ပျံသန်းနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ တစ်သိန်း ဖြစ် သော်လည်း ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင်မူ ၎င်းမှာ ပြောပလောက်သော အကွာအဝေး မဟုတ်ပေ။
ကောင်းယွမ်သည် ဗက်စတာသို့ ခိုးဝင်ရန် စီစဉ်ထားခြင်း ဖြစ်၏။ အကယ်၍ အရာအားလုံး အဆင် ပြေပါက ကောင်းချိုးနှင့် တွေ့ဆုံနိုင်ပြီး အပြန်စစ်သင်္ဘောကို မှီနိုင်ပေလိမ့်မည်။
ဤနည်းဖြင့် သူ ဗက်စတာသို့ ရောက်ခဲ့သည်ကို မည်သူမျှ သိရှိနိုင်တော့မည် မဟုတ်ပေ။
...
စက်ရုပ်ဝတ်စုံသည် စစ်သင်္ဘော၏ အောက်ခြေမှ ထွက်ခွာသွားသည်မှာ ပြေးလွှားနေသော ကြံ့တစ် ကောင်၏ ကိုယ်ပေါ်မှ အမွှေးတစ်ပင် ကျွတ်ကျသွားသကဲ့သို့ပင် ဖြစ်၏။ တစ်စုံတစ်ဦးက စစ်သင်္ဘောကို စောင့်ကြည့်နေစေကာမူ ဤအပြောင်းအလဲကို သတိပြုမိနိုင်မည် မဟုတ်ပေ။
စက်ရုပ်ဝတ်စုံ၏ နောက်ကျောရှိ တွန်းကန်စက်များမှာ အလုပ်လုပ်လာပြီး ကောင်းယွမ်သည် ဗက်စတာ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့လေတော့သည်။
ဗက်စတာသည် ဆီးရီးစ်ပြီးလျှင် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုရှိ တတိယအကြီးဆုံး ဂြိုဟ်သိမ်ဂြိုဟ် မွှား ဖြစ်ပေသည်။ ၎င်း၏ အချင်းမှာ (၅၂၅) ကီလိုမီတာ ရှိပေ၏။
ဗက်စတာသည် ဆီးရီးစ်နှင့် အင်္ဂါဂြိုဟ် အကြားတွင် တည်ရှိပြီး သံ၊ အလူမီနီယံနှင့် ကြေးနီ စသည့် သတ္တုများ ကြွယ်ဝစွာ ထွက်ရှိလေသည်။ ကောင်းယွမ် တွေ့မြင်ခဲ့ရသော အချက်အလက်များအရ ဤနေရာမှာ သတ္တုတွင်း သုံးခုအနက် အလုပ်သမား အများဆုံး ရှိသည့် နေရာ ဖြစ်ပေသည်။
မကြာမီမှာပင် သူသည် ဗက်စတာ၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့လေ၏။ ကောင်းယွမ်သည် သတ္တုတွင်းဇုန်ဆီသို့ သူ၏ ခရီးစဉ်ကို စတင်လိုက်လေတော့သည်။
သတ္တုတွင်းဇုန်၏ အဝင်ဝသို့ ရောက်သည့်အခါ ကောင်းယွမ်သည် သူ့ကို တစ်စုံတစ်ဦးက တားဆီး လိမ့်မည် သို့မဟုတ် အထောက်အထား စစ်ဆေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့လေ၏။
မမျှော်လင့်ဘဲ တံခါးဝရှိ အစောင့်များမှာ သူ့အား တားဆီးခြင်း မရှိသည့်အပြင် အလေးပင် ပြုလိုက်ကြ ပေသေးသည်။
...
