အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅)
နိုးထလာသူများ
စီမံခန့်ခွဲရေး အဖွဲ့သည် အောက်ခြေတွင် ပုန်းအောင်းနေသော အလုပ်သမားများအတွက် စိုးရိမ်ပူပန်ခြင်း မရှိပေ။ အကြောင်းမှာ အကာအကွယ် ဝတ်စုံတွင် ပါရှိသော အောက်ဆီဂျင်ဘူးများမှာ သုံးရက်စာ အသက်ရှူရန်သာ ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်လေ၏။
လူတစ်ဦးချင်းစီအနေဖြင့် သုံးရက်လျှင် တစ်ကြိမ်သာ ဘူးအသစ် လဲလှယ်ခွင့်ရှိပြီး အခြားသူအတွက် ကိုယ်စား ထုတ်ယူ၍လည်း မရပေ။ ထို့ပြင် ထိုအောက်ဆီဂျင်ဘူးများမှာ အလကား မဟုတ်ဘဲ အလုပ် ရမှတ်များဖြင့်သာ လဲလှယ်ရယူရခြင်း ဖြစ်ပေသည်။
အလုပ်ရမှတ်များမှာ အလုပ်သမားများအတွက် လစာကတ်ကဲ့သို့ပင် ဖြစ်ပြီး ကမ္ဘာမြေသို့ ပြန်ရောက် သည့်အခါ ထိုရမှတ်များကို ငွေအဖြစ် ပြောင်းလဲနိုင်လေသည်။ ဤနေရာ၌ စားသုံးသမျှ အရာတိုင်းမှာ အမှတ်များ လိုအပ်ပေသည်။
ကောင်းချိုး မည်သို့ လုပ်ဆောင်ခဲ့သည်ကို ကောင်းယွမ် မသိသော်လည်း ကောင်းချိုးသည် ဤနေရာတွင် ရှိနေကြောင်း သူ သေချာပေါက် သိနေခဲ့၏။ ဤနေရာမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုအတွင်း မည်သူ မျှ ရှာမတွေ့နိုင်ဘဲ ပုန်းအောင်းနေနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်ပေသည်။
ကောင်းယွမ်သည် မျောက်လှည်းဖြင့် တောင်အောက်သို့ ဆင်းလာခဲ့ရာ လမ်းတစ်လျှောက်ရှိ အလုပ် သမားများက သူ့ကို လုံးဝ ဂရုပြုခဲ့ကြခြင်းမရှိပေ။ ယနေ့တွင် ကောင်းယွမ် တွေ့ရှိလိုက်ရသည်မှာ အောက်ခြေရှိ ဧရိယာသည် မြေအောက်မြို့ကြီး တစ်မြို့ကဲ့သို့ ဖြစ်နေပြီး လူအများအပြားပင် အခြေချ နေထိုင်နေကြခြင်း ဖြစ်ပေတော့သည်။
အောက်ဘက်တွင် အာဟာရအနှစ်များ ရောင်းချသော ဆိုင်ခန်းများ ရှိနေခဲ့ပေသည်။ ကောင်းယွမ်သည် ဓာတုနည်းဖြင့် ဖော်စပ်ထားသော အစားအစာများကို ရောင်းချနေသည်ကိုပင် တွေ့မြင်ခဲ့ရလေသည်။ ထိုအရာမျိုးမှာ ကမ္ဘာမြေပေါ်တွင်ပင် လူလတ်တန်းစားများသာ စားသုံးနိုင်သည့် အရာမျိုး ဖြစ်ပေသည်။
လမ်းတစ်လျှောက်တွင် ကောင်းယွမ်သည် တွေ့မြင်သမျှကို အံ့ဩနေမိတော့၏။ သူသည် လူသွားလူလာ များသော လမ်းကြားလေး တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။ ထိုနေရာတွင် လူအမြောက် အများ ရှိနေခဲ့ပေ၏။
ထိုသူများမှာ အရပ်အလွန်ရှည်ပြီး ပိန်ကြသူများ ဖြစ်ကြရာ ကောင်းယွမ်မှာ ၎င်းတို့ကြားတွင် ပုပုလေး ဖြစ်နေတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ သူ့ထက် အရပ်ရှည်နေကြသဖြင့် သူ၏ အရပ်အ ပေါ် တစ်ခါမျှ အားမငယ်ဖူးသော ကောင်းယွမ်မှာ အနည်းငယ် အားငယ်စိတ် ဝင်လာခဲ့ရလေသည်။
ကောင်းယွမ် အဝေးသို့ မရောက်မီမှာပင် လူတစ်စုက သူ့အား တားဆီးလိုက်လေသည်။
"မင်း... ငါနဲ့ လိုက်ခဲ့..."
ထိုသူ၏ အသံမှာ အလွန်ပင် ဩရှရှ ဖြစ်နေခဲ့ပေသည်။ ကောင်းယွမ်မှာမူ အနည်းငယ်မျှ အံ့ဩခြင်း မရှိခဲ့ ပေ။
"တစ်ယောက်ယောက်က ငါ့ကို ရှာနေလို့လား..."
"ဟုတ်တယ်..."
ကောင်းယွမ်ကို လူအုပ်က ဝိုင်းရံထားသဖြင့် အဝေးမှ ကြည့်လျှင် သူ့အား မြင်နိုင်မည် မဟုတ်ပေ။ ဆယ် မိနစ်ခန့် လမ်းလျှောက်ပြီးနောက် လမ်းချိုး ငါးခုခန့် ချိုးကွေ့ကာ အတက်အဆင်းများ ပြုလုပ်ပြီးမှ ရှေ့မှ လူက တံခါးတစ်ခုကို တွန်းဖွင့်လိုက်လေသည်။
"ဝင်သွားလိုက်..."
ကောင်းယွမ် ခေါင်းညိတ်ကာ အတွင်းသို့ ဝင်လာခဲ့ရာ ကျောက်တုံးဖြင့် တည်ဆောက်ထားသော အိမ် တစ်လုံးကို တွေ့လိုက်ရလေသည်။ အထဲတွင် မှောင်နေသဖြင့် ကောင်းယွမ်သည် ထိုင်စရာ နေရာတစ်ခု ရှာ၍ ထိုင်လိုက်လေသည်။
"ကျွန်တော် ရောက်ပြီ..."
"မင်း ဒီလောက် အစောကြီး မလာသင့်သေးဘူး..."
ရင်းနှီးနေသော အသံတစ်ခုမှာ နောက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။ ကောင်းယွမ် ချက်ချင်းပင် လှည့်ကြည့်လိုက်လေသည်။ အလင်းရောင်မှာ မှိန်ဖျော့နေသော်လည်း သူ သေချာပေါက် မြင်နိုင်ခဲ့ပေ သည်။ ဤသူမှာ သူ၏ အဘိုးဖြစ်သလို အနာဂတ်ကမ္ဘာ၏ ဖခင်လည်းဖြစ်သော ကောင်းချိုးပင် ဖြစ်၏။
ကောင်းယွမ်သည် ကောင်းချိုးကို တွေ့သည့်အခါ နှုတ်မဆက်ဘဲ ထွက်သွားခဲ့သည့်အတွက်၊ မိမိဘာသာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့်အတွက် ဒေါသထွက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ မှိန်ဖျော့သော အလင်းရောင်အောက်ရှိ ကောင်းချိုးမှာ ခါးအနည်းငယ် ကိုင်းနေပြီး မျက်နှာမှာလည်း ပို၍
ပိန်ချိုင့်နေခဲ့ပေသည်။ သို့သော် သူ၏ မျက်လုံးများမှာမူ ထိုမှောင်ရိပ်ထဲတွင်ပင် အလွန် တောက်ပနေခဲ့ လေ၏။
"ဘာလို့ ကျွန်တော့်ကို စောစောကတည်းက မပြောခဲ့တာလဲ..."
ကောင်းယွမ်က မေးလိုက်၏။
"အချိန်မကျသေးလို့ပါ..."
"ဘယ်အချိန်မှ အချိန်ကျမှာလဲ..."
"မင်း အရွယ်ရောက်တဲ့အခါပေါ့..."
"ဒီလို လုပ်ဆောင်ခဲ့တာတွေက ဘာကို ရည်မှန်းထားတာလဲ..."
"ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ..."