သတ္တုတွင်းဇုန် အတွင်းသို့ ရောက်ရှိလာပြီးနောက် ကောင်းယွမ်သည် သတ္တုတွင်း တွင်းဝဆီသို့ တိုက် ရိုက် ဦးတည်သွားခဲ့လေသည်။ အကယ်၍ ကောင်းချိုးသာ ဤနေရာတွင် ရှိနေပါက မြေအောက်တွင်သာ နေထိုင်ရပေလိမ့်မည်။
ဗက်စတာ သတ္တုတွင်းဇုန်၏ မြေအောက် လှိုဏ်ခေါင်းများမှာ ရှုပ်ထွေးလှပြီး ဤဗက်စတာ အငယ်စား လေးပေါ်တွင် မှတ်ပုံတင်ထားသော အလုပ်သမားပေါင်း သန်း (၅၀) ကျော် ရှိလေသည်။
သန်းငါးဆယ်သော လူသားများထဲမှ တစ်ဦးကို ရှာဖွေခြင်းမှာ ပင်လယ်ထဲတွင် အပ်ရှာသည်ထက်ပင် ခက်ခဲလှပေဦးမည်။ သို့သော်လည်း ကောင်းယွမ်သည် သူသာ ဝင်လာခဲ့ပါက ကောင်းချိုးက သူ့အား လာရောက် ရှာဖွေလိမ့်မည်ဟု ယုံကြည်နေခဲ့လေ၏။
အကယ်၍ သူ ဤနေရာမှာ ရှိနေသည်ကိုပင် မသိပါက ဤအဖေကို အဖေဟု မခေါ်တော့ဘဲ သူ၏ စီမံ ကိန်းများ အားလုံးမှာလည်း သူနှင့် မသက်ဆိုင်တော့ပေ။ သူသည် အဆင့်မြင့် နည်းပညာများအတွက် ပွဲစားအဖြစ်သာ ရိုးရိုးသားသား နေထိုင်သွားပေတော့မည်။
လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ကောင်းယွမ်သည် သူ၏ စက်ရုပ်ဝတ်စုံကို ချွတ်လိုက်ပြီး သတ္တုတွင်း စီမံခန့်ခွဲသူများထံမှ ရရှိထားသော အကာအကွယ် ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။ စီမံခန့်ခွဲသူများက ကောင်းယွမ်ကို မှတ်ပုံတင်ရန် ကြိုးစားခဲ့သော်လည်း ကောင်းယွမ်က ၎င်းတို့ကို ရိုင်းစိုင်းစွာ ဆဲဆိုလိုက်သဖြင့် မည်သူမျှ စကားမပြောဝံ့ကြတော့ပေ။
ဤသည်မှာ သတ္တုတွင်း အလုပ်သမားများအတွက် စံသတ်မှတ်ထားသော အကာအကွယ် ဝတ်စုံ ဖြစ်ပြီး အဓိကအားဖြင့် အနွေးဓာတ် ပေးရန်၊ ရေဒီယိုသတ္တိကြွမှုမှ ကာကွယ်ရန်နှင့် အရေးကြီးသော လုပ်ဆောင် ချက် တစ်ခုဖြစ်သည့် လေဖိအား ပေးဝေရန်နှင့် အောက်ဆီဂျင် ထောက်ပံ့ရန် ဖြစ်၏။
လေဖိအား မရှိပါက ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်သူမှာ အရပ် (၂) ဒသမ (၅) မီတာအထိ ရှည်လာနိုင်သော်လည်း ၎င်းတို့၏ အရိုးသိပ်သည်းဆမှာ ကမ္ဘာမြေပေါ်ရှိ လူသားများ၏ သုံးပုံတစ်ပုံ ခန့်သာ ရှိပေလိမ့်မည်။
ထိုသို့သော သူတစ်ဦးသည် ကမ္ဘာမြေသို့ ပြန်ရောက်သည့် ခဏမှာပင် ကမ္ဘာ့လေထု၏ ဖိအားကြောင့် ကြေမွသွားပေလိမ့်မည်။
အဝင်ဝတွင် မျောက်ကားများစွာ ရှိနေခဲ့၏။ ထိုအမည်မှာ ရှေးယခင်ကတည်းက ပေးထားခဲ့ခြင်း ဖြစ် သည်။ ယခုအခါ ၎င်းတို့ကို လျှပ်စစ်သံလိုက်ဖြင့် မောင်းနှင်နေခြင်း ဖြစ်ပြီး ပုံသဏ္ဍာန်မှာ ရိုလာကိုစတာမှ ဖြုတ်ထားသော ထိုင်ခုံများနှင့် ပို၍ တူနေပေသည်။
ထို့ပြင် ၎င်း၏ အရှိန်နှင့် အနိမ့်အမြင့်မှာလည်း ရိုလာကိုစတာနှင့်ပင် ယှဉ်နိုင်ပေသည်။
ကောင်းယွမ် မည်သည့်နေရာသို့ သွားရမည်ကို မသိပေ။
အောက်ဘက်ရှိ ဧရိယာမှာ အလွန်ပင် ရှုပ်ထွေးလှရာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ပင်လျှင် အထဲ၌ ဘာရှိသည်ကို မသိနိုင်ကြပေ။ သတ္တုတွင်း စီမံခန့်ခွဲသူများမှာလည်း အောက်သို့ ဆင်းရန် ကြောက်ရွံ့နေကြလေသည်။
အောက်သို့ ဆင်းရန်မှာ လွယ်ကူသော်လည်း... နောက်တစ်ခါ ပြန်ထွက်လာနိုင်ရန်မှာမူ မသေချာလှပေ။