ကောင်းချိုးသည် ကောင်းယွမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ရေတစ်ဖန်ခွက်ကို ငှဲ့လိုက်လေ၏။ သူသည် ဖန်ခွက်ကို ကိုင်ထားရင်း မိမိကိုယ်ကိုယ် ပြောနေသကဲ့သို့သော်လည်းကောင်း၊ ကောင်းယွမ်ကို မေးနေသကဲ့သို့သော်လည်းကောင်း ပြောလိုက်လေသည်။
ကောင်းယွမ်မှာမူ သူ၏ ခံစားချက်များကိုသာ ရိုးရှင်းစွာ ဖွင့်ဟလိုက်မိလေသည်။
သူသည် အစွန့်ပစ်ခံရသည်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။ သူ၏ ချစ်လှစွာသော ဆွေမျိုးများမှာ အခြား ကမ္ဘာသို့ ထွက်ခွာသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်ပင် အခြားကမ္ဘာသို့ ရောက်ရှိနေ ကြပြီး ယခုအခါ သူပါ ဤနေရာသို့ ရောက်လာခဲ့ရခြင်း ဖြစ်လေသည်။
"အချို့က ကျော်ကြားမှုကို ရှာကြတယ်... အချို့က အမြတ်အစွန်းနဲ့ ချမ်းသာကြွယ်ဝမှုကို ရှာကြတယ်... အချို့က အာဏာကို ရှာကြတယ်... ငါကတော့ ဒါတွေအားလုံးရဲ့ ထိပ်ဆုံးကို ရောက်ရှိပြီးပြီ... ဒါကြောင့် သမိုင်းမှာ မှတ်တမ်းတင်ခံရဖို့ပဲ ငါ ရှာဖွေနိုင်တော့တယ်..."
ကောင်းယွမ် ရယ်ချင်စိတ် ပေါက်သွားခဲ့ရလေသည်။
"ခင်ဗျားကတော့ နာမည်ကြီးဖို့ပဲ ရည်မှန်းနေတာပဲ... ဘာလို့ ကျွန်တော့်ကိုပါ ဒီထဲ ဆွဲထည့်ရတာလဲ... ကျွန်တော်ကတော့ ငွေနည်းနည်းရှာမယ်... မိန်းမယူမယ်... ကလေးမွေးမယ်... ပြီးတော့ ဘဝကို အေး အေဆေးဆေး ဖြတ်သန်းချင်ရုံပဲ... အကယ်၍ ကျွန်တော် သာ ကောင်းကန့်နဲ့ မတွေ့ခဲ့ရင် ခင်ဗျားက ဘယ်လောက်အထိ ကျွန်တော့်ကို ဖုံးကွယ်ထားဦးမှာလဲ... ဒါ့ပြင် ကောင်းကန့်က ကျွန်တော့်ထက် အသက် တစ်ရာကျော် ကြီးနေတာတောင် သူက ကျွန်တော့်အစ်ကိုပါလို့ ပြောနေသေးတယ်..."
"ငါက အချိန်နဲ့အာကာသ ဗဟိုချက်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒါဟာ အခွင့်အရေးတစ်ခုလို့ ခံစားမိခဲ့တယ်... ဒါပေမဲ့ ကောင်းကန့်က ဒီနေရာကို လာဖို့ အသက်ကြီးလွန်းနေပြီ... မွေးကင်းစ ကလေးတွေမှာသာ အခွင့် အရေး ရှိတာ... ဒါကြောင့် ငါ ဒီစီမံကိန်းကို အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ပြီး အချိန်နဲ့အာကာသ တံခါးကြောင့်ပဲ မင်းကို မွေးဖြစ်ခဲ့တာ..."
ကောင်းယွမ်မှာ လုံးဝ ဆွံ့အသွားခဲ့ရလေသည်။ သူသည် ကိရိယာတစ်ခုအဖြစ်သာ မွေးဖွားလာခဲ့ရသည် ဟု ခံစားနေမိတော့၏။
"ကောင်းချိုး... ခင်ဗျားရဲ့ နာမည်က ဘယ်လောက်အထိ ရယ်စရာကောင်းလဲ သိရဲ့လား... ကောင်းကန့် ဆို တာကလည်း ပိုပြီး ရယ်စရာကောင်းတယ်... ခင်ဗျား နာမည်ပေးတာ တကယ့်ကို ညံ့လွန်းတယ်..."
ကောင်းချိုး၏ မျက်နှာမှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီး နောက် ကောင်းယွမ်က တိုးညင်းသော အသံဖြင့် မေးလိုက်လေသည်။
"ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ..."
"လေ... ရေ... ပြီးတော့ အစားအစာ..."
"ပြီးတော့ ခင်ဗျားက ကုမ္ပဏီကြီး သုံးခုကို ဘယ်လိုနည်းနဲ့ ပြန်တိုက်ခိုက်မှာလဲ..."
"ပြည်သူတွေ နိုးထလာနေပြီလေ..."
ကောင်းချိုးက ပြောလိုက်၏။ ကောင်းယွမ် ရယ်ချင်စိတ် ပေါက်သွားရပြန်သည်။ ဤသို့သော အရာများ ကို အသုံးပြုနေရမည့် ခေတ်မျိုး မဟုတ်တော့ပေ။
ကုမ္ပဏီကြီး သုံးခုကသာ အကျပ်ရိုက်လာပါက အောက်ခြေပြည်သူများကို မည်သည့် ဆုံးရှုံးမှုမျှ မရှိဘဲ သုတ်သင်ပစ်နိုင်ပေသည်။ အဆိုးဆုံး အနေဖြင့် စက်ရုပ်များကိုသာ အစားထိုး အသုံးပြုသွားမည် ဖြစ်ရာ နောင်တွင် ဘဝမှာ ပျော်စရာ အနည်းငယ် လျော့နည်းသွားရုံသာ ရှိပေလိမ့်မည်။
"ကောင်းချိုး... ဒီနှစ်မှာ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ..."
"တစ်ရာ့ခြောက်ဆယ့်ရှစ်..."
"ဒီလောက် အသက်ကြီးနေတာတောင် တကယ့်ကို ကလေးဆန်နေတုန်းပဲ... ပြည်သူတွေ ဟုတ်လား... လူပေါင်း တစ်ဘီလီယံလောက်က စစ်သင်္ဘောကြီးတစ်စင်းကို လက်ဗလာနဲ့ ပြန်တိုက်လို့ ရပါ့မလား..."
ကောင်းချိုးက ကောင်းယွမ်ကို ကြည့်လိုက်လေ၏။
"ငါတို့ ပြန်မတိုက်နိုင်ဘူး..."
"ဒါဆိုရင် ဘာကို အခြေခံပြီး ပြန်တိုက်မှာလဲ... စစ်အင်အားက သူတို့လက်ထဲမှာလေ..."
ကောင်းချိုးသည် သူ၏ ရေဖန်ခွက်ကို ချလိုက်ပြီး ပြောလိုက်၏။
"မင်း ရှိတာပဲ မဟုတ်ဘူးလား... တကယ်လို့ မင်းက ဟိုဘက်ကမ္ဘာမှာ ကြယ်တာရာ စစ်သင်္ဘောကို ဖန်တီးနိုင်ရင် ဒီနေရာမှာလည်း ပြန်တိုက်နိုင်တာပေါ့..."
ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။ ဤလုပ်ဆောင်ချက်မှာ မှန်ကန်ပါမည်လော။ သို့သော်...၊
"ဒါက အချိန်အများကြီး ယူရလိမ့်မယ်... ခင်ဗျား မစောင့်နိုင်တော့မှာ မကြောက်ဘူးလား... ပြီးတော့ ကျွန်တော့်ကိုပဲ အားကိုးနေမှာဆိုရင် ဒီမှာ ဘာလုပ်နေမှာလဲ... ကျွန်တော်နဲ့အတူ ဟိုဘက်ကမ္ဘာကိုပဲ လိုက်ခဲ့ပါလား..."
"ကောင်းယွမ်... ငါကသာ ပြဿနာမရှာရင် မင်းက အဓိက နည်းပညာတွေကို ဘယ်လိုရမှာလဲ..."
"ခင်ဗျားက ဒီမှာ အဓိက နည်းပညာတွေကို ရနိုင်လို့လား..."
ကောင်းယွမ်က သံသယဖြင့် မေးလိုက်၏။
"ရနိုင်တာပေါ့..."
ကောင်းယွမ်သည် ကောင်းချိုး၏ စကားကို ဆက်လက် နားထောင်ရန် စောင့်ဆိုင်းနေလိုက်လေသည်။
"ငါ ဒီကို ရောက်နေတဲ့ တစ်နှစ်အတွင်းမှာ အုံကြွမှုပေါင်း အကြီးအသေး (၂၆) ကြိမ်လောက်ကို ဖန်တီးခဲ့ ပြီးပြီ... အခုတော့ သူတို့က ဗက်စတာ သတ္တုတွင်းဇုန်ကို နောက်ဆုံးမှာ ပစ်မှတ်ထားလာကြလိမ့်မယ်..."
"ပြီးတော့ ဘာဖြစ်မှာလဲ... ဒါက ကောင်းတဲ့အရာလား..."
"ငါက နိုးထလာသူများ လို့ခေါ်တဲ့ အဖွဲ့ကို ရွေးချယ်ခဲ့တယ်... ဒီလူတွေက တော်လှန်ရေးအတွက် အသက် စွန့်ဖို့ အဆင်သင့်ရှိကြသူတွေပဲ... ဒီနိုးထလာသူတွေက နေ့တိုင်း သေဆုံးနေကြပေမဲ့ သူတို့ရဲ့ အသိစိတ် တွေကို ငါက သိမ်းဆည်းပြီး အထူးစက်ကိရိယာတွေကနေတစ်ဆင့် ဒီက စက်ရုပ်တွေဆီကို ပို့လွှတ် ပေးတယ်... ဒီစက်ရုပ်တွေမှာ နိုးထလာသူတွေရဲ့ စိတ်ဆန္ဒတွေ ကိန်းအောင်းနေကြတယ်... သူတို့ဟာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန ကို ဖြုတ်ချဖို့အတွက်ပဲ တည်ရှိနေကြတာပဲ..."
ကောင်းယွမ် စိတ်မသက်မသာ ဖြစ်သွားခဲ့ရလေသည်။ အကယ်၍ လူသား၏ အသိစိတ်ကို စက်ရုပ်တစ် ခုအတွင်းသို့ ထည့်သွင်းလိုက်ပါက ထိုစက်ရုပ်မှာ လူသားလား စက်ပစ္စည်းလား။
"ဒီလူတွေက သေဖို့ တကယ်ပဲ ဆန္ဒရှိကြတာလား..."
"သူတို့က ဆန္ဒရှိကြပါတယ်... သူတို့က သေသွားတာ မဟုတ်ဘဲ ထာဝရ ရှင်သန်ခွင့်ကို ရရှိသွားကြတာပဲ ... ဒီလို စက်ရုပ်တွေ ပိုပြီး များပြားလာတာနဲ့အမျှ သူတို့က အဓိက ဌာနအသီးသီးကို ဝင်ရောက်သွားကြ လိမ့်မယ်... သူတို့မှာ နိုးထလာသူတွေရဲ့ စိတ်ဆန္ဒတွေနဲ့ စက်ရုပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေကြ ပြီး မကြာခင်မှာ စနစ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တော့မှာပါ..."
ကောင်းယွမ်သည် ဤစီမံကိန်းမှာ ကောင်းမွန်ကြောင်း ဝန်ခံရမည် ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင်မူ စိုးရိမ်စိတ်များ ရှိနေခဲ့ပေသည်။
ကောင်းချိုးက ဆက်ပြောလိုက်၏။
"စက်ရုပ်တွေက အစွမ်းထက်တယ်... ဒါပေမဲ့ ဉာဏ်ရည် ပိုမြင့်လေလေ သူတို့ကို ယုံကြည်ဖို့ ပိုခက်လေ လေပဲ... ဇီဝချစ်ပ်ပြားတွေက စက်ရုပ်တွေကို စွမ်းဆောင်ရည်တွေ ပေးနိုင်သလို လူသားတွေရဲ့ စိတ်ဆန္ဒ တွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်...ဒါ့ပြင် စနစ်တိုင်းမှာ အားနည်းချက်တွေ ရှိတယ်... ပြီးပြည့်စုံတဲ့ ပရိုဂရမ်ဆိုတာ မရှိဘူး... "
"အကယ်၍ မင်းက မဖောက်ထွင်းနိုင်ဘူးဆိုရင် ဒါဟာ မင်း အားမကောင်းသေးလို့ပဲ... ပရိုဂရမ်တွေကို ယုံကြည်လို့ မရဘူး... စက်ရုပ်တွေကိုလည်း ယုံကြည်လို့ မရဘူး... ထိုနည်းတူပဲ လူသားတွေကိုလည်း ယုံကြည်လို့ မရဘူး... ဒါကြောင့်လည်း နှစ်ပေါင်းများစွာ ကြာတဲ့အထိ စက်ရုပ်တွေက လူသားတွေကို လုံးဝ အစားမထိုးနိုင်ခဲ့တာပေါ့…"
"ဒါ့ပြင် ဉာဏ်ရည်မြင့် စက်ရုပ်တိုင်းမှာ သက်တမ်း ကန့်သတ်ချက် ရှိပြီး အများဆုံး ဆယ်နှစ်ပဲ အသုံးခံ ပြီးရင် ဖျက်ဆီးပစ်ရတယ်... ဒါဟာ လူသားတွေကို အမြောက်အမြား ဆက်လက် ထားရှိရတဲ့ အ ကြောင်းရင်းတွေထဲက တစ်ခုပဲ ဖြစ်တယ်..."
ကောင်းယွမ် တိတ်ဆိတ်နေခဲ့လေသည်။